နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့) မေးခွန်းထုတ်စရာများ
(အပိုင်း ၁)
ကျမ ရေးသမျှ ကျမရဲ့ဖြတ်သန်းမှု၊ ကျမရဲ့ ကိုယ်၊ စိတ်၊ နှလုံး၊ သုံးပါးနဲ့သာ ဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်း အစစ်အမှန်ကိုသာ ရှာလို၍ ဖြစ်ပါကြောင်း။
ကိုမောင်မောင်က မေးတယ်။ “ဒီလောက်လူတွေအများကြီး ထောက်လှမ်းရေးတွေ ဖြစ်နိုင်ပါ့မလား” တဲ့။
ကျမ မေးချင်တာက
“ဒီလောက်လူတွေအများကြီး ဘယ်လိုအကြောင်းတွေကြောင့် ထောက်လှန်းရေးတွေ ဖြစ်ကုန်ခဲ့ကြ ရတာလဲ”
အားလုံးပဲ ဝိုင်းဝန်းစဉ်းစား ကြည့်ကြရအောင်ပါ။
အပတ်စဉ် (၅) ဆန္ဒပြပွဲမှာ တိုက်ပိတ်ဦးဆောင်ခဲ့တဲ့ ကိစ္စ၊ တိုက်ပိတ်ကြောင့် ဒေါ်အောင်ဆန်းဆုကြည် တောတွင်းဆက် သွယ်မှုနဲ့ ပထမဆုံး တရားစွဲခံခဲ့ရတဲ့ကိစ္စ၊ တောထဲမှာ တိုက်ပိတ်တို့ နန်းအောင်ထွေးကြည်တို့ ရိုက်ထားတဲ့ ဓါတ်ပုံတွေ မြက်ခင်းသစ်မှာ ပါလာတဲ့ကိစ္စ၊ ဦးစီးလွမ်းမိုး အဖမ်းခံရချိန်မှာ နန်းအောင်ထွေးကြည်ရဲ့ နားထင်ကို ပစ္စတိုနဲ့ ထောက်ပြီး အချိန်ခံခဲ့ရတဲ့ကိစ္စ၊ ရဲမေတယောက်နဲ့ ပတ်သက်ပြီး ရဲဘော်ကောင်းတယောက် ဆုံးရှုံးသွားရတဲ့ပြသနာတခုကို ပိုပြီးကြီး သွားအောင် နန်းအောင်ထွေးကြည် ပါဝင် ပုံကြီးချဲ့ခဲ့တဲ့ ကိစ္စတွေအပါအဝင် တိုက်ပိတ်၊ နန်းအောင်ထွေးကြည် တို့ အုပ်စု ဟာ သူတို့ရဲ့နေထိုင်ပြုမူပြောဆို လုပ်ကိုင်ခဲ့ကြပုံတွေအရကို တောထဲစရောက်လာကတည်းက သံသယဖြစ်ခြင်း ခံခဲ့ကြ ရပါတယ်။
ဒါကို တိုက်ပိတ်၊ နန်းအောင်ထွေးကြည်၊ မခင်ချိုဦးတို့ ကိုယ်တိုင်လည်း သိနားလည်သဘောပေါက်နေခဲ့တဲ့အတွက် နောက်ပိုင်းမှာ ခပ်အေးအေး ခပ်ကုပ်ကုပ်သာ နေထိုင်ခဲ့ကြပါတယ်။
(အဲဒီကတည်းက သံသယရှိခဲ့တယ်ဆိုတာ မြို့ကယူဂျီ ကိုညီညီဆမားရဲ့ နန်းအောင်ထွေးကြည်တို့ကို မဖမ်းဖို့ ရာဇသံ ပေးခဲ့တယ်ဆိုတဲ့ ရေးသားချက်ကို ပြန်ရှာဖတ်ပါ။) အဲဒီတုန်းက သူတို့ကို ဖမ်းဆီးတာမျိုးမလုပ်ခဲ့သလို ဒီအဖြစ်အပျက် တွေ မဖြစ်သေးခင်ထိ ရဲဘော်ရဲမေလိုပဲ ဆက်ဆံခဲ့ကြပါတယ်။ ကျောင်းသားရဲမေဘဝတုန်းက သူဘယ်လို ပျော်မွေ့ခဲ့ရပုံ တွေကို နန်းအောင်ထွေးကြည် ကိုယ်တိုင် ရေးထားတဲ့စာတွေအရ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။
စတင်အဖမ်းခံရတဲ့ စိုးမင်းအောင် (မန္တလေး) ကလည်း ဒါတွေဖြစ်ခါနီးအလိုမှ မိုးညှင်း ရင်း(၅) လမ်းကြောင်းအတိုင်း ရောက်ရှိလာတဲ့ လူသစ်တဦးပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရင်း(၅) ဘက်မှာ နအဖထိုးစစ်က ခါတိုင်းနဲ့မတူဘဲ ပိုပြီး ပြင်းထန်လာတယ်။ ဆန်ဂိုဒေါင်တွေ ရန်သူ့လက်ထဲရောက်သွားတယ်၊ ရဲဘော်တွေ ငတ်ကြပြတ်ကြ ဖျားကြ နာကြ သေ ကြတယ်။ လမ်းတလျှောက် သစ်ပင်တွေမှာ လမ်းပြထားတဲ့ အမှတ်လက္ခဏာတွေ ရှာတွေ့ခဲ့ကြတယ်။ စောင့်ကြည့်တော့ စိုးမင်းအောင်ကို သံသယဖြစ်စရာ အနေအထားမျိုးတွေနဲ့ တွေ့ရတယ်။
ဗန်းမော်ရင်းကတဆင့် ရင်းမှူး သိုက်ထွန်းဦး အရံရဲဘော်အနေနဲ့ စိုးမင်းအောင် ဗဟိုကို ရောက်လာတယ်။ ရှစ်လေးလုံး မတိုင်ခင် စစ်သင်တန်းတက်ဖို့ ဗဟိုကနေ နောင်ရာဘာကို လွတ်လိုက်တဲ့အချိန်မှာ ထွက်ပြေးခဲ့တယ်။ ပြန်လိုက်ဖမ်းပြီး ဗန်းမော်ရင်းကို ခေါ်သွားခဲ့တယ်။ သူ့ရဲ့အလုပ်က ရှိပြီးသားလူတွေကို ချိတ်ဆက်ပေးရတဲ့တာဝန်သာဖြစ်လို့ သူ့အလုပ်ပြီး သွားလို့ ပြန်တာပါလို့ ထွက်ဆိုခဲ့တယ်။
ဗဟိုမှာရှိတဲ့ ကျောင်းသားထောက်လှမ်းရေးအဖွဲ့ မရောက်ခင် စိုးမင်းအောင်ကို အရင်ဆုံး ရိုက်နှက်စစ်ဆေးမေးမြန်းထား တဲ့ သူတွေက ဗန်းမော်ခရိုင်မှူး ကိုညီညီကျော် (ခ) ကျော်ကြီး (အေဘီ၊ မန္တလေး) ပါမပါတော့မသိ ဗန်းမော်ခရိုင်မှာ တာ ဝန်ရှိနေသူတွေ အရင်စစ်ဆေးမေးမြန်းခဲ့ကြတာပါ။ (ကျောင်းသားထောက်လှန်းရေးတွေနဲ့အတူ လိုက်ပါသွားတဲ့ ရဲဘော် တယောက်ကတော့” ပါတယ် သူတို့ကိုယ်တိုင် စစ်ကြတာပဲ၊ ကျနော်တို့ရောက်သွားတော့ ခြေထောက်တဘက်တောင် မီးရှို့ထားလို့ ပုပ်ပြီး တော်တော်အခြေအနေဆိုးနေပြီ” လို့ ပြောခဲ့ပေမဲ့ ကာယကံရှင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။) အဲဒီ ကတဆင့် ဇာတ်လမ်းက ဗဟိုထိ ဆက်ရောက်လာခဲ့တာပါ။
နန်းအောင်ထွေးကြည် (ရန်ကုန်)၊ မခင်ချိုဦး (ရန်ကုန်၊ သေဆုံး)၊ သက်နိုင် (ရန်ကုန်၊ သေဆုံး)၊ အောင်ဖိုး (ရန်ကုန်၊ လူ သစ်၊ သေဆုံး)၊ ရန်အောင် (မန္တလေး၊ သေဆုံး)၊ ကိုကျော်ဝေ (မန္တလေး၊ လူသစ်၊ သေဆုံး)၊ ကိုကျော်ဌေး (မန္တလေး၊ လူ သစ်၊ သေဆုံး) တို့ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေတဲ့အချိန် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (မန္တလေး)၊ ဗဟိုကော်မတီဝင် ကိုညီညီကျော် (ခ) ကျော်ကြီး (အေဘီ) (မန္တလေး)၊ ဗဟိုကော်မတီဝင် ကိုရဲလင်း (ရန်ကုန်) တို့ အာဏာလက်ရှိနဲ့ ဗဟို မှာပဲရှိနေ မြင်နေကြားနေကြတဲ့အပြင် ကိုညီညီကျော်၊ ကိုရဲလင်း တို့ကိုယ်တိုင်လည်း တချို့လူတွေကို စစ်ဆေးမေးမြန်း ခဲ့တဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။
နန်းအောင်ထွေးကြည်ရဲ့ ထွက်ဆိုချက်တွေကိုတောင် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကတဆင့် ကိုညီညီကျော်၊ ကိုရဲလင်း တို့ သိရ ကြားရနိုင်တဲ့အပြင် သူတို့အချင်းချင်းကြားမှာ အမြင်ချင်းဖလှယ်ပြောဆိုခဲ့တာတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ အဲဒီတုန်းက ဘယ်သူမှ မတားမြစ်ခဲ့ကြတာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်၊ ကိုရဲလင်း တို့ကိုယ်တိုင် နန်း အောင်ထွေးကြည် အပါအဝင် အဲဒီလူတွေကို ထောက်လှမ်းရေးအဖြစ် ယုံကြည်လက်ခံခဲ့ကြလို့ မဟုတ်ရင် ဘာကြောင့် တာဝန်ယူ မတားမြစ်ခဲ့ကြပါသလဲ။
“ရန်အောင်က မဖြစ်နိုင်ပါဘူး” လို့ ကျမ သွားပြောတုန်းက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ရော ဗဟိုကော်မတီဝင် ကိုညီညီ ကျော် (ခ) ကျော်ကြီး (အေဘီ) ကိုယ်တိုင်ပါ “ရန်အောင်က ဟုတ်တယ်၊ မြို့မှာကတည်းက ငါတို့နောက်ကိုလိုက်ရင် သူ ဘယ်လောက် ဘယ်လောက် ရတယ်” လို့ ကျမ ကို ဖြေခဲ့တယ်ဆိုတာ ကျမ ရေးခဲ့ပြီးသားပါ။
ဒါက ဘာကိုပြနေသလဲဆိုရင် ဥက္ကဋ္ဌ အပါအဝင် မြောက်ပိုင်းဗဟိုကော်မတီဝင်တွေအားလုံး သဘောတူလုပ်ခဲ့ကြတဲ့ ကိစ္စ တွေဖြစ်တယ်၊ ဒါတွေကို စစ်ရေးဘက်မှာ တာဝန်ရှိသူတွေက ဦးဆောင်ဖြေရှင်းရတဲ့ တပ်အစဉ်အလာအတိုင်း နောက် တန်းလုံခြုံရေးကို တာဝန်ယူထားတဲ့ ဒုစစ်ဦးချုပ် ကိုမျိုးဝင်းက တာဝန်ယူဦးဆောင်ခဲ့တယ်။ လုပ်ခဲ့ကြတဲ့ အဲဒီအချိန်တုန်း က “ဒါတွေဟာ မဖြစ်နိုင်ဘူး ထင်တယ်” လို့ တားမြစ်ခဲ့ကြတာမျိုး ရဲဘော် ရဲမေတွေ ယုံကြည်လို့ ရွေးချယ်တင်မြောက် ထားခဲ့တဲ့ ဘယ်ဗဟိုကော်မတီဝင် လူကြီးဆီကမှ မကြားမိခဲ့တာ အမှန်ပါ။
လူကြီးတွေအားလုံး ဒါကို အဟုတ်ကြီးမှတ်ပြီး ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်ဆောင်ရွက်နေကြ သွားလာနေကြတာတွေ ကို တွေ့မြင်နေခဲ့ရသလို တခါတလေ ကေအိုင်အေဘက်က ထောက်လှမ်းရေးအရာရှိတွေလည်း ရောက်လာတတ်ကြပါ တယ်။ ထောက်လှမ်းရေးတွေလို့ အမှန်တကယ်ယုံကြည်ခဲ့အတွက် ဖြစ်စဉ်တလျှောက်လုံး မှတ်တမ်းတွေယူ၊ ဓါတ်ပုံတွေ၊ ဗွီဒီယို မှတ်တမ်းတွေလည်း ရိုက်ခဲ့ကြပါတယ် (ထုတ်ရှိုးထားတဲ့ ဗွီဒီယိုအခွေကို ဆိုလိုခြင်းမဟုတ်)။ သတင်းထောက် တွေအပြင် ဒါတွေနဲ့ပတ်သက်ပြီး တစုံတရာ မေးမြန်လာတာမျိုးတွေရှိခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားတဲ့လူတချို့ရဲ့ မိဘတွေကို တောထဲခေါ်ရှင်းပြခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။ ရဲဘော် ရဲမေ အများစုကတော့ ဟုတ်လို့မှန်နေလို့သာ လူ ကြီးတွေ လုပ်နေကြတာဖြစ်မယ်လို့ပဲ ထင်မြင်ယူဆခဲ့ကြပါတယ်။
ဒီဆောင်းပါးမှာ ကျမ အဓိကဆွေးနွေးချင်တာက နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး။
“ရေလှိုင်းစစ်ဆင်ရေး ဆိုတာလေ အဲဒါ ငါလုပ်ထားတာ။ ငါ သံချောင်းကို ဝတ္ထုတပုဒ်ရေးပေးလိုက်တာ” နန်းအောင်ထွေးကြည် ကိုယ်တိုင် ပြောခဲ့ ဝန်ခံခဲ့တဲ့ စကား။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook)
No comments:
Post a Comment