နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၆)
အရင်တုန်းက ကျမနဲပတ်သက်ပြီး ကျမ မေးခဲ့တုန်းက “မင်းနဲ့ပတ်သက်ပြီး သိပ်မမေးဘူး၊ တချက်နှစ်ချက်လောက်ပဲ။ မင်းရဲ့ငါးနှစ်စီမံကိန်းဆိုတာလေ ငါးနှစ်အတွင်းမှာ ကျမနဲ့ချိတ်တဲ့သူ ရောက်လာမှာမို့ ခင်ရွှေလှိုင်များ ဖြစ်နေမလားလို့
ရှာကြည့်တာပါ ငါဖြေလိုက်တယ်” ပြောခဲ့တယ်။
နောက်တခါ သူဖုန်းဆက်တော့”မင်းရဲ့ငါးနှစ်စီမံကိန်းဆိုတာလေ အဲဒါ ချ (ကိုသံချောင်း) တို့ လူကြီးတွေကို အနုနည်းနဲ့ ဆွဲဆောင်ဖြိုခွဲဖို့လို့ ငါဖြေလိုက်တယ်။” လို့ နောက်ပုံပြင်တခု ထပ်ဖြစ်သွားပြန်ရော။
အခုနောက်ဆုံး မေသင်္ကြန်ဟိန်း ရေးထားတဲ့ စာထဲမှာတော့ “ဒါ ကျမ လုပ်လိုက်တာ၊ ငါးနှစ်အတွင်းမှာ ကျောင်းသားတပ် မတော်ကြီးကို စည်းရုံးဖို့ ကျမ လုပ်ခဲ့တာတဲ့” တဲ့ နောက်ထပ်တမျိုး မရိုးရအောင်ဆိုရတော့မလို၊ အဲဒါ နန်းအောင်ထွေး ကြည် မှတ်မိနေပါတယ်ဆိုတဲ့ သူ့ပါးစပ်ထဲက တွေ့ကရထွက်တဲ့ ငါးနှစ်စီမံကိန်းဆိုတာပဲ။
ဇာတ်လမ်းတွေထဲမှာတော့ ရေလှိုင်းစစ်ဆင်ရေးနဲ့ ငါးနှစ်စီမံကိန်းကို အမှတ်မိဆုံးတဲ့။ မှတ်မိရမှာပေါ့ အဲဒီခေါင်းစဉ်အ တိုင်းကို မြောက်ပိုင်းတင်မက တောင်ပိုင်းမှာပါ ဇာတ်လမ်းစဖို့ လမ်းစရသွားကြတော့မလို့။
ကျမ မြောက်ပိုင်းဆောင်ပါးတွေတင်တဲ့အချိန်၊ ကိုနိုင်အောင်က "ရေလှိုင်းစစ်ဆင်ရေး" ပါလို့ ထုတ်ပြောတဲ့ အချိန်ကျ တော့ “ရေလှိုင်းစစ်ဆင်ရေးတို့၊ ငါးနှစ်စီမံကိန်းတို့ဆိုတာ ဥက္ကဋ္ဌ သံခဲ မိန်းမ ခင်ရွှေလှိုင် လုပ်ခဲ့တဲ့ဇာတ်လမ်း သူအသိဆုံး ပဲ၊ အသားအနာခံ အရိုက်အနှက်ခံပြီး သူ့ကို ကာကွယ်ရင်းနဲ့ ရလာခဲ့တဲ့ဇာတ်လမ်း” လို့ သူ့ရဲ့ကွန်မင့်တခုမှာ ရေးထည့် ထားပြန်ရော။
တချက်နှစ်ချက်လောက်ပဲ အရိုက်ခံရတယ်ပြောခဲ့ရာကနေ၊ နေ့ချင်း ညချင်းကြီး အရိုက်အနှက်ခံခဲ့ရတဲ့အချက်တွေ အ များကြီးဖြစ်သွားတဲ့အပြင် ကျမကိုကာကွယ်ရင်းနဲ့ပဲ ဒီအဖြစ်အပျက်ကြီး တခုလုံးဖြစ်လာခဲ့ရသလို အနေအထားမျိုး (အဲဒီ လိုတွေ ပြောခဲ့ကြတဲ့အချိန်တုန်းက) ရောက်သွားသေးတယ်။ ကျေးဇူးပဲ တင်ရတော့မလို၊ ထိုင်ပဲ ကတော့ရတော့မလိုပါ။
ငါးနှစ်စီမံကိန်းက ကျမ လုပ်ခဲ့တယ်ပဲထားပါတော့။ သူလုပ်ခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးဆိုတဲ့ နာမည်ကြီးက ကျမ နာမည် ကို အသုံးချပြီး အဲဒီလိုပြောတဲ့အချိန်က သူ့ကွန်မင့်ထဲမှာ ရှေ့ဆုံးကနေ ဘာကြောင့် အစစ်ပါနေခဲ့ရပြန်ပါသလဲ။ အေဘီ ဥက္ကဋ္ဌ မိန်းမဆိုပြီး ထည့်ကောင်းတိုင်း အစစ်တွေထည့်ပေးနေတာလား မသိ။
“ရေလှိုင်းစစ်ဆင်ရေး”လို့ ကိုနိုင်အောင်က နာမည်တပ်ပြီး ထုတ်ပြောတဲ့အခါမှ “ရေလှိုင်း စစ်ဆင်ရေး” ကို သူလုပ်ထား တာလို့ နန်းအောင်ထွေးကြည် ထုတ်ပြီးဝန်ခံခဲ့တာပါ။ ဒီမတိုင်ခင် သူလုပ်ခဲ့တဲ့လိုင်းတွေကို ကျမကို ပြောခဲ့တဲ့အချိန်တုန်း က ရေလှိုင်းစစ်ဆင်ရေးဆိုတဲ့နာမည်ကို တပ်မပြောဘဲ ချန်လှပ်ထားခဲ့ပါတယ်။ ဒါကြောင့် “ရေလှိုင်းစစ်ဆင်ရေးတွေ လေ လှိုင်းစစ်ဆင်ရေးတွေ ငါမသိဘူး။ ငါသိတာ မင်းပြောခဲ့တဲ့ လိုင်းတွေခွဲထားတာပဲ။ အဲဒီလိုင်းတွေ မင်းလုပ်ထားမှန်း အခု မင်းပြောမှ ငါသိတာ” လို့ သူဖုံးဆက်တဲ့အချိန်က ကျမ ပြန်ပြောခဲ့တာတွေလည်း ကျမရေးခဲ့ပြီးသားပါ။
ရေလှိုင်းစစ်ဆင်ရေးကို သူလုပ်ခဲ့တာပါလို့ သူဝန်ခံလိုက်တဲ့အချိန်မှာပဲ သူလုပ်ခဲ့တဲ့ “ရေလှိုင်း စစ်ဆင်ရေး” ကို သူပြန် ရှင်းပြရမယ့်တာဝန် သူ့မှာရှိမှန်း နန်းအောင်ထွေးကြည် သိနေပါတယ်။ လူလည်လုပ်ပုံက လိုအပ်တာကို မရှင်းပြတဲ့အပြင် (၅) နှစ်အတွင်း ရည်းစားမထားဖို့ ကျမတို့လုပ်ခဲ့တဲ့ ငါးနှစ်စီမံကိန်းဆိုတာကို (မလိုအပ်ပါဘဲ) အဲဒီအချိန်မှာ ဖြည့်စွပ်ဖော် ထုတ် ရောချပြောဆိုလိုက်ပြီး ကျမဘက်ကို အာရုံပြောင်းအောင် မြားဦးလှည့်လိုက်ပါတယ်။
ပြောခဲ့တဲ့အချိန်မှာလည်း အဲဒီမတူတဲ့အကြောင်းအရာနှစ်ခုကို ရောချလိုက်ပြီး ဇာတ်လမ်းက တခုတည်းပဲ ဖြစ်သလိုလို ဘာလိုလို ထင်ယောင်ထင်မှားဖြစ်သွားအောင် တွဲပြီး ရောပြော ရောရေးထားရုံတင်မကဘူး ဥက္ကဋ္ဌ သံခဲ မိန်းမဆိုတဲ့ ဂုဏ် ပုဒ်ကိုပါ ဖြည့်စွပ်ထည့်ပြီး၊ ကျမ အသိဆုံးပဲလို့ ကျမကို လက်ညှိုးပြန်ထိုးပြပြီး သက်သေထူလိုက်ပါတယ်။ (မန္တလေးသား ဥက္ကဋ္ဌက အသတ်ခံခဲ့ရတယ်၊ မန္တလေးသား အတွင်းရေးမှူးကို အပြစ်အားလုံး နာမည်တပ်ပြီး ပုံချလမ်းလွဲဖို့ ချန်ထားခဲ့ တယ်။ နှစ်ယောက်လုံးနဲ့ နီးစပ်မှုရှိခဲ့တဲ့ မန္တလေးသူ ကျမကတော့ မျက်မြင် သက်သေပေါ့လေ။ တော်တော်သွားတဲ့ ဦး နှောက်တွေပါ။) ယုံကြည်ချင်ပါတယ်။ ဒါပေမဲ့ ဘယ်မှာလဲ နန်းအောင်ထွေးကြည် ရဲ့ရိုးသားမှု။
ကျမတို့ လက်မထပ်ခင် အချိန်လောက်ကတည်းက သွားချင်လွန်းလို့ မဟုတ်ရှာပါဘဲ ကံမကောင်း အကြောင်းမလှစွာ ကြုံရာကားနဲ့ နိုင်ငံခြားလိုက်ပါသွားခဲ့ရရှာတဲ့ "ဘိုထီးကြီး" ကိုအောင်မိုးဝင်း ခမျာမှာလည်း မနေသာပါဘူး။ အဲဒီအချိန်က ဝိုင်းကူအော်ပေးခဲ့ရှာပါသေးတယ်။ ဘာတဲ့ “လူထုက ဘိုမလေးကို အရိုက်အနှက်ခံ ကာကွယ်ရင်းနဲ့ ရခဲ့တဲ့ ဇာတ်လမ်း” ဆိုပါလား။ (ကိုအောင်မိုးဝင်းရေ နန်းရှေ့က လူထုမိသားစုအကြောင်း သိချင်သေးတယ်ဆိုရင် ဖိုးသံချောင်း (လူထု) ကို သာ တိုက်ရိုက် မေးကြည့်ပါနော်)
အခုနောက်ဆုံး မေသင်္ကြန်ဟိန်းရေးတဲ့ စာထဲမှာတော့ ကျမ ကပဲ ကျောင်းသားထောက်လှမ်းရေးနဲ့ပေါင်းပြီး သူ့ကို တမင် အကွက်ဆင်ထားခဲ့သယောင်ယောင်လေး ပြထားပေမဲ့ အဲဒီလိုလည်း မစွပ်စွဲရဲဘူး။ အဖမ်ခံခဲ့ရတဲ့သူတွေထဲမှာကို ကျမရဲ့ စိတ်နေစိတ်ထားတွေကို သိနေတဲ့ရဲဘော်တွေ အများကြီးရှိနေတယ်လေ။ အဲဒီအချိန်တုန်းက အပျော်ပေါ့ ရယ်စရာပေါ့ ဆိုတာလေးနဲ့ ပြန်ပိတ်ထားလိုက်ပြန်တယ်။ ဒီလောက်ဆို တခြားသူတွေကို ဆွဲထည့်ဖြေခဲ့စဉ်က နန်းအောင်ထွေးကြည် ရဲ့ လေသံအနေအထားကို ခန့်မှန်းနိုင်ပါလိမ့်မယ်။
အဲဒီအချိန်က ဒါကို ကျမ လုပ်မှန်း လူကြီးတွေတင်မက ကျောင်းသားထောက်လှန်းရေးပါမကျန် ရဲဘော်ရဲမေ အားလုံးနီး ပါးကပါ သိနေကြတော့ ရဲဘော်တွေအတော်များများ ကျမကို နှာတင်းကုန်ကြတယ်။ နန်းအောင်ထွေးကြည်ကို လက် ထပ်ခွင့်တောင်းခဲ့တဲ့ ရင်းမှူးသိုက်ထွန်းဦးတောင် အဲဒီ ငါးနှစ်စီမံကိန်းကြီး ခံနေလို့တဲ့လေ။ ရင်းမှူးသိုက်ထွန်းဦး ရိုးအပုံ များ။
ကျမလုပ်တာမှန်း တတပ်လုံးသိနေပြီးသားကိစ္စ “ဘယ်သူလုပ်တာလဲတော့” မေးမှာ မဟုတ်ဘူး။ မေးမဲ့မေး “အဲဒီ ငါးနှစ် စီမံကိန်းကရော ဘာလဲ” ဆိုတာပဲ ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် သူကပဲ အဲဒီ ငါးနှစ်စီမံကိန်းကြီးကို သွားသတိရပြီး တစုံတ ရာအတွက် ထည့်သုံးဖြေခဲ့လို့သာ ကျောင်းသားထောက်လှန်းရေးက လာရှာသိမ်းသွားတာ ဖြစ်လိမ့်မယ်။ အဲဒီစာရွက် ကျမဆီမှာ ရှိမရှိတောင် ကျမ သတိထားမိခဲ့တာ မဟုတ်ပါဘူး။ ကျမအတွက် သတိထားလောက်တဲ့ကိစ္စလည်း မဟုတ်ခဲ့ ဘူး။ ဒါမှမဟုတ် ဒါကို အကြောင်းပြချက်တခု လုပ်ထားပြီး ကျမကို မရအရ ဆွဲထည့်ဖို့ ကြိုးစားကြည့်တာ ကျောင်းသား ထောက်လှမ်းရေးက သံသယအဆင့်မှာပဲထားပြီး မဖမ်းခဲ့လို့ပဲ ဖြစ်ရမယ်။
ဒီပုံစံအတိုင်းဆို တောထဲမှာ အဖမ်းမခံခဲ့ရပေမဲ့ အကောင်းကြီးကနေ အံတာနဲ့ဝမ်းလျှောတာ တပြိုင်နက်တည်းဖြစ်ပြီး သူ ငယ်ချင်းတွေက ကျမကို သေပြီထင်ကြတဲ့အထိ သတိလစ် ဆေးရုံရောက်သွားခဲ့တဲ့အဖြစ်၊ သတိရလာတော့ လက် သည်းတွေအားလုံး ပုတ်သွားပြီး အရိုးပေါ်အရေတင် ဖြစ်သွားခဲ့တဲ့အဖြစ်တွေက အစာအိမ်တွေ အူတွေပြတ်ထွက်ခြင်းနဲ့ သက်သေပြလို့ မရတဲ့ သေစေနိုင်တဲ့အဆိပ်မိခဲ့တာပဲ ဖြစ်ဖို့များတယ်။ မသေပဲ ပြန်ရှင်လာတော့ မသက်သာလို့ သက် သေအဖြစ်ထားဖို့ လုပ်ခဲ့ကြတာပဲ ဖြစ်မယ်။
ဗန်းမော်ရင်းမှာ စစ်ဆေးမေးမြန်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်ကြောင့်လည်းမဟုတ်၊ ဖျားနာနေလို့လည်း မဟုတ်ဘဲ အချုပ်ထဲမှာ ရုတ်တရက်သေဆုံးသွာခဲ့တဲ့ ကိုအေးကျော် (မန္တလေး၊ ဂေါစတာ) ရဲ့အဖြစ်ကလည်း စိတ်ဝင်စားစရာတခုပါ။
နန်းအောင်ထွေးကြည် မင်သေသေနဲ့ ပြောခဲ့လုပ်ခဲ့သမျှ အခုလိုပဲ ယုံယုံကြည်ကြည် လိုက်လုပ်ခဲ့ကြရင်းက ချောက်ထဲ တွန်းပို့ခံခဲ့ရတဲ့ ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ရဲ့ ပုံရိပ်တွေကို မြင်ယောင်မိပါသေးတယ်။
မြောက်ပိုင်းအဖြစ်အပျက်ဟာ နန်းအောင်ထွေးကြည်လုပ်ခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဝတ္ထု ဇာတ်ညွန်းနဲ့ “ရန် သူဆို ညှာနေလို့မဖြစ်ဘူး ချသာချ” ဆိုတဲ့ အဲဒီလို စိတ်ကြမ်း စရိုက်ရိုင်းတွေ ပေါင်းစုံသွားခြင်း ရလဒ်တခုလည်း ဖြစ်ပါ တယ်။
ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ကတော့ နန်းအောင်ထွေးကြည်ရဲ့ ရေလှိုင်းစစ်ဆင်ရေးနဲ့ သူလုပ်ခဲ့တဲ့ လိုင်းတွေကို ယုံ ကြည်ခဲ့လို့ ရန်သူဆို ချသာချဆိုပြီး ချခဲ့ကြပြီ။ အဲဒီတော့ ခံရတဲ့သူတွေကလည်း အသားအနာမခံနိုင်လို့ ထောက်လှန်း ရေးပါ ဝန်ခံလိုက်ရတယ်။ နီးစပ်ရာလူတွေကို ဆွဲထည့် ဖြေကြရတယ်။ ကိုယ်ချင်းစာနာမှုနဲ့ နားလည်ပေးနိုင်ပါတယ်။ လူပဲ ဘာသားနဲ့ ထုထားတာမှတ်လို့။
ဒါပေမဲ့ မြောက်ပိုင်း ရဲဘော်ရဲမေတွေကို မေးကြည့်ချင်ပါတယ်။ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ဟာ နန်းအောင်ထွေးကြည် ဆွဲထည့်ဖြေရတဲ့ထိ နန်းအောင်ထွေးကြည်နဲ့ နီးစပ်မှုရှိခဲ့ဖူးတဲ့ ရဲဘော်တယောက် ဟုတ်ပါသလားဆိုတာကိုပါ။ ဘယ်တုန်း က ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို အလုပ်မျိုးတွေနဲ့ နီးစပ်မှုရှိခဲ့ဖူးတာပါလဲ။
ဘယ်တုန်းကမှ ဘယ်လိုမှကို နီးစပ်မှုမရှိခဲ့တဲ့အပြင် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂရဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့သ လို တွေ့ချင်ရင်တောင် ဥက္ကဋ္ဌ နေတဲ့တဲမှာ တကူးတကတက်တွေ့မှ တွေ့ဆုံစကားပြောနိုင်တဲ့ မြောက်ပိုင်းကျောင်းသား တပ်ရဲ့ ဥက္ကဋ္ဌ။
ကျောင်းသားထောက်လှမ်းရေးက ကိုထွန်းအောင်ကျော်ဟာ ထောက်လှမ်းရေးလားလို့ နာမည်တပ်ပြီး နန်းအောင်ထွေး ကြည်ကို မေးခဲ့တာ မဟုတ်ပါဘူး။ ကျမလို လူမျိုးကိုတောင် အသားအနာခံ အရိုက်ခံ ကာကွယ်ပေးခဲ့ပါသလေး ညာသ လေးအော်နေတဲ့သူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို နာမည်တပ်ပြီး ရိုက်မေးခဲ့တာလည်း မဟုတ်၊ နီးစပ်ရာ ဆွဲထည့် ရမဲ့လူလည်း မဟုတ်ပါပဲနဲ့ ဘယ်လို အကြောင်းတွေကြောင့် ထောက်လှန်းရေးပါလို့ ဆွဲထည့်ဖြေခဲ့ရပါသလဲ။ တခြားလူ တွေ ဘယ်လို လက်ခံ နားလည်နေကြသလဲတော့ ကျမ မသိဘူး။ ကျမကတော့ နားမလည်နိုင်ဘူး။ လက်ခံလို့ မရဘူး။
ဥက္ကဋ္ဌ တယောက်လုံးကိုတောင် ထောက်လှမ်းရေးဖြစ်သွားအောင် ဆွဲထည့်ဖြေရဲတယ်ဆိုတဲ့ နန်းအောင်ထွေးကြည်ရဲ့ သတ္တိနဲ့အဆင့်က ခေသူတော့ မဟုတ်ပါဘူး။ ဥက္ကဋ္ဌ တယောက်လုံးကို ဆွဲထည့်ဖြေရဲဖို့ဆိုတာတော့ နောက်ခံဘက်က ရောင်းကောင်းကောင်းတခု မရှိဘဲနဲ့ ဖြစ်နိုင်တဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ကိုသံချောင်းကို သူရေးပေးလိုက်ပါတယ်ဆိုတဲ့ ဝတ္ထုဇာတ်လမ်းဆိုတာတွေကလည်း အတော်လေးကို ပီပြင် အသက်ဝင်ခဲ့မဲ့ပုံ ပေါ်ပါတယ်။
ဒါတွေကြောင့်လည်း ကိုကြီးချင်းထပ်နေတဲ့သူ့စာကို မသိတဲ့သူတွေသာ ကြွေရင်ကြွေသွားနိုင်တယ်။ နအဖ တပ်ရင်း တ ရင်းလုံး တပ်မှူးကအစ ကေအိုင်အေက အလစ်အငိုက်ဝင်တိုက် ဖမ်းဆီးခံကြရတာကို ရိုက်ထားတဲ့ ဗွီဒီယိုအခွေ တော ထဲမှာပြတုန်းက သူမျက်ရည်ကျခဲ့တယ် ဆိုတာကို ကြားဖူးခဲ့တာကလွဲပြီး ကျဆုံးသွားတဲ အေဘီရဲဘော်ရဲမေတွေနဲ့ ပတ် သက်ပြီး နန်းအောင်ထွေးကြည်ရဲ့ခံစားချက်ဆိုတာမျိုးတွေ အနည်းဆုံး မခင်ချိုဦးကိုတောင် အသုံးချခဲ့တာကလွဲပြီး ဘယ် လို ခံစားမှုမျိုးကိုမှ သူ့ဆီက ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ ကျမကတော့ ခံစားလို့ကို မရခဲ့တာပါ။
ကျမက ကိုကြီးခေါ်တာ မကြိုက်လို့ ပြောခဲ့ရေးခဲ့တာလည်း မဟုတ်ပါဘူး။ မန္တလေးမှာ ကိုထွန်းအောင်ကျော် ပန်းချီကား ကြီးတွေဆွဲ၊ ကိုမောင်မောင်က ကိုထွန်းအောင်ကျော် အကြောင်းတွေ နှမြောတသသံလေးတွေ နှောရင်း ပြောပြ၊ အများ သိတဲ့ ကိုထွန်းအောင်ကျော် ကို ရှေ့တန်းထိုးတင်ပွဲထုတ်ပြီး အများမေတ္တာခံယူပွဲ ဇာတ်လမ်းစဖို့ အကြီးအကျယ် ပြင်နေ ကြတာနဲ့အချိန်ကိုက် အဓိက ဇာတ်ဆောင် မင်းသမီး နန်းအောင်ထွေးကြည် ကလည်း သူနဲ့ ကိုကြီးကြားမှာ မရှိရှိတဲ့ လုပ် ဇာတ်လေးတွေ ရင်နာဖွယ်သနားဖွယ် ကောင်းလောက်အောင် သာသာထိုးထိုးလေး ရေးတင်ထားတော့ ဖတ်လိုက်တာနဲ့ ကို မရိုးသားဘူးဆိုတဲ့သဘောကိုတွေ့လို့ အဲဒီလို သဘောနဲ့ ထည့်ရေးခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် အကြောင်းမသိတဲ့သူတွေကတော့ ဖတ်ကြည့်လိုက်တာနဲ့ အဟုတ်ကြီး မှတ်ပြီး နန်းအောင်ထွေးကြည်ကို သနားလွန်း ကြင်နာမိလွန်းလို့ ကိုအောင်မိုးဝင်းတို့ ကိုထွန်းအောင်ကျော် (အမေရိက) တို့လို လူမျိုးတွေဆို မျက်ရည်တွေ တွေတောင် ကျသွားကြမှာပါ။ ဒါက လူတွေရဲ့ ကိုယ်ချင်းစာမှုနဲ့ ထောက်ခံပံ့ပိုးကို သွယ်ဝိုက်တဲ့နည်းနဲ့ ရယူနိုင်တဲ့နည်း တွေထဲက တနည်းပါ။ သူနဲ့ ကိုထွန်းအောင်ကျော်ကြားမှာ အဲဒီလို နက်နဲတဲ့ဆက်ဆံရေးမျိုး အမှန်တကယ် သာရှိခဲ့ရင် ကျမ ထည့်ရေးနေစရာအကြောင်း မရှိပါဘူး။ အခုဟာ အတင်းလုပ်ယူထားတဲ့ လုပ်ဇာတ်ကြီးလို ရေးထားတာမျိုးလေ။
ကျောင်သားတပ်မှာ ဖျော်ဖြေပွဲရှိတိုင်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အမြဲဆိုလေ့ရှိတဲ့သီချင်းက “ဖဲကြိုးဝါ”၊ ကိုအောင်နိုင် က “အပျိုကြီး တကယ်လုပ်မှာလား”။ ကိုမျိုဝင်းက “ညီစေမင်း”။ ကိုစိန်အေးက “ချစ်တာအပြစ်လား။” ရဲဘော်ရဲမေ အား လုံး သိနေကြတာတွေပါ။
ဘယ်သူနဲ့ဘယ်သူ ဘယ်လိုဆက်ဆံရေးမျိုး ရှိကြတယ်ဆိုတာ အတူနေဖူးတဲ့သူတွေက သိနေတော့ ပိုမြင်ကြမှာပါ။ အခု ကိုထွန်းအောင်ကျော် ရဲ့ နာမည် သိပ်သုံးစရာမလိုတော့တဲ့အခါကျ နန်းအောင်ထွေးကြည် လေသံတွေကလည်း နည်း နည်းပြောင်းလာပြန်ပါတယ်။ ကိုမောင်မောင်ကတော့ ကျမ ရေးတဲ့စာလေးနဲ့တင် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးတို့က ကျနော့် ရဲဘော်လည်း မဟုတ်ဘူး။ သူတို့အတွက်ပဲ လုပ်နေတာတွေ မဟုတ်ဘူးတွေ ဘာတွေ ဖြစ်လာတယ်။
ပေါ့သေးသေးတော့ မထင်လိုက်ကြပါနဲ့။ အားစမ်းကြည့်လိုက်တာ လက်ရှိအေဘီကိုတော့ အတွင်းအပြင် တကယ်လုပ် နေကြတဲ့ လူမှန်တွေ အတော်များများက လုံးဝအထိမခံကြတဲ့အတွက် ဇာတ်ရှိန် ပြန်သပ်သွားခဲ့ကြတာပါ။ အဲဒီလိုမ ဟုတ်ဘဲ အားလုံးက လက်ပိုက်ကြည့်ခဲ့လို့ကတော့ တွန်းတိုက်ချသွားဖို့ အသင့်အနေအထားမျိုးနဲ့ပါ။
ရာထူးအလိုက် ခေါ်ပြောရလို့ နှုတ်ကျိုးနေတဲ့သူတွေတောင် ဥက္ကဋ္ဌ ပြောင်းခေါ်ခဲ့ကြရတာပါ။ ကျမကိုတောင် ဒေါ်လှိုင် လို့ ခေါ်ခဲ့ရာကနေ တခြားရဲမေတွေနဲ့မတူဘဲ ခွဲခြားဆက်ဆံတဲ့သဘောမျိုး ဖြစ်နေမှာစိုးလို့ သူတို့လူကြီးအဖြစ် တာဝန်ယူ လိုက်တာနဲ့ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့က ခင်ရွှေလှိုင်လို့ ပြောင်းခေါ်ခဲ့ကြပါတယ်။
ဇာတ်လမ်းဆင်တာ ပုံပြောတာတော့ အရိုက်အနှက်မခံရတော့တာတောင် ဝါသနာက သေးပုံမရပါဘူး။ မေသင်္ကြန်ဟိန်း ရေးထားတဲ့ စာထဲမှာကို ကိုထွန်းအောင်ကျော် နုတ်တွေသင်ပေးတုန်းက ကျမတို့က ကိုကြီးလို့ပဲ ခေါ်ကြတယ်။ အားလုံး ကလည်း ဒီလိုပဲ ခေါ်ကြတယ်လေတဲ့။ (အားလုံးဆိုတာ ဘယ်သူတွေလဲ။) သူ ကိုကြီး ခေါ်ရတဲ့ အကြောင်းကို ထပ်ရှင်းပြ လိုက်ပါသေးတယ်။
ဒီလိုအသေးအဖွဲလေးတွေကို ဘယ်သူကမှ အရေးလုပ်ပြောနေမှာ မဟုတ်ပါဘူးဆိုတဲ့ သဘောထင်ပါရဲ့။
တယောက်နဲ့တယောက် ဘယ်လိုခေါ်ပြော ဆက်ဆံကြတယ်ဆိုတာ မြောက်ပိုင်းရဲဘော် ရဲမေတွေ အားလုံး သိနေကြတဲ့ ကိစ္စတောင် ဒီတခါတော့ အားလုံးကိုပါ ဗြောင်ကြီး ထပ်လိမ်ချလိုက်ပါတယ်။ ဒါတောင် အားလုံး မသေသေးဘူး။ မဟုတ် လို့ကတော့ သေပြီးသားလူတွေကိုချည်း ရွေးပြီး လက်ညိုးထိုး ပြောတတ်ပုံနဲ့တော့ .. အင်း။ နန်းအောင်ထွေးကြည် ဆွဲ ထည့်ခဲ့လို့ တခါခံခဲ့ရပြီးတာတောင် မမှတ်သေးတဲ့ ကိုရဲလင်း၊ ကိုညီညီကျော် တို့လို ဗဟိုကော်မတီလုပ်ခဲ့ဖူး သူတွေကို လည်း ကျမ နားမလည်ချင်တော့ပါဘူး။
ကျောင်းသားတပ်နဲ့ ကျောင်းသားရဲဘော်တွေအပေါ်မှာထားတဲ့ နန်းအောင်ထွေးကြည်ရဲ့ စိတ်ဓါတ်ဟာ ပုံမှန် မဟုတ်ဘူး ဆိုတာကို ဒီလုပ်ရပ်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ တကယ်လို့များ ကိုထွန်းအောင်ကျော်သာ ဆွဲထည့်မခံခဲ့ရရင် ဖြေ ရှင်းပုံဖြေရှင်းနည်းက တမျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒီအတိုင်းပဲ ဖြေရှင်းခဲ့တယ်ဆိုရင်လည်း အခုချိန် တရားဆွဲခံရမဲ့ သူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပဲ ဖြစ်နေပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေဟာ မတော်တဆ ဖြစ်ပျက်ခဲ့ကြတာတွေ မဟုတ်ပါ။ ကြိုတင်ကြံစီထားမှုတွေနဲ့ပါ။ ရည်ရွယ်ချက် ရှိရှိ အစီစဉ်ရှိရှိ အကွက်ကျကျနဲ့ကို ဖြစ်ပျက်သွားခဲ့ကြတဲ့ ကိစ္စတွေပါ။
ဒါနဲ့ပတ်သက်ပြီး နန်းအောင်ထွေးကြည် ကျမကို ပြောခဲ့ဖူးတာက ဒီလိုပါ…
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook)
No comments:
Post a Comment