Thursday, April 10, 2014
သမီးလေးရွာသားတွေကို မဲဆောက်မြို့က လူမှုကူညီ စောင့်ရှောက်ရေး အဖွဲ့တွေဖြစ်တဲ့ ကျောင်းသားဆေးခန်း (မယ်တော်) နဲ့ SAW အဖွဲ့ သွားရောက်ကူညီ
Moe KYaw | 9 April 2014
ကရင်ပြည်နယ် မြ၀တီခရိုင် ကျောက်ခက်ကျေးရွာကို ဧပြီလ (၅) ရက်နေ့က ရောက်ရှိနေတဲ့ သမီးလေးကျေးရွာက မြေယာမဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို မယ်တော်ဆေးခန်းက တာဝန်ရှိတဲ့ သူတွေနဲ့ SAW အဖွဲ့က ဒီကနေ့ ဧပြီလ (၉) ရက်နေ့မှာ သွားရောက် ကူညီခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က သမီးလေးကျေးရွာသား (၂၀၀) ကျော်ဟာ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ဧပြီလ ၂ ရက်နေ့က လိုက်ပါခဲ့ကြတာဖြစ်ပြီး ကျောက်ခက်ကျေးရွာကို ဧပြီလ (၅) ရက်နေ့မှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
မဲဆောက်အခြေစိုက်
မယ်တော်ဆေးခန်းအပါအ၀င် ဒေသတွင်းကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းပြီး သမီးလေးကျေးရွာသားဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေတဲ့အခြေအနေကို မယ်တော်ဆေးခန်းဆေးမှူး ကိုသာဝင်းက အခုလို ရှင်းပြပါတယ်။
မနေ့တုန်းက ၀မ်းလျောဝမ်းပျက်တဲ့သူတွေရှိတယ် လေးငါးယောက်လောက်ရှိတယ် ဒါပေမယ့် ထိန်းချုပ်နိုင်တာပေါ့နော် အခုလောလောဆယ်ကတော့ အိမ်သာတော့ သိတ်စနစ်မကျသေး တော့ ကျနော်တို့ မယ်တော်ဆေးခန်းအဖွဲ့က အိမ်သာနဲ့ ရေ ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့ သူတွေက ကြည့်တဲ့အခါကြတော့ လိုအပ်တာတွေ စီစဉ်ပေးနေတယ်။ ရွာမှာတော့ ရေရောက် တယ် ဒါပေမယ့် ရေက် နည်းနည်းတော့ နည်းနေသေးတယ်ပေါ့လေ ရုတ်တရက် လူအစုလိုက် အပုံလိုက် ရောက်လာတဲ့အခါကြတော့ အခက်အခဲတော့ရှိတယ် အဓိက သောက်ရေသန့် မရ သေးဘူးပေါ့နော် လက်ရှိသုံးနေတဲ့ရေကတော့ သောက်ဖို့အတွက်အသင့်တော်သေးဘူးပေါ့။
သမီးလေးကျေးရွာက ဒုက္ခသည်အိမ်ထောင်စု (၈၀) နီးပါးနဲ့ လူဦးရေ (၂၀၁) ဦးထဲမှာ (၅) နှစ်အောက်ကလေးငယ် အယောက် (၂၀)၊ ဆယ့်နှစ်နှစ်အောက်ကလေး အယောက် (၃၀)ကျော်နဲ့ နို့တိုက်မိခင် (၂၀) ကျော်လောက် ပါဝင်နေတာမို့ အဲဒီလူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ မယ်တော်ဆေးခန်းနဲ့ BMA ဆေးခန်းတွေက ဒေသခံ ဆေးမှူးအပါအ၀င် ဆေးအဖွဲ့တွေ အမြဲတမ်းတာဝန်ပေးထား တယ်လို့လည်း သိရပါတယ်။
ဒုက္ခသည်တွေအားလုံးဟာ နေအိမ်တွေမဆောက်လုပ်ရသေးလို့ ကျောက်ခက်ကျေးရွာစာသင် ကျောင်းမှာ ယာယီတဲထိုးပြီးနေထိုင်ကြပါတယ်။ အမျိုးသားတွေအနေနဲ့ သစ် ၀ါး ခုတ်ပြီး အိမ် ဆောက်လုပ်ဖို့ DKBA အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နေ့စဉ် အလုပ်လုပ်နေကြပါတယ်။
ယာယီတဲမှာ ကျန်နေခဲ့တဲ့ သမီးလေးကျေးရွာသူ ကိုယ်ဝန်သည်မနော်ကတော့ ကျောက်ခက်ရွာ ရောက်နေတဲ့ အခြေအနေတွေကို အခုလိုပြောပြပါတယ်။
အိမ်ဆောက်တာကတော့ အခု ၀ါးတွေ ဘာတွေခုတ်ပြီးတော့ အိမ်နေရာကွက်တွေရိုက်ပြီး တိုင်တွေဘာတွေ တူးနေတယ်ပေါ့။ ဒီထဲက လူကြီးပိုင်းတွေကတော့ စားဖိုပဲဝင်တာပေါ့နော် ချက်ပြုတ်ကြွေးတယ်။ စားချိန်ကြ အလုပ်ပြန်လာတဲ့လူတွေလည်းစားပေါ့ ကျန်းမာရေးဝန် ထမ်းတွေအစုံရှိတယ် တစ်ရက်ကို နှစ်ခါသုံးခါလောက်လာစစ်ပါတယ်။ ဆရာဝန်တွေလည်း လာတယ် ကျန်းမာရေးမှူးအကုန်ရှိတယ်။ အလှူးရှင်တွေလည်းလာတယ် အများကြီးပဲ။ အခုလို ဗိုလ်မှူး ဆန်းအောင်ကယ်တင်တဲ့အတွက်ကြောင့်မို့လေ စိတ်အေးအေး စိတ်ချမ်းချမ်း သာသာလေးနေရတော့ သူ့ကိုလေ အထူးကျေးဇူးတင်တယ်။
မဲဆောက်အခြေစိုက် (SAW) အဖွဲ့က ကျောက်ခက်ရွာမှာ သမီးလေးရွာသားတွေအတွက် ခေါင်းလျော်ရည်၊ ဆပ်ပြာမှုန့် ၊ သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ပေါင်ဒါ၊ ဆောင် ၊ ခြင်ထောင်၊ အဝတ်အစား ၊ ဆန် နဲ့ ကြွေပန်းကန် စတဲ့ ပစ္စည်းတွေကို ဒီကနေ့ သွားရောက်လှူခဲ့ပါတယ်။
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးကျေးရွာက အိမ်ခြေ (၄၀၀) လောက်နေထိုင်တဲ့နေရာကို တပ်ပိုင်မြေနဲ့ မလွတ်ကင်းဘူးဆိုကာ ဒေသခံစစ်တပ်အပါအ၀င် ရဲနဲ့ စည်ပင်က ဖေဖေါ်ဝါရီလ (၄) ရက်နေ့မှာ အင်အားသုံး ဖျက်ဆီးပြီး မြေသိမ်းယူခံရလို့ သမီးလေးကျေးရွာသားတွေဟာ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းမှာ (၃) လနီးပါးကြာ ခိုလှုံခဲ့ရပါတယ်။
သမီးလေးကျေးရွာအပါအ၀င် ပြောင်းရွှေ့ခံထားရတဲ့ ကျေးရွာတွေက ရွာသူရွာသား (၃၀၀) ကျော်လောက်ကို ခိုလှုံ ခွင့်ပေးထားတဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလိုင်နီကျေးရွာ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းကို ဧပြီလ (၁)ရက်နေ့ ညပိုင်းမှာ ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက အလိုင်နီဆည်နယ်နိမိတ် အတွင်းမှာ ရှိတာကြောင့် ဖယ်ရှားပေးဖို့ တရားဝင်စာပို့ အကြောင်းကြားခဲ့ပါတယ်။
ဒီနောက် ဧပြီလ (၂) ရက်နေ့မှာတော့ သမီးလေးကျေးရွာသားတွေဟာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်မှူးကြီး ဆန်းအောင်ခေါ်ဆောင်တဲ့ သောင်ရင်းချောင်းနံဘေးက ကျောက်ခက်ကျေးရွာကို လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ် ခင်ဗျား။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment