မုန်ညင်းဖြူ မီးအိမ်ရှင်
“လက်ချောင်းကလေး နှစ်ချောင်း ထောင်ပြတတ်သော ဉာဏ်မျိုးကလေးသာ ရှိသည့် ဣတ္ထိယ ခေါ် မိန်းမတို့သည် ဤမျှ ခက်ခဲလှသည့် သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်ဖို့ရန် မဖြစ်နိုင်” (မာရနတ်မင်း)
“အသိတရားကို မပြတ်ရှာမှီး၍
စိတ်ကို ကောင်းစွာစောင့်သိသူ အဖို့
မိန်းမဖြစ်ခြင်းသည်
ဘာများ အရေးပါပါ သလဲ
ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
ကျင့်ကြံစောင့်စည်းသူသည်
တရားဓမ္မကို မှန်ကန်စွာ သိမြင်စမြဲ
ငါသည် ယောင်္ကျား၊ ငါသည် မိန်းမ
သို့တည်းမဟုတ်…
ငါသည် အနှစ်သာရ ရှိသည့် တစုံတယောက် ဟု
ကြံစည်သိမြင်နေသူကို သာလျှင်
နင် မာရမင်းသည်
သည်လို စကားမျိုးနှင့် လာပြီး
လိမ်ညာနိုင်ပါသည်” — ဘိက္ခုနီ ရှင်သောမ (ဝါ) အရှင်မ စန္ဓာ
ငါတို့၏ ဂေါတမ မြတ်စွာဘုရား ဖြစ်လာမည့် သုမေဓာ ရှင်ရသေ့သည် ဘုရားဖြစ်ရန် နိတယ ဗျာဒိတ်တော် ကို ဒီပင်္ကရာ မြတ်စွာဘုရား ရှေ့မှောက်တွင် ပထမဆုံး ခံယူတော်မူခဲ့ရာ ဒီပင်္ကရာ ဘုရား ရှေ့မတိုင်မီက ပွင့်တော်မူသော ရှေးဘုရားတို့ကို ဘွဲ့ နာမည်မသိလျှင် “ပုရာဏ မြတ်စွာဘုရား” — ရှေးရှေး မတိုင်မီက မြတ်စွာဘုရားဟောင်းများ ဟု ညွှန်းဆိုသုံးနူန်း တတ်ကြပါသည်။ ခု ကျွန်တော် ပြောပြမည့် ရှေးဟောင်း ငါးရာ့ငါးဆယ် နိပါတ်တော်လာ “မင်းသမီး ဇာတက” ဇာတ်ကြောင်းသည် အဆိုပါ ရှေးရှေး မတိုင်မီက ပုရာဏ မြတ်စွာဘုရား တဆူ၊ ဒီပင်္ကရာ မြတ်စွာဘုရား အလောင်းတော် ရဟန်းအိုကြီးတပါးနှင့် ငါတို့၏ ဂေါတမ မြတ်စွာဘုရား ဖြစ်လာမည့် ဘုရားလောင်းမိန်းကလေး တဦး၊ ဤ သုံးဦးသောသူတို့ကို အခြေခံထားပါသတည်း။
တခါက ရှေးရှေးဘုရားဟောင်း ပုရာဏ မြတ်စွာဘုရား တဆူသည် ဤလောကတွင် ပွင့်တော်မူလေသော အခါ၊ ထိုဘုရား သာသနာတွင် ရဟန်းအိုကြီး တပါးသည် ဆီမီးအိမ်တို့ကို ထွန်းညှိ လှူဒါန်းရတာကို ဝါသနာ ပါလေ၏။ ပုရာဏ မြတ်စွာဘုရားတွင် လွန်စွာချောမော ပြေပြစ်သော ညီမငယ် မင်းသမီး ကလေး တဦးသည်လည်း ရှိရာ စင်စစ် ဤ ရှေးဘုရားရှင်၏ ညီမကလေးသည် ငါတို့၏ ဂေါတမ မြတ်စွာဘုရား ဖြစ်လာမည့် ဘုရားလောင်း ပါတည်း။
တခါတွင် မင်းသမီး ကလေးသည် ရဟန်းအိုကြီး မီးအိမ်ထွန်းညှိဖို့ရန် လိုအပ်သော မုန်ညင်းဖြူဆီကို လှူဒါန်းဖို့ရန် ကြုံကြိုက်သဖြင့် ရဟန်းကြီး အလိုရှိသော မုန်ညင်းဆီကို လှူဒါန်းပြီးလျှင်
“ အရှင်ဘုရား၊ ဤတွင် အရှင်ဘုရား အလိုရှိသော မုန်ညင်းဆီ ဖြစ်ပါသည်။ တပည့်တော်မ၏ အကို မြတ်စွာဘုရားကိုလည်း အရှင်သည် ဤ မုန်ညင်းဆီဖြင့် ဆီမီးထွန်းညှိ လှူဒါန်းပါလော့။ ပြီးတော့ မြတ်စွာဘုရားရှင်ကို တပည့်တော်မ၏ တောင်းဆုစကားကိုလည်း ပြောကြားပေးတော် မူပါ…ဤသို့ မီးထွန်းရန် မုန်ညင်းဖြူဆီကို လှူဒါန်းရသော ကောင်းမှုကြောင့် တပည့်တော်မသည် နောင်ခါတွင် အကိုဘုရား နည်းတူ ဘုရားအဖြစ်ကို ရောက်ရပါလိုသည်။ ဘုရား အဖြစ်သို့ ရောက်သည့် နောက်ဆုံးဘဝတွင်လည်း တပည့်တော်မ၏ အမည်သည် ‘ထွန်းလင်းသော မုန်ညင်းဖြူဆီ’ ဟု အဓိပ္ဗာယ်ရသည့် ‘မယ် သိဒ္ဓတ္တ’ ဟူသော အမည်ကို ရရပါလိုသည်..”
ထိုနေ့ ညချမ်းတွင် ရဟန်းအဘိုးကြီး သည် မြတ်စွာဘုရားရှင်ကို မုန်ညင်းဖြူ ဆီမီးအိမ်ဖြင့် ထွန်းညှိပူဇော် ပြီးလျှင် မိန်းကလေးက မှာလိုက်သော ဆုတောင်းကိုလည်း ဘုရားရှင်ကို လျှောက်ထား၍ “ကောင်မကလေး၏ ဆုတောင်း ပြည့်စုံအံ့မည်လော” ဟု ဘုရားရှင်ကို စပ်စုမေးမြန်းပါသည်။ ဤတွင် ပုရာဏ မြတ်စွာဘုရားက “ဘုရားဆုတောင်းလျှင် ပြည့်စုံဖို့ရန်မှာ အယုတ်ဆုံးအားဖြင့် အခြေခံ အချက်ရှစ်ချက် လိုလိမ့်မည် ဖြစ်ကြောင်း၊ မိန်းကလေးသည် ဒုတိယအချက် ဖြစ်သော ဣတ္ထိယဇာတ် မိန်းမဖြစ်တာနှင့် ငြိနေသဖြင့် သူမ၏ ဆုတောင်း ပြည့်စုံလိမ့်မည် မပြည့်စုံလိမ့်မည်ဟု ခုခါမှာ ဗျာဒိတ်ဟောကိန်းထုတ်ဖို့ရန် မဖြစ်နိုင်ကြောင်း” ဟု ပြန်ကြားတော် မူပါသည်။
ရဟန်းအိုကြီးသည် လွယ်လွယ်နှင့်တော့ ဘုရားရှင်ကို အလျော့မပေး။ “ကောင်မကလေး၏ ဆုတောင်း ပြည့်စုံမလား ဆိုတာ ခုခါမှာ ပြောဖို့ ခက်နေလျှင် မည်သို့သော အချိန်အခါမျိုးတွင် ကလေးမသည် အသေအချာ ဗျာဒိတ်ဟောကိန်ုးကို ပြောပြနိုင်သူ နှင့် ကြုံကြိုက်ပါမည်နည်း” ဟု ထပ်ပြီး စပ်စုလေ၏။ သည်ခါမှာတော့ ပုရာဏ ဘုရားရှင်သည် မနေသာတော့ဘဲ ဘုရားရှင်၏ ဉာဏ်တော်ဖြင့် မိန်းကလေး၏ ပါလာခဲ့သော ပုညကုသလ ပါရမီ အနုအရင့် ကိုလည်းကောင်း ၊ မိန်းကလေး၏ ဘုရားလောင်း ဆုပန်မှုဝယ် စိတ်အားထက်သန်မှု အပြင်းအပျော့ ကိုလည်းကောင်း သုံးသပ်တော် မူပါသည်။ ထို့နောက် အနာဂါတ်ကို ဉာဏ်တော်ကို လွှတ်၍ ကြည့်မြင်လေသဖြင့် ညီမငယ်သည် နောင်တချိန်တွင် ဘုရားဖြစ်မည့် အခြေခံ အချက်တို့ ပြည့်စုံအံ့သော အကြောင်းကို ပုရာဏ ဘုရားရှင်သည် မြင်တော်မူပါသည်။
“ရဟန်းကြီး၊ ခုမှစ၍ တဆယ့်ခြောက် အသင်္ချေ နှင့် ကမ္ဘာတသိန်း ကာလကို လွန်လေသော အခါတွင် နင်သည် ဒီပင်္ကရာ မည်သော ဘွဲ့တော်ဖြင့် ခု ငါဘုရားကဲ့သို့ပင် တရားမင်း ဗုဒ္ဓဘုရားရှင် အဖြစ်ကို ရလတ္တံ့၊ ထိုအခါမှာ နင်သည် ငါ့ ညီမငယ်ကို ဘုရားဖြစ်မည်လော ၊ မဖြစ်မည်လော ဟု ဗျာဒိတ်ကို ပေးရလတ္တံ့။ ထိုချိန်ကျလျှင် နင်တို့ နှစ်ဦးသားသည် မျက်နှာချင်းဆိုင် ပြန်ဆုံကြရပါ လိမ့်မည်”
ဟုတ်ကဲ့၊ ပုရာဏ ဘုရားက ပြောသော တဆယ့်ခြောက် အသင်္ချေ နှင့် ကမ္ဘာတသိန်း လွန်မြောက်သော ကာလတွင် ရဟန်းအိုကြီး နှင့် ကလေးမကလေး မျက်နှာချင်းဆိုင် ပြန်ဆုံတွေ့သော ဇာတ်ပေါင်းခန်း ကတော့ ပရိသတ်အများ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ပါသည်။ ရဟန်းအိုကြီးသည် ဒီပင်္ကရာ မြတ်စွာဘုရား ဖြစ်တော်မူလာခဲ့ပြီး ကလေးမကလေးကတော့ ငါတို့၏ ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့ ဖြစ်လာခဲ့ကာ ဒီပင်္ကရာ မြတ်စွာဘုရား ရှေ့မှောက်တော်တွင် ရှေးမင်းသမီး ဘဝက သူမ ဆုတောင်းခဲ့သည့် အတိုင်း “သိဒ္ဓတ္တဂေါတမ အမည်ရသော ဘုရားစင်စစ် ဖြစ်လိမ့်မည်မှာ မုချ” ဟူသော ဘုရားရှင်၏ ဗျာဒိတ်တော်ကို ခံယူရရှိခဲ့ပါသည်။
မူလ ကျမ်းဂန်တွင် ထင်ရှားရှိသလောက် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ပြောဟောလေ့ မရှိသည့် ဤ ‘မင်းသမီး’ ရှေးဇာတက ပုံပြင်သည် ထေရဝါဒ ဗုဒ္ဓဘာသာတွင် အစဉ်အဆက် ပဟေဠိသဖွယ် မသဲကွဲသော “မိန်းမဘုရား ၊ မရှိငြား” စသည့် “မိန်းမသည် ယောင်္ကျားလောက် ဘုန်းမရှိ ၊ မင်းယောင်္ကျားတို့သည်သာ ဘုရား ဖြစ်နိုင်၍ ပိုမို မွန်မြတ်သူတို့ ဖြစ်သည်” ဆိုသည့် အယူအစွဲကြီးကို ပြန်လည် စဉ်းစားဆင်ခြင်ဖို့ရန် မြင်ကွင်းကျယ် တခု ဖြစ်ပါသည်။ သိရိုးသိစဉ် ငါတို့ သိခဲ့ကြသည့် “ယောင်္ကျားသည်သာ ဘုရားဆုကို ဗျာဒိတ်ခံယူ ရရှိနိုင်သည်” ဆိုသော တွေးခေါ်မှုမှသည် ဘုရားဆုကို အမှန်တကယ် ခံယူရရှိဖို့ “တင်ကြိုရှေးဦး ဗျာဒိတ်နေရာ” သည် အမျိုးသမီးတို့တွင် အထင်အရှား ရှိနေကြောင်း ထေရဝါဒ မူလ တရားကျမ်းဂန်တို့သည် ကောင်းစွာ အသိပေးထားပြီး ဖြစ်ကြောင်းကို (ဝီရသူ၊ သီတဂူ စသော ‘ဘုန်းကံပါရမီရှင်’ အမျိုးသမီးစောင့် ဘုန်းကြီး) တွေကို ကျွန်တော်တို့ တုံ့ပြန် ငြင်းခုံနိုင်သည့် အကောင်းဆုံး သက်သေကြီးတွေထဲက တခုပါတည်း။
ဗမာ ဗုဒ္ဓဘာသာ ကောင်မကလေးတွေ နုံနဲ့အတ၊ အတွေးအခေါ် နိမ့်ကျသောကြောင့် “အရှည်ကို ကောင်းစွာ တွေးမျှော်ဆင်ခြင်နိုင်သော ငါတို့လို ဗမာ လူ့ဘောင်၏ ရှေ့ဆောင် သက်ကြီးဝါကြီးတို့က မျိုးစောင့်ဥပဒေကို လုပ်ရပါသည်” ဆိုသော အမျိုးကောင်းသား ဘဒ္ဒန္တ ဝံသပါလ ဘဘုန်း တို့၏ ‘ယောင်္ကျား ပညာမာန’ ကို အသေအချာ ချပစ်ဖို့ ဇာတ်လမ်းတွင် ကျန်ခဲ့သော ဇာတ်ကွက်တကွက်ကို ထပ်ပြီး ကျွန်တော် ဖော်ပြပါမည်။ ရဟန်းအိုကြီးက မုန်ညင်းဖြူဆီကို လာပြီး အလှူခံလေသော အခါ ပုရာဏ ဘုရား၏ ညီမကလေးသည် သူမတွင် ပညာဉာဏ် ပြိုးပြက်ပေါ်ထွန်းလာပြီး ရေရွတ်လေသည်မှာ
“အဆူဆူသော ရှေးဘုရားရှင်တို့သည် လည်းကောင်း၊ နောင်ပွင့်တော်မူမည့် ဗုဒ္ဓဘုရားရှင်တို့သည် လည်းကောင်း၊ ဘုရားမဖြစ်မီက နင်တို့ ငါတို့လို ‘သာမန်လူ’ တို့သာ ဖြစ်ကြကုန်ပြီး ၎င်း (သာမန်လူ) တို့သည် ဥစ္စာဓန၊ ဇနီးမယား၊ သမီးသား၊ ကိုယ်လက်အင်္ဂါ၊ အသက် ဟူသည့် စွန့်ခြင်းကြီး ငါးပါးကို မဖြည့်ကျင့်ပါဘဲ ဘုရား ဘယ်လိုမှ ဖြစ်လာလိမ့်မည် မဟုတ်။ (ငါစွဲ အတ္တကို တိုက်ဖျက်ရန်) ဥစ္စာဓန ကို စွန့်လွှတ်လှူဒါန်းခြင်း မရှိ၊ ကိုယ့်ကျင့်သီလကို စောင့်ရှောက်မှု မရှိဘဲ နှင့် ငါသည် အသို့များ (သံသရာမှ) ထွက်ရပ်လမ်းကို ရှာတွေ့နိုင်ပါမည်နည်း”
မူလကျမ်းဂန် အရ ကောင်မကလေး၏ ဝေဖန်ရေရွတ်သံသည် ရဟန်းအိုကြီး၏ နှလုံးသားကို ရိုက်ခတ်သွားခဲ့ပြီး ပုရာဏ ဘုရားရှင်နှင့် တွေ့သောအခါ ရဟန်းကြီး ကိုယ်တိုင်လည်း ဘုရားဆုကို ပန်ပါတော့သတည်း။ ကျွန်တော့် အနေဖြင့် ဗုဒ္ဓကျမ်းဂန်တို့ကို နှစ်ပရိဒေစ္ဆများစွာ လေ့လာကျွမ်းဝင်သူ တဦးဖြစ်ရကား မူလကျမ်းဂန်တွင် တိုက်ရိုက် မပါသော်ငြားလည်း မိန်းကလေးထံမှ ရဟန်းကြီး ရယူခဲ့သော သင်ခန်းစာကို ကျွန်တော် ဇာတ်ကွက် ဖြည့်စွက် ပြသနိုင်ပါသည်။
ရဟန်းအိုကြီးသည် မင်းသမီး၏ ရေရွတ်သော စကားကိုကြားလေသော အခါ အိပ်မက်မှ လှုပ်နိုးခံရသူကဲ့သို့ ဖြစ်ပြီးလျှင်
“ငါသည် အသက်သာကြီး၍ အချိန်မစီး၊ ဆီမီးအလှူကို ပြုချင်သော ဆန္ဒရှိ၍သာ အမြဲ အလှူလုပ်နေသော ငါသည် ဤကလေးမကဲ့သို့ ကွဲပြားလင်းချင်းသော ပညာဉာဏ်ဖြင့် (အလှူပြုခြင်းဟူသည် မိမိ၏ အတ္တကို ချေမှုန်းဆုတ်နစ်ပစ်သော လက်နက် ဖြစ်ကြောင်း) ဒါနအလှူ၏ အမြတ်ဆုံး အရင်း ဦးတည်ချက်ကို မသိမလင်း နိုင်ခဲ့။ ရှက်စရာကောင်းသော ငါသည် ကလေးမ ကလေးကို အတုယူသဖြင့် ငါသည်လည်း ကောင်မလေးကဲ့သို့ ဘုရားဆုကို ပန်ရပါအံ့”
အလွန် ဆန်းကြယ်လှပါသည်။ ဝီရိယ ဓိက ဘုရားလောင်းဖြစ်သော ဒီပင်္ကရာ မြတ်စွာဘုရား အလောင်းတော် ရဟန်းအိုကြီး ၏ ပထမဆုံးအကြိမ် ဘုရားဆုပန်ရန် စိတ်အားထက်သန်ပြီး တဆက်တည်း (ညချမ်းအခါတွင်) ၎င်း၏ ဘုရားဆုပန်ခြင်း၏ အကြောင်းပြည့်စုံကြောင်း ပုရာဏ ဘုရားရှင်ထံမှ ဗျာဒိတ်ကို ရရှိခဲ့ခြင်း ဆုလာဘထူးကြီး သည် နောင်ခါတွင် ပညာဓိက ဂေါတမ မြတ်စွာဘုရားလောင်းတော် ဖြစ်လာမည့် ကလေးမကလေး တဦး၏ “နင်တို့ငါတို့ အားလုံးဟာ သာမန်လူတွေပါပဲ” (The rule of law ၏ အခြေခံ အကျဆုံး နိယာမတရား) ဆိုတာနှင့် “မယ်သိဒ္ဓတ္တ ဟူသော အမည်ဖြင့် သဗ္ဗေညုတ မြတ်ဗုဒ္ဓ ဖြစ်ရပါလို၏” ( Extensive Order- ပိုပိုပြီး လူစုံတက်စုံ နေရာစုံမှာ ပါဝင်လာသော ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်) ကို တွေးခေါ်ပြခဲ့သည့် မိန်းမဉာဏ် ကလေးကို နမူနာ ယူ၍သာ ဖြစ်လာရကြောင်း ကို ပါတည်း။
တကယ်တော့ အာကျယ်မကလေး၏ “မယ်သိဒ္ဓတ္တ ဟူသော အမည်ဖြင့် ဘုရားဖြစ်ရပါလို၏” ဟူသည့် မိန်းမဆုတောင်းသည် ဒီပင်္ကရာ မြတ်စွာဘုရား နှင့် ဂေါတမ မြတ်စွာဘုရား ဟူသော ဘုရားနှစ်ဆူ လောကတွင် ပေါ်ထွန်းလာခဲ့ရခြင်း၏ အရင်းမူလ အကြောင်း၊ အမြတ်တကကာ့ အမြတ်ဆုံး ဆုတောင်း ပါတည်း။ သည်တွင် ငါတို့ အထင်အရှား မြင်အပ်သည်မှာ ဆုကြီးပန် သတို့သမီးငယ်သည် မည်သည့် ပါရမီရှင် ဘုန်းဘုန်းဘုရား၊ ရဟန်း မင်းယောင်္ကျားမှ မဟုတ်သလို ၊ သူမသည် မည်သူ တဦးတယောက်ကိုမှလည်း သာလွန်ထူးခြားသူ ပါရမီရှင်တို့ အဖြစ် မယူဆထားကြောင်းကို ဖြစ်ပါ၏ – “အဆူဆူသော ရှေးဘုရားရှင်တို့သည် လည်းကောင်း၊ နောင်ပွင့်တော်မူမည့် ဗုဒ္ဓဘုရားရှင်တို့သည် လည်းကောင်း၊ ဘုရားမဖြစ်မီက နင်တို့ငါတို့လို ‘သာမန်လူ’ တို့သာ ဖြစ်ကြကုန်ပြီး…”။
ရှေ့ဖက် ဆောင်းပါးတို့တွင် ဝီရသူ၊ အင်းစိန်ရွာမ၊ သီတဂူ စသောသူတို့သည် “ဘာကြောင့်များ ဤသို့ မျိုးစောင့်ဥပဒေ စသည့် ဖောက်ပြန်မှားယွင်းသော အကြံအစည်၊ အပြုအမူတို့ကို လုပ်ကုန်ရပါသနည်း” ဆိုတာနှင့် စပ်၍ “၎င်းတို့၏ လောကအမြင်သည် မှားယွင်း၊ ဤသူတို့၏ ကိစ္စတွင် ဖောက်ပြန်သည့် အဆင့်သို့တိုင် ရောက်နေလို့ ဖြစ်ကြောင်း ကျွန်တော် ဖော်ပြခဲ့ပါသည် ။ တကယ်တော့လည်း လောကအမြင် မှားယွင်းမှု ဆိုသော သဘောတွင်၊ အထူးသဖြင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု “သမိုင်း” လွှမ်းမိုးသော နိုင်ငံများတွင် ၊ “သမိုင်း” ထဲမှာမှ အထူးသဖြင့် ဘုန်းကံရှင် အမျိုးသားတို့တွင်၊ အမျိုးသားတို့ထဲမှာမှ သာသနာ့ အမွေဆက်ခံသူ ဆိုသည့် ဘုန်းကြီးတို့တွင်၊ ထိုဘုန်းကြီးတို့ထဲမှာမှ အထူးသဖြင့် ဉာဏ်ပိုကြီး ကံပိုကြီး ဆိုသူ ဘုန်းကြီးခေါင်းဆောင် တို့တွင် “ငါသည် အများတကာ သာမန်လူတွေထက် အလွန် သာလွန်ထူးမြတ်သော အနှစ်သာရကြီး တခု” ဟူသော စိတ်ကူးမာန တို့သည် သူတို့၏ အတွေးအာရုံပြင်ဝယ် ထုနှင့်ထည်နှင့် လွှမ်းမိုးခံထားရတတ် ပါသည်။
သည်တွင် ကျွန်တော် အထူး စိုးရိမ်မိသည်မှာ ဤ ဘုန်းကြီးခေါင်းဆောင်တို့သည် သူတို့ဘာသာ သူတို့ “ငါသည် မဟိန္ဓိ လူထူးလူဆန်း၊ ဘာသာ သာသာနာကို စောင့်ရှောက်သူ အနှစ်သာရ ပါရမီရှင်ကြီးများ ဖြစ်သည်” ဆိုပြီး ဝက်လူးတဲ့ ရွှံ့အိုင်မှာ သူ့ဟာသူ လူးလွန့် ညစ်ပတ်နေတာက အကြောင်းမဟုတ်၊ အများပြည်သူ၏ နိုင်ငံရေး၊ လူမှုရေး၊ အထူးသဖြင့် ပတ္တမြား ရွှေဂူနှင့် တူသည့် ဘုရားအဆုံးအမ သာသနာကိုပါ ၎င်းဝက်မင်းတို့သည် သူတို့၏ ပေကျံနေသော အတ္တ အညစ်အကြေးတွေနဲ့ လာလူးပွတ်တိုက် ညစ်ပတ်စေသည့် ကိစ္စကို ဖြစ်ပါသည်။
မည်သည့်အခါကမှ ခြေလေးချောင်းထောက် ဝက်ကောင်ဟူသည် လင်းယုန်ဌက်လို ကောင်းကင်တွင် ပျံသန်းပြီး မြေပြင်အဝန်းကို စူးရဲကျယ်ပြန့်စွာ ခြုံငုံကြည့်ရှုနိုင်စွမ်း မရှိသလို မိမိကိုယ်ကို အထူး အနှစ်သာရကြီး တခု အဖြစ် ကြည့်မြင်နေသူ တဦးသည် ဗုဒ္ဓတရားတော်ကို အမှန်တကယ် စူးရဲကျယ်ပြန့်သော ပရိယာယ်ဖြင့် ဆင်ခြင်နားလည်နိုင်စွမ်း မရှိပါ။ ဆိုးသည်မှာ ဗုဒ္ဓတရားကို ဤဘုန်းကြီးမိုက်တို့သည် ၎င်းတို့၏ ကျဉ်းကြုတ်သိမ်ငယ်သော အတ္တစွဲ မာနစွဲတွေ နဲ့ ပြန်ဆိုနားလည်ကြသလောက် သူတို့ မှားယွင်းဖောက်ပြန်စွာ နားလည်နေသော တရားတု တရားယောင်တွေကို တရားစစ် အဖြစ်၊ ဘုရင်လုပ်သူကလည်း မြှောက်ပေးရင် မြှောက်ပေးသလို မဏ္ဍပ်တိုင်တက်လာကာ အများပြည်သူကို ဖြန့်ဝေ ဟောကြားနေသော ကိစ္စမျိုး ဖြစ်ပါသည်။ နောက်ထပ်လည်း ဆိုးလှသည်မှာ ဤသို့ တရားတု တရားယောင်တွေကို တရားစစ်အဖြစ် ဖြန့်ဝေခြင်းဟာ တကယ်တော့ မွန်မြတ်လှသော ဗုဒ္ဓသာသနာကို ဖျက်ဆီးနေခြင်း စင်စစ် ဖြစ်ပါလျက် မိုက်မဲလှသည့် ဤသူတို့သည် ကိုယ့်ကိုကိုယ် သာသနာတော်စောင့် ရဟန်းကောင်းကြီးများဟု မှတ်ယူ ကြွေးကြော်နေခြင်း ပါတည်း။
“ဤ မြတ်သော သာသနာကို မည်သည့် ရုပ်ဝတ္ထု ခွန်အားတို့ကမှ အနိုင်ယူ မဖျက်ဆီးနိုင်။ တရားတု တရားယောင်တို့က တရားစစ်၏ နေရာတွင် အစားထိုး ယောင်ဆောင် ဝင်လာခြင်းသည် သာလျှင် ဤသာသနာ၏ ပျက်ဆီးကြောင်း ပေတည်း” – ရှင်မဟာကဿပ မေး၍ ဗုဒ္ဓဖြေ ၊ သံယုတ္တနိကာယ်
ဘုရား သာသနာကို စစ်အာဏာ သုံးခြင်း၊ ဥပဒေ ပြဋ္ဌာန်းခြင်း ၊ မွေးဇာတ် ခွဲခြားကန့်သတ်ခြင်း နဲ့ စောင့်ရှောက်လိုတဲ့ သည်ဘုန်းကြီးတွေဟာ တကယ်ကော ဘုရားစာကို သေသေချာချာ ဖတ်မှတ်လေ့လာခဲ့တဲ့လူတွေမှ ဟုတ်ရဲ့လား ဆိုတာ ငါတို့ အင်မတန်မှကို မေးချင်စရာပါပဲ။
“အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခဲ့တဲ့ အကြောင်းရင်းဟာ မွတ်စလင်မ် လူဦးရေက လွှမ်းမိုးသွားလို့” လို့ ဗမာပြည်အနှံ့မှာ လိုက်ပြောနေတဲ့ ဝီရသူဟာ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့တဲ့ မူလကျမ်းဂန်လာ အဖြေကို တွေ့လိုက်ရပြီဖြစ်တဲ့ ဗုဒ္ဓဘာသာ ပရိသတ်ရှေ့ မှောက်မှာ ၎င်း၏ အကြောင်းပြချက် မှန်တယ်ဆိုပြီး ဆက်ပြောဝံ့သေးသလား ဆိုတာ ငါတို့ သင်းကို မေးရပါလိမ့်မည်။ အဲသလို ဆက်ပြောဝံ့သေးတယ် ဆိုရင်တော့ သည်သတ္တဝါဟာ ကိုယ့်ကိုကိုယ် မြတ်ဗုဒ္ဓ နဲ့ ရှင်မဟာကဿပထက် ပိုပြီး သိမြင်နိုင်တယ်လို့ ယူဆနေတဲ့ ဘဝင်ရူး တယောက်သာ ဖြစ်ပါတယ်။ ဟုတ်ပါရဲ့၊ ဝီရသူလို အစစ်အမှန် သဒ္ဓါတရား မရှိတဲ့ ရဟန်းတု ရဟန်းယောင် အတွက် ဘုရားဟော တရားထက် မောင်သိန်းစိန်ရဲ့ သေနတ်ပြောင်းဝက အာဏာဟာ ပိုကောင်းတဲ့ အမှန်တရားအဖြစ် သူ့အတွက် ရှိခိုးကော်ရော်ရာ ဖြစ်နေမှာပါပဲ။
တဆက်တည်းမှာပဲ “အမျိုး၊ ဘာသာ၊ သာသနာ” ဆိုတဲ့ အယူအဆကို ထေရဝါဒ ပါဠိဘာသာ ဗုဒ္ဓ ရှေးဟောင်း ကျမ်းဂန်တွေကကော၊ ပါဠိနိကာယ်ကျမ်းတွေနဲ့ အလားတူ ဘက်တူ ရှေးဟောင်း
သက္ကတအဂ္ဂမ ဗုဒ္ဓကျမ်းဂန်တွေကကော လုံးဝ လက်မခံကြောင်းကို ကျွန်တော် ဖွင့်ပြဆွေးနွေးပါမယ်။ သည်လို ဆွေးနွေးရင်းနဲ့ ပဲ “အမျိုး ဘာသာ သာသနာ” လို့ စွဲယူကြွေးကြော်သူ တဦးဟာ “ဗုဒ္ဓဘာသာ ရဟန်း” ဟူသော ဂုဏ်ဒြပ်ကို အမှန်တကယ် ခံယူပိုင်ခွင့် ရှိမရှိ ဆိုတာကို ကျွန်တော်တို့ စောကြောဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့ နားလည်လာပါလိမ့်မယ်။
တလောက ကိုညီညီလွင် (ရှင်ဂမ္ဘီရ) နဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ အင်တာဗျုးမှာ ၎င်းက ဆွေးနွေးရာမှာ ရဟန်းသံဃာဟာ ရဟန်းဝတ်ပြီ ဆိုတာနဲ့ “သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ကျင့်ကြံပါမယ်” ဆိုတဲ့ ပဋိဥာဉ်ကို ခံယူရပါတယ်။ ဒါကို နည်းစနစ်သဘောအားဖြင့် ပြောမယ်ဆိုရင် သေက္ခပုဂ္ဂိုလ် (ကျင့်ဆဲ နှင့် လွတ်မြောက်စပြုလာသူ) ဖြစ်အောင် ကျင့်ကြံအားထုတ် ရပါတယ်။ ရဟန်းသံဃာရဲ့ အလုပ်ဟာ အဲသည် အလုပ်သက်သက် ပါပဲ။ တကယ်ကတော့ ဒါကလွဲပြီး ရဟန်းသံဃာဆိုတာ ဘာမှ လုပ်ဖို့ မလိုပါ။
ကိုညီညီလွင်က လူမှုရေးလောက်တော့ လုပ်ပေါ့၊ နိုင်ငံရေးမှာ ပါဝင်တာမျိုးကတော့ သေက္ခဖြစ်ဖို့ အလွန်ဝေးသွားပြီ ဖြစ်တဲ့ အတွက် “ကျင့်ကြံအားထုတ်ပါ့မယ်” ဆိုတဲ့ ပဋိဥာဉ်လည်း ခံထားတာကြောင့် ရဟန်းတို့နဲ့ မသင့်လျော်ပါလို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ သေက္ခဖြစ်အောင် ကျင့်ကြံအားထုတ်မှု မရှိဘဲ ‘ရဟန်း’ လုပ်နေတဲ့ ‘ရဟန်း’ ဟာ ‘ဗုဒ္ဓဘာသာ ရဟန်း’ အဖြစ် ငါတို့ ဗုဒ္ဓဘာသာဝင်တို့၏ လှူဒါန်းပူဇော်မှုကို ခံယူပိုင်ခွင့် အမှန်တကယ် ရှိမရှိ ဆိုတာကို ငါတို့မေးရပါလိမ့်မယ်။
ကျွန်တော်တို့ အလွန် အရေးကြီးစွာ သိမှတ်ထားအပ်သော အချက်တချက်မှာလည်း ဗုဒ္ဓဘာသာဝင်တို့ ရည်ရွယ်စံထားရမည့် သေက္ခပုဂ္ဂိုလ် ၏ လောကအမြင်နဲ့ ဆန့်ကျင်ဘက် ပြောဆိုပြုမူလာသော ‘ရဟန်း’ ဆိုသူတို့ကို ကျွန်တော်တို့ အနေဖြင့် “ဗုဒ္ဓဘာသာ” ဟု လက်ခံ၍ မရကြောင်းကို ဖြစ်ပါသည်။ ထိုသူတို့ကို ‘ဗုဒ္ဓဘာသာဝင်’ ဟူပြီး ကျွန်တော်တို့ လက်ခံလိုက်ပါလျှင် သံယုတ္တနိကာယ်တွင် ဗုဒ္ဓက ရှင်မဟာကဿပကို ဖြေကြားခဲ့သလို ‘ဗုဒ္ဓတရား အမည်ခံ’ ဆန့်ကျင်ဘက် တရားအတုတို့သည် တရားအစစ်နေရာကို ဝင်ယူလာပါလိမ့်မည်။ ဗုဒ္ဓဘာသာသည် နောက်ဆုံး ဤ တရားတု တရားယောင်တွေကို ကိုးကွယ်နေသော ဗုဒ္ဓဘာသာ အယောင်ဆောင် မိစ္ဆာဒိဌိပုဂ္ဂိုလ်တို့၏ ဝါးမျိုစီးနင်းမှုကို ခံသွားရမည် ဖြစ်ပြီး တရားစစ်တရားမှန်တို့ ကွယ်ပျောက်ကုန်ကာ နာမည်အားဖြင့်သာ ဗုဒ္ဓဘာသာ၊ အယူမှား အမြင်မှားတွေကို ကိုးကွယ်နေသော မိစ္ဆာဒိဌိ ဂိုဏ်းကြီး သက်သက် နောက်ဆုံး ဖြစ်လာပါလိမ့်မည်။
ရှေ့စကားဦးမှာ ကျွန်တော် ပြောခဲ့သလို ပါဠိနိကာယ် ဗုဒ္ဓကျမ်းဂန်ဘက်ကရော၊ ဘက်တူ ရှေးဟောင်း သက္ကတအဂ္ဂမ ဗုဒ္ဓကျမ်းဂန်ဘက်ကကော ‘အမျိုး ဘာသာ သာသနာ’ ဆိုတာကို လုံးဝ လက်မခံပါ။ ဘာလို့လဲ ဆိုတော့ ဒါဟာ သေက္ခပုဂ္ဂိုလ် (အရိယာ ခုနှစ်ပါး) က လက်မခံတဲ့ သဘောတရား စင်စစ် ဖြစ်လို့ပါပဲ။ လက်မခံတာ သက်သက်တောင် မဟုတ်ပါဘူး၊ သည် ‘အမျိုး ဘာသာ သာသနာ’ ဆိုတာဟာ ကျင့်ကြံသိမြင်ရမယ့် ဗုဒ္ဓတရားနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်တဲ့အတွက် မွန်မြတ်သည့် သေက္ခပုဂ္ဂိုလ်တို့က အပြီးတိုင် ပယ်ချထားသော အယုတ်အညံ့ ဝါဒသာ ဖြစ်ပါတယ်။
ပါဠိတော် ဗဟုဓာတုက သုတ္တန်မှာ ဗုဒ္ဓဟာ ရှင်အာနန္ဒာကို သေက္ခပုဂ္ဂိုလ်သည် “ဘယ်တော့မှ သည်လိုလူမျိုး ဖြစ်လာလိမ့်မည် မဟုတ်” ဆိုပြီး ငါတို့ရဲ့ သည်နေ့ ဝီရသူ၊ သီတဂူ တို့ကို တိုက်ရိုက်ပင် ပြောနေသည့် အလား ဆုံးမထား ပါသည်။
“အာနန္ဒာ၊ သေက္ခပုဂ္ဂိုလ် - ကျင့်ဆဲ (ဝါ) အမှန်တကယ် မပြတ် ကျင့်ကြံကာ တရားဓမ္မကို သိမြင်စပြုလာသူသည် ဘယ်တော့မှ ဤသို့သော လောကအမြင်မျိုးတို့သည် မရှိနိုင်။
(၁) သဏ္ဌာန်များ (အာရုံပုံရိပ်များ) မျှသာ ဖြစ်သည်တို့ကို မြဲမြံသည့် အရာများ ဟူ၍ လည်းကောင်း
(၂) သဏ္ဌာန်များ (အာရုံပုံရိပ်များ) မျှသာ ဖြစ်သည်တို့ကို ကျေနပ်စရာ ဖြစ်သည် ဟူ၍လည်းကောင်း
(၃) သဏ္ဌာန်များ (အာရုံပုံရိပ်များ) မျှသာ ဖြစ်သည်တို့ကို အနှစ်သာရရှိသည့် တစုံတခု ဖြစ်သည်
ဟူ၍လည်းကောင်း
(၄) ဗုဒ္ဓရှင်တော်၏ ဆုံးမချက်မှ အပ တခြားကိုးကွယ်ရာကို ရှာဖွေရန် လိုသည် ဟူ၍လည်းကောင်း
ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ (အမျိုး ဘာသာ သာသနာ) ဆိုတာ သဏ္ဌာန်များမျှသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သင်ကြားမှတ်သားမိခြင်း ဆိုတဲ့ ဘဝ အတွေ့အကြုံနောက်ကို လိုက်ပြီး တကယ် ရှိနေတယ်လို့ ခန့်မှန်း ခံစားကြည့်နေတဲ့ အာရုံပုံရိပ်တွေ သက်သက်သာ ဖြစ်ပါတယ်။
ဗုဒ္ဓတရားကို အမှန် ကြည်ညိုမြတ်နိုးသူ၊ ရဟန်းတရားကို အမှန်ကျင့်ကြံအားထုတ်သူ တဦးအတွက် သည် အာရုံပုံရိပ်တွေဟာ မြဲမြံသည့် အရာတွေ မဟုတ်ဘူး၊ ကျေနပ်စရာတွေ မဟုတ်ဘူး၊ အနှစ်သာရတွေ မဟုတ်ဘူး ဆိုတာကိုပဲ ပြောပါတယ်။ ဒါတွေဟာ ယုတ်ညံ့တဲ့ အစွဲအလမ်းတွေ အဖြစ် ပစ်ခွာဖို့ပဲ ပြောပါလိမ့်မယ်။ မျိုးစောင့်ဘုန်းကြီးတွေလို “ငါတို့ အမျိုးဘာသာဟာ သီးသန့် မြဲမြံ ကျေနပ်စရာ အနှစ်သာရ ဖြစ်လို့ သီးသန့်စောင့်ရှောက်ဖို့ လိုတယ်” ဆိုတဲ့ ပြောင်းပြန်တရားမျိုးကို ပြောလိမ့်မှာ မဟုတ်ပါ။ ဗုဒ္ဓရှင်တော်၏ ဆုံးမချက် မဟုတ်တဲ့ “ဥပဒေ ခြိမ်းခြောက်မှု၊ အာဏာ အဆောက်အဦ၊ လူမှုအစဉ် ပုံစံဒီဇိုင်း” စတဲ့ ပြင်ပအရာတွေကို အမြတ်တရားလုပ်ပြီး ကိုးကွယ်လိမ့်မှာလည်း မဟုတ်ပါ။
တကယ်တော့ သည်လေးချက်နဲ့တင် မျိုးစောင့်ဂိုဏ်းဝင် ရဟန်းအားလုံးဟာ ဗုဒ္ဓတရား နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သလို ဗုဒ္ဓတရားကို အမှန်တကယ် ကျင့်ကြံသူဆိုရင် လုံးဝ ပယ်ချပစ်ရမယ့် မိစ္ဆာဝါဒကို ကိုးကွယ်နေတဲ့ ‘ရဟန်း’ အမည်ခံ ပုဂ္ဂိုလ်တို့သာ ဖြစ်ကြောင်း ကျွန်တော် အသိပေး ကြေငြာအပ်ပါတယ်။
ဗုဒ္ဓဘာသာ ရဟန်း အယောင်ဆောင်၊ ၎င်း မိစ္ဆာဒိဌိများ တကယ် မိုက်ရဲတယ်ဆိုရင် “မြတ်စွာဘုရားဟာ ‘အမျိုး ဘာသာ သာသနာ’ ဆိုတာဟာ မြဲမြံတဲ့ အရာတွေ ဖြစ်တယ်၊ ကျေနပ်စရာတွေ ဖြစ်တယ်၊ အနှစ်သာရ ရှိသည့် အရာတွေ ဖြစ်သည်၊ ကိုးကွယ်ရာ ဖြစ်သည် ဟု တနေရာရာမှာ ဘုရားဟောခဲ့တယ်” ဆိုပြီး ကြေငြာလိုက်စမ်းပါ။ ငါတို့ကတော့ တိုတောင်းလှတဲ့ ရေပွက်ပမာ တဘဝတာမှာ ဒါကို သည်းခံနိုင်ပါသည်။ ဒါပေမယ့် နင်တို့၏ ဘုရားသာသနာ အပေါ် သစ္စာမဲ့ခဲ့တဲ့ အကုသိုလ်ကတော့ ဘုရား အရေခြုံခဲ့သော နင်တို့နောက်ကို သံသရာတခုလုံး လိုက်နေပါလိမ့်မည်။
တကယ်တော့လည်း ဗုဒ္ဓအရေခြုံ မျိုးစောင့်ဘုန်းကြီးတွေရဲ့ မျိုးစောင့် လှုပ်ရှားမှုတွေဆိုတာဟာ ဗုဒ္ဓဘာသာ လှုပ်ရှားမှု လုံးဝမဟုတ်ပါ။ ဟိန္ဒူဘာသာကို တခေတ်တခါမှာ အင်မတန် ညစ်ထေးစွန်းထင်းစေခဲ့တဲ့ ဗြဟ္မဏဇာတ်ဝါဒကို ကောက်ကျစ်အောက်တန်းကျလှတဲ့ ဟိန္ဒူဘုန်းကြီးပျက်တွေကနေပြီး ရှေးခေတ် အိန္ဒိယ လူ့ဘောင်တခုလုံးကို သွပ်သွင်းခဲ့မှုနဲ့ သည် လှုပ်ရှားမှုတွေဟာ ထပ်တူပါပဲ။ “ဗြဟ္မာကြီး” နေရာမှာ “ဗုဒ္ဓ သိဒ္ဓတ္တဂေါတမ” လို့ နာမည်ပြောင်းတတ်လိုက်တာပဲ ကွာပါတယ်။
သည် ဗြဟ္မဏ ဇာတ်ဝါဒ (Caste Sytstem) ဟာ ဆိုရှယ်လစ်-ကွန်မြူနစ်၊ ဖက်ဆစ်၊ အမျိုးသားရေး၊ မျိုးချစ်၊ မျိုးစောင့် စသော လုံးစည်း လှုပ်ရှားမှု အားလုံးတို့ရဲ့ အခြေခံ ဖြစ်ကြောင်း ကျွန်တော် ရှေ့မှာ ပြောခဲ့ပါတယ်။ သည် အကြောင်းရင်းမြစ်ကို ရှင်းပြဖို့က စာမျက်နှာတွေ အများကြီး ယူရမှာ ဖြစ်လို့ ဖြေးဖြေးချင်းပဲ သည် ပရိယာယ်တွေကို ကျွန်တော် မိတ်ဆက်ပေးသွားပါမည်။
အခုလည်းဘဲ ဗြဟ္မဏဇာတ်ဝါဒ၏ သဘော အကျဉ်းချုပ်ကို ကျွန်တော် အနည်းငယ်မျှ ပြောပြပါမည်။ ဗြဟ္မဏဇာတ်ဝါဒ၏ အနှစ်သာရကို နားလည်ဖို့ရန်မှာ အလွန် လွယ်ပါသည်။ ကျွန်တော်တို့ ဗမာစကားမှာ ပြောလေ့ပြောထရှိတဲ့ “ဒူးနေရာဒူး တော်နေရာတော်” ဆိုတာဟာ ဗြဟ္မဏဇာတ်ဝါဒ ရဲ့ ပင်ရင်းလိုလားချက် ဖြစ်ပါသည်။ ဆိုလိုတာက “ဒူးထောက်ခစားတဲ့သူက အမြဲခစားစေ၊ မြင့်မြတ်တော်ဝင်လို့ အပေါ်က အဖူးမျှော်ခံရသူက အမြဲ အဖူးမျှော်ခံရစေ” ဆိုတဲ့ သဘောဖြစ်ပါတယ်။
ငါတို့ ဗမာပြည်မှာ “နိုင်ငံတော် တည်ငြိမ်ရေးကို တာဝန်ယူနေရတဲ့ ငါတို့ စစ်သားလူတန်းစား ဟာ ထာဝရ နိုင်ငံတော် အုပ်ချုပ်ရေးမှာ နေရာယူ စံစား ပိုင်ခွင့်ရှိသည်၊ နင်တို့ မိလက္ခူပြည်သူ သာမန် လူတန်းစား ဟာ အမြဲတမ်းထာဝရ အုပ်ချုပ်ခံ လူတန်းစား သက်သက်သာ ဖြစ်သည်” ဆိုတာဟာ “ဒူးနေရာဒူး၊တော်နေရာတော်” ဆိုတဲ့ အဲသည် ဗြဟ္မဇာတ်ဝါဒ အမြင်ပါပဲ။
“သခင် လူတန်းစားဟာ အမြဲထာဝရ သခင် လူတန်းစား၊ ကျွန် လူတန်းစားဟာ အမြဲထာဝရ ကျွန်လူတန်းစား၊ ဒါကြောင့် ကျွန်လူတန်းစားကို နေရာပေးဖို့ မလိုဘူး” လို့ မြင်တာဟာ သည် ကောက်ကျစ်တဲ့ ဗြဟ္မဏ ဝါဒရဲ့ လက်တွေ့လိုလားချက် ပါပဲ။
ကနေ့ ဗမာပြည် အခြေခံဥပဒေ ရဲ့ အဓိက ပရိယာယ်ဟာလည်း အဲသည် “ဒူးနေရာဒူး ၊တော်နေရာတော်” ၊ “သခင်ဟာ သခင်၊ ကျွန်ဟာကျွန်” ဆိုတာသာ လိုရင်းဖြစ်ပြီး ဒါကို “သမိုင်းစဉ်လာကြီးမားခဲ့သော နိုင်ငံ့တပ်မတော်” ၊ “နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ” စသဖြင့် စကားလုံးတွေ လှယ်ပြီး သုံးထားလိုက်တာပါပဲ။
မျိုးစောင့်ဥပဒေ ရဲ့ အနုမာနကို သရုပ်ခွဲမယ် ဆိုရင်လည်းပဲ ဗမာ လူမျိုးစုဟာ ကျက်သရေရှိတဲ့ လူမျိုး၊ ကျန်လူမျိုးစုတွေဟာ ကျက်သရေမရှိ ယုတ်ညံ့တဲ့ လူမျိုး၊ ဒါမှမဟုတ်လည်း ဗမာ အမျိုးသား (national) ဟာ မြင့်မြတ်သန့်ရှင်း ယုံကြည်ကိုးစားထိုက်တဲ့ လူအုပ်စု၊ ကျန်တဲ့ နိုင်ငံခြားသား (foreigner) ဟာ ကောက်ကျစ်ယုတ်ညံ့ သံသယဝင်ထိုက်တဲ့ လူအုပ်စု၊ ဒါမှမဟုတ်လည်း ဗုဒ္ဓဘာသာဟာ ဗမာပြည်ကြီးရဲ့ အနှစ်သာရ တန်ဖိုးကြီး သမိုင်းစဉ်လာ လက္ခဏာ၊ ကျန်ဘာသာတရားတွေဟာ အသေးပါမွှား တန်ဖိုးသေးသိမ် သမိုင်းစဉ်လာ မဟုတ်တဲ့ တစိမ်း လက္ခဏာတွေ စသဖြင့် “ဒူးနေရာဒူး၊ တော်နေရာတော်” ဆိုတဲ့ ဗြဟ္မဇာတ်ဝါဒ ရဲ့ “ခြင်္သေ့ဆီ ဆိုတာ သိင်္ဂီရွှေခွက်နဲ့သာ တန်တယ်” ဆိုတဲ့ သဘောကို ဆုပ်ကိုင်ထားတာကို အထင်အရှား သိမြင်နိုင်ပါတယ်။
“ခြင်္သေ့ဆီ ဆိုတာ သိင်္ဂီရွှေခွက်နဲ့သာ တန်တယ်” ဆိုတဲ့ သဘောဟာ ပေါ့သေးသေးလို့ မထင်လိုက်ပါနဲ့။ ခြင်္သေ့ဆီဆိုတာ စစ်သွေးမျိုးရိုးကို ဆိုလိုတာပါ။ စစ်သွေးမျိုးရိုး (ဝါ) စစ်သား (ဝါ) စစ်အာဏာရှင်ဟာ ရာဇပလ္လင်ပေါ်မှာ စံစားဖို့ လုံးဝထိုက်တန်တယ်လို့ ဆင်ခြေညွှန်းနေတာပါ။ ဒါကြောင့် ဗြဟ္မဇာတ်ဝါဒကို အနုမာန အခြေခံခဲ့တဲ့ ဆိုရှယ်လစ်-ကွန်မြူနစ်၊ ဖက်ဆစ်၊ အမျိုးသားရေး၊ မျိုးချစ်၊ မျိုးစောင့် စသော လုံးစည်း လှုပ်ရှားမှု အားလုံးဟာ စစ်အာဏာရှင် စနစ်နဲ့သာ အဆုံးသတ်သွားရပါတယ်။
သည် ဗြဟ္မဏဇာတ်ဝါဒ ရဲ့ ကောက်ကျစ်ယုတ်မာတဲ့ လောကအမြင် (ဝါ) “ဒူးနေရာဒူး တော်နေရာတော်” ဆိုတာကို နောက်စာတပုဒ်မှာ ပါဠိတော် မူရင်းမှ ထင်ရှားလှသော ပုံဇာတ်လမ်းတခုကို အသုံးပြုပြီး ကျွန်တော် လုံးဝ ပယ်ချပြပါဦးမည်။ ခုနေခါမှာတော့ ကနေ့ခေတ် ဗမာဘုရင် စစ်သားတွေနဲ့ ဗမာလူ့မလိုင် ဘုန်းကြီးတွေဆိုတာ ဗုဒ္ဓဝါဒကို မြတ်နိုးကိုးကွယ်သူတို့ မဟုတ်၊ ဗုဒ္ဓဘာသာ အမည်ခံပြီး စဉ်းလဲတဲ့ ဇာတ်ဝါဒကို ငါတို့ လူ့ဘောင်တွင် ပေါ်ပေါက်လာစေရန် ကျုံးခတ်သိမ်းသွင်း သူတို့သာ ဖြစ်ကြောင်းမျှ သိလျှင် လုံလောက်ပါပြီ။
၎င်းတို့၏ လောကအမြင်မှာ အရာရာဟာ “ဒူးနေရာဒူး တော်နေရာတော်” လို့ မြင်နေတဲ့ ဗုဒ္ဓဘာသာ အမည်ခံ ၊ သင်္ကန်းခြုံ ဗြဟ္မဏ ဘုန်းကြီးတွေဟာ “လက်ချောင်းကလေး နှစ်ချောင်း ထောင်ပြတတ်သော ဉာဏ်မျိုးကလေးသာ ရှိသည့် ဣတ္ထိယ ခေါ် မိန်းမတို့သည် မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်စွမ်း မရှိလို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ အရေးတကြီး လိုအပ်လာသည်” ဆိုတဲ့ အမြင်မျိုး ဖြစ်ပေါ်လာတာဟာ မဆန်းပါဘူး။
တကယ်တော့ သည်ဘုန်းကြီးတွေဟာ “ငါတို့လို ပါရမီရှင် ယောင်္ကျားကောင်းတို့သည်သာလျှင် အနာဂါတ် ကောင်းရာကောင်းကြောင်းကို တွေးခေါ်မျှော်မြင်တတ်သူတို့ ဖြစ်သည်၊ အမျိုးသမီးငယ်တို့ဟူသည် ဒို့လို ပါရမီရှင်တွေလိုမျိုး တွေးခေါ်မျှော်မြင်နိုင်သော ဉာဏ်မျိုးမရှိ” ဆိုကာ ဘဝင်ရူးထပြီး ဗုဒ္ဓဘာသာ အမျိုးသမီးထု တရပ်လုံးကို လာခွဲခြမ်း စော်ကားနေခြင်းသာ ဖြစ်ပါ၏ ။
အနှစ်ချုပ်ပြမည် ဆိုလျှင် သည်ဘုန်းကြီးတွေ၏ အဓိကကျသော အတွေးအခေါ်မှာ ‘အနိမ့်’ လိင်ဖြစ်သူသည် အနိမ့်လိင် ဖြစ်သည်နှင့် အညီ အသိကောင်း အသိမြတ် မရှိ ၊ ထို့ကြောင့် အမြင့်လိင်ဖြစ်လို့ ‘အသိကောင်း အသိမြတ်’ ရှိသော ငါတို့က ဆုံးဖြတ်ညွှန်ကြားတာကို ဘုန်းကံမရှိသော နင်တို့က လိုက်နာဆောင်ရွက်ရမည်။ အရင်းအားဖြင့် ၎င်းဘုန်းကြီးတို့၏ “ဒူးနေရာဒူး တော်နေရာတော်” ဟူသော စဉ်းလဲသလောက် သေးသိမ်သည့် လောကအမြင်သည် ဤ မျိုးစောင့် ဥပဒေ လုပ်ရပ်တို့တွင် ဘူးပေါ်သလို ပေါ်နေပါသည်။
ကျွန်တော့် ညီမငယ် အမျိုးကောင်း သမီးအပေါင်းတို့၊ နင်တို့၏ ဘဝကို လာပြီး တုံ့နှောင်သည့် ဘဝင်ရူး ဘုန်းကြီးတွေကို သူတို့ လွတ်ပြီဟု ထင်နေသည့် ပိဋကကြိုးနဲ့ပဲ ပြန်ပြီး တုပ်နှောင်လိုက်ကြပါစို့။
မျိုးစောင့်တရားနှင့် လာညာသည့် ဘယ်သကောင့်သား ရဟန်းလိမ်ကို မဆို အရှင်မ စန္ဒာ၏ “ငါသည် ယောင်္ကျား၊ ငါသည် မိန်းမ သို့တည်းမဟုတ်… ငါသည် အနှစ်သာရ ရှိသည့် တစုံတယောက် ဟု ကြံစည်သိမြင်နေသူကို သာလျှင် နင်သည်လို စကားမျိုးနှင့် လာပြီး လိမ်ညာနိုင်ပါသည်” ဟု အရှက်ရစေပါလော့။
ဗုဒ္ဓဘာသာဝင် အပေါင်း သက်ဝင်ယုံကြည် ကိုးကွယ်နေသူဟု ကိုယ့်ကိုကိုယ် အမှတ်မှားနေသည့် ဝီရသူ၊ သီတဂူ စသော အချိန်မစီးသည့် ရဟန်းမိုက်တို့ကို
“ငါတို့ မိန်းမမျိုးရိုးဟူသည် ဒီပင်္ကရာ မြတ်စွာဘုရား လောကတွင် ပေါ်ထွန်းလာစေရန် အဘိဥာဉ် သမာပတ်ရှစ်ပါးနှင့် ပြည့်စုံသည့် ထေရ်ကြီးဝါကြီး ရဟန်းတော်ကိုပင် အဦးဆုံး လမ်းညွှန်ပြနိုင်ခဲ့သူတို့ ဖြစ်သည်”
“ငါတို့ မိန်းမ မျိုးရိုးဟူသည် ဘုရားဆုပန် မျိုးရိုး၊ ဘုရား ဗျာဒိတ်တော်ကို ခံယူရန် ကျင့်ကြံသော မြတ်သည့် မျိုးရိုး ဖြစ်သည်”
“ငါတို့ဟာ ‘လူတိုင်းလူတိုင်းသည် သူလိုငါလို သာမန်လူတွေသာ ဖြစ်သည်’ ဟူသော တရားဓမ္မ သဘောကို ယောင်္ကျားတို့ ရှေ့ဦး သိမြင်ခဲ့သည့် ပညာဉာဏ် ကြီးမားသည့် မျိုးရိုးဖြစ်သည်”
“သည်လို မြတ်သော မျိုးရိုးဝင် ဗုဒ္ဓဘာသာ မိန်းမမြတ်တို့မှ လူအချင်းချင်း ဇာတ်ခွဲခြားသည့် ဗြဟ္မဏဇာတ်ဝါဒကို ကိုးကွယ်ကော်ရော်နေသည့် နင်တို့လို ဘုန်းကြီးမိုက်တွေကို ကြည်ညိုစရာ အကြောင်း စိုးစဉ်းမျှပင် မရှိ”
“ငါတို့ကသာလျှင် နင်တို့လို ရဟန်း အယောင်ဆောင် ပုဏ္ဏား လူမိုက်တွေကို အမြင်မှန်ရလာစေရန် ဆုံးမညွှန်ကြားရလိမ့်မည် ဖြစ်သည်”
ဟု တုံ့ပြန် ပြောဆိုကြပါလော့။
မယ်တို့ ဤဘုန်းကြီးမိုက်တွေကို ဘယ်တော့မှ မရှုံးနိုင်ပါ။ ဘုန်းကြီးမိုက်တွေ၏ တရားဝင် ဆရာ၊ ငါတို့၏ ဘုန်းတော်ကြီးသော ဂေါတမ မြတ်စွာဘုရားသည် မုန်ညင်းဖြူ မီးအိမ်ရှင်မ ၏ “မယ်သိဒ္ဓတ္တ” ဖြစ်ရပါလို၏ ဟူသော ဆုတောင်းကြောင့်သာလျှင် မွေးဖွားပေါ်ထွန်းလာခဲ့ပေသည် မဟုတ်လား။ မိန်းကလေးတို့သည် ငြိမ်းချမ်းမှု သင်္ကေတဖြင့် လက်ချောင်းကလေး နှစ်ချောင်း ထောင်ပြတတ်ပါ၏။ တကယ်ကတော့ ဒါဟာ ညီမတို့သည် နင်တို့ ဣတ္ထိယခေါ် မိန်းမတို့သည် အစမထင်သော လောကသံသရာ၏ ရှေးတချိန်တခါဝယ် ဗုဒ္ဓဘုရားနှစ်ဆူကို စဦး မွေးဖွားပေးခဲ့သူတို့ ဖြစ်ကြောင်း အမှတ်ပြုနေသည့် သဘောပါတည်း။
ညိုထွန်း
No comments:
Post a Comment