Sunday, September 8, 2013

အချစ်ဟပ်တဲ့ ငါး

သိပ်ချစ်တယ် နူရ်ဘီ
ဘာသာတရားကို
ငါးစာမှာ မထားဘဲ
မင်း ငါ့ကို မျှားခဲ့တယ်။

ချစ်ခြင်းဆိုတဲ့
ကျော့ကွင်း
ခြေထောက်မထိုးဘဲ
အသည်းညိခဲ့တဲ့ ကောင်ပါ
နူရ်ဘီ။

ရောင်စဉ်တွေ ဖျာထွက်တဲ့
မင်းနာမည် အစား
ငါရင်ဘတ်ထဲ
အလင်းရောင်တွေထည့်ပေးတဲ့
နူရ်ဘီ။

တခါရံများ
ငါ့ တကိုယ်လုံး အေးစက်သွား
ဘာသာတရားတွေ မေ့ထားပြီး
မင်းကို ငါချစ်ခဲ့တယ်
နူရ်ဘီ။

ဘယ်ဘုရားမှ မင်းကို မထိဘူး
ငါက မင်းကို ထိတယ်
ဘယ်ဘုရားမှ မင်းကို မနမ်းဘူး
ငါက မင်းကို နမ်းတယ်
ဘယ်ဘုရားမှ မင်းကို ချစ်ကြောင်း မပြောဘူး
ငါက မင်းကို ချစ်တယ်လို့ ပြောတယ်
ဒီလို လုပ်ပေးနိုင်တဲ့ ငါ့ကို
ပစ်ထားဖို့  စဉ်းစားမှာလား
နူရ်ဘီ။

ပြောင်းလဲမှုတွေကြား
ချစ် ချင်းတွေနဲ့ မှ
ခရီးမသွားရင်
မင်း နဲ့ ငါ
ဘယ်နီးပါ့မလဲ
နူရ်ဘီ။

ဘာသာတရား မပါတဲ့
ငါးများချိတ် မှာ
စင်းစင်းကြီး မိနေတဲ့
အချစ်ဟပ်တဲ့ ငါးဟာ
ငါပဲ
ချစ်သော နူရ်ဘီ။

မောင်ကြီးငြိမ်းချမ်း

No comments: