ဂစ်တာသံတွေတိတ်ဆိတ်နေတဲ့ည
မလှပတော့ဘူး။
မြို့ပြရဲ့ နွေမိုးဆောင်းတေးသံတွေ
ဝေးလွင့်ဒဏ်ရာသင့်ခဲ့ပေါ့ ။
ဂစ်တာတလက်
အခန်းထောင့်မှာ အသက်မဲ့လို့။
စာကြည့်စားပွဲနဲ့စာအုပ်စင်
သခင်မဲ့လျှက်
စာကျက်သံမကြားရတော့။
အမှောင်ခေတ်က
လူငယ်ဘ၀ကို
မွမွချေခဲ့ပြီ။
ငှက်ကလေးက
ဘ၀ကို
အလှပဆုံးထုဆစ်ချင်ခဲ့။
လောကကောင်းကျိုး
သယ်ပိုးထမ်းရွက်ဖို့
ငှက်ကလေး
ဟိုး အဝေးမှာ
နွေဦးတေးကို
သီကြွေးနေတယ်။
လေဟုန်ဆန်
အမြင့်ပြန်ငှက်ရဲ့
မနက်ဖြန်
သံလွင်ခက်ကိုချီလာလိမ့်မယ်။
No comments:
Post a Comment