“ဒိုင်း..ဒိုင်း..ဒိုင်း.
ဒက်ဒက်ဒက်..ဒက်ဒက်ဒက်”
“ထုန်း.ထုန်း..ထုန်း.ဒိုင်း
ဒိုင်းဒိုင်း..ဒိုင်း”
အဆက်မပြတ်..ပစ်ခတ်နေတဲ့
အသံတွေက မဏိပူရဒုက္ခသည်စခန်းသစ် နောက်ကျောက နို့နှစ်လုံးတောင်ကြောတခု လုံးကို ပဲ့တင်ရိုက်ပြီး
တတောလုံးဆူညံနေတယ်။ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဟာ သိတ်ကိုပြင်းထန်တယ်။ ပစ်ခတ်သံတွေ
တော်တော်ကြာလာတော့ ထင်းရူးပင်အကွယ်က ကိုရဲမြင့်စိုး ထွက်လာပြီး
သူ့ရဲ့သေနတ်ကို လက်နှစ်ဘက်နဲ့
စုံကိုင် ဗိုက်မှာထောက်ရင်း သတ္တိပြောင်ပြောင်နဲ့ အသေခံ ရှေ့တက်လာတယ်။
တောင်ကမူနောက်ကွယ်က
စူးစူးဝါးဝါး အသံပေးပြီး သဲကြီးမဲကြီး ပစ်ခတ်နေတဲ့ ကိုလေးပွက (သူ့နာမည်ရင်း ရဲမင်းသိန်း
ကို တင်အောင်နီရဲ့ ပြာလောင် ကာတွန်းထဲကဇာတ်ကောင်ကိုလေးပွ ဆံပင်နဲ့ပုံစံနဲ့တူလို့
ကိုလေးပွလို့ပဲခေါ်တယ်) ရန် သူကို ဘာမထီတဲ့ဟန်နဲ့အသေခံပြီး ကျူးကျော်လာတဲ့ ရဲမြင့်စိုးကို
သေနတ်နဲ့သေချာချိန်ပြီး အားရပါးရပစ်ထဲ့လိုက်တယ်။
“ဒိုင်းညှောင့်”
ကိုလေးပွ
ကျီဆံလွဲချော်သွားလားမသိ၊ ရဲမြင့်စိုး လုံးဝမဖြုံ၊ ပြိုလဲမကျ။ ရင်ကိုကော့ပြီးရှေ့ကို
တလှမ်းချင်း တိုးထွက်လာ တယ်။ သူ့လိုပဲ နောက်ထပ် ရန်သူတွေတောင်
ထင်းရူးပင်နောက်ကွယ်ကတယောက်ပြီးတယောက်ထပ်ထွက်လာတယ်။
“ကျား..
ကျား.. လှံစွပ်တပ်.. ချီတက်.. ကျား.. ကျား..”
“ပစ်..ပစ်”
“ဒိုင်းညှောင့်..မအေးညွန့်..”
ကိုလေးပွ
မကြေမနပ်တွေဖြစ်နေတယ်၊
“ကိုရဲ..
သေလေဗျာ.. ကျုပ်ပစ်တာ အပိုင်တွေချည်းပဲ၊ ကျီဆံမှန်ပြီး တကိုယ်လုံး ဇကာပေါက်ဖြစ်နေပြီ”
“ဘာကြောင့်သေရမှာလဲ.. မင်းသေနတ်က ကျီဆံမှ မထွက်တာ”
“၀ါးဟားဟားဟား”
ပွဲပျက်သွားပြီ။
ကိုလေးပွကိုအားလုံးဝိုင်းဟားကြတယ်။
တကယ်လည်း သေနတ်ကျီဆံက မထွက်။ သေနတ်တွေကလည်း သစ်သား သေနတ်။ သေနတ်သံတွေကလည်းပါးစပ်က
ထွက်နေတာ။ ငယ်ငယ်တုန်းက စစ်တိုက်တန်းကစားသလိုမျိုး။ သေနတ် အတု၊ သေနတ်သံအတု
ဆိုပေမဲ့စစ်ဆင်ရေးကတော့ တကယ့် စစ်ဆင်ရေးပုံစံ၊ တကယ့်တိုက်ပွဲပုံစံ၊ တကယ့်ခြုံခိုတိုက်ပွဲ
လေ့ကျင့်ခန်းအတိုင်းပြောက်ကျားစစ်ဆင်နည်းတွေ လေ့ကျင့်သင်ကြားရတာဖြစ်တယ်။
ပြောက်ကျားစစ်လေ့ကျင့်ဖို့ တောင်ကုန်းတွေ၊ ကြိုးတန်း၊ ဘားတမ်း ၀ပ်ကျင်းတွေနဲ့။
နယ်စပ်ကိုပြန်ပို့ခံရတဲ့နောက်
ကျနော်တို့ စခန်းကိုပြန်ဝင်လာပြီး ဆရာမန်းရဲ့အစီအစဉ်နဲ့ တပ်ဖွဲ့တွေပြန်ဖွဲ့တယ်။
စစ်ရေး လေ့ကျင့်ခမ်းတွေပြန်လုပ်တယ်။ ကျနော်တို့လည်းအရင်လို ဆေးရုံဟောင်းရှိရာ
စခန်းဟောင်း လေထန်ကုန်းကနေ နို့နှစ်လုံးတောင်ခြေ (မိမိတို့ဖာသာနာမည်ပေးထားတာ) နားက
တောင်ကုန်းကြီးကို ရှင်းလင်းခုတ်ထွင်ပြီး သွပ်မိုး ၀ါးထ ရံကာ စခန်းကြီး၂ခု မှာ
ပြောင်းရွှေ့ကြတယ်။ ပိုလွတ်လပ်သလို အစောင့်လည်း မတင်းကြပ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်
လွတ်လွတ်လပ်လပ် ရေချိုးနိုင်တယ်။ အပြင်လည်းထွက်လည်နိုင်တယ်၊ အဆောင်ဒေါင့်မှာ မဏိပူရ
စစ်သားအစောင့် ကင်းတဲတော့ ရှိတယ်။ ညနေပိုင်း လူစစ်ပြီး စာရင်းပေးရုံပဲ။
လူဦးရေစာရင်းမပြည့်ရင်လည်း (တချို့ပြန်သွားရင်) ပြဿနာမရှိဘူး။ အရင်လို
ရိက္ခာပြဿနာမရှိဘူး၊ စခန်းကို တခါတလေ ရောက်လာတတ်တဲ့ မဏိပူရ လူမှုအဖွဲ့အစည်း တချို့က
စောင်၊ ခြင်ထောင်နဲ့ လေခေါင်းအုံးတွေ ဝေငှပေးတတ်တယ်။ ခြင်ထောင်မလိုသူတွေက ခြင်ထောင်ရောင်းပြီး
မုန့်ဖိုးရှာတယ်။ စခန်းရဲ့ တောင်ကုန်းအောက်မှာ ကသဲရွာလေးရှိတယ်။ လက်ဖက်ရည်ဆိုင်လေးလည်း
ရှိတယ်။ သူတို့ ဖျော်တဲ့လက်ဖက်ရည်က သောက်လို့လည်းမကောင်းပေမဲ့ ဆိုင်မှာထိုင်ပြီး
အာရိုက်နေလို့ရတယ်။ နို့မပါ၊ ချက်နို့ဆီမပါ၊ ကရဝေးရွက်နဲ့ လဘက်ခြောက်ပြုတ်ထားတဲ့
နှပ်ရည်ကျဲကျဲထဲ သကြားနည်းနည်းထဲ့မွှေ သောက်ရတဲ့ ကျငမ်းလို့ခေါ်တဲ့ မဏိပူရ လက်ဖက်ရည်ပါ။
နေ့လည်ခင်း
စစ်ရေးလေ့ကျင့်ခန်း မရှိရင် ထင်းရှူးတွေ တန်းစီပေါက်နေတဲ့ တောင်ကုန်းပေါ်က မြေနီလမ်းလေးအ
တိုင်း တောင်အောက်ဆင်းပြီး ချောင်းထဲဆင်းတယ်။ ခြင်ထောင်ဟောင်းတွေကို
ငါးဖမ်းပိုက်လိုအသုံးချပြီး ချောင်းထဲ ဆင်း ပုဇွန်ဆိတ်နဲ့ ငါးဖမ်းတယ်၊ ဂဏန်းကျင်းနှိုက်တယ်။
တခါတလေ ငါးမျှားကြတယ်။ ငါးမရလည်း ရေချိုးပြန်ပေါ့။ တခါတလေ ကျနော်တို့တတွေ
ထင်းခုတ်ရင်း တောလည်ကြတယ်။ ကျနော်တို့ အနီးအနားက မဏိပူရတောင်ကုန်းတွေ ဟာ သိတ်ပြီးထူထဲထဲနက်တာတော့
မဟုတ်ဘူး။ ဗမာပြည်လို စားစရာအပင် သိပ်မပေါဘူး။ ပေါက်တာက ထင်းရှူးနဲ့
စကပ်ပင်တွေများတယ်။ စကပ်ပင်တွေက လူကြီးလက်မောင်း၊ ခြေသလုံးလောက်ပဲတုတ်တာမို့
ခုတ်လှဲခွဲခြမ်းပြီး ထင်းအ ဖြစ်သုံးတယ်။ ထင်းခုတ်သွားရင်း ဇီးဖြူသီးတို့
ကုန်းသဖန်းသီးတွေတွေ့ရင်လည်း ခူးလာတာပေါ့။ တောထဲမှာ စားစရာက သိတ်များများစားစား မရှိပါဘူး၊
ကျနော်ကတော့ တောထဲသွားတိုင်း အောက်ကို ဟိုဟိုဒီဒီလိုက်ကြည့်ရင်း တုတ်တ ချောင်းနဲ့ မြွေတွေ့လိုတွေ့ငြား
လိုက်ကြည့်နေတာပဲ။ မဏိပူရ စစ်သားတွေကျနော်တို့မြွေစားတတ်မှန်းသိလို့ မြွေရိုက်ပြီး
လာပေးတတ်တယ်။ မြွေကိုခေါင်းဖြတ် အရေခွံကိုဆွဲခွာလိုက်ပြီး ဆားနနွင်းနယ်ပြီး မီးကင်စားရတဲ့
အရသာက ကောင်း တယ်။ ငါးရှဥ့်တောင်စားသေးတာပဲလေ၊ သိပ်မထူးပါဘူး။
မဏိပူရွာသားတချို့ကလည်း
တောထဲမှာ ထင်းရှူးပင်တွေ တရားမ၀င်ခုတ်လှဲပြီး ထင်းရှူးနှစ်သားတွေကို ရောင်းတတ် တာကြောင့်
ကျနော်တို့ကိုလည်း မဏိပူရ တပ်ရင်းမှူးက ထင်းရှူးပင်တွေမခုတ်ဖို့ သတိပေးထားတယ်။
ကျနော်တို့လည်း သူတို့စည်းကမ်းလိုက်နာပါတယ်။ အဲ.. ကိုယ့်နိုင်ငံမဟုတ်လို့လား မသိဘူး၊
ကိုယ့်တောတောင်တွေလို ကြောက်ရွံ့လေး စားမှုတော့ မရှိဘူး။ ရီစရာလိုလိုနဲ့ တွေးစရာတခု
ပြောအုံးမယ်။ ကျနော်တို့ဗမာပြည်တောထဲတောင်ထဲမှာဆို အပေါ့အပါး နဲ့ အခင်းကြီးစွန့်မယ်ဆို
တောစောင့်နတ် တောင်စောင့်နတ်ဆိုတာကိုလေးစားသမှုနဲ့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ပါးစပ် က
“ကန်တော့..ကန့်တော့” တို့ “မအောင်းမအီးနိုင်လို့ စွန့်မိတာကို တောစောင့်နတ်
တောင်စောင့်နတ်မင်းတို့ ခွင့်လွှတ် ပါ” လို့ တောင်းပန် ခွင့်တောင်းတတ်တဲ့အကျင့်က ပါပြီးသား။
မဏိပူရ တောထဲမှာ အစောပိုင်းကတော့ ဗမာပြည်အကျင့် အတိုင်း “ကန်တော့..ကန်တော့” လုပ်မိသေးတယ်။
နောက်ပိုင်းကြတော့လည်း ဟာ.. ဒါ ကိုယ့်နိုင်ငံမှ မဟုတ်တာ တော စောင့်နတ်လည်းရှိချင်မှ
ရှိမှာ၊ ရှိလည်း ဒီကနတ်တွေ ဗမာစကားနားလည်မှာမှ မဟုတ်တာဆိုပြီး ဘာမှ ခွင့်မတောင်း တော့ဘူး၊
အပင်ကြီးကြီးအောက်လည်း ပန်းထည့်လိုက်တာပဲ။ တကယ်တော့ ကိုယ့်ရေမြေ တောတောင်ကိုပဲ
ကိုယ်က တန်ဘိုးထားတတ်တာပါ။ သူများရေမြေတောတောင်ဆိုတာ ကိုယ်ချစ်ခင်တွယ်တာရမဲ့အရာလည်း
မဟုတ်တော့ ကိုယ် နဲ့ မဆိုင်ဘူးလို့ စိတ်ထဲထင်နေတယ်။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေက
ကျနော့်တို့တောတောင် သစ်ပင်တွေကို အလေးမမူ တန်ဘိုးမထားခံစားမှုကင်းကင်းနဲ့ အမြစ်ပါမကျန်
စိတ်ကြိုက်ထင်သလိုတူးဆွခုတ်လှဲနေတာကို မြင်ရကြား ရတော့ ဒေါသထွက်ရတယ်။ တကယ်တော့
သူများပိုင်ဆိုင်တာပဲဖြစ်ဖြစ် သူ့နိုင်ငံပဲဖြစ်ဖြစ် သူ့မြေပဲဖြစ်ဖြစ် တန်ဘိုးထား
လေးစားရမဲ့အရာတွေကို လျှစ်လျှူရှုပစ်ပယ်တာမျိုးက လုံးဝ မလုပ်ကောင်းတဲ့ အရာပဲလေ။
မနက်စောစော
ချမ်းချမ်းစီးစီးမို့ အားလုံးစောင်ခြုံထဲကွေးနေပေမဲ့ ကျနော်ကတော့ စောစောထ ရေဒီယိုဖွင့်
သတင်းနား ထောင်ရတယ်။ ကျနော်က သီချင်းလေးတွေဝါသနာပါတော့ AIR ရေဒီယိုကလွှင့်တဲ့
သီချင်းတွေကို အသံကူးထားတယ်။ ဆောင်းတွင်းဆို၊ ဆောင်းနဲ့ပတ်သက်တဲ့သီချင်းတွေချည်းပဲ
ဆက်တိုက်စီပြီးသွင်းထားတာ။ ဥပမာ ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ်၊ ဆောင်းကတ္တီပါ၊
ဒီဆောင်းဟေမာန်၊ မဲဇာမြိုင်ခြေ စသဖြစ်ပေါ့၊ စောစောထပြီး သီချင်းလေးတိုးတိုးဖွင့် ပေးထားရင်
ရဲဘော်တွေအားလုံး ကွေးပြီး ဇိမ်ခံနားထောင်တတ်ကြတယ်။ ကျနော် သီချင်းဖွင့်ပြီး မနက် ၆
နာရီဆို အိပ် ဆောင်ထဲကို ကသဲစစ်သားတယောက် ၀ီဇီမှုတ်ပြီး အမြဲဝင်လာတတ်တယ်။
ပါးစပ်ကလည်း “အကိုတို့ ငါ့ညီမယူပါ၊ အ ကိုတို့ ငါ့ညီမယူပါ” နဲ့ အော်နေတတ်တယ်။
ဝီဇီသံစူးစူးကြောင့် အိပ်မရတော့ အားလုံးထရတယ်။ ပြုံးစိပြုံးစိတွေနဲ့ “အေး.. ယူပါ့မယ်ဟ
ယူပါ့မယ်ဟ” နဲ့ သံယောင်လိုက်ရတယ်။ အမှန်တော့ အဲဒီ ကသဲ ပြောချင်တာက “အားလုံး ထကြ ပါ၊
အားလုံးထကြပါ” ဆိုတဲ့ စကားပါ။ ကျနော်တို့ထဲက ဘယ်သူမှန်းမသိ ဗရုတ်ကျပြီး ပေါက်ကရ
ဘာသာပြန် သင်ပေး လိုက်တော့ ဘာမှမသိရှာတဲ့ ကိုရွှေကသဲ မနက်တိုင်း သူ့ညီမနဲ့ လူတကာ
လိုက်ပေးစားသလို ဖြစ်သွားတာပေါ့။
ကျနော်တို့
မနက်အိပ်ရာထတာနဲ့ ကျန်းမာရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းတွေကိုသင်တန်းမှူး
ကိုညီညီလွင် ရဲ့ ဦးဆောင်မှုနဲ့လုပ်ကြတယ်။ မဏိပူရကို ကျနော်တို့ စရောက်ခါစကတည်းက
ကိုညီညီလွင်ကပဲ အခြေခံစစ်ပညာနဲ့ ကာ ယလေ့ကျင့်ခန်းတွေကို သင်ကြားပေးတာဖြစ်တယ်။ သူက
တက္ကသိုလ် အရံတပ်(UTC) မှာ တက်ရောက်သင်ကြားခဲ့ တော့ စနစ်တကျ သင်ပေးနိုင်တယ်။
မနက်လဘက်ရေသောက် ထမင်းကျော်စားပြီးရင် စစ်ရေးလေ့ကျင့်ခန်းတွေလုပ် တယ်။ တန်းစီ၊
ဘယ်ညာညှိ၊ တန်းညှိ၊ ဘယ်ကွေ့ ညာကွေ့ အနှေးလျှောက် အမြန်လျှောက်နဲ့ အမိန့်နာခံမှုတွေ၊
ပစ် ထောက်မှောက်လှိမ့် မိကျောင်းတွား၊ အတက် အဆုတ် စတဲ့ အခြေခံစစ်ပညာတွေကို
လပေါင်းမြားစွာ ထပ်ခါထပ်ခါ သင်ခဲ့ရလို့ လူတော်တော်များများက စိတ်ညစ်နေပြီ။
နောက်ပိုင်း သေနတ်ကိုင်လေ့ကျင့်မယ်ဆိုတော့ စကပ်ပင်သား တွေ၊ ထင်းရှူးသားတွေကို သေနတ်ခုတ်ကြတယ်။
ကွယ်လွန်သွားတဲ့ ကိုစစ်နိုင်နဲ့ ကိုရဲတို့က သေနတ်ကို အဟုတ်လှ အောင် ခုတ်ထစ်နိုင်တယ်။
ကျနော်ကတော့ ခတ်ပျင်းပျင်းဆိုတော့ နည်းနည်းကောက်ကွေးကွေး ထင်းချောင်းတချောင်း ကို သေနတ်အသွင်ကိုင်လို့
သင်တန်းမှူးက သတိပေးတယ်။ ဘယ်တော့မှ ကိုင်ရမယ်မှန်းမသိတဲ့ သေနတ်ကိုစိတ်က မှန်းပြီး
နေပူပူထဲသစ်သားသေနတ်တွေနဲ့ မညည်းမညူ
စစ်ရေးလေ့ကျင့်ကြတယ်။ သစ်သားသေနတ်သာဆိုတယ်၊ အဲဒီ သစ်သားသေနတ်ကို မလေးမစားလုပ်ရင်
သင်တန်းမှူး ညီညီလွင်က မှတ်ထားပြီး မပြစ်ပေးလေ့ရှိတယ်။ (ညီညီလွင် ရဲ့အပြစ်ပေးတဲ့မှတ်တမ်းလေး၊
စာဖတ်သူတွေကြည့်နိုင်အောင် အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်)
ဆရာမန်းမြင့်ဆိုင်ကလည်း
(၃) လအတွင်း လက်နက်ရစေရမယ်ဆိုပြီး ဂတိပေးလိုက်၊ (၃) လပြည့်တော့ ရက်ပေါင်း (၁၀၀)
အတွင်း လက်နက်ကိုင်ရမယ်လို့ ဖြောင့်ဖျလိုက်၊ ရက်(၁၀၀) ပြည့်တော့
လက်နက်ကိုင်တော်လှန်ရေး မကြာခင် စရတော့မယ်ဆိုပြီး ပျားရည်နဲ့ ၀မ်းချလိုက်နဲ့
မိုးရေးနယ်စပ်မှာထိုင်ပြီး ဆင်ဖြူတော် စီမံကိန်းကြီးတွေ ချပြနေတယ်။ စခန်းကရဲဘော်တွေက
ကြာတော့လည်း စိတ်ဓာတ်တွေကျကုန်တယ်။ စစ်ရေးလေ့ကျင့်တော့မယ်ဆို ၀မ်းကိုက်တယ်၊
ဖျားတယ် နာတယ် အကြောင်းပြပြီး ခွေနေတဲ့လူတွေများလာတယ်။ တချို့ ရဲဘော်တွေကလည်း
ဗြောင်ကျကျပဲ စစ် ရေးလေ့ကျင့်ခန်းဆို သွားမလုပ်တော့ဘူး။ တနှစ်နီးပါးဒါချည်းပဲ
လုပ်နေရတော့ စိတ်ပျက်နေပြီ။ ကျနော်လည်း သတင်းနဲ့ ပြန်ကြားရေးမှူးရာထူးကို
ထိထိရောက်ရောက် အသုံးချတဲ့အနေနဲ့ စစ်ရေးလေ့ကျင့်ခန်းလုပ်မယ်ဟေ့ဆိုရင် ရေဒီယိုသ တင်းတွေနားထောင်ပြီး
ကူးနေလိုက်တယ်။ အလုပ်တွေအရမ်းရှုပ်ပြလိုက်တယ်။ သင်တန်းမှူးညီညီလွင်က ရိပ်မိရင်
စခန်းတာဝန်ခံ ဒေါက်တာအောင်ကျော်ဦးကို လက်တို့တိုင်တယ်။ ဒီတော့လည်း စိတ်မပါဘဲ
စစ်ရေးလေ့ကျင့်ခန်း လုပ်ရ ပြန်တယ်။
စိတ်ကျနေတဲ့
ကျနော်တို့အတွက်ရဲဘော်တချို့က ထွက်ပေါက်တခုရအောင် ရှာလာခဲ့တယ်။ ကျနော်က
ညမိုးချုပ်၊ မြန် မာ့အသံ ဘီဘီစီ၊ အေအိုင်အာ၊ ဗွီအိုအေ သတင်းတွေကို ရေဒီယိုကနေ
အသံဖမ်းတယ်။ ရေဒီယို ကက်ဆက်ကလည်း တလုံးထဲရယ်။ ဒါတောင် အိန္ဒိယထောက်လှမ်းရေးက ပေးထားတာ။
မနက်နဲ့ညတိုင်း အသံဖမ်းထားတဲ့ ထူးထူးခြားခြား သတင်းတွေကို သတင်းမှတ်တမ်းစာအုပ်ကြီးထဲ
လက်ရေးနဲ့ပြန်ကူးပြီး အရေးကြီးတဲ့ သတင်းဆိုရင် စခန်းကလူတွေသိ အောင် ချက်ချင်းဖတ်ပြတယ်။
မြန်မာပြည်က သတင်းစာတချို့နဲ့ စာဆောင်တွေ သတင်းမှတ်တမ်းတွေကို ကျနော်က ထိမ်းသိမ်းထားရတယ်။
တည သတင်းတွေကူးနေတုန်း မျက်မှန်အထူကြီး တပ်လေ့ရှိတဲ့ ကျောက်ခဲ (ကလေးမြို့) ကျနော်
အလုပ်လုပ်နေတုန်း ရောက်လာတယ်။ ဘာထူးလဲ ကိုညို ဘာညာနဲ့ပြောပြီး ကျနော့ဆီက
မြန်မာ့အလင်း သ တင်းစာအဟောင်းတရွက်လောက် တောင်းတယ်။ သူက စခန်းမှာ စကားအရမ်းနည်းပြီး
ခတ်အေးအေးပဲနေတတ်တယ်။ သူတခုခု အသုံးပြုချင်လို့နေမှာပဲဆိုပြီး အရေးမပါတဲ့
သတင်းစာတဖောင်ကို ပေးလိုက်တယ်။ “ကိုညို အလုပ်ပြီးရင် အ နောက်ဘက်ထဲ လာခဲ့လေ”
လို့မှာတယ်။ ကျနော်လည်းအလုပ်ပြီးတော့ အဆောင်(၁) နောက်ဖက် စကပ်တောထဲလိုက် သွားတယ်။
တခါတလေ တောထဲက လရိပ်အောက်မှာ ကျနော်တို့သူငယ်ချင်းတချို့ စားစရာလေးတွေနဲ့
ဟိုအကြောင်း ဒီအကြောင်း၊ သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ ဖြစ်ဖြစ် ကြည့်ဖူးတဲ့
ရုပ်ရှင် ဖတ်ဖူးတဲ့စာအုပ် တွေအကြောင်းဖြစ်ဖြစ် ထွေရာလေးပါး ပြောတတ်ကြတယ်။ တခါတရံ
စခန်းထဲက လူတချို့ရဲ့ အတင်းအဖျင်းတွေလည်းပါတယ်။ အများအား ဖြင့်တော့ လက်ရှိအနေအထားနဲ့
နိုင်ငံရေးအခြေအနေတွေကို ပြောကြ သုံးသပ်ကြတာပါပဲ။ အဆောင်နောက်ဘက် စကပ်ပင်အောက်
ခါတိုင်းထိုင်နေကျနေရာမှာ ဘယ်သူမှမတွေ့ရလို့ အသံပေးခေါ်ကြည့်တော့ ခတ်လှမ်းလှမ်း တောင်
ကြောတနေရာမှာ ရဲကနဲ ရဲကနဲ ဆေးလိပ်မီးတွေ့လို့ လိုက်သွားလိုက်တယ်။
သူတို့အနားရောက်သွားတော့
ထူးခြားတဲ့အနံ့တချို့ရလိုက်တယ်။ “လာ..ဘရောင်း..ဘာထူးသေးလဲ” ဇော်လွင်ထွန်းက
ခေါ်ခေါ်မေးမေးပြောလိုက်ရင်း နေရာပေးတယ်။ “သိတ်မထူးပါဘူး၊ အဖမ်းခံရတဲ့
သတင်းတွေချည်းပဲ” ကျနော် ကြည့် လိုက်တော့ လူတိုင်းပြုံစိစိအမူအရာတွေနဲ့။ အောင်ဆန်းလင်းက
သတင်းစာနဲ့ လိပ်ထားတဲ့ ပွတ်ချွန်းတလိပ် လှမ်းပေး တယ်။ မီးညှိပြီးသောက်ကြည့်တော့ အရသာခတ်ပေါ့ပေါ့ပဲ၊
အနံ့လည်းပြင်းတယ်။ လရောင်အောက်က မျက်နှာတွေဟာ ကျနော့ကို ရီဖြဲဖြဲနဲ့ ကြည့်နေတယ်။နောက်တော့
ကျနော်ရိပ်မိသွားတယ်။ “မားတွေလား” ၀ါးဟားဟားနဲ့ ၀ိုင်းရီကြတယ်။ သူတို့အားလုံး ဆေးခြောက်မှန်နေပြီ။
ကျနော် အတော်လေးစိတ်ဝင်စားသွားတယ်။ ဘိုထိန်က ပလပ်စတစ်နဲ့ ထုတ်ထား တဲ့ အထုတ်ကြီး
ထုတ်ပြတယ်။ “ဘယ်ကရတာလဲ၊ များလှချေလား” “နွားတင်းကုတ်က”။
မနက်က
ရဲဘော်တချို့ တောလည်သွားရင်း စခန်းနဲ့ တမိုင်ကျော်လောက်ဝေးတဲ့ ဂေါ်ရခါးယာတဲ
တလုံးကိုသွားတွေ့ တယ်။ ယာတဲထဲထိုင်အပမ်းဖြေရင်း ထပ်ခိုးတနေရာမှာ ဆေးခြောက်ပင်တချို့
ကြပ်တင်ထားတာ တွေ့ကြတယ်။ နည်း နည်းပါးပါးသိတဲ့ ရဲဘော်တယောက်က ဒါဆေးခြောက်တွေဆိုတာ
ရိပ်မိတော့ ပတ်ဝန်းကျင်ကိုလိုက်ကြည့်ရာမှာ ဂေါ်ရ ခါး နွားတင်းကုတ် နောက်က
လူတရပ်လောက်ရှိတဲ့ ဆေးခြောက်ပင်တွေ တောထနေတာတွေ့လိုက်တယ်။ အလေ့ကျ ပေါက်နေတာပေါ့။
အိန္ဒိယမှာတော့ ဆေးခြောက်ပင်တွေဟာ လမ်းဘေးမှာထူထူထဲထဲ အလေ့ကျပေါက်နေတာပဲ။ ဒီလိုနဲ့
ညစဉ်ညတိုင်း မားကလေးရှိုက်လိုက်၊ သကြားကလေးယက်လိုက်၊ မိုးဗြဲဒယ်ကြီးနဲ့ ထမင်းခြောက်တွေလှော်စားလိုက်၊
ထွေရာလေးပါးအာလိုက်၊ တဟီးဟီး တဟားဟားနဲ့ ကျနော်တို့ရဲ့စိတ်ကျဝေဒနာတွေကို
ထွက်ပေါက်အလွဲတွေပေးနေ ခဲ့တယ်။
တနေ့
မိုးရေးကနေ ဆရာမန်းနဲ့အိန္ဒိယစစ်ထောက်လှမ်းရေး တချို့ စခန်းကိုရောက်လာတယ်။
သူတို့နဲ့အတူ မြန်မာ့ တပ်မတော့က အရာရှိတယောက်လည်းပါလာတယ်။ ဗိုလ်မှူးစိုးမြင့်လို့
ခေါ်တယ်။ အသားညိုညို ခတ်သွယ်သွယ်၊ စစ် သားဥပဓိပဲ။သူက စခန်းထဲမ၀င်ဖူး၊ စခန်းရှိတဲ့
တောင်ကုန်းမရောက်ခင် တနေရာကနေ ရဲဘော်အားလုံးကိုခေါ်ပြီး စကား ပြောတယ်။ ဆရာမန်းကတော့
စိတ်ဓာတ်မကျဖို့၊ အားမွေးထားဖို့ မကြာမီ အလားအလာကောင်းတွေပေါ်လာမယ်ပေါ့။ ဗိုလ်မှူးစိုးမြင့်ကတော့
သူမကြာမီ ရဲဘော်တို့ဆီလာပြီး စစ်သင်တန်းပေးမဲ့အကြောင်း၊ ကျောင်းသားတွေ စိတ်ဓာတ်ကို
သဘောပေါက်တဲ့အကြောင်း၊ စစ်ပညာစနစ်တကျမတတ်ဘဲ စစ်တိုက်လို့မရနိုင်ကြောင်း၊
ဗမာ့တပ်မတော်ကို အခုလိုပုံစံ မျိုးနဲ့လည်း တိုက်လို့ မရနိုင်ကြောင်း၊ ပျောက်ကျားစစ်ဆင်ရေးကို
သင်ပေးမယ့်အကြောင်း၊ ပြည်သူတွေက ခင်ဗျားတို့ကို မျော်လင့်နေကြောင်း၊ စိတ်ဓာတ်မကျဖို့
ပြောသွားတယ်။ တပ်မတော်ဗိုလ်မှူးတယောက် ကိုယ့်ဘက်ပါလာပြီဆိုတော့ ကျနော်တို့ရဲ့
ငုတ်နေတဲ့ စိတ်ဓာတ်တွေက ပါးပျဉ်းထလာပြန်တယ်။ ချက်ချင်းပဲ အားတက်ကုန်တယ်။
စခန်းထဲမှာ ပြန် လည်တက်ကြွလာပြီး စိတ်ကူးတွေ ပြန်ယဉ်လာတယ်။ သိပ်မကြာခင်
တမူးလူ့ဘောင်သစ်က ကိုတင်ဝင်းနဲ့ အသက် ၄၀ ကျော ၅၀ ကျော်အရွယ် လူလတ်ပိုင်းတွေ
စခန်းထဲရောက်လာတယ်။ ဗိုလ်သင်တန်းဆိုပြီး ထပ်ပြီးသင်တန်းတွေပေးပြန် တယ်။ ဒါပေမယ့် ညီညီလွင်
သင်ပေးတာလောက်တောင် စနစ်ကမကျဘူး။ နောက်တော့လည်း အီလည်လည် ပြန်ဖြစ် သွားတယ်။ ဗိုလ်မှူးစိုးမြင့်အသံလည်း
ပြန်ပျောက်သွားတယ်။ အားလုံးဟာ ထုံးစံအတိုင်း ဒုံရင်းဒုံရင်းပြန်ဖြစ်သွားတယ်။
မသေချာတဲ့
မျော်လင့်ချက်တွေနဲ့နေရတဲ့ ဘ၀ဟာ အတော်လေး စိတ်ပင်ပမ်းကြပါတယ်။ ထိုင်းနယ်စပ်
ရောက်သွားတဲ့ ကျောင်းသားရဲဘော်တွေက အနိမ့်ဆုံးအဆင့် လက်နက်ကိုင်ရတယ်၊
လက်နက်အစစ်တွေ ပစ်ခတ်လေ့ကျင့်ရသေးတော့ ကျနော်တို့ထက်ကံကောင်းကြတယ်လို့ ပြောရမှာပါ။
ကျနော်တို့ အနောက်ဖက်ရောက်ကျောင်းသားလူငယ်တွေက တ နှစ်ပတ်လုံးသစ်သားသေနတ်နဲ့
ပစ်ထောက်မှောက်လှိမ့်တွေ လုပ်လိုက်၊ စိတ်ဓာတ်ကျပြီး လေနေလိုက်၊ တခါမျော်လင့် ချက်အသစ်တွေပေးလို့
ဖြစ်လာနိုးနဲ့ စိတ်တွေပြန်တင်းပြီး ပြန်ထောင်တက်လာလိုက်၊ တခါပြန်ပြီးကျသွားလိုက်နဲ့
ကမ်း မမြင် လမ်းမမြင်တဲ့တော်လှန်ပင်လယ်ကြီးထဲ မြုပ်ချီပေါ်ချီ ဖြစ်နေကြတယ်။
ရည်ရွယ်ရာကို မနည်းကူးခတ်ရပါတယ်။ လိုအင်ဆန္ဒတွေ မပြည့်ဝ၊ အနေအထိုင်လည်း ဆင်းရဲ၊
ရာသီဥတုလည်းဆိုးဝါးပေမဲ့ စိတ်ဓာတ်ဘုန်းဘုန်းမလဲအောင် တင်းထားရတယ်။ စိတ်ထွက်ပေါက်
ပိတ်နေတော့ အချင်းချင်းတွေ ရန်ရှာကြတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမစွမ်း သာတဲ့ ခေါင်းဆောင်တွေကို
အပြစ်သွားမြင်နေတယ်။ သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်ပေမဲ့လည်း အပြစ်တွေမြင်ပြီး တယောက်နဲ့တယောက်
မခေါ်မပြောနိုင်ကြဘူး။ လက်နက်ကိုင်တော်လှန်ရေးထက် ခက်ခဲသိမ်မွေ့တဲ့ စိတ်ဓာတ်တော် လှန်ရေးကို
ကျနော်တို့တတွေ ခက်ခက်ခဲခဲအစမ်းသပ်ခံပြီး ဖြတ်ကျော်ရတယ်။ ထောင်ကျနေတာမဟုတ်ပေမယ့် ထောင်
အချုပ်ထဲရောက်နေသူနဲ့မခြား စိတ်ကျဉ်းကြပ်မှုတွေ ဖြစ်ခဲ့တယ်။ ကျနော်တို့ ကိုယ်တိုင်
သတိမမူမိဘဲ စိတ်ဓာတ်ရေးရာ ခံနိုင်ရည်အားတွေ ရခဲ့ကြတယ်။ တချိန်မှာ အဲဒီခံနိုင်ရည်
စိတ်ဓာတ်တွေကနေ ခွန်အားတွေဖြစ်လာခဲ့ကြတယ်။ အဲဒီ စိတ်ဓာတ်ခွန်အားနဲ့ပဲ အနှစ် ၂၀ ကျော်
အကြမ်းမဖက်နိုင်ငံရေးကို နည်းလမ်းမျိုးစုံသုံးပြီး တစိုက်မတ်မတ်လုပ်ခဲ့ကြ တယ်။
ပန်းချီစစ်ငြိမ်းအေးရဲ့ ကဗျာတပိုင်းတစကို သွားသတိရလိုက်တယ်။
“အသံသာ ရှိပါစေ
ဒီမှာ ဂီတ ရှိတယ်၊
စိတ်ဓာတ်သာ ရှိပါစေ
ဒီမှာ အောင်ပွဲရှိတယ်”
ကိုညို
မေ၂၊၂၀၁၃
No comments:
Post a Comment