နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၈)
အဖမ်းခံခဲ့ရတဲ့ (၅၆) ယောက် ထွက်ပြေးလွတ်မြောက်သွားချိန်က တာဝန်ကျခဲ့တဲ့ ရဲဘော်လှမျိုးအောင်နဲ့ ရဲဘော်အောင် နိုင် တို့ကို တာဝန်ပေါ့လျော့မှုနဲ့ သေဒဏ်ပေးခဲ့ကြတယ်။ “မသေခင် ဘာလုပ်သွားချင်တဲ့ ဆန္ဒရှိသလဲ ပြောပါ” ဆိုတော့ “အရက်တဝကြီး သောက်သွားချင်တယ်” တဲ့။ သြော် .. ရဲဘော်တွေ အရက်ကြိုက်တတ်ပုံများ
ပြောပါတယ်။ အရက် ကောင်းကောင်းလေးတွေ အရက်ထည့်တဲ့ ဗူးလှလှလေးတွေမြင်တိုင်း အရက်ကြမ်းတွေကိုသာ နှစ်နှစ်ခြိုက်ခြိုက် သောက်ခဲ့ရတဲ့ ဒီရဲဘော်တွေကိုသာ ပြေးပြီးမြင်ယောင်နေမိတော့တယ်။
အလံတိုင်ကုန်းရှေ့က စစ်ရေးပြကွင်းမှာ ကိုယ့်ကို မြှုပ်မယ့်ကျင်းကို ကိုယ်ကိုယ်တိုင်တူးလိုက်ကြ မောသွားရင် တွင်း နှုတ်ခမ်းလေးပေါ် တက်ထိုင်ရင်း လေညှင်းရဲ့အရသာလေးခံလိုက်၊ အရက်လေးသောက်လိုက်၊ ဆေးပေါ့လိပ်လေး ဖွာ လိုက်၊ တောင်ကုန်းတောင်တန်းတွေကို ငေးမော ကြည့်လိုက်နဲ့။ ကဗျာတွေ စာတွေဖွဲ့ဖို့ စိတ်ကူးတွေယဉ်နေကြတာ မဟုတ်တာတော့ သေချာပါတယ်။ လက်ဝဲသုန္ဒရ အမတ်ကြီးလို မျက်ဖြေလင်္ကာရေးဖို့ဆိုတာမျိုးလည်း သတိရကြမယ် မထင်ပါဘူး။
ဘဝရဲ့နောက်ဆုံးနေ့ရက် ဒီရဲဘော်တွေ ရင်ထဲမှာ ဘယ်လိုအတွေးမျိုးတွေများ ရှိနေခဲ့မှာပါလိမ့်။ သားဆိုးသားမိုက် တွေရဲ့ ထုံးစံအတိုင်း “ ခလုတ်ထိမှ အမိတ” ဆိုသလို မပြန်နိုင်တော့တဲ့ နွေးထွေးအေးမြတဲ့ “အမေနဲ့ အမေ့အိမ်လေး” ပဲ ဖြစ်မယ် ထင်ပါတယ်။
သေမင်းကိုတောင် ထီမထင်တဲ့ပုံနဲ့ အဲဒါ အညိုရောင်နယ်မြေမှာ ကြီးပြင်းလာကြတဲ့ ဒေသခံ ကျောင်းသားရဲဘော်တွေပဲ လေ။ ကျောင်းလစ်လို့ မိဘကို တိုင်စာအပို့ခံရမဲ့ ကျောင်းသားအရွယ်မှာ တာဝန်ပေါ့လျော့မှုနဲ့ မိဘကွယ်ရာမှာ အပေးခံခဲ့ ရတဲ့ အပြစ်ဒဏ်က “သေဒဏ်” တဲ့။
“သုံ့ပန်းဆို ပြန်လွှတ် သူလျှိုဆို အကုန်သတ်” တဲ့။ ဒီနိုင်ငံတကာ စစ်ဥပဒေဆိုတာကြီးတွေ လူ့အဖွဲ့အစည်းအတွင်း ဘယ် သူတွေကများ စတင်ရေးဆွဲ အသက်သွင်းခဲ့ကြတာပါလိမ့်။ လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ကို သဘောပေါက်နားမ လည်ခဲ့ရင်သာရှိမယ် ဒီစစ်နဲ့ ပတ်သက်တာတွေကိုတော့ ဒီမျိုးဆက်တွေ အလိုလိုသိနေ လက်ခံကျင့်သုံးတတ်နေအောင် ဘယ်သူတွေကများ ရှေ့ဆောင်လမ်းပြ လုပ်ခဲ့ကြတာပါလိမ့်။
ကျည်ဆံဖိုး လက်နက်ဖိုးထက် အကြောင်းအမျိုးမျိုး နည်းလမ်းအသွယ်သွယ် ပြုသူနဲ့ခံရသူများ လူ့အသက်ပေါင်းများစွာ ရဲ့ တန်ဖိုးတွေ ကြိမ်ဖန်များစွာ ချနင်းခြေပြီး ဖြစ်နေခဲ့တဲ့ ပြည်တွင်းစစ်။ ဘယ်စစ်မှ မကောင်းဘူးဆိုတာ သိနေပြီးသားမို့ ဒီစနစ်ဆိုးကြီးအောက်မှာ ဒါမျိုးတွေဖြစ်တာ ရဲဘော်တို့လို အညိုရောင် အနက်ရောင်နယ်မြေက လူတွေအဖို့ ဘာမှမထူး ဆန်းတော့ပါဘူးဆိုတဲ့ သဘောများလား ရဲဘော်။
ရဲဘော်တွေ လွတ်မြောက်သွားကြတာကို ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျောင်းသားဂိတ်တွေ၊ ကေအိုင်အေဂိတ်တွေ၊ ဝှက် ကင်းတွေ၊ လှည့်ကင်းတွေ၊ စကားဝှက်တွေနဲ့ ညမှာယောင်လို့တောင် ထမသွားရဲတဲ့ ဗဟိုဌာနချုပ်နယ်မြေ။ လက်ထိပ် တွေ သံခြေချင်းတွေ တချွင်ချွင်နဲ့ လူပေါင်း (၅၆) ယောက်လောက်ဖြတ်သွားတာ ဘယ်သူမှတောင် မသိလိုက်ဘူး ဆို တာတော့ နည်းနည်း ထူးဆန်းနေတယ် မထင်ကြဘူးလား။ အဲဒီလူတွေဟာ ထွက်ပြေးတဲ့ကျောင်းသားတွေ မဟုတ်ဘဲ နအဖ စစ်ကြောင်းကြီး ဝင်လာတာဆိုရင်ကော ဘယ်သူမှ မသိလိုက်ဘူး ဖြစ်နိုင်ပါ့ မလား။ စဉ်းစားစရာတခုပါ။
အဲဒီအသံတွေကို ဗိုလ်မှူးပန်းအောင်ရဲ့ အရံရဲဘော်က ကြားခဲ့ပါတယ်။ ဗိုလ်မှူးပန်းအောင်ကိုပြောတော့ အသာနေဆိုပြီး လက်ကလေး ကာပြလိုက်ပါသတဲ့။ “ထွက်ပြေးတဲ့ မင်းတို့လူတွေ ပြန်မိပြီ” ဆိုပြီး လိုက်ဖမ်းတဲ့ ရဲဘော်တွေကို ပြန်ဖမ်းပြီး တရုတ်ရဲက ဗဟိုအရောက် ကားနဲ့ ပြန်ပို့ပေးလိုက်တယ်။ မျက်လှည့် ပြလိုက်သလိုပဲ။
မြေကြီးပေါ်မှာလည်း အိပ်ခဲ့ကြတယ်၊ ထောင်ထဲမှာလည်း အိပ်ရနိုင်တယ်လို့ မျှော်လင့်ခဲ့ကြဖူးသလို အခန့်မသင့်ရင် တောထဲမှာ သေနိုင်ကြသေးတယ်ဆိုတာလည်း သိသိချည်းနဲ့ ကျမတို့ အားလုံး လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ် လုပ်ခဲ့ကြတယ် မဟုတ်လား။
အတွေ့အကြုံနုနယ်ပြီး တိုက်ချင်ခိုက်ချင်နေတဲ့ကျောင်းသားလူငယ်တွေကြား လက်တွဲတိုက်ပွဲဝင်ခဲ့ကြသူ အချင်းချင်း ယုံထင် ကြောင်ထင်ဖြစ်သွားလောက်အောင် ချပေးလိုက်တဲ့အရာက အာဏာမဟုတ်ပါဘူး။
စစ်ထောက်လှန်ရေးတွေ အမြဲတမ်းအသုံးပြုနေကြ အပြန်အလှန် ယုံကြည်မှုကို အချိန်မရွေး ဖြိုခွဲဖျက်စီးပစ်နိုင်စွမ်းရှိတဲ့ သံသယမီးပွားလေးတစ (သို့မဟုတ်) သူတို့လူကို (သို့မဟုတ်) သူတို့ “တည်ကြက်” အဖြစ်ထားထားတဲ့သူကိုမှ ကံဆိုးမိုး မှောင်ကျစွာ ဖမ်းမိခဲ့ကြရင်တောင် ဒီလိုပြန်လုပ်လိုက်တာနဲ့ လူသဘာဝရဲ့ ယျေဘုယျ တုန့်ပြန်တတ်မှုအရ ဒီလိုတွေ ဖြစ် လာမယ်ဆိုတာ သေချာပေါက်တွက်ချက်ပြီး ဒါကို ဘယ်လိုထိဖြစ်သွားအောင် လုပ်ယူပြီး ရုန်းထွက်လို့ရတယ်ဆိုတဲ့ ဆိုက်ကိုနည်းတခုကို လက်တွေ့စမ်းသပ် အသုံးပြုကြည့်လိုက်တဲ့ သဘောပါ။
ဒါပေမဲ့ သိပ်ကြောက်စရာကောင်းတယ်။ သံသယမျက်လုံးနဲ့ကြည့်ရင် လူတိုင်းလူတိုင်းမှာ သံသယဖြစ်စရာ တခုမဟုတ် တခုတော့ ရှာတွေ့နိုင်တာပဲလေ။ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့တဲ့ အလုပ်တွေကိုလုပ်ဖို့ တောထဲရောက်လာကြတာ ကိုက တခုမဟုတ် တခုမှာ ကိုယ်စီကိုယ်စီ ထူးခြားမှုတွေ ရှိနေကြလို့ပဲ မဟုတ်လား။
ကျမကို ခင်နေတဲ့ရဲမေအငယ်တွေကို အဲဒီအချိန်တုန်းက မေးကြည့်ဖူးတယ်။“မင်းတို့ရော ငါ့ကို သံသယ မဖြစ်ဖူးလား” ဆိုတော့ ဒေါ်လှိုင်နေပုံထိုင်ပုံ ပြောဆိုပုံက တခြားမိန်းကလေးတွေနဲ့ မတူတော့ သံသယတော့ ဖြစ်မိတယ်။ ဒါပေမဲ့ ကျမ တို့က ခင်နေလို့လား မသိဘူး၊ အဲဒီလို သဘောထားလို့ မရဘူးဖြစ်နေတယ်” တဲ့လေ။
ရန်သူ့ထောက်လှန်းရေးအဖြစ် ဖမ်းထားပြီးတာတောင် အဲဒီလိုသဘောထားလို့မရလို့ တဦးနဲ့တဦး သံယောဇဉ်မပျက် အခင်အမင်မပျက် ရှိနေခဲ့ကြတဲ့ ရဲဘော်ရဲမေတွေလည်း အဲဒီအချိန်က အများကြီးရှိခဲ့ကြသလို အခုထိလည်း ရှိနေဆဲပဲ လေ။
မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက ကျမတို့အားလုံး ဖြစ်နေကြတဲ့ အခြေအနေ။ တဘုတ်ဘုတ်ခြေသံကြားတိုင်း အ ဆောင်အတွင်း အိပ်ယာတွေပေါ်မှာ ကိုယ်စီကိုယ်စီ လူးလွန့် သွားကြရင်း ခေါင်းမြီးခြုံထားကြတဲ့ စောင်လေးတွေ ပြိုင်တူ ဖွင့် ကြည့်ကြပြီး ငါ့ကိုလား။ ငါ့ဘေးကုတင်က လူကိုလား ဖြစ်နေခဲ့ရတဲ့ ဘဝတွေ။
အတူလက်တွဲလုပ်လာခဲ့ကြပေမဲ့ ကိုယ့်ကို သူကမယုံ သူ့ကို ကိုယ်ကမယုံ။ တိုက်ဖော်တိုက်ဖက် သေဖော်သေဖက်ချင်း ဖြစ်ကြရဲ့နဲ့ ဘာကိုမှ ယုံယုံကြည်ကြည် ဖွင့်ဟမပြောရဲကြတော့တဲ့ထိ သုဿန်တစပြင်အလား တိတိဆိတ်ငြိမ်သက်သွား ခဲ့ကြတဲ့ အဖြစ်တွေ။ တယောက်နဲ့တယောက် ဆက်ဆံကြတာတောင် ရဲဖော်ရဲဖက်ဆိုတဲ့ သံယောဇဉ်တွေကြားက ကြေ ကွဲမှုနဲ့ သံသယရောယှက်နေတဲ့ မျက်ဝန်းတွေကိုယ်စီနဲ့။
လူမှားထဲကို လူမှန်များများ ရောထည့်မွှေလိုက်တယ်။ ဖြည့်ထည့်လိုက်တဲ့လူမှန်များကို အကာအကွယ်ပြန်လုပ်ပြီး အား လုံးအမှန်ပါဆိုတဲ့ ဖော်မြူလာပုံသေနည်းကို ပြန်လည်ထုတ်ယူလိုက်ခြင်းမျိုး။
ဒါပေမဲ့ အမြဲတမ်းမှန်ကန်နေမဲ့ နိယာမတခုကလည်း အသင့်ရှိနေပါတယ်။ ဘယ်သူမှ ဘာမှမဟုတ်ခဲ့ကြလို့ ဘာမှကို မလုပ်ခဲ့ကြတာ တကယ်မှန်ရင် ဘာတွေမှလည်း ဖြစ်ခဲ့ကြ ပျက်ခဲ့ကြ ဆုံးရှုံးနစ်နာခဲ့ကြရလိမ့်မည် မဟုတ်ပါတဲ့။
ဘာပဲဖြစ်ဖြစ် ထောက်လှမ်းရေးဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ။ ကိုမျိုးဝင်းကပဲ နန်းအောင်ထွေးကြည် စွပ်စွဲတဲ့ အတိုင်း အငြိုးနဲ့လုပ်ခဲ့လေသလား။ နန်းအောင်ထွေးကြည်ကပဲ သူတော့သေချာပေါက် ပါနိုင်တယ်ဆိုတာတွက်မိပြီး ငါ့ကို ဖမ်းခဲ့ရင်တော့ ဒီလိုလုပ်ပစ်လိုက်မယ်ဆိုတဲ့ ကျောင်းသားတပ်နဲ့ ကျောင်းသားရဲဘော်တွေအပေါ် အငြိုးနဲ့လုပ်ခဲ့လေသ လား (သို့မဟုတ်) ထောက်လှမ်းရေးမှူးတယောက်ရဲ့ သမီးကို တောထဲရောက်အောင်ပို့ထားပြီး သံသယဖြစ်စရာ အခြေ အနေမျိုးတွေကို တမင်ဖန်တီးယူ ထောင်ချောက်ဆင် ရုန်းထွက်ဖို့ကလည်း လမ်းကအသင့်ဖြစ်ခဲ့လေသလားတော့ မသိ။
သိခဲ့တာကတော့ နန်းအောင်ထွေးကြည် လုပ်ခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး”။ သူပေးခဲ့တဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ နာမည်နဲ့အညီကို ဥက္ကဋ္ဌ အပါအဝင် လူပေါင်း အယောက် (၁၀ဝ) နီးပါးလောက် ရေလှိုင်းအသွင်ကို အလုံးအရင်းနဲ့ ထောက်လှမ်းရေး ဖြစ်သွားခဲ့ကြရတဲ့အထိ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးကို လှည့်စားနိုင်ပြီး သူပြောခဲ့သလို “အနုနည်းနဲ့ပဲ ဆွဲဆောင် ဖြိုခွဲ” သွားနိုင်ခဲ့တဲ့အတွက် အောင်မြင်ပါတယ်။
သူက လူတွေကို အသုံးချနေတာလား။ လူတွေက သူ့ကို အသုံးချနေတာလား။
ယူဂျီလိုင်းကို ရန်သူသတင်းပေးတွေ ဝင်စီးခံခဲ့ရတဲ့အတွက် မြို့ပေါ်က အမာခံယူဂျီကောင်းတွေ အားလုံးနီးပါး နှစ်ရှည် ထောင်ဒဏ်တွေ ကျခဲ့ကြတယ်။ တောထဲမောင်းထုတ်ခံခဲ့ရတဲ့ ကိုချိုကြီး၊ ကိုအောင်မင်းတို့လို ယူဂျီတချို့ ဘာမှမလုပ်ရ သေးခင် ထောက်လှမ်းရေးတွေအဖြစ် အချိန်ကိုက် အသတ်ခံလိုက်ရတယ်။ ရန်သူဆို တိုက်ရဲခိုက်ရဲသတ်ရဲပြီး သေလည်း သေရဲတဲ့ တိုတောင်းတဲ့ ကာလလေးတခုအတွင်းမှာ အထက်အောက်အမိန့်နာခံတတ်မှုတွေနဲ့ အင်နဲ့အားနဲ့ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့တဲ့ မြောက်ပိုင်းကျောင်းသားတပ်အင်အား ဖြိုခွဲခံလိုက်ရတယ်။ တောနဲ့မြို့ပြ ဆက်သွယ်တဲ့ လမ်းကြောင်း အဖြတ်ခံလိုက်ရတယ်။
စစ်အစိုးရကတော့ အမြတ်တွေ အများကြီးရလိုက်တဲ့အပြင် အခုဆို အတွင်းအပြင် ကွန်ယက်ကြီးတခုသဖွယ် အချိန်အ ခါအသင့် အေဘီဆန့်ကျင်ရေးအဖွဲ့တခုကိုလည်း မြောက်ပိုင်းလူသတ်မှုကို ခေါင်းတည်ထားရင်းက အမှန်တရားအတွက် ပဲ လုပ်နေကြသလို ဘာလိုလိုနဲ့ စာနာသနားတတ်တဲ့ လူတွေရဲ့ သဘောသဘာဝကို အရယူပြီး မသိလိုက် မသိဘာသာ နဲ့ပဲ အဆင်သင့် မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။
တကယ်ပဲ အမှန်တရားအတွက်လား။ (အမှန်တရားအတွက်ပဲ သေချာရင် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်တကယ်လုပ်ခဲ့ တာဝန်ရှိခဲ့တဲ့ ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့နဲ့ အတူ သတင်းစာရှင်းလင်းပွဲလေးတခု ကြိုးစားကြည့်ပေးပါ့ လား။ )
ဒါမှမဟုတ် အမှန်တရားဘန်းပြပြီး ထိုးကျွေးခဲ့တဲ့ ရဲဘော်ထွန်းအောင်ကျော် အပါအဝင် အသတ်ခံခဲ့ရတဲ့ လူမှန်ရဲဘော် တွေကို ပြန်ချနင်းပြီး အဖွဲ့အစည်းသွားနေတဲ့ လမ်းကြောင်းတလျှောက် အခွင့်ရရင်ရသလို ဒီကိစ္စကြီးတကိုင်ကိုင်လုပ်ပြီး ခြုံခိုတိုက်ခိုက်ကြည့်လိုက် နည်းလမ်းအသစ်ရှာလိုက် လုပ်နေကြတော့မှာလား။ ဘယ်အထိလှမ်းကြမလဲ။
ကိုညီညီ ဆမားက တဖွဲ့လုံးနဲ့ ရှိသမျှလူအားလုံးကို သိမ်းကြုံးဆော်လိုက်၊ နန်းအောင်ထွေးကြည်က အဲဒီလိုမဟုတ်ဘူး၊ လုပ်တဲ့သူပဲ ပြောလိုက်နဲ့ ဘယ်သူက ဘယ်လို လူမျိုးပါဆိုတာ လေ့လာအကဲခတ်နေသူတွေအနေနဲ့ ပေါ်လွင်ထင်ရှားစွာ ရှုမြင်နိုင်ကြစေရန် အလို့ဌာ အမာအပျော့ အပေးအယူ အချိတ်အဆက်မိမိနဲ့ ကေအိုင်အေရဲ့အထူးကယ်တင်ခြင်း ခံခဲ့ရ သူနှစ်ဦး ကေအိုင်အေရဲ့ကောင်းပုံလေးတွေကို စမြုပ်ပြန်ပြရင်း နှစ်ယောက်သားတွဲပြီး ကစားနေကြပုံလေးကလည်း စိတ်ဝင်စားစရာပါ။ ကျမတို့ကို စစ်အစိုးရလိုပဲ ကလေးသာသာ သားသမီးအရွယ်လေးတွေလို့ သဘောထားတဲ့ ကိုမောင် မောင် ကတော့ လူကြီးပီပီ တချက်တချက်မှ ဝင်ထောက် ပေးတတ်တယ်။
နန်းအောင်ထွေးကြည်ကို မဖမ်းဖို့ ယူဂျီအနေနဲ့ မြို့ကနေ ရာဇသ်ံပေးခဲ့တယ်ဆိုတဲ့ ကိုညီညီဆမားကလည်း တောထဲမှာ ကိုယ့်ရှေ့တင်ပဲ နန်းအောင်ထွေးကြည်ကို ဖမ်းခဲ့တဲ့အချိန်တုန်းက ဘာသံမှမထွက်ဘဲ ဘာကြောင့်များ လက်ပိုက်ကြည့် နေခဲ့ပါလိမ့်။
ကျောင်းသားတပ်မှာ ရန်သူ့သူလျှိုအဖြစ် ဖမ်းထားတဲ့သူကိုမှ ကေအိုင်အေအရာရှိတယောက်နဲ့ နန်းအောင်ထွေးကြည်တို့ အားတဲ့အချိန် အပျင်းပြေ အင်္ဂလိပ်စာသင်ဖို့အတွက် ကိုညီညီဆမားကို ကေအိုင်အေက တောင်းယူခဲ့တာလို့ နန်းအောင် ထွေးကြည် ရေးထားတဲ့ ဇာတ်လမ်းလေးကိုလည်း ဖတ်လိုက်ရပါတယ်။ အင်မတန်ကို အကျိုးအကြောင်း ဆီလျော်တဲ့ အကြောင်းပြချက်လေးပါပဲ။ ကြည့်ရတာ ကေအိုင်အေမှာ ကိုညီညီဆမားလောက် အင်္ဂလိပ်စာတတ်တဲ့သူ မရှိလို့ဘဲ ဖြစ် ရမယ်။ ဒါမှမဟုတ် အင်္ဂလိပ်စာသင်ဖို့ အရေးတကြီး လိုအပ်ခဲ့ပုံရတယ်။
စောင့်ကြည့်နေပါတယ်။ ကျမလည်း ကျမသမိုင်းကို ကျမရေးနေသလို ရဲဘော်တို့လည်း ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြ တယ် ဆိုတာကိုတော့ သတိမလှစ်ကြဖို့တော့ လိုပါတယ်။
ကျမတို့ရဲ့ နိုင်ငံရေးဖိုးအေကြီးတွေတောင် ဖြူ၊ နီ၊ ဝါ၊ ပြာ အရောင်စုံသွားသေးတာပဲ။ ဆင်းရဲဒုက္ခခံခဲ့ကြသမျှ စွန့်လွတ် ပေးဆပ်ခဲ့သမျှ အသက်တွေအများကြီးရင်းသွားခဲ့ကြသမျှ တိုင်းပြည်နဲ့ပြည်သူ မကောင်းစားရဘဲ အရင်လုပ်ရမှာနဲ့ နောက်လုပ်ရမှာ အဓိကနဲ့သာမည မခွဲခြားတတ်သ၍ ဘဝတူအချင်းချင်း မညီညွတ်သ၍ အုပ်ချုပ်သူ လူတန်းစားတွေရဲ့ မရိုးနိုင်တဲ့လက်စွဲနည်းတွေကို သိသိကြီးနဲ့ အိမ်ကြက်ချင်း ခွပ်ကောင်းနေကြသ၍ ဖွင့်ဟခွင့်ရလာတဲ့ အခွင့်အရေးကို ဖိ နှိပ်သူကို သံပြိုင်ဝိုင်းအော်ဖို့ အသုံးပြုကြရမဲ့အချိန်မှာ မလိုတမာစိတ်တွေ၊ ကိုယ်ခံရတာပဲ ကိုယ်သိတော့တဲ့ စိတ်တွေနဲ့ ဖိနှိပ်ခံရသူ တိုက်ဖော်တိုက်ဖက် အချင်းချင်း အပြန်အလှန်အော်လို့ကောင်းနေကြသ၍ ကိုယ့်ကိုယ်ကို ရွာသူကြီး အဆင့် လောက်နဲ့ လူမိုက်အဌားခံ အရှုပ်ထုပ်တွေနဲ့ အလုပ်ရှုပ် အချိန်ကုန်နေအောင် အသုံးချခံနေရလို့ ခံနေရမှန်းမသိကြသ၍ စစ်အစိုးရကောင်းစားဖို့ချည်း ဖြစ်သွားခဲ့ရတာ သံဝေဂ ရစရာပါ။
ခွင့်လွတ်ပါ နစ်နာခဲ့ကြရတဲ့ ရဲဘော်အပေါင်းတို့။ ပြည်သူဆိုတာ ကျမတို့ကျောင်းသား အားလုံးရဲ့ မိဘတွေပါ။ ကျမတို့ ကျောင်းသားအားလုံးရဲ့ မိဘတွေဖြစ်တဲ့ ပြည်သူတွေနဲ့ ကျမတို့မျိုးဆက်တွေအတွက် ကျမတို့ကျောင်းသားအားလုံး လို လားတောင့်တခဲ့ကြတဲ့အရာကို မရသေးမချင်း ဘယ်သူ့အတွက်မှ ကျမ အမျှမဝေနိုင်သေးပါ။
ဒီစနစ်ဆိုးကြီးအောက်မှာ ကျမတို့သိတာရော မသိတာတွေရော အများကြီးရှိခဲ့တဲ့ နစ်နာမှုအပေါင်း သရဖူဆောင်းခံခဲ့ရတဲ့ မိဘပြည်သူတွေနဲ့ စစ်အစိုးရရဲ့အကျဉ်းထောင်တွင်း ထောင်ပြင်၊ တောထဲ၊ နယ်စပ်မကျန် ကျဆုံးသွားခဲ့တဲ့ တော်လှန် သော အညတရရဲဘော်တွေ အားလုံး အားလုံး (တယောက်မကျန်) အတွက် အမျှမဝေနိုင်သေးသ၍ …။
“စစ်အစိုးရအခက် ပြည်သူ့အတွက်” ဆိုတဲ့ ဆောင်ပုဒ်ကိုကိုင်ဆွဲ အတွင်းအပြင် အနုအကြမ်း စုဆုံညီညွတ်နေကြရမဲ့ ယခုလိုအချိန် ကာလမျိုးမှာ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ နစ်နာခဲ့ရသူ ရဲဘော်တွေအားလုံးကို နှလုံးသားနဲ့ ကိုယ်ချင်း စာနားလည် အသိအမှတ်ပြုနိုင်ပေမဲ့ စစ်အာဏာရှင်စနစ် ရှိနေသ၍ …။
ဘယ်လိုပဲဖြစ်ဖြစ် “ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါငါလုပ်ထားတာ ငါသံချောင်းကို ဝတ္ထုတပုဒ်ရေးပေးလိုက်တာ” ဆိုတဲ့ နန်းအောင်ထွေးကြည်အနေနဲ့ ကိုယ်ခံခဲ့ရတဲ့အကြောင်းတွေက ပြည့်စုံတာထက် ပိုနေပြီမို့ ကိုယ်လုပ်ခဲ့တာပါဆိုတဲ့ ကိုသံချောင်းကို ရေးပေးခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဝတ္ထုဇာတ်လမ်းလေးကို ဒီကိစ္စကို လေ့လာဆန်းစစ်နေ သူတွေအားလုံး ပိုပြီး အမြင်ရှင်းသွားစေဖို့ ကိုယ်မှားခဲ့ရင်လည်း ကိုယ်ခံရဲတယ်ဆိုတဲ့ အမှန်တရားကို တကယ်လိုလားတဲ့ သတ္တိမျိုးနဲ့ ပြန်လည်ရေးသား တင်ပြပေးနိုင်တယ်ဆိုရင် တင်ပြပေးစေလိုပါတယ်။ (မေသင်္ကြန်ဟိန်းရေးထားတဲ့စာထဲမှာ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ ကျမ ဘယ်လိုတွေ ဘယ်လိုတွေ လုပ်ကြံရေးထားခဲ့တာဆိုတဲ့ အကြောင်းလေးလည်း ပါမလာခဲ့လို့ပါ။)
ဒါမှမဟုတ် တာဝန်ရှိကြတဲ့လူတွေအနေနဲ့ အားလုံးမဟုတ်တောင် နန်းအောင်ထွေးကြည်ကို စစ်ဆေးမေးမြန်းထားတဲ့ ထွက်ဆိုချက်ဖိုင်တခုကိုတော့ မဖြစ်မနေ ထုတ်ဖော်တင်ပြပေးဖို့ တောင်းဆိုချင်ပါတယ်။
သက်ဆိုင်သူများသို့
ရဲဘော်ကြီး ဦးလေးစိန်ရဲ့သမီး မစန်းစန်းအေးက သူ့အဖေဟာ “အပတ်စဉ် (၅) ဆန္ဒပြရာမှာ ပါဝင်ခဲ့ခြင်း၊ ဗဟိုကော်မတီ ဖြစ်မြောက်ရေးအတွက် ဦးဆောင်ခဲ့သူဟူသော စွပ်စွဲချက်များဖြင့် မတရားဖမ်းဆီး နှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ရသည် ဟု မြောက်ပိုင်းပြန် ရဲဘော်များမှ သိရှိရသဖြင့်” လို့ သတင်းဆောင်းပါးတခုမှာ ပါရှိပါတယ်။ မစန်းစန်းအေး အနေနဲ့ အဲဒီ လိုပြောပြခဲ့တဲ့ နာမည်အတိအကျကို ကျေးဇူးပြု၍ ဖော်ပြပေးစေလိုပါတယ်။ အဲဒီစကားအတွက် အဲဒီလို ပြောတဲ့သူ တာ ဝန်ယူဖို့ လိုပါမယ်။ (ဒါလည်း နန်းအောင်ထွေးကြည်ရဲ့ လေသံပဲဆိုတာ သိနေပေမယ့် …။)
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook)
No comments:
Post a Comment