Monday, April 21, 2014

UNFC သို့ အိတ်ဖွင့်ပေးစာအမှတ် (၂)


တွဲထားသောလက်များ ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြ

UNFC နှင့် NCCT ခေါင်းဆောင်များခင်ဗျား။

ကျွန်ုပ်တို့ဒီမိုကရေစီအရေးနှင့် အမျိုးသားများတန်းတူရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ဖော်ကိုင်ဖက်များက UNFC နှင့် NCCT ခေါင်းဆောင်များတို့ဟာ တိုတောင်းတဲ့အချိန်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ပတ်သက်လို့ ယနေ့ လက်ရှိအခြေအနေအထိ မယိမ်းမယိုင် တည့်မတ်စွာ စွမ်းဆောင်လာနိုင်တဲ့အပေါ် အထူးဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိ ပါကြောင်း ဦးစွာဖော်ပြလိုပါတယ်။

ကျွန်ုပ်တို့လုပ်ဖော်ကိုင်ဖက်များကနေပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လ (၉) ရက်နေ့က

“ဆုပ်မိထားတဲ့ဓါးရိုး လက်မလွတ်စေနဲ့” ဆိုတဲ့ အားပေးမှုအိတ်ဖွင့်ပေးစာတစောင်ကို ပေးပို့ခဲ့တယ်။ ယနေ့ငြိမ်းချမ်းရေးဖြစ်ထွန်းမှု အခြေ အနေအရ “တွဲထားသောလက်များ ခိုင်မြဲစွာဆုပ်ကိုင်ထားကြ” ဆိုတဲ့ အားပေးထောက်ခံမှု အိတ်ဖွင့်ပေးစာတစောင်ကို ထပ်မံပေးပို့လိုက်ပါတယ်။

လူကြီးမင်းများခင်ဗျား။

လူကြီးမင်းခေါင်းဆောင်များတို့ဘက်က တိုင်းရင်းသားများကိုယ်စားပြုပြီး ကြိုးပမ်းနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်ထောင်စုဗမာနိုင်ငံရဲ့ အခြေခံပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်ပြီး နိုင်ငံရေးပြဿနာများဆိုရာမှာ ပင်လုံစိတ်ဓါတ်အခြေခံမူအရတိုင်းရင်းသားများတန်းတူအခွင့်အရေးဆုံးရှုံးခြင်းပြဿနာရပ်နှင့် ပြည်သူများဒီမိုကရေစီ အခြေခံလူ့အခွင့်အရေး ဆိတ်သုဉ်းခြင်းပြဿနာတို့ဖြစ်ကာ ယင်းပြဿနာနှစ်ရပ်ကို တပြိုင်နက်ဖြေရှင်းနိုင်ရန် အမျိုး သားများတန်းတူရည်တူ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်းကို ရည်မှန်းချက်၊ ဦးတည်ချက်နှင့် လုပ်ငန်းစဉ်များ စနစ်တကျချမှတ်ထားကြောင်း တွေ့ရှိရတယ်။ ဒါပေမဲ့ စစ်အုပ်စုဘက်မှ ငြိမ်းချမ်းရေးဆိုရာမှာ ဟန်ပြငြိမ်းချမ်းရေးသာဖြစ်ပြီး အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက် ဦးဆောင်ပါဝင် ထမ်းဆောင်နိုင်ရေး ဦးတည်ချက်ပါအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝအထိမခံဘဲ ပြည်သူတရပ်လုံးကို ဆက်လက်ကျွန်ပြုထားနိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးများကို အစီအစဉ်ရှိရှိ မျိုးဖြုတ်ရေးဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အောက်သို့ အတင်းဆွဲသွင်းကာ အကြွင်းမဲ့ လက်နက်ချရေးကိုသာ ဦးတည်နေကြောင်း တွေ့ရှိရတယ်။ ဒါကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဟာ အဖြူနဲ့အမဲ လုံးဝကွဲလွဲနေပြီး ပြဒါးတလမ်းသံတလမ်း ဘယ်လိုမှဆက်စပ်လို့ မရနိုင်ပါ။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘယ်သူမှန် ဘယ်သူမှား ဆိုတာကို ပြည်သူများနှင့် နိုင်ငံတကာခေါင်းဆောင်များသို့ ထုတ်ပြနိုင်ရန် အချိန်အခါသင့်ပြီဖြစ်ကြောင်း အကြံပြုလိုပါတယ်။

ယနေ့လူကြီးမင်း NCCT ခေါင်းဆောင်များနှင့် စစ်အုပ်စုကိုယ်စားလှယ်များတို့ဟာ အကြိမ်ကြိမ်အလွတ်သဘော တွေ့ဆုံဆွေးနွေးကြရာမှ စစ်အုပ်စုဖက်ကရေးဆွဲထားပြီး အခန်း (၁၄) ခန်းပါရှိတဲ့ ငြိမ်းချမ်းရေးစာတမ်းမူကြမ်းနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက လိုင်ဇာ၊ လော်ခီးလာ ကွန်ဂရက်မှချမှတ်ထားသည့် အခန်း (၁၁) ခန်းပါရှိသော တနိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူညီချက်စာတမ်းအပေါ် အခြေခံထားကာ အခန်း (၇) ခန်းအဖြစ် ပါဝင်ရေးဆွဲသွားရန် သဘောတူကြောင်း ပူးတွဲထုတ်ပြန်ချက်အရ သိရှိရပါတယ်။ အဲ့ဒီလို မလွဲမသွေ ပူးတွဲစာတမ်း ရေးဆွဲလာရပါက လိုင်ဇာ၊ လော်ခီးလာကွန်ဂရက်မှ ချမှတ်ထားတဲ့ နိုင်ငံရေးအခြေခံမူများဖြစ်သော နိဒါန်း၊ အခန်း (၁) အခြေခံမူများ၊ အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အခန်း (၃) နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်းတို့ကို လုံးဝ မထိခိုက်စေရန်အတွက် အထူးသတိထားရမည်ဖြစ်ကြောင်း အလေးအနက် အကြံပြုလိုပါတယ်။ ထိုမျှမက စစ်အုပ်စုက ‘တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ’၊ ‘တော်လှန်ရေး’ ဆိုသည့်စာလုံးများကို လုံးဝမထည့်သွင်း စေခြင်းသည် တချိန်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအပေါ် နယ်ခြားစောင့်တပ်၊ ဌာနေ ပြည်သူ့စစ်ထက်အောက်ကျတဲ့ မူးယစ်ဆေးဝါးလက်နက်ကိုင်အဖွဲ့၊ သောင်းကျန်းသူအဖွဲ့ စသည် အမျိုးမျိုးဖြင့် နှိပ်ကွပ်လာမှာ မလွဲပေ။ ဒါကြောင့် တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကို အမြဲတမ်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အကြံပြုလိုပါတယ်။

လူကြီးမင်းများ ခင်ဗျား။

အဲ့ဒီလို အခန်း (၇) ခန်းပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးစာတမ်း ပူးတွဲရေးဆွဲရေးဆိုရာမှာ တရားခုံရုံး ရင်ဆိုင်ခြင်း မဟုတ်သလို စကားရည်လုပွဲလည်း မဟုတ်ပါ။ မိမိတို့ လိုင်ဇာ၊ လော်ခီးလာ သဘောတူချမှတ်ထားတဲ့ နိုင်ငံရေးအခြေခံမူများဖြစ်တဲ့ နိဒါန်း၊ အခန်း (၁) အခြေခံမူများ၊ အခန်း (၂) ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ၊ အခန်း (၃) လမ်းပြမြေပုံ ချမှတ်ခြင်းတို့ကို အတည်စွဲမြဲစွာ ကိုင်ထားရုံနှင့် လုံလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုက ပြည်သူတရပ်လုံးကို ကျွန်ဆက်ပြုထားမည့် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအောက် အတင်းဆွဲသွင်းမှာဖြစ်တဲ့အတွက် တခုတည်းသောစာတမ်းကို ဘယ်လိုမှရေးဆွဲနိုင်မယ်မဟုတ်ပါ။ ဒါကြောင့် မိမိတို့၏ မှန်ကန်သော ငြိမ်းချမ်းရေးအခြေခံမူဖြစ်တဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမူနှင့် ပြည်သူတရပ်လုံးကို ကျွန်ပြုလိုသော စစ်အုပ်စု၏မူ နှစ်ခုကိုပူးတွဲပြီး ပြည်သူများနှင့် နိုင်ငံတကာခေါင်းဆောင်များသို့ ရဲရဲကြီးဖွင့်ချတင်ပြရမှာ ဖြစ်တယ်။ ဒါမှသာလျှင် မည်သူက စစ်မှန်တဲ့ငြိမ်းချမ်းရေးလိုချင်ပြီး၊ မည်သူက ဒီမိုကရေစီနှင့်ဆန့်ကျင်နေတဲ့ စစ်အာဏရှင်စနစ်ဖြင့် ပြည်သူတရပ်လုံးကို ကျွန်ပြုထားချင်တာလဲဆိုတာ ယှဉ်တွဲဖော်ထုတ်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုဘက်က ဟန်ပြတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအခြေခံမူကို အောက်ဖော်ပြပါအတိုင်း ထုတ်ဖော်ပြထားပြီဖြစ်လို့ မိမိတို့ဘက်ကလည်း မှန်ကန်တဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်၊ ဦးတည်ချက်များ အနှစ်သာရအချုပ်ကို ပြည်သူလူထုနှင့် နိုင်ငံတကာခေါင်းဆောင်များ လွယ်ကူစွာ လေ့လာသိရှိနိုင်ရန် အောက်ပါအတိုင်း အခြေခံမူကို အချိန်မီ ထုတ်ဖော်တင်ပြထားသင့်ကြောင်း အကြံပြုလိုပါတယ်။

စစ်အုပ်စု၏ ငြိမ်းချမ်းရေး အဓိကအခြေခံမူ

၁။ သမတဦးသိန်းစိန်၏မူ ၂ ရပ်

က) ပြည်ထောင်စုမှမခွဲထွက်ခြင်း
ခ) ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို မထိပါး စေခြင်း

၂။ ကာချုပ်၏မူဝါဒ ၆ ရပ်

၁။ ထာဝရငြိမ်းချမ်းရေးရယူရန်အမှန်တကယ်ဆန္ဒရှိရန်
၂။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်
၃။ ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်
၎။ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်
၅။ နိုင်ငံတော်ကထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်
၆။ ဒို့တာဝန်အရေး ၃ ပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ငြိမ်းချမ်းရေး အဓိကအခြေခံမူ

၁။ ပြည်ထောင်စု ဗမာနိုင်ငံတော်၏ အခြေခံပြဿနာသည် နိုင်ငံရေးပြဿနာဖြစ်ကြောင်း ခံယူသည်။
၂။ နိုင်ငံရေးပြဿနာဆိုရာမှာ ပင်လုံစိတ်ဓာတ်အခြေခံမူအပေါ် တိုင်းရင်းသားများတန်းတူအခွင့်အရေး ဆုံးရှုံးခြင်းပြဿနာနှင့် ပြည်သူများ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေး ဆိတ်သုဉ်းခြင်းပြဿနာဖြစ်ကြောင်း ခံယူသည်။
၃။ ယင်းပြဿနာနှစ်ရပ်ကို တပြိုင်တည်း ဖြေရှင်းသွားနိုင်ရန် အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို မလွှဲမသွေ တည်ဆောက်ကြရမည်။
၎။ ထိုသို့တည်ဆောက်နိုင်ရန် ပင်လုံစိတ်ဓာတ်အခြေခံမူများကို အခြေခံထားပြီး ပြည်ထောင်စုညီလာခံကြီးကို ပူးပေါင်းကျင်းပရမည်။
၅။ ပြည်ထောင်စု ညီလာခံကြီးမှ ရရှိသော အမျိုးသား သဘောတူညီချက်များကို အခြေခံထားပြီး စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရမည်။
၆။ အထက်ဖေါ်ပြပါ နိုင်ငံရေးအခြေခံမှုများနှင့်အညီ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်ပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအောင်မြင်သည်အထိ တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် လက်တွဲဆောင်ရွက်မည်ဟု သံဓိဋ္ဌာန်ချမှတ်သည်။

အထက်ဖော်ပြပါ အခြေခံမူများအတိုင်းပြည်ထောင်စုငြိမ်းချမ်းရေး အခန်း (၇) ခန်း ပူးပေါင်းရေးဆွဲရာတွင် တခုတည်းသော စာတမ်း (Single Text) ရေးဆွဲရန် မိမိတို့၏အခြေခံမူအား စစ်အုပ်စုက လက်မခံနိုင်ပါက ၎င်းတို့၏ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ဆွဲသွင်းရေးအခြေခံမူကိုလည်း မိမိတို့က လုံးဝလက်ခံလို့ မဖြစ်နိုင်ပါ။ တစိတ်တပိုင်း လက်ခံမိပါကနှစ်ပေါင်း ၆၀ ကျော် ဒီမိုကရေစီရေးနှင့် အမျိုးသားများတန်းတူရေးအတွက် တိုက်ပွဲဝင်လာခဲ့သော ခေါင်းဆောင်များနှင့် ပြည်သူများအပေါ် သစ္စာဖောက်သူများဖြစ်သွားသည့်အပြင် ပြည်သူလူထုတရပ်လုံးကို စစ်ကျွန်ဘဝအောက်သို့ တွန်းချလိုက်မိပြီး စစ်အုပ်စုရဲ့ လူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားလူမျိုးများသည်လည်း ဝါးမျိုခံရပြီး လူမျိုးပပျောက်သွားမှာ ဖြစ်တယ်။ ဒါကြောင့် မိမိနိုင်ငံရေးအခြေခံမူအတိုင်း ကြံ့ကြံ့ခံ စွဲကိုင်ထားခြင်းမှတပါး အခြားနည်းလမ်းမရှိကြောင်း အကြံပြုလိုပါတယ်။

လူကြီးမင်းများခင်ဗျား။

လူကြီးမင်းများနဲ့ စစ်အုပ်စုခေါင်းဆောင်များ ဧပြီလဆန်းအတွင်း နောက်ဆုံး အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့စဉ်က UNFC ကိုယ်စားလှယ်များအပြင် UWSA, RCSS, NDAA ကိုယ်စားလှယ်ခေါင်းဆောင်များလည်း တက်ရောက်ကြပြီး တိုင်းရင်းသားများတန်းတူရေးဖြစ်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးလိုလားကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် လိုချင်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလိုချင်ကြောင်း၊ တနိုင်ငံလုံးငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပါက အခြား တိုင်းရင်းသားများနှင့်အတူ ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ၎င်းတို့၏သဘောထားများကို ထုတ်ဖော်ထား ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် UNFC တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၆ ဖွဲ့အပြင် UWSA၊ RCSS, NDAA စသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများတို့သည် အမျိုးသားများ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးတို့အပေါ် အားလုံးလိုလားကြကြောင်း တွေ့ရှိရပါတယ်။

UNFC နှင့် NCCT ခေါင်းဆောင်များ ခင်ဗျား။

နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ လိုင်ဇာ၊ လော်ခီး လာကွန်ဂရက်မှ သဘောတူချမှတ်ထားသော နိုင်ငံရေးအခြေခံမူအတိုင်း ခိုင်မြဲစွာဆုပ်ကိုင်ထားပြီး တိုင်းရင်းသားများ တွဲထားသည့်လက်များ ခိုင်မြဲစွာဆုပ်ကိုင်ထားရင်း တိုင်းရင်းသားပြည်သူတရပ်လုံး ထောက်ခံ ပူးပေါင်းပါဝင်လာကာ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းအောင်မြင်သည်အထိ တက်ညီလက်ညီ ချီတက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ဒီမိုကရေစီရေးနှင့် အမျိုးသားများတန်းတူရေး တပြိုင်နက်တည်းအောင်ပွဲခံရမယ်။
စစ်မှန်တဲ့ ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အောင်ရမယ်။

ဒီမိုကရေစီရေးနှင့် အမျိုးသားများတန်းတူရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ဖော်ကိုင်ဖက်များ
၂၀၁၄ ခု ဧပြီလ ၁၉ ရက်နေ့။

No comments: