နိဒါန်း
ဒီနေ့ အောက်တိုဘာ၁၃ရက်ဟာ ပြည်ပရောက်တာ၂၄ နှစ်တိတိပြည့်တဲ့နေ့။ မြန်မာပြည်ကြီးနဲ့ ခွဲလိုက်ရတာ၂၄ နှစ် တောင် ကြာသွားတယ်။ တကယ်ပါ၊ တရက်မှ ဗမာပြည်အကြောင်းမတွေးတဲ့နေ့၊ မပြောတဲ့နေ့၊ သတိမရတဲ့နေ့ဆိုတာ မျိုး မရှိခဲ့ဘူး။ နေ့တိုင်း ဗမာပြည်အကြောင်းတွေးတယ်။ စာရေးတယ်။ ဗမာပြည်နဲ့ပတ်သက်ပြီး တခုခုတော့အမြဲလုပ်ဖြစ်နေ တာပဲ။ သတင်းမရေးဖြစ်တဲ့နေ့မှာတောင်၊ အပျင်းပြေ၊ စာတပိုဒ်ဖြစ်ဖြစ် ရေးလိုက်တာပဲ။ နို့မဟုတ်ရင် ကဗျာရေး မဟုတ်လဲ သီချင်းရေး။ ဒီလိုနဲ့
အလွမ်းဖြေခဲ့တာ၊ ဒီလိုနဲ့ ထွက်ပေါက်ရှာနေခဲ့တာ။
၂၄နှစ်ပြည့်ဆိုတော့ ဘာလုပ်ရင်ကောင်းမလဲ? အမှတ်တရတခုခုတော့ လုပ်မှဖြစ်မယ်။ နိုင်ငံရေးအကြောင်း၊ ရှေးဖြစ် နှောင်းဖြစ်အကြောင်းတွေ ပြန်ဆွေးနွေးဘို့ စကားပြောဖော်လည်းမရှိဘူး။ ရင်းနှီးခင်မင်တဲ့ သူငယ်ချင်းအပေါင်းအသင်း ပြောတာပါ။ အော်စလိုက သိတ်ပျင်းစရာကောင်းတယ်။ မိတ်ဆွေတွေတော့ရှိပါရဲ့ တယောက်နဲ့တယောက်ဆုံဘို့ သိပ် ကိုအားထုတ်ရတယ်။ အလုပ်ကိုယ်စီနဲ့ မအားကြဘူး။ ဥရောပလူနေမှုဝဲဂယက်မှာ အားလုံးလည်ထွက်နေတယ်။ တ၀ဲ လည်လည်ပဲ။
စကားပြောဖော် ကိုယ့်မိသားစုတော့ ရှိတာပေါ့။ သူတို့နဲ့က နိုင်ငံရေးကိစ္စ သိပ်မပြောဖြစ်ပါဘူး။ သားနဲ့သမီးက ငယ်သေး တယ်၊ သားက ၁၀ နှစ်၊သမီးက ၈ နှစ်။ ပုံပြောတာပဲစိတ်ဝင်စားတယ်။ တခါတလေ ပုံပြင်လိုလိုနဲ့ ခတ်တည်တည်ပဲ ကိုယ့် အကြောင်းတွေ ဇာတ်လမ်းလုပ်အာနေတာ၊ သူတို့လည်း ငယ်သာငယ်တယ်၊ သိပ်နပ်တာ၊ မသိချင်ယောင်ဆောင်ပြီး အိပ် ချင်လို့၊ အိပ်ရာဝင်ပုံပြင်အနေနဲ့ နားထောင်နေတာ၊ စိတ်ဝင်စားလို့မဟုတ်ဘူး။ သူ့တို့အဖေအာနေတယ်၊ လံကြုပ်တွေ ပြောနေတယ်ဆိုတာ ကောင်းကောင်းရိပ်မိတာပေါ့။
ဇနီးကလည်း သီချင်းတွေနဲ့အ၀တ်အစားတွေ ဆံပင်ပုံစံတွေ ဖက်ရှင်တွေပြီးတော့ ဘုရားတရားအကြောင်း၊ ဒါပဲ စိတ်ဝင် စားတာ။ စာနာပြီး နားထောင်ပေးတာမျိုးပဲရှိမယ် ဘာမှပြန်ဆွေးနွေးမှာမဟုတ်ဘူး။ ကဲပါ၊ မထူးပါဘူး ကိုယ့်ဖာသာ စာပဲ ရေးတော့မယ်။ ကိုယ့်အကြောင်းကိုယ်ရေးမယ်။ ကိုယ်ဖြတ်သန်းခဲ့တာတွေ စရေးကြည့်မယ်။ တနေ့တချိန် သားနဲ့သမီးတို့ သိအောင်ပေါ့။ ပြီးတော့ ကိုယ့်မိတ်ဆွေတွေ သိချင်လည်း သိရအောင်ပေါ့။
အင်း ပြောမဲ့သာပြောတာ၊ ဘယ်ကစရေးရမလဲ? ဘာရေးရမလဲ? .ဘယ်သူ့အတွက်အကျိုးရှိမှာလဲ? ဒါက သတင်းရေး တာမှုတ်ဘူး၊ ဆောင်းပါးရေးတာမှုတ်ဘူး၊ ဘယ်သူမှဖတ်ချင်မှာမှုတ်ဖူး။ အို မထူးပါဘူး။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကိုယ့် Face Book မှာ ကိုယ်တင်မယ်။ ဖတ်ချင်သူဖတ်၊ မဖတ်ချင်လည်းနေ။ အင်း ဘယ်ကစရေးရင်ကောင်းမလဲ? ဘာ တွေမှတ်မိလဲ?
၂၄ နှစ် ဆိုတော့ တချို့မေ့ကုန်ပြီ ကိုယ်အိမ်ကထွက်လာတာကိုက၂၅ နှစ်အရွယ်။ ဘွဲ့ရပြီးခါစ ရှမ်းပြည်မြောက်ပိုင်း တောင်ပေါ်မြို့လေးက၊ တွဲဘက်အထက်တန်းဆရာ အလုပ်ထွက်ခါစ ပူပူနွေးနွေး။ ၈၈ အရေးတော်ပုံကြီးမှာ ထဲထဲဝင် ၀င်လှုပ်ရှားပြီးမှ သိတ်မကြာ အိမ်ကပြေးခဲ့ရတာ။ ဟုတ်ပြီ စိတ်ထဲခံစားနေရတာလေးတခု သတိရတယ်။ ခေါင်းစဉ်လေး တခု အနှစ်၂၀ လောက် အိန္ဒိယမှာဖြတ်သန်းခဲ့စဉ်ကာလ၊ ခံစားခဲ့ရတဲ့အဖြစ်တွေ အဲဒီခေါင်းစဉ်လေး သတိရတယ်။ ဟုတ်ပြီ အဲဒါကောင်းတယ် သူတို့ဘက်ကကြည့်ရင် Refugees ကိုယ့်ဘက်ကတော့ Freedom Fighter ကောင်းတယ် ကွက်တိဘဲ။ ဒီခေါင်းစဉ်နဲ့ရေးမယ်။
ပြီးတော့ အဲဒီညအကြောင်းရေးမယ်။ စိတ်အာရုံထဲ ရုပ်ရှင်ရိုက်ထားသလို စွဲမြဲနေအောင်မှတ်မိနေတဲ့ ညလေး ပြီးတော့ ငါ့ဘ၀ကို တဆစ်ချိုးပစ်လိုက်တဲ့ည၊ ဒီနေ့အထိ ငါ့ညီအကိုမောင်နှမတွေနဲ့ ရှင်ကွဲကွဲ၊ သေကွဲကွဲခဲ့ရတဲ့ည၊ ပြီးတော့ ငါ့မိတ် ဆွေတွေ၊ ရဲဘော်ရဲဘက်တွေ၊ ငယ်သူငယ်ချင်းတွေနဲ့ရော ငါချစ်တဲ့မြို့ကလေးနဲ့ပါ ကောင်းကောင်းနှုတ်မဆက်ရဘဲ ခိုး ကြောင်ခိုးဝှက် ပြေးလာခဲ့ရတဲ့ ည။ ဒါပေမယ့် အဲဒီလို ငါ့ဘ၀အမှောင်ကျအောင် လုပ်ခဲ့တဲ့ညဟာ သူကိုယ်တိုင်က လင်း နေခဲ့တာ မှတ်မိတယ်။
လတစင်း ထိန်နေအောင် သာတဲ့ညပါ။
လသာနေတဲ့ အဲဒီညကစပြီးငါ ရေးမယ်။
……………………………………………………
သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား
(၁)
ဝုန်းကနဲ အသံတခုကြားပြီးတဆက်ထဲမှာ အောက်ထပ်က ဥစားကြက်တွေရဲ့ ကတော် ကတော် နဲ့ အော်သံတွေက သတိနဲ့အိပ်နေတဲ့ ကျနော့ကို လှန့်လိုက်သလို ဖြစ်သွားတယ်။ တခါတလေ ဟိုဘက်ခြံထဲက ကြောင်က ကြက်ပေါက် လေးတွေ လာဆွဲတတ်တယ်လို့သိထားတာကြောင့် စိတ်နည်းနည်းအေးသွားတယ်။ ချက်ချင်းပဲ ဘထ္ကရီအိုးနဲ့ဆက်ထား တဲ့ တပေခွဲမီးချောင်းလေးကိုဖွင့်လိုက်ပြီး ခေါင်းအုံးအောက်က မှတ်စုစာရွက်တွေညှပ်ထားတဲ့ မှတ်တမ်းစာအုပ်လေးကို အိမ်ခေါင်မိုး သက်ကယ်ကြားထဲ ထိုးထည့်လိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့နောက် အိမ်ပြန်မအိပ်ဖြစ်တာ ၃ ရက်လောက်ရှိပြီ။ ဟိုဟို ဒီဒီ လှည့်ပတ်အိပ်နေ ပြီးမှ၊ ဒီနေ့တော့ နှင်းဆီခြံမှာဘဲ အိပ်တော့မယ်လို့ဆုံးဖြတ်ပြီး လာခဲ့တာ။ ညနေတုန်းကပဲ သီပေါနယ်က SSA အဖွဲ့မှာ
လက်နက်ငယ်သင်တန်းဆင်းပြီး မန္တလေးဘက်မပြန်ခင် ကိုယ်နေတဲ့မြို့ကို လှည့်ဝင်လာတဲ့ အထက်ဗမာပြည် ကျောင်း သားသမဂ္ဂ က သီဟ နဲ့ လင်းပြာ တို့နဲ့ ဆုံဖြစ်တယ်။ ဒီခြံထဲမှာ တနာရီလောက်တွေ့ပြီး၊ တောခိုချင်တဲ့ ကျောင်းသားတွေ ကို ဘယ်နည်းဘယ်ပုံ အဆက်အသွယ်တွေနဲ့ တသုတ်စီ ဘယ်လိုပို့ကြဘို့ဆိုပြီး ဆွေးနွေးခဲ့ကြတယ်။ သီပေါနယ်က ရှမ်း ရွာလေးမှာ လက်နက်ငယ်သင်တန်းအတွေ့အကြုံနဲ့အဲဒီကအနေ အထားတွေကိုယ့်ကိုရှင်းပြတယ်။ ကိုယ့်လူတွေကို ဘယ် လိုပုံစံနဲ့လွှတ်ပေးဖို့၊ စကားဝှက်တွေပေးတယ်။ သူတို့နဲ့ ညနေကပြောခဲ့တာတွေတွေးရင်း ရှေဆက် ဘာလုပ်မလဲ စဉ်းစား နေလိုက်တယ်။
ပြန်အိပ်ချင်စိတ်က ချက်ချင်းမပေါ်ဘူး၊ မျက်စိကြောင်နေတာနဲ့ ဘေးနားစာအုပ်ပုံက လှမ်းမီတဲ့စာအုပ်တအုပ် ကောက်ဆွဲ ပြီး ဖတ်နေလိုက်တယ်။ နာရီကြည့်တော့ ည ၁၁ နာရီခွဲပြီး ၁၀ မိနစ် သိတ်မကြာလိုက်ဘူးထင်တယ်။ ဝေါကနဲ ကားတစီး ခြံရှေ့မှာ ရပ်လိုက်တဲ့အသံကြားလိုက်တယ်၊ နားစိုက်လိုက်တော့ မသဲမကွဲစကားပြောသံတွေကိုကြားရတယ်။ အိမ်ရှေ့ အိမ်ကိုနိုးပြီး တစုံတခုမေးမြန်းနေပုံပဲ။ (နောက်မှသိရတာ လာတဲ့ စစ်ထရပ်ကားကြီးက ခြံမှားသွားတာ၊ သူတို့ လာချင် တာက ကျနော်နေတဲ့ နှင်းဆီခြံပဲ) အတူနေသူငယ်ချင်း အောင်ကြီးက “အကိုဆင်းခဲ့တော့ မြန်မြန်” လို့ လှမ်းခေါ်တာနဲ့
ကမန်းကတန်း ချက်ချင်းထပြီး ကြက်ခြံအပေါ်ထပ်ကနေ အောက်ကိုဆင်းလိုက်တယ်။ ၂ ယောက်သား ၀န်းတံခါးနဲ့ ၀ါး နှစ်ရိုက်ကွာတဲ့ ခြံရှေ့က ဘက္ထရီအားသွင်းတဲ့ အုတ်တိုက်ခန်းလေးကို အကာအကွယ်ယူပြီး ခပ်သွက်သွက်ပြေး၊ လမ်းမ ပေါ်ခေါင်းပြူကြည့်လိုက်တယ်။
စက္ကန့်ပိုင်းလောက်ဘဲကွာမယ်၊ ဗြုံးကနဲ ခြံရှေ့ ၀ါးကပ်ကာ ၀န်းတံခါးကိုခြေနဲ့ကန်ဖွင့်လိုက်တဲ့ အသံကြားလိုက်ပြီး “အကို ဒီဘက်လာ” လို့ အောင်ကြီးက ပြောပြောဆိုဆို ကျနော့်လက်ကိုစောင့်ဆွဲပြီး ခြံထောင့်က ကော်ဖီပင်တွေကြား ခါးလေး တွေကုန်းပြီး ပြေးသွားလိုက်တယ်။ ကံသီပေလို့၊ လက်မတင်လေးပဲ။ ကော်ဖီပင်တွေကြားကနေ ကြည့်လိုက်တော့
ကျနော်အိပ်တဲ့ ကြက်ခြံဘက်ကို ခပ်သွက်သွက်လေး ဦးတည်ပြေးသွားတဲ့ လက်နက်ကိုင်စစ်သားတွေကို တွေ့လိုက်ရ တယ်။
အဲဒီနေ့က လ ကလည်း လှနေအောင်သာနေတာ။ လရောင်အောက်မှာ၊ ယူနီဖောင်းဝတ်တွေကို အထင်းသားတွေ့နေ ရတယ်။ ညာဘက်လမ်းသွယ်က စစ်သား ၄ ယောက်၊ ဘယ်ဘက် လမ်းသွယ်က စစ်သား ၅ ယောက် အားလုံးပေါင်း ၉ ယောက် တိတိ။ စစ်သားတချို့က တဗြောင်းဗြောင်းနဲ့ မောင်းတင်လိုက်တဲ့အသံဟာ သူတို့ရဲ့ စစ်ဘိနပ်သံတွေထက် တောင် ကျယ်နေသေးတယ်။
ကျနော်ကတော့ တခနအတွင်းမှာပဲ ကိုယ့်ကိုယ်ကို သေလူတယောက်လို နှလုံးသွင်းလိုက်တယ်၊ ငါတော့ ဒီည သွားပြီ မ လွတ်တော့ဘူးပေါ့။ အံ့သြဘို့ကောင်းတာက၊ အဲလို ကိုယ့်ကိုယ်ကို အဆုံးစွန်အထိ တွက်ထားလိုက်တာနဲ့ လူက အေး ဆေးတည်ငြိမ်သွားတယ်။ ကိုယ်ဘာလုပ်နေတယ်၊ ဘာလုပ်ရမယ်ဆိုတာ ခေါင်းအေးအေးနဲ့ သိနေတယ်။ လရောင် အောက်မှာ စစ်သားတွေ ဟိုဘက် ဒီဘက် နေရာယူပြီးခြံကိုဝိုင်းထားတာ မြင်ရတယ်။ ကမန်းကတန်းတိုးလိုက်လို့ လှုပ် ခတ်နေတဲ့ ကော်ဖီပင်ကိုင်းလေးတွေကို ငြိမ်အောင်လိုက်ကိုင်နေလိုက်တယ်။ တ၀ီဝီနဲ့ ခန္ဓာကိုယ်အနှံ့ ခဲနေတဲ့ ခြင်ကြား ကြီးတွေကို လက်ဖ၀ါးနဲ့ ကြိတ်ပြီးပွတ်နေလိုက်တယ်။
ခြံအောက်ကို ရုတ်တရက်ဆင်းလိုက်ချိန် ယောင်ရမ်းပြီး စလွယ်သိုင်းပါလာတဲ့ လွယ်အိတ်လေးကိုတောင်၊ အသာလေး ချွတ်ပြီး နောက်ဘက်ခတ်လှမ်းလှမ်းဆီ ပစ်ထားလိုက်တယ်။ အဲဒီထဲမှာ စာတိုစာစ တချို့နဲ့ လေးဂွ၊ လောက်စလုံးတွေပါ တယ်။ ရီရတယ်။ ရုတ်တရက်လူကိုမိရင် ဘာလက်နက်မှ အတူရှိမနေပါဘူးဆိုတဲ့အတွေးဝင်လာပြီး လုပ်လိုက်တာပါ။
“အပေါ်မှာဘယ်သူတွေလဲ၊ ဆင်းခဲ့ပါ” ဆိုတဲ့ အသံကိုကြားရတယ်။ ခန နေတော့ လမ်းမဘက်ကားရပ်ထားရာနေရာက
ခရာမှုတ်သံတချက်ကြားတယ်။
“ဟေ့ ကြားလား၊ အပေါ်မှာဘယ်သူတွေရှိလဲ၊ ဆင်းခဲ့ပါ” ထပ်အော်ပြောတယ်။ အောက်ထပ်ကနေ ကျနော်အိပ်တဲ့ ကြက် ခြံအပေါ်ထက်ကို လှမ်းအော်ပြောနေတာ။ ကျနော်မေ့ပြီး ဘထ္ကရီမီး ပြန်မပိတ်မိခဲ့ဘူး။ အပေါ်ထပ်ကမီးလင်းနေတယ်။
“တယောက်အပေါ်တက်ကြည့်စမ်း” စစ်သားတယောက် ၀ါးလှေခါးအတိုင်း တက်သွားတာလည်းကိုလည်း ကိုက်၁၀၀ ကျော်လောက်ဝေးတဲ့ ကော်ဖီပင်တွေကြားကနေ လှမ်းမြင်နေရတယ်။
“ဘယ်သူမှမရှိဘူးဆရာ၊ ခြင်ထောင်တော့ ထောင်ထားတယ်”
“ခြင်ထောင်ထောင်ရင် လူရှိမှာပေါ့၊ ဘာတွေ့သေးလဲ၊ ရှာပြီးဆင်းခဲ့ကွာ’’
အပြင်က ခရာသံ ထပ်ကြားရတယ်။
“ကဲ လာကြဟေ့၊ ခရာမှုတ်နေပြီ သွားကြမယ်’’
သူတို့ပြန်လှည့်လာတယ်၊ ဂလုံကနဲ မြည်သွားတဲ့အသံကြားလိုက်တယ်။ စစ်သားတယောက်လက်ထဲမှာ ကျနော့် ဂစ်တာ လေးကိုင်သွားတာတွေ့ရတယ်။ လရောင်ဟာ ပိုပြီးတောက်ပနေသလို၊ ပိုပြီး လှလာတယ်လို့ထင်တယ်။ နှင်းဆီပွင့်တွေကို လရောင်အောက်မှာ သဲသဲကွဲကွဲကြီးကို တွေ့ရတယ်။
အဲဒီညဟာ ငရဲလက်က သီသီလေးလွတ်ခဲ့တဲ့ ည၊ ကြောင်ရန်ကိုကြောက်တဲ့ ကြက်တွေ သတိပေးလို့ အသက်ချမ်းသာ ရာရခဲ့တဲ့ ည၊ ပြီးတော့ ကျနော်နေထိုင်ရာ ကျောက်မဲမြို့လေးနဲ့၊ အတူဆန္ဒပြဖော် ရဲဘော် ရဲဘက်တွေ၊ ညီအကိုမောင် နှမတွေကို ဒီကနေ့အထိ ခွဲခွာခဲ့ရတဲ့ ညလည်း ဖြစ်ပါတယ်။
ကိုညို
၁၄ အောက်တိုဘာ ၂၀၁၂
အော်စလို
No comments:
Post a Comment