Saturday, April 19, 2014

ဦးလေး (သို့မဟုတ်) ဦးမောင်ကို (သို့မဟုတ်) ဦးစိုးမြင့်နှင့် ကျနော်တို့မိသားစု


19 April 2014 | အောင်မြိုင် | နေ့သစ်

ကျနော်တို့အားလုံးက ဦးလေးလို့ တလေးတစားခေါ်ခဲ့ကြတယ်။ တကယ်လည်းဦးလေးဟာ ကျနော်တို့လူလတ်ပိုင်းအရွယ် ရဲဘော်တွေက အဲဒီလိုခေါ်လောက်တဲ့ အသက်အရွယ်ရှိတယ်။ ထိုစဉ်က ဦးလေးရဲ့အသက် ၆၀ ကျော် ၇၀ လောက် ရှိနေပြီ။ ကျနော်တို့ဆိုတာက နိုင်ငံရေးယုံကြည်ချက်အတွက် အသက်တွေ၊ ဘ၀တွေပေးပြီး ဗမာပြည်နိုင်ငံရေးကို ရှေ့အရောက်တွန်းဆော်ခဲ့တဲ့ ရဲဘော်တွေ၊ ကျောင်းသားတွေ။ ဒီမိုကရေစီရေး တိုက်ပွဲဝင်ရဲဘော်တွေ၊ ကျောင်းသားတွေ။ ဒါပေမယ့် တချို့က ဦးလေးကိုမသိ။ ဦးလေးကို မတွေ့ဖူး၊ မကြုံဖူးတဲ့အတွက် အဲဒီတချို့က

ဦးလေးဆိုတဲ့ အခေါ်အဝေါ်ကို သိပ်မရင်းနှီးခဲ့ကြ။

တကယ်တော့ ကျနော်တို့ပထမအသုတ် ယူဂျီအဖွဲ့ စစ်အစိုးရလက်တွင်း ကျပြီးကာမှ ဦးလေးဆိုတဲ့အမည်ကို လက်တွဲလုပ်ခဲ့ကြတဲ့ ရဲဘော်တချို့ ကြားခဲ့ဖူးကြတယ်။ ၁၉၉၀-ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ဒုတိယအသုတ်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ နောက်ချန်အဖွဲ့လို့ပဲခေါ်ခေါ် ခေါ်လို့ရတဲ့ ကျွန်တော်တို့ရဲဘော်တွေကို သတင်းအစနေရပြီး ဖမ်းဆီးတဲ့အချိန်ကျမှ “ဦးလေး” ပါ ရေကြည်အိုင် စစ်ထောက်လှမ်းရေး ရောက်လာခဲ့တာ ဖြစ်တယ်။

အဲဒီအချိန်မှာ ပထမအသုတ်အဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ကျနော်အပါအ၀င် ကျနော်တို့ရဲ့ ရဲဘော်တွေ ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ မရှိကြတော့။ တသက်တကျွန်းနဲ့ ညီမျှတဲ့ ထောင်နှစ် (၂၀) ၊ တချို့ (၁၀) နှစ် စီ နှစ်ရှည်ထောင်ကျပြီး အင်းစိန်ထောင်ကို ရောက်နှင့်နေကြပြီ။ ထိုစဉ်က ဦးလေးတယောက် ရန်သူ့လက်တွင်းကျသွားကြောင်း သိရသဖြင့် ကျနော် အတော်စိတ်မကောင်းဖြစ်ရတဲ့အပြင် ဦးလေးရဲ့ ကျန်းမာရေးအတွက် ကျနော် စိုးရိမ်မိတယ်။ ဦးလေးက အသက်အရွယ်လည်းကြီးပြီ။ လူကြီးဆိုတဲ့အတိုင်း လူကြီးရောဂါရှိနေတယ်။ ကျန်းမာရေးသိပ်မကောင်းလှ။ ဦးလေးတို့နှင့် တချိန်တည်း ရေကြည်အိုင် စစ်ကြောရေးစခန်းကိုရောက်ခဲ့တဲ့ ကျောင်းသားရဲဘော် ခေါင်းဆောင်တယောက် ပြောပြခဲ့လို့ ဦးလေးရဲ့ သတင်းဆိုးကို ကျနော် သိခဲ့ရတယ်။ ကျနော် အတော်စိတ်မကောင်း ဖြစ်မိတယ်။ သတင်းဆိုးက ဦးလေး တယောက်ရေကြည်အိုင် စစ်ကြောရေး စစ်အကျဉ်းစခန်းကိုရောက်ပြီး တရက်မှာ ကျဆုံးသွားခဲ့တယ် ဆိုတဲ့သတင်း။ ဒါကသေချာတယ်။ အဲဒီအချိန်က စစ်အစိုးရ ဘီလူးသဘက်စီးနေတဲ့ အချိန်။ ဗိုလ်ခင်ညွန့်နှင့် သူ့ထောက်လှမ်းရေးအဖွဲ့သားတွေက လူသတ်လိုင်စင်ရထားတဲ့ အချိန်။ သူတို့မှာ လူစိတ်ကင်းပြီး လူ့ယဉ်ကျေးမှုမဲ့နေတဲ့ အချိန်။

ဦးလေးရဲ့ အမည်က ဦးမောင်ကို ဆိုတာလည်းရှိတယ်။ အမည်အရင်း ဟုတ်မဟုတ်ကိုတော့ ကိုသက်ခိုင် လောက်သာသိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ရဲဘော်တွေအကြားမှာ “ဦးမောင်ကို” ဆိုတဲ့အမည်ကိုလည်း သိခဲ့ကြတာရှိတယ်။ ၄၈၂၈ ပါတီကော်မတီ အတွင်းရေးမှူး ကိုသက်ခိုင်နှင့် ကျနော် သိခဲ့တဲ့ နာမည်တခုက “ဦးစိုးမြင့်”။ နာမည်အရင်းဟုတ်မဟုတ်တော့ ကျနော်မသိ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ စစ်အစိုးရဖြုတ်ချရေးအတွက် မြေပေါ်ယူဂျီတွေဖြစ်လို့ သူ့အမည်အရင်းကို အမှန်အတိုင်း သိဖို့ မဖြစ်နိုင်။ စည်းကမ်းအရလည်း သိခွင့်မရှိ။ စပ်စုခွင့် မရှိ။ သိလို့လည်းမဖြစ်။ ကျနော်တို့ဟာ မြေပေါ်ယူဂျီ နိုင်ငံရေးသမားတွေရဲ့ လျှို့ဝှက်စည်းကမ်း အညီနေကြသူတွေ။

အဲဒီနေရာမှာ ကျနော်တို့ ပါတီကော်မတီဥက္ကဋ္ဌ ဦးလေးရဲ့ နာမည်ချင်းထပ်တူဖြစ်တဲ့ စစ်အစိုးရ ဖမ်းဆီးခံရတဲ့ ဦးမောင်ကိုတယောက်လည်း ရှိခဲ့တယ်။ သူကတော့ တနိုင်ငံလုံးပါဝင်ခဲ့တဲ့ ၈၈ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးပြီးတဲ့နောက် NLD ပါတီကိုရောက်သွားခဲ့တဲ့ ဦးမောင်ကိုပါ။ အရေးတော်ပုံ ကာလအတွင်း သူက မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌလို့ ထင်တယ်။ အဲဒီအချိန်က ကျနော်တို့လက် ကျနော်တို့ခြေ လုပ်လို့ရတဲ့ GSC ထဲမှာ ဦးမောင်ကို ဟာ ထိပ်တန်းခေါင်းဆောင် တယောက်အဖြစ် ပါဝင်ခဲ့တယ်။ အဲဒီ ဦးမောင်ကိုဟာ စစ်ကြောရေးကာလအတွင်း ဘယ်လို စစ်ကြောခံလိုက်လို့လဲ မသိ။ သူ့ကိုယ်သူ ကြိုးဆွဲချသေသွားခဲ့တယ်လို့ ကျနော်တို့ ထောင်တွင်းရောက်မှ သိခဲ့ရတယ်။ အဲလိုကြိုးဆွဲချသေတာဟာ လူမဆန်စွာ စစ်ကြောရေးအလုပ်ခံရတဲ့အတွက် နိုင်ငံရေးသမားတယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာနှင့် လူ့ယဉ်ကျေးမှုအတွက် ကာကွယ်ဂုဏ်ပြုသွားတာလို့ ယူဆပြီး ကျနော် အလေးအမြတ်ပြုမိတယ်။ အဲဒီအဖြစ်အအပျက်နဲ့ ပါတ်သက်လို့ ထိုစဉ်က စစ်အစိုးရခေါင်းဆောင် ဗိုလ်စောမောင်ဆိုသူက လူ့အသက်တချောင်းကို တန်ဖိုးမထား၊ တန်ဖိုးမသိသူပီပီ လူသားမဆန်စွာ ပြောခဲ့စကား (သူ့မိန်ခွန်းထဲမှာပါတယ်လို့ ကျနော်ထင်တယ်) ကို ကျနော် ခုထိမှတ်မိနေခဲ့တယ်။ “NLD က မောင်ကို သူ့ဘာသာသူ ကြိုှးဆွဲချသေတာ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး” ဆိုတဲ့စကားပဲ။ ဗိုလ်စောမောင်နှင့် ဗိုလ်ခင်ညွန့်တို့ဟာ နာဇီဖက်ဆစ်၊ ဂျပန်ဖက်ဆစ် လူသတ်သမားတွေလို လူသားတယောက်ရဲ့ အသက်တချောင်းကို လူ့အသက်ရယ်လို့ လူဆန်စွာ သဘောမထားခဲ့တဲ့ စစ်အာဏာရှင်ဆိုး လူသတ်သမားတွေ ဖြစ်တယ်လို့ ကျနော်ယူဆတယ်။ နောက်တော့ ဗိုလ်စောမောင်နှင့် ဗိုလ်ခင်ညွန့် တို့ လဲ ပဲ … …။

ထားတော့ ! ဒါက သူတို့ ကိစ္စ။ ကျနော် အခုဆက်ရေးချင်တာက ကျနော်တို့ရဲ့ပါတီကော်မတီ ဥက္ကဋ္ဌ ဦးမောင်ကို ရဲ့ သမိုင်းတွင်ကျန်ရစ်ခဲ့တဲ့ အကြောင်း။ ကျနော်တို့ရဲ့ “ ဦးလေး” ခေါ် ဦးမောင်ကိုဟာ အထက်ပါ “ဦးမောင်ကို” သေဆုံးခဲ့ရသလိုမျိုးတော့ မဟုတ်။ စစ်ကြောရေးထုတ်တဲ့ရက်မှာ- “မဖော်ဘူး .. မပြောဘူးကွ ! အသေခံသွားမယ်” လို့ ဘေးအခန်းက အဖမ်းဆီးခံ ကျောင်းသား ရဲဘော်တွေကြားအောင် အော်ပြောသွားခဲ့တယ်။ အဲဒီယုံကြည်ချက် သန္နိဋ္ဌာန်ခိုင်မာတဲ့ စကားကို ဘေးချင်းမနီးမဝေးအခန်းမှာ ဖမ်းဆီးခံထားရတဲ့ အထက်ပါ ကျောင်းသားခေါင်းဆောင်က အင်းစိန်ထောင်ရောက်လာတဲ့အခါ ကျနော် တို့ကို ပြန်ပြောပြခဲ့တယ်။

ဦးလေးနှင့်ကျနော် စတွေ့တာက ကိုသက်ခိုင် ပြောင်းရွှေ့နေထိုင်တဲ့အိမ်မှာ။ ဦးလေးက ခန္ဓာကိုယ်တုတ်ခိုင်တယ်။ အသက်အရွယ်အရ လက်ပြင် မဆိုသလောက်ကိုင်းတာကလွဲလို့ ကြံ့ခိုင်တယ်။ စကားပြောရင် ဖြေးဖြေးလေးနဲ့ အလေးအနက် ပြောလေ့ရှိတယ်။ ဖြစ်ပြီးခဲ့သမျှ တိုင်းပြည်သမိုင်း၊ ပါတီသမိုင်းနဲ့ယှဉ်ပြီး အချက်အလက်ခိုင်လုံစွာ ပြောလေ့ရှိတယ်။ သူ့ပြောစကားကို နားထောင်ရတဲ့အခါ၊ ပါတီရပ်တည်ချက်က တရွေးသားမှ မရွေ့ကြောင်း ထင်ထင်ရှားရှား၊ ခိုင်ခိုင်မာမာ သိရှိရတဲ့အတွက် နားထောင်သူအဖို့ နိုင်ငံရေးယုံကြည်ချက် သံမဏိသားပိုကျလာလေ့ရှိတယ်။ ဦးလေးဟာ ၈၈ အရေး တော်ပုံကြီးအပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်အတွင်း၊ ကျနော့် အိမ်မှာ ၅-လ လောက် နေထိုင် လှုပ်ရှားသွားတယ်။

အဲဒီလိုလာမနေခင်တရက် ကျနော့်နေအိမ်ခြံဝင်းကနေ ရေကျော်ရပ်ကွက်ဆီ ကျနော်ကိုယ်တိုင် ပြောင်းရွှေ့ပေးထားခဲ့တဲ့ ကိုသက်ခိုင်နေအိမ်ကို ကျနော် ရောက်တယ်။ ကျနော် ရောက်သွားစဉ်မှာ ဦးလေးရော ကိုသက်ခိုင်ပါ အရေးတကြီးကိစ္စတခု ကြုံနေကြတယ်။ ဘာကိစ္စမှန်း ကျနော် မသိ။ ကိုသက်ခိုင် ကို ချက်ပြုတ်ကျွေးမွေးနေတဲ့ ရဲမေ “ခင်နှင်းရီ” (တတိယပတ် ဂျပန်ကျောင်းဆင်း ဗိုလ်ဆက်ရောင်ရဲ့သမီး၊ ဗဟန်းမြို့နယ် လှယဉ်ကျေးမယ်) ပါ၊ ဖြစ်နေတဲ့ အရေးပေါ်ကိစ္စကို သိပုံမရ။ ကိုသက်ခိုင်က ကျနော် ရောက်ပြီး (၁၀) မိနစ်လောက်မှာ အရေးတကြီး အရေးပေါ်ကိစ္စဖြစ်နေကြောင်း ကျနော့်ကို ပြောပြတယ်။ သူပြောတဲ့စကားထဲမှာ “ ဦးလေး” ကို ချက်ချင်း ကျနော့် အိမ်ခေါ်သွားဖို့ပါတယ်။ ကိုသက်ခိုင် က ကျနော့်ကို အတော်စိတ်ချတယ်။ အဲလိုစိတ်ချတာကလည်း ကိုသက်ခိုင်နှင့် ကိုသက်ခိုင် တာဝန်ပေးတာမှန်သမျှနဲ့ ပတ်သက်လို့ ကျနော့်ရဲ့ပါတီနှင့် တော်လှန်ရေးအပေါ် လေးနက်တဲ့ယုံကြည်ချက်အရ လုပ်ပေးခဲ့တာတွေ ရှိနေခဲ့လို့ ဖြစ်တယ်။

တကယ်တော့ ကျနော့် မိသားစုနေတဲ့အိမ်ဟာ ( L ) ပုံသဏ္ဌာန် ခြံဝင်းအတွင်းမှာ ဖြစ်တယ်။ ခြံဝင်းထဲမှာ ကျနော့်အိမ်အပြင် အခြားအိမ် ၂-လုံး ရှိတယ်။ ကိုသက်ခိုင် ကျနော့်ဆီကို ရောက်တဲ့အချိန်က ၁၉၈၇ ခုနှစ် ဧပြီလကုန်ပိုင်းမှာ။ ထိုစဉ်က ကိုသက်ခိုင် လျှို့ဝှက်စွာ ၀ပ်နေတဲ့ဝပ်ကျင်းက အကြောင်းအမျိုးမျိုးကြောင့် လုံခြုံမှုမရှိတဲ့အတွက် ကျနော့်ဆီရောက်လာတာ ဖြစ်တယ်။ ဒီတော့ နေရထိုင်ရ လုပ်ရကိုင်ရတာ မလုံခြုံရင် ကျနော်ခြံထဲက ဓားလွယ်ခုတ် တိုက်အိမ်လေးမှာ လာငှားနေဖို့ ကျနော် အကြံပြုတယ်။ “ခင်ဗျားက ဗမာပြည်ရဲ့ ချူအိုင်လိုင်းပေါ့” လို့တောင် သူ့ကိုကျနော် ပြောမိတယ်။ ချူအင်လိုင်းဟာ တရုတ်ပြည်တော်လှန်ရေးကြီးအတွင်း မြို့ကြီးပေါ်တက်ပြီး ပါတီတာဝန်ယူလှုပ်ရှား ခဲ့သူ မဟုတ်လား။ ကိုသက်ခိုင် ကလည်း ကျနော့်အကြံပြုချက် အလုံးစုံကို ထိုင်ရာမထလက်ခံပြီး ကျနော်တို့ ခြံဝင်းထဲက အဲဒီတိုက်အိမ်လေးမှာ ငှားရမ်းနေထိုင်ဖြစ်ခဲ့တယ်။ အဲဒီတိုက်အိမ်လေးမှာ ကိုသက်ခိုင် ငှားရမ်းနေထိုင်ခဲ့တာ ၁၉၈၇ ခုနှစ် မေလ (၁) ရက် ကနေ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်နေ့အထိ တနှစ်ခွဲလောက် ကြာမြင့်ခဲ့တယ်။ ကိုသက်ခိုင် နေထိုင်စဉ်အတွင်း ကျနော်တို့ ၂-ဦး ရဲ့ (MAKE UP) ဇာတ်လမ်းတွေကြောင့် ပတ်ဝန်းကျင်က လုံးဝမရိပ်မိ။ အရေးကြီးတဲ့ ရဲဘော် ၂-ဦး ၃-ဦး လောက်ကလွဲပြီး ဘယ်ရဲဘော်မှလည်း မသိ။ ကျနော့် ဇနီးပင် ဘာမှမသိ။ ကိုသက်ခိုင်ကို ကျောက်ကုန်သည်အဖြစ် ဖန်တီးဇာတ်လမ်းခင်းပြီး ကျနော့်အိမ်မှာ ထမင်းလခပေး စားစေခဲ့ရတယ်။ ပိုပြီး ယုတ္တိရှိအောင် ဇာတ်လမ်းခင်းခဲ့ရတာ ဖြစ်တယ်။

၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးအပြီး၊ ၁၉၈၉ ခုနှစ် ဇန်န၀ါရီ (၁) ရက်မှာ လုံခြုံရေးအရ ကိုသက်ခိုင် ကို ရေကျော်နေအိမ်အရောက် ကျနော်ကိုယ်တိုင် လိုက်ပြောင်းပေးပြီးနောက် သိပ်မကြာလိုက်။ ဦးလေး ရန်ကုန်ရောက်လာခဲ့တယ်။ အထက်ဖော်ပြပါ အရေးတကြီးကိစ္စ ပေါ်လာတဲ့အချိန် ကျနော် ရောက်သွားတော့ ကိုသက်ခိုင်က “ဦးလေးကို ကျနော့်အိမ်ခေါ်သွားဖို့” ကျနော့်ကို တာဝန်လေးတယ်။ ချက်ချင်းပါပဲ ဦးလေးကို ကျနော့်နေအိမ် အရောက်ခေါ်လာခဲ့တယ်။ ညနေ (၅) နာရီမှာ တယ်လီဖုန်းခေါ်သံစောင့်ဖို့ ကိုသက်ခိုင်က ကျနော့်ကို မှာတယ်။ (CYPHER) က “ရာဇာကြီး! ကျန်းမာရေးကောင်းတယ်” ကျနော်နှင့် ကိုသက်ခိုင်သာသိတဲ့ အဓိပ္ပါယ်။ အဲဒီနောက် ကိုသက်ခိုင်က နောက်တဆင့်တိုးပြီး ကျနော့်ကို တောင်းဆိုပြန်တယ်။ ဦးလေး ကျနော့်အိမ်ကိုရောက်ပြီး သိပ်မကြာခင်မှာ ဦးလေးကို ကျနော့်မိသားစု သန်းခေါင်စာရင်းထဲသွင်းထားဖို့ ပြောလာတယ်။ ဒါဟာ ပါတီကိစ္စ၊ တော်လှန်ရေးကိစ္စဖြစ်တဲ့အတွက် ဦးလေးကို ကျနော့်မိသားစု အိမ်ထောင်စုစာရင်းမှာ “ဦးစိုးမြင့်” ဆိုတဲ့နံမည်နဲ့ သန်းခေါင်စာရင်းသွားထားလိုက်တယ်

ဦးလေးကို အိမ်ထောင်စုစာရင်းသွင်းတာနဲ့ပတ်သက်လို့ ကျနော့်ကိုဖမ်းစဉ်က စစ်ထောက်လှမ်းရေးက သိပ်သိပုံမရဘူးလို့ ကျနော် ထင်တယ်။ ကျနော့်ကို ဖမ်းဆီးတာ နံနက် (၄) နာရီလောက်မှာ။ အဲဒီအချိန်က ကိုသက်ခိုင်၊ ခင်နှင်းရီ နှင့် မောင်စိုးလွင်တို့ကို ဖမ်းဆီးခဲ့အပြီး (၅) နာရီအကျော်လောက်မှာ ဖြစ်တယ်။ ကျနော့်ကို ဖမ်းဆီးခေါ်သွားတဲ့နေရာက ထောက်လှမ်းရေး (၆) စစ်ကြောရေးစခန်း ဖြစ်ပုံရတယ်။ ရောက်ရောက်ချင်း ကျနော့်ကို ခေါ်ထုတ်တယ်။ “မင်းအိမ်ကို လာလာနေတဲ့ မောင်လေး ဘယ်မှာလဲ” လို့ မေးတယ်။ သူတို့မေးပုံက မရေမရာ ဝေေ၀၀ါးဝါးဆိုတော့ ကျနော်အကြိုက်တွေ့သွားပြီး ခပ်ဝါးဝါးပဲ ပြန်ဖြေလိုက်တာယ်။ ကျနော်က နယ်စပ်ကုန်ကူးနေသူဖြစ်လေတော့ အဲဒီကုန်ကူးတာနဲ့ ရောထွေးပြီး ကုန်သည်တွေလာတတ်ကြောင်း ရောကြိတ်လိုက်တော့ ပြီးသွားပုံရတယ်။ ကျနော့်ကို အဲဒီမေးခွန်းတခုထဲမေးပြီး နံနက် (၆) နာရီလောက်မှာ ကျနော်အပါအ၀င် ကိုသက်ခိုင် နှင့် အခြားသုံးယောက်ကို ရေကြည်အိုင်စစ်ကြောရေးစခန်းကို ပို့တယ်။ ခင်နှင်းရီ ကို ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းတဲ့အသံကြားတယ်။ ကျနော်တို့က မျက်လုံးကို အ၀တ်နဲ့ အစည်းခံထားရပြီး ကားကြမ်းပြင်ပေါ်မှာ မှောက်အိပ်ပြီး လိုက်ခဲ့ရတယ်။ မှောက်အိပ်လိုက်စဉ်မှာ လူတယောက်ရဲ့ ခြေသလုံးပေါ်မှာ ဖြစ်နေလို့ မျက်လုံးစည်းထားတဲ့ကြားက ခိုးကြည့်လိုက်တယ်။ ခြေသလုံးက ခပ်မဲမဲ တုတ်တုတ်ခိုင်ခိုင်။ ခြေသလုံးမွှေးတွေနဲ့။ ဒီလူ့ကို ကိုတင်အောင်ဖြစ်မယ်လို့ ကျနော် ထင်လိုက်တယ်။

အမှတ် (၆) စစ်ကြောရေးမှာ ကျနော့်ကို စစ်ကြောတဲ့ပုံစံကို ပြောပါရစေ။ ခြေထောက် ၂-ဖက်ကိုကား ၊ ကွေးပြီး ဒူးညွှတ်ထားရတယ်။ ပုဆိုး ၂-စကို ခါးကြားထိုးပေးတယ်။ လက်ထိပ်နောက်ပြန်ခတ်ထားတယ်။ ခေါင်းကို ပလတ်စတစ်အိတ်ကြီးကြီးတလုံးစွပ်ပြီး လည်ပင်းမှာချည်ထားတယ်။ အသက်ရှူလိုက်တိုင်း ပလတ်စတစ်အိတ်က မျက်နှာကို ကပ်လိုက် ခွာလိုက်။ အသက်လည်း ကောင်းကောင်းရှူလို့မရ။ အဲဒီအနေအထားအတိုင်းထားပြီး ၂×၁ လက်မ သစ်သားပြားနဲ့ ကျနော့် 'မအား' ကို ပင့်ပင့်ပြီး ရိုက်စစ်ဆေးတယ်။ ဦးလေးအကြောင်းကိုပဲ လူမဆန်စွာ စစ်မေးတယ်။ ကျနော့်ဆီက ဘာမှမရတော့မှ ကျနော့်အခန်းပြန်ပို့တယ်။ ပြန်ပို့စဉ်မှာ “ကျနော်တို့ပါတီဟာ မှန်ကန်ပြီး တရားမျှတတဲ့ ပါတီဖြစ်တယ်” လို့ ပြောလိုက်တဲ့အသံတခုကို ကျနော် ကြားလိုက်ရလို့ ကျနော် အားတက်သွားတယ်။ ကိုသက်ခိုင် အသံ ဖြစ်ပုံရတယ်။

ကျနော့်ကို ဖမ်းဆီးတဲ့အချိန်မှာ ဦးလေးကျနော့်အိမ်မှာ မရှိလို့တော်သေးတယ်။ ထောင်ထဲရောက်မှ ပြန်ကြားရတာက ဦးလေးဟာ ကျနော့်ကိုဖမ်းဆီးတဲ့ နံနက်လင်းပိုင်းမှာ သွားတဲ့ခရီးကနေ ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ ပိုပြီးတော်သေးတာက ပြန်လာတဲ့နံနက်မှာ ဦးလေးက ကျနော့်အိမ်ကို တိုက်ရိုက်မ၀င်။ ရဲဘော်တယောက်ဆီကိုသွားလိုက်တဲ့အတွက် ကျနော်တို့တတွေ ရန်သူ့လက်ကျသွားမှန်း သူသိခဲ့တယ်။ အတော် တော်လှန်ရေးကံကြီးတဲ့ ဦးလေး။ ကျနော့်အိမ်မှာနေရင်း ပထမခရီးတခေါက်တုန်းက အထက်ဗမာပြည် မြို့တမြို့မှာ သတင်းရလို့ သူ့ကိုတက်ဖမ်းတဲ့အခါ သူ့ကိုမမိဘဲ သူဝတ်ထားတဲ့ တရုတ်ဂျာကင်အနွေးထည်ကြီးသာ ပါသွားခဲ့တယ်။ အဲဒီတခေါက်မှာတော့ ကျနော့်ရဲ့ (Field Jacket) ကိုဝတ်သွားပြီး၊ အဲဒီအနွေးထည်ကြီးနဲ့ ရန်ကုန်ကို ပြန်ရောက်လာတာဖြစ်ကြောင်း ကျနော်ထောင်တွင်းကနေ ကြားသိခဲ့ရတယ်။

အဲဒီအချိန်က ကျနော့်သားကြီး မောင်နေလကို မဖမ်းသေးဘူး။ ကျနော့်သားကြီး မောင်နေလ ကို ကျနော်နဲ့ (၇) ရက်လောက်ခြားပြီး (ဒေါ်အောင်ဆန်းစု ကြည်ကို ပထမဆုံးစဖမ်းတဲ့) ၁၉၈၉-ခုနှစ် ဇူလိုင် (၂၀) ရက်နေ့ ညမှာဖမ်းတယ်။ သားကြီးက အဒီညမှာပဲ အိမ်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်။ ဒါပေမယ့် အဲဒီအဖမ်းအဆီးမှာ လာဖမ်းတဲ့ထောက်လှမ်းရေးတွေက ဘာရည်ရွယ်ချက်မှန်းမသိရဘဲ သန်းခေါင်စာရင်းကိုတောင်းပြီး စစ်ဆေးတယ်။ ကျနော့် အိမ်သန်းခေါင်စာရင်းမှာက လူတယောက်နံမည် ပိုနေတယ်။ ပိုနေတဲ့လူက ဦးလေး ဖြစ်တယ်။ ကျနော်က ဦးလေးကို “ဦးစိုးမြင့်” အမည်နဲ့ သန်းခေါင်စာရင်း သွင်းထားခဲ့လို့ ဖြစ်တယ်။ ကျနော့် ဇနီးကလည်း အဲလိုကျနော် သန်းခေါင်စာရင်းသွင်းထားမှန်း လုံးဝမသိ။ ကျနော့်အိမ်လာသူတွေကိုလည်း စိတ်မ၀င်စားဘဲ ဖာသိဖာသာနေတော့ ဘယ်သူတွေဘာမှန်း သူလုံးဝမသိ။ ထောက်လှမ်းရေးက သန်းခေါင်စာရင်းကိုပြပြီး “ဒါ .. ဘယ်ကဦးစိုးမြင့်လဲ” လို့ မေးမှ ကျနော့်ဇနီး မျက်လုံးပြူးသွားပြီး ကြောင်တောင်တောင် ဖြစ်သွားရတယ်။ ကျနော့်ဇနီးရဲ့အစ်ကို အမည်ကလည်း “ဦးစိုးမြင့်” ဖြစ်နေလေတော့ “ဟင် .. ကျမအစ်ကို ကိုစိုးမြင့် ဘယ်တုန်းက ဒီအထဲရောက်မှန်း ကျမ မသိဘူး” လို့ ရိုးရိုးစင်းစင်းပြောဆိုလိုက်တာနဲ့ ကိစ္စပြီးပြတ်သွားခဲ့တယ်။ ထောက်လှမ်းရေးက ကျနော့်သားနံမည် “မောင်နေလ” ကိုရော ဦးလေးရဲ့အမည် “ဦးစိုးမြင့်” ဆိုတဲ့အမည်ကိုပါ မင်နီနဲ့ တားသွားခဲ့တယ်။ ဒီလိုမင်နီနဲ့ တားတဲ့လုပ်ရပ်ဟာ လူဝင်မှုကြည့်ကြပ်ရေး ဥပဒေအရဆိုရင် တကယ်ကို ဥပဒေချိုးဖောက်တာ ဖြစ်တယ်။ ဒါပေမယ့် ဒါက စစ်အစိုးရနဲ့ စစ်ထောက်လှမ်းရေး မဟုတ် မတရား လက်စောင်းထက်မှုက အနိမ့်ဆုံး သက်သေတခုအဖြစ်ဖော်ပြတယ်။ ထောင်တွင်းမှာ (၁၆) နှစ်ကြာနေပြီးနောက် ပြန်လွတ်လာတဲ့အခါ ကျနော့်ဇနီးကို အဲဒီကိစ္စရှင်းပြရတယ်။ ဒါပေမယ့် ကျနော့်ဇနီးက သူ့သားကြီး မသေသေးဘဲ မင်နီနဲ့တားသွားတာကို လုံးဝလက်မခံ လုံးဝမကျေနပ်ဘဲ စစ်အစိုးရကို အရွံကြီးရွံခဲ့တယ်။

ဦလေးက နပ်တယ်။ စကားပြောကောင်းတယ်။ အချက်အလက်နဲ့ပြောတယ်။ လေးလေးနက်နက်ပြောတယ်။ စည်းရုံးရေးမှာ ကျွမ်းသလို လက်ငင်းနိုင်ငံရေး အခြေအနေတွေ သရုပ်ခွဲရာမှာလည်း အနုပဋိလောမရုပ်ဝါဒ အဘိဓမ္မာအတွင်းကလွတ်ပြီး ပြောတာဆိုတာ ဘယ်တော့မှမရှိ။ လူငယ်ကို လူငယ်လိုစည်းရုံးတယ်။ ကလေးကို ကလေးလိုပြောဆို စည်းရုံးတယ်။ ကျနော့်အိမ်မှာနေစဉ် တရုတ်ပြည် “တိန်အန်မင်” ရင်ပြင်မှာ အရေးအခင်းတခု ဖြစ်ခဲ့တယ်။ ၁၉၈၉ ခုနှစ်က ဖြစ်တယ်။ ညစဉ် ကျနော်တို့ တရုတ်သတင်းဌာနမှ ထုတ်လွှင့်တဲ့ သတင်းကိုနားထောင်ရင်း “ တန်ပြန်တော်လှန်ရေး” ဆိုတဲ့ စကားလုံးပါလာတယ်။ ၄-၅ နှစ်သားအရွယ်ရှိသေးတဲ့ ကျနော့်သားအငယ်ကောင် “ဗညားမော်” က “ဘဘကြီး တန်ပြန်တော်လှန်ရေးဆိုတာ ဘာလဲ” လို့ ဦးလေးရင်ခွင်ထဲ ပြေးဝင်ရင်းမေးတယ်။ ဦးလေးက “ဟာ .. ဒီကောင် ငယ်ငယ်လေးနဲ့ တန်ပြန်တော်လှန်ရေးဆိုတာကို သိချင်နေပါလား” လို့ ပြောရင်း ပိုက်ပွေ့သဘောကျနေခဲ့တယ်။ ကျနော့်သားကြီး မောင်နေလ ကိုတော့ ဦးလေးက တလေးတစား ဆက်ဆံတယ်။ တလေးတစား စကားပြော ဆွေးနွေးတယ်။ အသက် (၁၇) နှစ်အရွယ် ဆယ်တန်းကျောင်းသား “သားကြီးမောင်နေလ” ကို ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌလုပ်နေမှန်း ဦးလေးသိတယ်။ ဦးလေးဟာ သားကြီးမောင်နေလ နှင့် ကျောင်းသား သမဂ္ဂအရေး၊ လက်ရှိနိုင်ငံရေးဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေအကြောင်း ပြောဆိုဆွေးနွေးရင်း နိုင်ငံရေးယုံကြည်ချက်ကို စွဲစွဲမြဲမြဲ လေးလေးနက်နက် ယုံကြည်လုပ်ကိုင်တတ် ခပ်ပါးပါးလေး ဆွေးနွေး သင်ကြားပေးခဲ့သူ ဖြစ်တယ်။

အခုအချိန်မှာ ဦးလေးရှိနေစေချင်တယ်။ ဦးလေးသာ စစ်ထောက်လှမ်းရေးတွေရဲ့ ရက်စက်မှုနဲ့ မကျဆုံးဘဲရှိနေခဲ့ရင်၊ သူပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့မြည်းအရွယ် သားကြီးမောင်နေလ နှင့် သားငယ် ဗညားမော်တို့ လျှောက်လှမ်းဖြတ်သန်းနေတဲ့ ဘ၀တွေကို ကြည့်ပြီး ကျေနပ်ပြုံး ပြုံးနေမှာပဲလို့ ကျနော် စဉ်းစားမိတယ်။ ဦးလေးနဲ့အတူတူတွဲလုပ်ရတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ၊ ၈၉-ခုနှစ် ဇူလိုင် (၇) ရက် နောက်ပိုင်း ကာလအတွက် ဦးလေးရည်မှန်းခဲ့တဲ့ နိုင်ငံရေး၊ တော်လှန်ရေးအတွက် စီစဉ်ပြင်ဆင်ချက်တွေအရ ဦးလေးကို ကျနော် အလေးအမြတ် အလေးနီ ပြုလိုက်ပါတယ်။ ခုထိ ကျနော့်နှလုံးသားထဲမှာ ဦးလေးတော့ရှိနေဆဲပါ။

အောင်မြိုင်
၂၂ ၊ ၂ ၊ ၁၄

No comments: