Tuesday, April 22, 2014
ဦးဝင်းတင် အတွက် ရင်ဖွင့်ကဗျာ
ရင်ဖွင့်ကာ အော်ဟစ်လိုက်မယ်
နှမျောတယ်.. လွမ်းတယ်။
အမှောင်မည်းမည်းထဲ နိမ့်ကျသူတို့ မျက်ရည်စက် ဖယ်ရှားချင်သူ
ခုတော့... ပိန်းပင်တွေထက် သူ့အတွက်
ပြည်သူ့မျက်ရည်စက်တွေသီးလို့။
မဟာပထ၀ီမြေမှာ အမြစ်တွယ် နက်ရှိုင်းသူ
ခုတော့...
ဒို့ဖက်တွယ်ဆဲ မြေကြီးက သူ့ကို ဦးညွတ်ခစင်းလို့။
သံမဏိ သူရဲကောင်းဆိုတာ
သံရည်ပူနဲ့ သွန်းထုတာမဟုတ်၊ အေးမြ ပြည်သူ့မေတ္တာနဲ့ သွန်းထုပြီးခဲ့ပေါ့၊
တော်ဝင်ပန်းတွေ မကမ်းဆက်ပေမယ့်
သူ့အတွက် ရည်မှန်း ဘုရားမှာလှူဒါန်းတဲ့
ပြည်တ၀ှမ်းမှာ တောပန်းတွေ ခုထိ လန်းနေဆဲပေါ့။
သံမဏိ ဂုဏ်ရည်အခန်းခန်းထဲမှာ
ငရဲခန်းမှာ မီးစားခံခဲ့သလို
အမှားနဲ့ အယောင်ဆောင်မှုတွေအကြားမှာ
အမှန်နဲ့ အလံမလှဲစတမ်း စိတ်ဓာတ်ကို
စိတ်ရှည်စွာ ထူမတ်ပြသခဲ့မှု အံ့သြမိတယ်။
နေမင်းတထောင်စူးရှတဲ့
ကန္တာရဆူးတောထဲမှာ မုန်တိုင်းတရာ ထန်လို့
ကြံ့ကြံ့ခံတဲ့ သူ့ပင်စည်သံမဏိသားအတွက် ဦးညွတ်သလို
ရဲနေအောင် ပွင့်ခဲ့တာအတွက် ပူဇော်တယ်။
သူများပြည်မှာ ဘာဂုဏ်တွေ တင့်တင့်
ပိတောက်ပွင့်တဲ့ ဒို့မြေမှာ
ဦးဝင်းတင်တယောက် တမိပေါက် တယောက်ထွန်းခဲ့တာ
ဗမာပြည်သားအနေနဲ့ ဂုဏ်ယူကျေနပ်တယ်။
စစ်အာဏာရှင်စနစ် ဆန်ကျင်တိုက်ဖျက်ရေးလမ်းမှာ
ဘယ်လို လျှောက်လှမ်းသွားရမယ်ဆိုတာ
တပါတီ တဖွဲ့တည်းကိုသာမက
တပြည်လုံးကို လမ်းပြသွန်သင်သွားတယ်။
ရန်တကာတို့ ကြောက်ဒူးတုန်စေအောင်
ပြည်သူအပေါင်း ရွှင်လန်းအားတက်စေအောင်
သူ့စိတ်ဓာတ်မျိုးမှ ဆောင်ကြဉ်းပေးနိုင်တယ်။
ကြာလေ ချစ်လေ
ကြာလေ လွမ်းလေ
ကြာလေ တမ်းတလေ
ပြည်သူတွေ လွမ်းရက်
ခေတ်အဆက်ဆက် တည်လိမ့်မယ်။
ဘယ်အသွေးဆင်ဆင်
သူ့ရင်ထဲက အနီရဲဆုံး စိတ်ဓာတ်
အမြင့်မြတ်ဆုံး နှလုံးသားကို
ငါ့ရဲ့ အမြင့်မားဆုံး ဦးညွတ်မှုက
“အလေးနီ ပြုလိုက်တယ်” ဆိုတာပဲ။
မငိုလေနဲ့ဦး အမျိုးသမီး ...
သူ့ရဲ့ စိတ်ရှည်မှု...သည်းခံမှု... ကြင်နာမှု... သဘောထားကြီးမှု
လက်ညှိုးတထောင်ထိုးနေတာကို ပြုံးပြုံးကြီးရင်ဆိုင်ရင်း
သေသည်အထိ ရှေ့ဆောင်လမ်းပြ ပျိုးထောင်ပေးခဲ့မှု
တစိမ့်စိမ့်တွေး တစိမ့်စိမ့်နားလည်
တငြိမ့်ငြိမ့် လှိုင်းတွေနဲ့
အနက်ရှိုင်းဆုံး နှလုံးသားတနေရာက
တမြေ့မြေ့ ခံစားမိလာမှ
မျက်ရည်မိုးရွာ ငိုချလိုက်လော့ ငိုပေတော့။
မောင်လှဝင်း (မြင်းခြံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment