Monday, March 14, 2011
အဆုံးမသတ်နိုင်သော ကဗျာ (သို့) လူတွေ လှိုင်းတွေ ရေတွေ
အကဲစမ်းတာလား
အမဲဖမ်းတာလား
အမြဲကြမ်းမှာလား
ကမ္ဘာမြေဟာ ကျန်းမာရေး
မလိုက်စားသူတယောက်ရဲ့
နေထိုင်မကောင်းဖြစ်မှုမျိုးနဲ့
ပစ္စုပ္ပန်မှာ အသက် ဖုတ်လိုက်ဖုတ်လိုက် ….။
အနာဂတ်အတွက်တော့ မစဉ်းစားရဲဘူး
၂၀၁၂ ဟာ ၂၀၁၁ မှာ ရောက်လာသလား
ကမ္ဘာကြီးကို ဆေးကြောမယ့်ရက်တွေ ရောက်လာပြီလား
အဲဒီဟာတွေက မရေမရာ မသေမချာတွေပါ
သေသေချာချာ သေရွာခေါ်သွားမယ့်အရာ
ဟောဒီကမ္ဘာမှာ လာပါပြီ ဆူနာမီ…..။
လူ့သမိုင်းမှာ လူသားအကျိုးပြု နည်းပညာတွေ
တိုးတက် ထွန်းကားလာတာနဲ့ အမျှ
လူသားအကျိုးပြု ပတ်ဝန်းကျင် ရာသီဥတု
သဘာဝတရား ဆုတ်ယုတ်လာခဲ့ရပုံများ
ယုံနိုင်စရာမရှိ
ကဲ … ဟောဒီမှာကြည့်…. ဆူနာမီဆိုတဲ့ငတိ
၈.၉ ပြင်းအားရှိ ငလျင်ကြီးနောက်မှာ
အမောက်ထောင်ပြီး လိုက်ပါ ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်းမှာ
အိမ်တွေ ကားတွေ လူတွေ လှိုင်းတွေ ရေတွေ ရေတွေထဲမှာ
တကမ္ဘာလုံးက သန်းပေါင်းများစွာ လူသား
နာကျင်တဲ့နှလုံးသားများ ကြေကွဲ
လူသားတွေရဲ့သေပွဲ လူသားတွေရဲ့သေပွဲ
ဖန်သားပြင်ထက်မှာ မြင်ရ ကြားရ ရင်ကွဲနာကျကြပေါ့
အို ဘုရားသခင် လူသားတို့အပေါ်ထားရှိတဲ့ ကရုဏာတော်
ဘယ်အရပ်မှာ အိပ်ပျော်နေပါသလဲ…..
အို ဘုရားသခင် လူသားတို့အပေါ် ထားရှိတဲ့ မေတ္တာတော် အနန္တ
ဘယ်နေရာမှာများ ကျွံကျနေပါသလဲ …..
(ဆက်လက်ရေးသားရန် ခွန်အားမရှိတော့ပါ။ နာကျင်ကြေကွဲသောနှလုံးသားဖြင့်
မျက်ရည်များကြား ဖန်သားပြင်ပေါ်မှ မြင်တွေ့နေရသော လောကငရဲအား …)
ဆူနာမီ အစားခံရသော လူသားများ ကောင်းရာသုဂတိလားပါစေ။
Labels:
ကဗျာ,
ရဲရင့်သက်ဇွဲ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment