Tuesday, October 8, 2013

လိင်ဖျော်ဖြေရေးလုပ်ငန်းများ မြ၀တီမြို့တွင် ပြန်လည်လုပ်ကိုင်နေကြသဖြင့် မြို့ခံများ စိုးရိမ်နေ

အောက်တိုဘာ ၄ ရက်၊ ၂၀၁၃ ခု၊ မြ၀တီ ၊ တိုးသစ် ကြခတ်

ယခင်လက ရဲများ၏ ၀င်ရောက်စစ်ဆေးသဖြင့် ခေတ္တရပ်ထားခဲ့တဲ့ အမည်ခံ စားသောက် ဆိုင်များဟာ သူတို့ရဲ့လိင်ဖျော်ဖြေရေးလုပ်ငန်းများကို KTV များမှတဆင့် ဟိုတယ်များနှင့် ချိတ်ဆက်ပြီး ပြန်လည်လုပ်ကိုင်နေကြသဖြင့် စိုးရိမ်ကြောင်း မြို့ခံများကပြောကြပါတယ်။

မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်နေ အမည်မဖော်လိုသူ မြို့ခံတဦးက “ဒီရပ်ကွက်ထဲမှာ စားသောက်ဆိုင်အမည်ခံပြီး ထင်ထင်ပေါ်ပေါ် လုပ်နေတဲ့ဆိုင် ၄ ဆိုင်ရှိပါတယ်။ လူငယ်တွေ အသွားအလာများတဲ့ KTV တွေမှာ ဇိမ်မယ်တွေ ရှိနေတဲ့အတွက်
အလွယ်တကူ ချိတ်ဆက်မိ ပြီး မူးယစ်ဆေးသုံးစွဲတာနဲ့ လိင်ကတဆင့် ကူးဆက်တဲ့ ရောဂါတွေရလာမှာကို စိုးရိမ်မိတယ်။” လို့ပြောပါတယ်။

စက်တင်ဘာလ ၂၃ ရက်က စားသောက်ဆိုင်အမည်ခံ လိင်ဖျော်ဖြေရေးဆိုင်တွေနဲ့ လောင်း ကစားဂိမ်းဆိုင်တွေကို ဒုစရိုက်နှိမ်နှင်းရေး ရဲမှူးအောင်ငွေနဲ့ မြ၀တီမြို့နယ်ရှိ ရပ်ကွက်အလိုက် အုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်းပြီး ၀င်ရောက်စစ်ဆေးရှာဖွေခဲ့သော်လည်း ကြိုတင် ရှောင်တိမ်းနိုင်ခဲ့ကြကြောင်း မြ၀တီမြို့မှ အမည်မဖော်လိုသူ ဇိမ်ခန်းပိုင်ရှင်တဦးက ပြောပါ တယ်။

ဇိမ်ခန်းပိုင်ရှင်က “ဒီမှာတော့ ၆ ယောက်ရှိတဲ့အနက် သုံးယောက်ကို လမ်းစာရိတ်ပေးပြီး သူတို့ ရွာကို ပြန်ခိုင်းလိုက်ပါတယ်။ ကျန်တဲ့သုံးယောက်ကိုတော့ အိပ်ခန်းတစ်ခန်း ငှားပေးထားပြီး KTV မှာ အလုပ်သွင်းထားပေးရပါတယ်။ ဖောက်သည်တွေ ဆက်သွယ်လာရင် အရင်ကလို ၁ နာရီ တသောင်း မဟုတ်တော့ပဲ ဟိုတယ်ခအပြီး တညလုံးစာ လေးသောင်းနှစ်ထောင် ပေးရ မှာပါ” လို့ ပြောပါတယ်။

စားသောက်ဆိုင်အမည်ခံ ဇိမ်ခန်းတွေဟာ ရပ်ကွက်ဥက္ကဌဆီမှာ စားဖျော်လိုင်စင်တခုကို ကျပ်တစ်သိန်းခွဲ ပေးရတဲ့အပြင် ရပ်ကွက်သာရေးနာရေးများတွင်လည်း အလှူငွေများများ ထည့်ဝင် ပေးရပါတယ်။ စားဖျော်လိုင်စင် မလုပ်တဲ့ ဇိမ်ဆိုင်တွေကတော့ ဇိမ်မယ် အနည်း အများပေါ်မူတည်ပြီး ကျပ်တစ်သောင်းမှ နှစ်သောင်းအထိ လိုင်းကြေး ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

အဲဒီလို လိုင်းကြေးပေးထားတာကြောင့်လည်း အဖမ်းအဆီးများ ရှိလာမယ်ဆိုပါက ရဲသတင်း ပေးများမှ တဆင့် ကြိုတင်သိရပြီး ရှောင်တိမ်းနိုင်ခဲ့ကြတာပါ။

မြ၀တီမြို့ မိချောင်းကုန်းရပ်က မြို့ခံတဦးကမူ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေကို ဖမ်းဆီးတာမျိုး မလုပ်ပဲ တရားဝင်လုပ်ကိုင်ခွင့်ပေးခဲ့ရင် ဇိမ်မယ်တွေကို ပုံမှန်ကျန်းမာရေးစစ်ဆေးနိုင်မှာဖြစ်ပြီး ပညာပေးတဲ့လုပ်ငန်းတွေလည်း လုပ်ဆောင်လာနိုင်မယ်၊ လူငယ်တွေအနေနဲ့ ကလည်း တရားဝင်လုပ်ခွင့်ရရင် မြင်သာတဲ့နေရာတွေမှာ ရှိလာမယ့် ဇိမ်ခန်းတွေကို မသွားရဲတဲ့အတွက် အုပ်ထိန်းသူတွေအနေနဲ့လည်း စိုးရိမ်စရာတွေ ဖြစ်လာမှာမဟုတ်ပါဘူးလို့ ပြောပါတယ်။

အခြားမြို့ခံတဦးကမူ မြဝတီမြို့တွင် လိင်ဖျော်ဖြေရေးလုပ်ငန်းများ ထွန်းကားနေတဲ့အတွက် အမျိုးကောင်းသ္မီးတွေအနေနဲ့လည်း တဦးတည်းသွားလာသည့်အခါ ဇိမ်မယ်လို့ သတ်မှတ်ခံ ရပြီး ဈေးလိုက်ညှိတာမျိုးတွေလည်း ရှိလာတဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

ဒုစရိုက်နှိမ်နှင်းရေး ရဲမှူးအောင်ငွေနဲ့ မြ၀တီမြို့နယ်ရှိ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးတာဝန်ရှိ သူတွေ ပူးပေါင်းပြီး စက်တင်ဘာ ၂၃ ရက်နေ့က မြ၀တီမြို့ပေါ်ရှိ ဇိမ်ခန်းတွေနဲ့ ဂိမ်းဆိုင်တွေကို ၀င်ရောက်ရှာဖွေကြပြီး ဂိမ်းဆိုင်များသာ အဖမ်းအဆီး ရှိခဲ့ကြောင်းသိရပါတယ်။ မြ၀တီမှာ ၂၀၁၂ ခုနှစ်ကလည်း အလားတူ ဝင်ရောက် ရှာဖွေ ဖမ်းဆီးမှုမျိုး လုပ်ခဲ့ပါတယ်။

No comments: