Friday, July 29, 2011

တိုက်ရေယာဉ် ၁၁၂


ပထမတခေါက် ကျနော်တောခိုစဉ် မုတ္တမကိုသွား၊ မော်လမြိုင်မှာနား မောင်ငံ မှာညအိပ်၊ ရေးရထားခေါင်မိုးပေါ်ကလိုက်စီး၊ ဇီးဖြူသောင် မှာ လှေပြောင်း၊ ဘိတ်မှာ ခဏရပ်။

၁၉၈၈ ဒီဇင်ဘာ။ ဘန်ကောက်မှာ ဗကသ ကျောင်းသားခေါင်းဆောင် နှစ်ယောက်အဖမ်းခံရတဲ့ နေ့နဲ့ တနေ့တည်း။
လိုတိုရှင်းပြောရယင်…
ဘိတ်ကနေ ပီနံသွားမဲ့ ခိုးလှေနဲ့ ထွက်တဲ့နေ့မှာ ကျနော်တို့တွေ ရေတပ်စစ်သင်္ဘောက ပစ်ခတ်ဖမ်းတာခံရပါတယ်။
စုစုပေါင်း တက္ကသိုလ်ကျောင်းသား ၁၇ ယောက်လိုက်ပါလာတဲ့ စက်လှေပါ။
ဒေသခံဘိတ်သံဝဲဝဲနဲ့ စက်လှေပဲ့နင်းကြီးက မနားပဲ ပီနံတိုက်ရိုက်မောင်းဖို့ အကြံပေးပေမဲ့ လှိုင်နယ်မြေက ဓာတုဗေဒကျောင်းသားစက် လှေပိုင်ရှင်က ကျနော်တို့တွေ ပင်ပန်းမှာစိုးရိမ်လို့ စက်လှေကိုခဏရပ် ညအိပ်နားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒါက မလိကျွန်းနား မှာပါ။
နောက်နေ့မနက် မိုးအလင်းမနက်စောစောလေး၊ ငါးနာရီလောက် စက်လှေနှိုးပြီး ခရီးဆက်မယ်အလုပ်၊
“ရွှီး….ဒိုင်း”
“ရွှီး….ဒိုင်း….ညှောင့်”
ဟုတ်ပါတယ်။
သေနတ်သံမှ သေနတ်သံတွေစစ်စစ်ပါ။ ကာတွန်းကားထဲကအတိုင်း ကျည်ဆံတွေ ပျားလိုက်တုတ်သလိုနောက်ကလိုက်ပါလာကြတာ ပါ။
လော်စပီးကာ အသံချဲ့စက်နဲ့ ကျနော်တို့စက်လှေကို ရပ်ပေးဖို့အမိန့်ပေးသံပါ ကြားရပါတယ်။
ဘုန်းကြီးပေးတဲ့ မန်းကွင်းတွေကိုယ်စီ စွတ်ထားကြတဲ့ ကျနော်တို့အားလုံးရဲ့ နောက်ဆုံးမိနစ်တွေရောက်လာခဲ့ပါပြီ။
ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက အင်္ကျီဖြူလက်ရှည်နဲ့ ကချင်ရိုးရာကွက်တွေဝတ်ထားကြတာမို့ ဒေသခံဘိတ်ထားဝယ် ကျောင်း သားတွေက သိပ်မကြည်ပါ။
ဘိတ်ကျောင်းသားခေါင်းဆောင် “ကို နိုင်ကိုနိုင်” က သူ့ကိုသူပေးထားတဲ့ နာမည်ဖြစ်ဟန်တူသည်။ အားလုံးကို ဟိုဟာလုပ်၊ ဒီဟာလုပ် ဟိုမှာထိုင် ဒီမှာထိုင်ဖို့ လက်ညှိုးထိုး အမိန့်ပေးနေလေရဲ့။
အရေးထဲ ပင်မသင်္ချာက ကျနော့်သူငယ်ချင်း လူရွှင်တော်စုတ်ဖွား…။ မဟာဥက္ကလာသားစစ်စစ်က ဘိတ်သားဘ၀ရောက်သွားပုံ။
မြန်မာရေပိုင်နက်အတွင်း တိုက်ရေယာဉ် ၁၁၂ က ရေတပ်သားတွေ ကျနော်တို့ကို လက်ရဖမ်းလိုက်စဉ်…။
“မောင်ရင်တို့က ဘယ်သွားကြမလို့တုန်း” စသဖြင့် ရေတပ်အရာရှိက မေးပါတယ်။
မဆိုင်းမတွဆိုသလို စုတ်ဖွားက… “ကျနော့်ကို အမေကခိုင်းလို့ ဟိုဘက်ကမ်း (ရှမ်းကမ်း) မှာ ဆန်သွားဝယ်မလို့ပါခင်ဗျာ…” လို့ ဘိတ်သံဝဲ၀ဲနဲ့ အတည်ပေါက်ပြန် ဖြေလိုက်ပါတယ်။
ဇ၀နဥာဏ်ရွှင်ပြီး၊ တင်္ခဏုပ္ပတ္တိစွမ်းရှိသူ ကျနော့်သူငယ်ချင်း လူရွှင်တော်ကြောင့် ကျနော် မပြုံးပဲ ၀ါးလုံးကွဲဆိုသလို ဟားတိုက်ရယ် လိုက်ရာမှာ ကျနော်တို့ကို ရန်ကုန်သားတွေမှန်း သိသွားစေပါတယ်။
ဒါကတော့လည်း ငိုအားထက် ရယ်အားသန်စေတာကြောင့်ပါ။ ကျနော့်ကြောင့် အားလုံး မရဏကိန်း ဆိုက်ကြရတော့မှာပါ။
ပဲ့နင်းကြီးနဲ့ စက်လှေသူဋ္ဌေးလေးက ရေတပ်က အရာရှိတွေနဲ့ စကားပြောကြပါတယ်။

အပေးအယူညှိကြတာပါ။
မင်းတို့နောက်ကိုလိုက်တာ ဘယ်နှစ်ရက် ဘယ်နှစ်ညကြာပြီး စက်ဆီ “ခြောက်” ပီပါတောင်ကုန်တယ်ကွ။
ရေတပ်က အရာရှိက ပျော့ပြောင်းပုံရပါတယ်။

အချုပ်မှာ လှေထဲပါတဲ့ သားငါးအခြောက်အခြမ်းတွေရယ်။ ရာဘာစိမ်းတွေရယ်နဲ့ စက်လှေအပြင် ငွေသားသက်သက် ခြောက်သိန်းပေး ရဖို့ သဘောတူလိုက်ကြပါတယ်။
ကျနော်တို့အတွက်တော့ တပ်သားတွေ ပေါင်းကျွေးတဲ့ ကောက်ညှင်းဆီထမင်းစားပြီး သုံးဘီးကား အရွယ်လောက်ပဲရှိတဲ့ “ဒင်ဂီ” ခေါ် ငါးဖမ်းလှေတစီးထဲ စုပြုံတင်လွှတ်လိုက်တာမို့ ဒီနေ့အထိ သေကံမရောက်လို့ အသက်မပျောက်ခဲ့ပါ။
တိုက်ရေယာဉ် ၁၁၂ ကိုပဲ ကျေးဇူးတင်ရတော့မလို။
ချမ်းအေး

No comments: