Monday, November 2, 2009

“ဖူးငုံချွေတဲ့လက်”


၂၀၀၆ ခုနှစ်တုန်းက သုဝဏ္ဏထဲမှာပဲ မင်းဒင်လမ်းကနေ မီးဒုံး လမ်းကို ပြောင်းခဲ့တယ်။ ကျမတို့ရဲ့ အိမ်နားမှာ သားနဲ့ ကစားနေ တဲ့ ရွယ်တူသူငယ်ချင်း ကိုပြည့်ဆိုတဲ့ ကလေးတယောက်ရှိတယ်။ ကလေးက
ချစ်ဖို့ကောင်းတယ်။ ပါးဖောင်းဖောင်းလေးနဲ့ပါ။ အဓိ က က ကလေးက ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံတတ် တယ်။ သွန်သင်ဆုံးမတတ်တဲ့ မိသားစုအသိုင်းအ၀ိုင်းကနေ ကြီး ပြင်းလာတယ်ဆိုတာ ကလေးရဲ့ အနေအထိုင်အပြုအမူတွေက ပြ နေပါတယ်။ အသက် ၄ နှစ်ကျော်ပဲရှိသေးပေမယ့် သူဟာသက်တူ ရွယ်တူတွေ အပေါ်မှာ ငဲ့ညှာတတ်တဲ့ သဘောလေးရှိတယ်။
ကိုပြည့်ရဲ့ အမေ မဥမ္မာကလည်း ပညာတတ်တယောက်ပါပဲ၊ အ စိုးရဌာနမှာ လက်ရှိတာဝန်ထမ်းဆောင်နေပါတယ်။ ကိုပြည့်ရဲ့ ဖခင် ကိုတင်နိုင်ထွန်းကတော့ ၀င်းတက်(စ်) ကုမ္ပဏီမှာ သင်္ဘော လိုက်နေတဲ့ သင်္ဘောသား တဦးပါ။ သူ့အဖေကို မတွေ့ရတော့ ကျမတို့ကတော့ သင်္ဘောတက်သွားတယ်လို့ပဲ ထင်နေပါတယ်။
တရက်တော့ မဥမ္မာအလှူလုပ်ပါတယ်။ ကျမတို့ကို လာဖိတ်တော့၊ ကျမတို့ကလည်း ရိုးရိုးအလှူလုပ်တယ်ပဲ အောက်မေ့တာပါ၊ စား ရင်းသောက်ရင်းနဲ့မှ ဘာအတွက် အလှူလုပ်တာလဲမေးမိတော့ ကွယ်လွန်ုသူအတွက် ရည်စူးအလှူပါတဲ့။ ဒီတော့မှအံ့သြသွားရင်း ဘယ်သူဆုံးတာလဲလို့ ပြန်မေးမိပါတယ်။ မဥမ္မာက “ကိုတင်နိုင်ထွန်း ဆုံးသွားတာလေ” တဲ့ အဲဒီတော့မှ မေးကြည့်တာပါ၊ ဘာကြောင့် ဆုံးတာလဲ၊ ဘယ်တုန်းက ဆုံးသွားတာလဲ။
မဥမ္မာက ကျမကိုမေးပါတယ် “အမ သူအမှုဖြစ်တာ မသိဘူးလား” တဲ့ ကျမ တကယ်မသိပါဘူး။ ဒီတော့မှ မဥမ္မာက အဖြစ်အပျက်ကို ကြေကြေကွဲကွဲ ပြောပြပါတယ်။ ၂၀၀၅ ခုနှစ်ထဲမှာ ကိုတင်နိုင်ထွန်း သင်္ဘောက ဒုတိယအခေါက်ပြန်ရောက်တယ်၊ ဒီတခါပြန်လာတာ 2nd mate စာမေးပွဲပါဖြေဘို့ ရည်ရွယ်ထားတယ်။ သူကအစားအသောက်၊ အပျော်အပါးကင်းပြီး ပိုက်ဆံစုတတ်တော့ ငွေအတော်များ များပါလာတယ်။ သူက ကားတစီးဝယ်ပြီး ၀ယ်ရောင်းလုပ်ရင်း စာမေးပွဲအတွက် ပြင်ဆင်ဘို့ ဆုံးဖြတ်ထားပါတယ်။
န-အ-ဖ က အဲဒီအချိန်လောက်မှာ အုပ်ချုပ်ရေးပိုင်းကို နဲနဲပါးပါး ပြင်ဆင်တယ်။ အရင်ကရပ်ကွက် ဥက္ကဋ္ဌဆိုတာ ရပ်ကွက်ထဲက လူရို သေ ရှင်ရိုသေ အသက်ကြီးပိုင်း လူကြီးတွေပါ။ ဒါပေမယ့် ရ-အ-ဖ က ဥက္ကဋ္ဌဟာ ဘွဲ့ရဖြစ်ရမယ်၊ အသက် ၄၀ အောက်ဖြစ်ရမယ် ဆိုပြီး မ-အ-ဖ က လူတွေကို ချပေးပါတယ်။ မ-အ-ဖ ရွေးချယ်လိုက်တဲ့ လူတွေက မင်္ဂလာဒုံမှာ ဥက္ကဋ္ဌသင်တန်းကို တက်ကြရပါတယ်၊ ပြီးမှ ရပ်ကွက်ဥက္ကဋ္ဌ လုပ်တာပါ။ တပြိုင်နက်ထဲမှာ ရပ်ကွက်ဥက္ကဋ္ဌ ဆိုတာဟာ၊ ရပ်ကွက် ကြံ့-ဖွံ့ ဥက္ကဋ္ဌ ပါပဲ။ န-အ-ဖ ရဲ့ မျိုးဆက်လူငယ် တွေပါ။ အဲဒီ ပုံစံနဲ့ တက်လာခဲ့တဲ့ ကျမတို့ ရပ်ကွက်ဥက္ကဋ္ဌ နာမည်က ကိုသန့်ဇင်ပါ။
ကိုတင်နိုင်ထွန်းနဲ့ ကိုသန့်ဇင်ဟာ တကျောင်းတည်း အတူတက်၊ တရပ်ကွက်ထဲ အတူကြီးပြင်းလာတဲ့ ငယ်သူငယ်ချင်းတွေပါ၊ ဒီတော့ ကိုတင်နိုင်ထွန်းက ကားဝယ်ရာမှာ အသိသက်သေအဖြစ်နဲ့ ကိုသန့်ဇင်ကို ခေါ်သွားမိပါတယ်။ ကိုတင်နိုင်ထွန်း မသိတာကတော့ ရပ် ကွက်ထဲမှာ ဘာအရောင်းအ၀ယ်ပဲလုပ်လုပ် ရ-အ-ဖ ဥက္ကဋ္ဌကို ရာခိုင်နှုန်းနဲ့ပေးရတယ် ဆိုတာကိုပါ။ အိမ်ရှင်အိမ်ငှား ဆိုရင်လဲ ၂ ယောက်လုံး အိမ်ငှားခ တလခစီပေးရတာပါပဲ။
ကိုတင်နိုင်ထွန်း ကို ကိုသန့်ဇင်က “ဟေ့ကောင် အာရကေ ပေးဦးလေကွာလို့ ပြောပါတယ်” ကိုတင်နိုင်ထွန်းက “ခုနက ပွဲခပေးပြီးပြီ လေကွာ၊ ဘာလိုနေသေးလို့လဲ” လို့ ပြန်ပြောပြီးမှ “ဟေ့ကောင် မင်းနဲ့ငါကြားမှာ ပိုက်ဆံတောင်းဖို့ လိုလို့လားကွာ၊ မင်းကလဲ နောက် စရာမရှိ ရှာကြံနောက်နေပြန်ပြီ” လို့ ပြောလိုက်ပါတယ်တဲ့၊ ဒါကို ကိုသန့်ဇင် တင်းသွားတယ်ထင်ပါတယ် အမရယ်။ ကိုတင်နိုင်ထွန်း သူ့ ကို ရိတယ်လို့လည်း ထင်သွားပုံရတယ်။
တလလောက်ကြာတော့ ဥမ္မာ့ရဲ့ အကို အရက်မူးပြီး ရစ်ပါတယ်။ ဥမ္မာ့အကိုက သောက်နေကြပါ၊ ဒီအချိန်မှာ ကိုတင်နိုင်ထွန်းက ၀င်ပြီး ထိန်းပါတယ်။ သူ့ယောက်ဖလက်ထဲက ဓါးမြှောင်ကို ကိုတင်နိုင်ထွန်းက လုပြီးတော့ သိမ်းလိုက်ပါတယ်။ ဒီအချိန်မှာ သူနဲ့ သူ့ယောက်ဖ တယောက်တခွန်း စကားများပါတယ်။ ဒါနဲ့ ကိုတင်နိုင်ထွန်းက အသွား ၆ လက္မရှိတဲ့ ဓါးမြှောင်ကို ခါးကြားထိုးပြီး ဖွက်ထားလိုက်ပါ တယ်။
ဥမ္မာ့အဖေက သမီးယောက်ဖကြားမှာ ပြဿနာငြိမ်းအောင်ဆိုပြီး ကိုတင်နိုင်ထွန်းကို လ္ဘက်ရည်ဆိုင် ခေါ်သွားပါတယ်။ သူတို့ လ္ဘက် ရည်ဆိုင်ကိုရောက်တော့ ကိုသန့်ဇင်တို့က လ္ဘက်ရည်ဆိုင်မှာ ထိုင်နေပါတယ်။ ကိုတင်နိုင်ထွန်းက ခါးကြားထဲက ဓါးကိုထုတ်ပြီး စားပွဲ ပေါ်တင် လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကိုသန့်ဇင်လ္ဘက်ရည်ဆိုင်က ထသွားပါတယ်။
သိပ်မကြာဘူး နယ်မြေခံ ရဲ ရောက်လာပြီး ကိုတင်နိုင်ထွန်းကို တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းသွားပါတယ်။ ကိုသန့်ဇင်နဲ့ အဲဒီ အချိန်မှာ တာဝန်ကျနေတဲ့ ဒုရဲအုပ် သိန်းဆွေက မိတ်ဆွေတွေပါ၊ ရပ်ကွက်ထဲမှာ ပေါင်းပြီး ဂွင်ရှာနေကြ စီးပွားဖက်တွေပါ၊ အမှန် ကတော့ ရဲ နဲ့ ရ-အ-ဖ ပေါင်းပြီး အကွက်ဆင်လိုက်တာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က ငွေညှစ်ဖို့ပါပဲ။
ဒါမျိုးးတွေက ရပ်ကွက်တိုင်းမှာ ဖြစ်နေကြပါ။ ရဲ နဲ့ ရ-အ-ဖ ပေါင်းပြီး ဧည့်စာရင်း စစ်မယ်၊ သူတို့နဲ့ နားလည်မှုယူထားတဲ့ ဒုစရိုက်သမား တွေကို ကြိုတင်အကြောင်းကြားထားပြီးသားပါ။ သာမန်ပြည်သူတွေထဲက ဧည့်စာရင်းမတိုင်မိတဲ့ သူတွေကိုတော့ ရဲက ၅၀၀၀ ကျပ်၊ ရ-အ-ဖ က ၅၀၀၀ ကျပ်ဆိုပြီး ပိုက်ဆံကောက်ပါတယ်။ တကယ့် တကယ် စက်ဘီးကို သူခိုး ခိုးသွားတော့ တရားခံမမိပါဘူး။ ဇိမ်ခေါင်း အိမ်လဲ ဘယ်တော့မှ ဧည့်စာရင်းမမိပါဘူး။
ဥမ္မာ ရဲစခန်းလိုက်သွားတော့ ည ၉ နာရီပါ၊ ဒုရဲအုပ် သိန်းဆွေက ငွေသိန်း ၂၀ ပေးရင် ချက်ချင်းလွှတ်ပေးမယ်၊ အမှုက တရားမ၀င် လက်နက် ကိုင်ဆောင်မှုနော်၊ ၁၉/က အထိတပ်လို့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဥမ္မာ့မှာ ငွေသိန်း ၂၀ ချက်ချင်းမရှိပါဘူး။ ဒါ ကြောင့် ဥမ္မာက ရွှေနဲ့ ငွေသားပေါင်းပြီး ပေးရင်ရမလား မေးမိပါတယ်။ ဒုရဲအုပ် သိန်းဆွေက “ဘာလဲ ခင်ဗျား ကျုပ်ကို ချောက်တွန်း နေတာလား၊ ဒါမျိုးတော့ မလုပ်နဲ့ ဘာညာ” ကောလွှတ်လိုက်လို့ မနည်းတောင်းပန်ရပါတယ်။
လတ်တလော သိန်း ၂၀ ရှာမရလို့၊ နောက်တနေ့မှ သွားထုတ်ရပါတယ်။ ဒါပေမယ့် ဥမ္မာနောက်ကျသွားပါတယ်။ ဒုရဲအုပ်သိန်းဆွေ ကနေ တခြား ဒုရဲအုပ်တယောက်နဲ့ ဂျူတီအချိန်းမှာ ကိုတင်နိုင်ထွန်း အမှုတွဲ ပါသွားပါတယ်။ ရဲတွေမှာက တလကို အမှုဘယ်လောက် ပြည့်အောင်ရှာရမယ် ဆိုတာရှိပါတယ်။ ဒီတော့ အမှုမပြည့်တဲ့ ဒုရဲအုပ်က အမှုပြည့်အောင် ကိုတင်နိုင်ထွန်းအမှုတွဲကို မြို့နယ်မှူးဆီ တင် လိုက်ပါတယ်။
ဒါကြောင့် ကိုတင်နိုင်ထွန်း အမှုက စခန်းမှာတင် မပြတ်တော့ဘဲနဲ့ မကြီးကျယ်သင့်ပဲ ကြီးကျယ်သွားပါတော့တယ်။ ဒီတော့ မဥမ္မာက မြို့နယ်မှူးဆီ လိုက်ရပါတယ်။ မြို့နယ်မှူးဆီအထိ ရောက်သွားတော့ အမှုပိတ်ဖို့ခက်သွားပါပြီ၊ ဒါကြောင့် မြို့နယ်မှူးက အာမခံနဲ့ လွတ်ပေးလိုက်ပါတယ်။ ကိုတင်နိုင်ထွန်း အမှုကို တရားရုံးမှာ ဆက်ရင်ဆိုင်ရပြန်တယ်။ ရဲ ရဲ့ စွဲချက်ကကြီးနေတော့ တရားသူကြီးဆီ ကို လိုက်ပေမယ့် တရားသူကြီးလဲ မတတ်နိုင်ပါဘူး၊ တရားသူကြီးကပြောပြပါတယ် “လက်နက်မှုဆိုတာ ၇ နှစ် ချလို့ရတယ်၊ အနည်း ဆုံးကတော့ ၃ နှစ်ပဲ ဒါပေမယ့် သူ့အနေနဲ့ အတတ်နိုင်ဆုံး ၂ နှစ်အထိ လျော့လို့ရတယ်” လို့ ပြောပါတယ်။ နောက်ဆုံးတော့ ကိုတင်နိုင်ထွန်း ထောင် ၂ နှစ် ကျခံရပါတယ်။
မဥမ္မာက ကျမကို ပြန်မေးပါတယ်
“အမရေ ထောင်ထဲမှာ ဘယ်လိုနေကြရသလဲ” တဲ့
ကျမက “ကိုတင်နိုင်ထွန်း ဘောက်ချာဖွင့်ဖို့ဆိုရင် တန်းစီးကနေ တဆင့်သွားရမှာပေါ့၊ ဒါပေမယ့် ဒါလည်း စိတ်မချရဘူး၊ ထောင်ပိုင် တယောက်နဲ့ တယောက်အပြောင်းမှာဖြစ်ဖြစ်၊ အချင်းချင်း စားခွက်လုပွဲတွေမှာဖြစ်ဖြစ် ကြားထဲက အကျဉ်းသားတွေ ပြဿနာတက် တတ်ပါတယ်။ ပြီးတော့ ကြားပွဲစားတွေဖြစ်တဲ့ တန်းစီးက မှန်မှန်ကန်ကန် ပေးပါမှ အဆင်ပြေတာပါ။ တချို့ လက်ကောက်ကျတဲ့ လူ တွေ ရှိတယ်။ သူတို့ကကြားဖြတ်စားလိုက်ပြီး ကြားထဲက ကုလားဖန်ဝင်ထိုးလိုက်ရင် တခါထောင်ပိုင်ညိုငြင်တာ ခံကြရပြန်ရော၊ ပြီး တော့ ရဲဘက်ကိုပါသွားတာဘဲ၊ သေချာတာက ရဲဘက်ကိုရောက်မှ ပိုက်ဆံပေးရင် ပိုအဆင်ပြေတယ်။”
ဒီတော့မှ မဥမ္မာက ဆက်ပြောပါတယ် “ဟုတ်တယ် အမရယ်၊ ကျမတို့ ပြဿနာ တက်သွားတယ်၊ ကျမ ထောင်ပိုင်ကို ၁၀ သိန်းပေးရ တယ်။ ဒါပေမယ့် တန်းစီးနဲ့ ဒုထောင်ပိုင်ပေါင်းပြီး ထောင်ပိုင်ကို ပြဿနာရှာတော့ ထောင်ပိုင်ရာထူးချခံရတယ်။ ထောင်ပိုင်ရဲ့ ဘောက်ချာတွေလည်း စီမံချက်ဆိုပြီး ပေါ်တာထဲ ထည့်လိုက်တယ်” တဲ့။
မဥမ္မာက ဆက်ပြောပါတယ် “ကျမ အပြင်းအထန် လိုက်စုံစမ်းပါတယ်၊ ဘယ်ကိုပါသွားတယ်ဆိုတာ၊ ဒါပေမယ့် ဘာမှရေရာတဲ့အဖြေ မ ပေးကြပါဘူး” ဒီလိုနဲ့ ဘာသတင်းမှ မကြားရတော့ဘဲ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းကြမှ လူတယောက် ကျမဆီဆက်သွယ်ပါတယ်၊ သူက ကိုတင်နိုင်ထွန်းတို့နဲ့အတူတူ ပေါ်တာထဲပါသွားတဲ့ အထဲကလူပါတဲ့။ ကိုတင်နိုင်ထွန်းနဲ့ ကျန်တဲ့လူ ၁၆ ယောက်က မိုင်းထိပြီး ဆုံး သွားပြီတဲ့ မသေဘဲလွတ်လာတာ ၃ ယောက်ပဲရှိပါတယ်တဲ့၊ သူတို့လည်း ထွက်ပြေးလို့လွတ်တာပါ။ စစ်တပ်က မိုင်းရှင်းဘို့အတွက် ခေါ်သွားတာတဲ့၊ သူတို့က မိုင်းမရှင်းတတ်တော့ မိုင်းထိပြီးသေသွား ကြတာတဲ့။
မဥမ္မာတယောက် သေချာချင်တဲ့အတွက် ဆယ်အိမ်မှူးအိမ်ကို အကြောင်းကြားဖို့ ထွက်လာပါတယ်။ ဒီတော့မှ ဆယ်အိမ်မှူးက မနေ့ က ဧည့်သည် ၂ ယောက်ရောက်လာပြီး ဥမ္မာ့ကို တွေ့ချင်တဲ့အကြောင်းပြောတယ်တဲ့၊ ဥမ္မာ မရှိတာနဲ့ သူတို့ ငွေ ၆၀၀၀ ကျပ်နဲ့ ငွေ လက်ခံဖြတ်ပိုင်းကို ပေးခဲ့တယ်တဲ့၊ ဒါနဲ့ ဥမ္မာက “ဘယ်သူတွေလဲ၊ ဘာကိစ္စနဲ့ ကျမကို ငွေ ၆၀၀၀ ကျပ် ပေးရတာလဲ” ဆိုတော့မှ စစ်တပ်က တပ်ကြပ်ကြီး ၂ ယောက်ပဲ။ ကိုတင်နိုင်ထွန်းက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့အတွက် လစာလာပေးတာတဲ့။ ဥမ္မာ က ထပ်ပြီးတော့ ဒါဆိုဘာလို့ ၆၀၀၀ ကျပ်ပဲဖြစ်နေရတာလဲ၊ အခု အကို ဘယ်မှာလဲဆိုတော့မှ သူက ၂ လပဲ တာဝန်ထမ်းပြီး ငှက်ဖျား ရောဂါနဲ့ ကွယ်လွန်သွားပါပြီတဲ့။
မဥမ္မာ နာကြည်းပေါက်ကွဲသွားပါတယ်။ “ဘာဖြစ်လို့ အခုမှ လာအကြောင်းကြားရတာလဲ၊ ကျမအနေနဲ့ ကျမ ခင်ပွန်း ကွယ်လွန်တဲ့အ ကြောင်းကို ဘာဖြစ်လို့ အချိန်တွေ ဒီလောက်ကြာမှ သိခွင့်ရတာလဲ၊ ကျမသားရဲ့ အနာဂတ်ကို ဘာဖြစ်လို့ ချိုးခြေပစ်လိုက်ကြတာလဲ” ကျမက မဥမ္မာ့ကိုမေးပါတယ် I.L.O ကို တိုင်ချင်လားလို့ ဆိုတော့၊ သူ ခဏစဉ်းစားပြီးမှ “အမရယ် I.L.O ကို တိုင်ရင် ကျမ ထပ်အဖမ်း ခံရမှာပေါ့၊ မဖြစ်ပါဘူး အမရယ် အခုတောင် ကိုပြည့်ဟာ အဖမဲ့သားဘ၀ကို ရောက်သွားပြီ၊ သူ့ဘ၀ရှေ့ရေးဟာ ဘာမှသိပ်မရေရာ တော့ဘူး ကျမပါ ဒုက္ခထပ်ရောက်ရင် ကိုပြည့်ဘ၀ ရေစုန်မြောသွားမှာပေါ့” တဲ့ …
ဒီလိုပါပဲ အဓမ္မခိုင်းစေခံရတဲ့အမှုတွေကို ပြည်သူတွေက မထုတ်ဖော်ရဲကြဘူး။ ထုတ်ဖော်တာနဲ့ သူတို့ကို ဆက်တိုက်ဒုက္ခပေးမှာပဲလေ။
မဥမ္မာက ဆက်ပြောတယ် “ကျမလေ သန့်ဇင် နဲ့ ဒုရဲအုပ်သိန်းဆွေ ကို အရမ်းမုန်းတာပဲ၊ ဘုရားရှိခိုးရင် မမြဲဆုတောင်းတယ် တူသော အကျိုးပေးပါစေလို့”
ဒီအချိန်မှာပဲ ကျမရဲ့သား၊ ကိုပြည့်၊ အာကာတို့ ရွယ်တူသုံးယောက် ငြင်းခုံဆော့ကစားနေပါတယ်။ သူတို့က ကလေးတွေဆိုတော့ အ တိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဘာကိုမှ နားမလည်သေးပါဘူး။
ကျမ စာလေး တပုဒ်ကို သတိရမိပါတယ်
မျက်စိကို မှိတ်
နားကို ပိတ်
တိတ်တိတ်ကလေး…..နေရမတဲ့။

No comments: