Thursday, April 10, 2014

သ မီ း ေ လ း မွ ေ က် ာ က် ခ က် သို့


Moe KYaw | 8 April 2014

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံစစ်တပ်က အိုးအိမ်တွေဖျက်စီးပြီး မြေတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ဖြစ်နေတဲ့ သမီးလေးကျေးရွာအပါအ၀င် ပြောင်းရွှေ့ခံထားရတဲ့ ကျေးရွာတွေက ရွာသူရွာသား (၃၀၀) ကျော်လောက်ကို နေထိုင်ခွင့်ပေးထားတဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလိုင်နီကျေးရွာ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းကို ဧပြီလ (၁) ရက်နေ့ ညပိုင်းမှာ ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက အလိုင်နီဆည်နယ်နိမိတ် အတွင်းမှာ ရှိတာကြောင့်

ဖယ်ရှားပေးဖို့ တရားဝင်စာပို့ အကြောင်းကြားခဲ့ပါတယ်။

ဆည်မြောင်းဦးစီးဌာနလိုပဲ ဘုန်းတော်ကြီးကျောင်းကို ဖယ်ခိုင်းသလို သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေဟာ အောင်သိန္ဓိ ဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ အိုးအိမ်မဲ့ရွာသားတွေကို ပြောင်းရွှေ့ခိုင်းခဲ့တာလည်း အကြိမ်ကြိမ်ရှိခဲ့ပါတယ်။

အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းကို ဖယ်ရှားပေးဖို့ စာပို့အကြောင်းကြားတာဟာ သမီးလေးကျေးရွာသားတွေကွို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နေရာချထားပေးတဲ့ မင်းကုန်းကျေးရွာအုပ်စု ၀ါးယားကုန်းကျေးရွာမှာ မနေဘဲပြန်လာတဲ့ မတ်လ (၂၈) ရက်နေ့နောက်ပိုင်းမှာ သက်ဆိုင်ရာက လုပ်ဆောင်ခဲ့တဲ့ အခြေအနေပါ။

ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးလှသန်းက ဖေဖေါ်ဝါရီလ ၂၃ရ က်နေ့မှာ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ သမီးလေးကျေးရွာသားတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့မဟုတ်ဘဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ စံပြကျေးရွာအဖြစ် ဖော်ဆောင်ဖို့ မြေနေရာချထားပေး လုပ်ဆောင်မှာလို့ ဆိုခဲ့ပါတယ်။

သမီးလေးကျေးရွာသားတွေအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နေရာချထားပေးတဲ့နေရာဟာ လုပ်ကိုင်စားသောက်လို့မရတဲ့ ရေနက်ကွင်းနေရာဖြစ်သလို မြေနေရာအတွက် ခံဝန်လက်မှတ် ရေးထိုးရာမှာ လွတ်လပ်တဲ့သဘောဆန္ဒအတိုင်းမဟုတ်ဘဲ ချုပ်ချယ်ကန့်သတ်မှုတွေကြောင့် မတ်လ (၂၈) ရက်နေ့ကပဲ ၀ါးယားကုန်းကနေ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းကို ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေ အဖွဲ့က ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်ပြီး နေရေးထိုင်ရေးဒုက္ခရောက်နေတဲ့ သမီးလေးကျေးရွာသားတွေကို ဧပြီလ (၂) ရက်နေ့မှာ အောင်သိန္ဓိ ဘုန်းတော်ကြီးကျောင်းကနေ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းချောင်းနဘေးက ကျောက်ခက်ရွာမှာ နေရာချ ထားပေးဖို့ ခေါ်ယူသယ်ဆောင်လာစဉ် မွန်ပြည်နယ် သထုံနဲ့ ကရင်ပြည်နယ် ဘားအံမြို့အကြား ဒုံသမိတံတားအရောက်မှာ ကရင်ပြည်နယ်အစိုးရက ရှေ့ဆက်ခရီးထွက်ခွာခွင့် ပိတ်ပင်တားဆီးလိုက်ပါတော့တယ်။

ဒီလို တားစီးပိတ်ပင်ရာမှာ စစ်တပ်နဲ့ ရဲအင်အား ရာနဲ့ချီပြီး တားဆီးခဲ့တာဖြစ်ပြီး မနက်ပိုင်း ၁၁ နာရီခွဲကျော်လောက်ကနေ ညနေပိုင်းအထိ နေပူပူမှာ သမီးလေးကျေးရွာသားတွေကို သယ်ဆောင်လာတဲ့ ၁၂ ဘီကားကြီးတွေဟာ ရှေ့တိုးမရ နောက်ဆုတ်မရအခြေအနေမှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ ဗိုလ်မှူးဆန်း အောင်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ညှိနှိုင်းတယ်ဆိုတာထက် စကားများရတဲ့အခြေအနေတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ ကရင်ပြည်နယ်အစိုးရ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ တားဆီးတဲ့နေရာဟာ နေအတော်ပူပြင်းနေတာမို့ သမီးလေးကျေးရွာသားတွေ လိုက်ပါလာတဲ့ ကားတန်းကို အရိပ်ရတဲ့ နေရာ ရွှေ့ပြောင်းလို့ရအောင် ဗိုလ်မှူးဆန်းအောင်နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတို့ စကားများရတဲ့အထိကို အခြေအတင် ဖြစ်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

သမီးလေးကျေးရွာသားတွေ အနေနဲ့ကတော့ ရှေ့ဆက်သွားလို့မရတော့ရင် လမ်းပေါ်မှာပဲ ဆန္ဒပြတော့မယ်ဆိုတဲ့ ဆုံးဖြတ်မှုမျိုးတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာ ဗိုလ်မှူးဆန်အောင်ကို ဖုန်းနဲ့ဆက်သွယ် မေးကြည့်တဲ့အခါမှာတော့ ‘အခြေအနေတွေကတော့ သိပ်ကိုရှုပ်ထွေးနေပါတယ် တာဝန်ရှိတဲ့သူတွေဘက်ကလည်း ရှေ့ဆက်မသွားဖို့ တားထားတုန်းပဲဗျ ၊ ထမင်းလည်းမစားရသေးဘူး ဒုက္ခသည်တွေထဲမှာ အသက်ကြီးပိုင်းနဲ့ ကလေးတွေပါတယ်။ နေကလည်းပူ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ပါတယ်ဆိုတော့ လမ်းမှာ ဆိုးဆိုးဝါးဝါး ဖြစ်မှာကို စိုးရိမ်တယ်ဗျာ” လို့ ပြောကြားခဲ့ပါတယ်။

မိုးချုပ်တဲ့အချိန်မှာတော့ ဗိုလ်မှူးဆန်အောင်နဲ့ ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်းတို့ သဘောတူညီချက်ရခဲ့ပါတယ်။ အဲဒါကတော့ သမီးလေးကျေးရွာသားတွေလိုက်ပါလာတဲ့ ကားတန်းဟာ ဘုရားဖူးခရီးစဉ်အဖြစ် သွားလာခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ကျိုက်မရောမြို့နယ်ထဲက ဘုရားဖူးခရီးစဉ်ဟာ သမီးလေးကျေးရွာသားတွေအတွက် ဘုရားလည်းဖူးရ ထမင်းလည်းစားရ အိပ်စက်နားခိုခွင့်လည်းရခဲ့တဲ့အတွက် ၀မ်းသာစရာ အခြေအနေပါ။ ဒါ့အပြင် ကရင်ပြည်နယ်ဝန်ကြီးက ကျပ်ငွေ ငါးသိန်းလှူလိုက်တာကလည်း သာဓုခေါ်စရာ ဖြစ်ပါတော့တယ်။

ဧပြီလ (၄) ရက်နေ့မှာ သမီးလေးကျေးရွာသားတွေ ဘုရားဖူးရင်း နားခိုရင်းကနေ ခရီးဆက်လိုက်တာ နေမစောင်းခင်မှာတော့ ကော့ကရိတ်မြို့နယ်အ၀င် ကောင်းမှုကျေးရွာကို ရောက်ရှိပါတော့တယ်။ ကောင်းမှုကျေးရွာဟာ ဒီကေဘီအေ ဗိုလ်မှူးစောကျော်သက် အခြေချတဲ့ နေရာဖြစ်လို့ ကြိုဆိုသူတွေနဲ့ သမီးလေးကျေးရွာသားတွေ နွေးနွေးထွေးထွေး စားသောက် နားခိုကြတာကို မြင်တွေ့ခွင့်ရပါတော့တယ်။

ညနေပိုင်းမှာတော့ ကော့ကရိတ်ကနေ မြ၀တီမြို့ကို ခရီးဆက်ပြီး ညအမှောင်ပျိုးစမှာပဲ မြ၀တီမြို့ ဖားခြောက်ကောင် ဘုန်းတော်ကြီးကျောင်းမှာ ညအိပ်နားပြီး မြဝတီမြို့က NLD အဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း လူ့အဖွဲ့အစည်း၊ ABSDF ကျောင်းသားတပ်မတော်၊ ကရင်လူငယ်အစည်းအရုံး KYO ၊ KUN စတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုအားပေးကြပြီး စားသောက်ဖွယ်ရာတွေ ဝေငှပေးလှူတာတွေလည်းရှိခဲ့ကြပါတယ်။

ဧပြီလ (၅) ရက်နေ့ မနက် (၉) နာရီခွဲလောက်မှာတော့ သမီးလေးကျေးရွာသားတွေ ဖားခြောက်ကောင်ကနေ ကျောက်ခက်ကျေးရွာကို ဆက်လက်ထွက်ခွာသွားကြပါတယ်။ ဒီကေဘီအေအဖွဲ့ကနေ သမီးလေးကျေးရွာသားတွေ နေရာချထားပေးမယ့် ကျောက်ခက်ရွာ ခရီးစဉ်အထိ လိုက်ပါလာတဲ့ အောင်သိန္ဓိ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မက ‘ ဘုန်းကြီးတို့စီရောက်လာတုန်းက ဒကာကြီး ဗိုလ်မှူးဆန်းအောင်ပြောခဲ့တဲ့ ကတိအတိုင်းပဲ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ဒီကေဘီအေအဖွဲ့က သူတို့ နယ်မြေထဲမှာ နေရာချထားပေးမယ်ဆိုတဲ့အတိုင်း အခက်အခဲ အတားအဆီးတွေကြားကနေ သမီးလေးကျေးရွာအပါအ၀င် မြေသိမ်းခံရတဲ့ ကျေးရွာသား (၂၀၁) ဦးကို အခုလို ခေါ်ဆောင်လာနိုင်တာကို အလွန် ဂုဏ်ယူဝမ်းသာပါတယ် ကျေးဇူးလည်းတင်တာလို့ ပြောချင်ပါတယ် ဒါ ဟာ သမိုင်းတခုလည်း ဖြစ်ပါတယ်”။ လို့ မိန့်ကြားခဲ့ပါတယ်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးကျေးရွာက အိမ်ခြေ (၄၀၀) လောက်နေထိုင်တဲ့နေရာကို တပ်ပိုင်မြေနဲ့ မလွတ်ကင်းဘူးဆိုကာ ဒေသခံစစ်တပ်အပါအ၀င် ရဲနဲ့ စည်ပင်က ဖေဖေါ်ဝါရီလ (၄) ရက်နေ့မှာ အင်အားသုံး ဖျက်ဆီးပြီး မြေသိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စစ်တပ်က သိမ်းလို့ မြေမဲ့အိုးအိမ်မဲ့ ဘ၀ စကတည်းက သမီးလေးကျေးရွာသားတွေဟာ အောင်သိန္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံခဲ့ကြရတာ ဖြစ်ပါတယ်။

အဲလို ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့မှာ ဗိုလ်မှူးကြီးဆန်းအောင်နဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ဗိုလ်မှူးကြီးဆန်းအောင်က ဒုက္ခသည်ရွာသားတွေ ဆန္ဒရှိခဲ့မယ်ဆိုရင် ကရင်ပြည်နယ်ကိုခေါ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဗိုလ်မှုးကြီးဆန်းအောင်က သူပြောခဲ့တဲ့အတိုင်း ကျောက်ခက်ကျေးရွာအထိ နေရာချထားပေနိုင်ခဲ့တဲ့အပေါ် ‘ဒီိကိစ္စဟာ ကျနော်တို့ တဖွဲ့တည်းပဲ နယ်စပ်အရောက်သယ်ရမယ် ဆိုလို့ရှိရင် ဘယ်လိုမှ မရောက်နိုင်ဘူး၊ ရောက်ရှိတဲ့ နေရာမှာ ပြည်သူတွေက ပံ့ပိုးကူညီတဲ့အတွက် အောင်မြင်တာပါ၊ လူထုသာမကူညီဘူးဆိုရင် နယ်စပ်ကိုရောက်ဖို့ အကြောင်းမရှိဘူး။ ဖြတ်သန်းခဲ့ရတဲ့ ဘဝ တလျောက် အခုလို သမီးလေး ရွာသားတွေကို သယ်လာခဲ့ရတဲ့ အခက်အခဲကျော်ဖြတ်ရတာတွေ ရည်မှန်းချက်ရောက်တော့ ပျော်ရွှင်မှုတွေ ဒီလို ခံစားမှုမျိုးက ဒါ ပထမဆုံးပဲ”။ လို့ ပြောဆိုခဲ့ပါတယ်။

အောင်သိန္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးလေးကျေးရွာသားတွေကို ဒေသတာဝန်ရှိသူတွေက မတ်လ (၉) ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ဖို့ နောက်တကြိမ် မတ်လ (၁၇) ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖို့ စာနဲ့ တမျိုး နှုတ်နဲ့တဖုံ ရက်ဆက် ဆိုသလို ဖိအားပေးပြောဆိုခဲ့တယ်လို့ သက်တော် ၃၄ နှစ် ၀ါတော် (၁၀) ၀ါ ရ အောင်သိန္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ပါတယ်။

ဒီလို ဒေသတာဝန်ရှိသူတွေဖိအားပေးလာတဲ့အတွက် မတ်လ (၁၁) ရက်နေ့မှာ ဒီကေဘီအေက နေရာချထားပေးမယ့် ကျောက်ခက်ကျေးရွာကို သမီးလေးရွာသား (၄) ဦးနဲ့အတူ ဆရာတော် လေ့လာဖို့ လိုက်ပါလာခဲ့ပါတယ်။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းစတာတွေကို သမီးလေးရွာသားအားလုံးတွေအားလုံး နားလည်သဘောပေါက်အောင် သူ့တွေရှိချက်တွေကို ပြောပြမှာဖြစ်ပြီး ကျောက်ခက်ကျေးရွာကို သွားရေး မသွားရေးတော့ ၀င်ရောက် ဆုံးဖြတ်ပေးမှာမဟုတ်ဘူးလို့ မိန့်ခဲ့ဖူးပါတယ်။

သုံးလ နီးပါးကြာအောင် စောင့်ရှောက်ပေးခဲ့တဲ့ သမီးလေးရွာက သူ့ဒကာ ဒါယိကာမတွေကို ဒီကေဘီအေက နေရာချထားပေးတဲ့ ကျောက်ခက်ကျေးရွာမှာ စိတ်ချလက်ချ ထားခဲ့လိုက်ပြီဖြစ်ပါတယ်။
ဆရာတော်သတင်းသုံးနေထိုင်တဲ့ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းဟာ အလိုင်နီဆည်ဘေးမှာတည်ရှိပြီး အနီးအနားကျေးရွာတွေက ကလေးငယ်တွေ ပညာရေးအတွက် အလယ်တန်းအဆင့်ပြီးဆုံးအောင် သင်ကြားပေးတဲ့ ကျောင်းလည်းရှိပါတယ်။

အဲ့ဒီ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းကို ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက ဧပြီလ (၁) ရက်နေ့မှာ အလိုင်နီဆည်နယ်နိမိတ် အတွင်းမှာရှိတာကြောင့် ဖယ်ရှားပေးဖို့ စာပို့ထားတဲ့ ကိစ္စကိုဖြေရှင်းဖို့ ဆရာတော် ဦးအဂ္ဂဓမ္မကတော့ ပြန်ကြွသွားရပြီ ဖြစ်ပါတယ်။

No comments: