Wednesday, June 5, 2013

၈၈ မျိုးဆက်တွေဖတ်ဖို့

သမိုင်းတွေဖတ်ခဲ့ဖူးသည်။ လွတ်လပ်ရေးအတွက် အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်တွေ အချင်းချင်း သတ်ကြဖြတ်ကြ၊
အာဏာရသွားတဲ့ နိုင်ငံရေးသမားတွေကလည်း လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းတွေကို ဖမ်းဆီးထောင်ချခဲ့ကြတာတွေ။
ငယ်ငယ်တုန်းကတော့ နားမလည်ခဲ့။ ဘာဖြစ်လို့ အချင်းချင်းတွေအပေါ်
ဒီလောက်ထိ လုပ်ခဲ့ကြတာလဲ လို့ … ဒါပေမဲ့ နိုင်ငံရေးအသက် (၂၅) နှစ်ကျော် ဖြတ်သန်းခဲ့အပြီးမှာတော့ အရာအားလုံးကို သဘောပေါက်စပြုလာတယ်။"ငွေ၊ အာဏာ၊ အန္တရာယ်များသော ကစားပွဲများ"
လူသတ်မှုကို ကျူးလွန်စေတဲ့ လုံလောက်သော အကြောင်းအရာများဖြစ်တယ် တဲ့။

စိတ်ရောဂါတစွန်းတစ နိုင်ငံရေး 

လွတ်လပ်ရေးရပြီးတဲ့နောက် အုပ်စုတစုက အနိုင်ရသွားပြီး အာဏာယစ်မူး အချင်းချင်းတွေအပေါ် ပြန်ချဆိုတာလည်း လူ့သဘောသဘာဝပဲလေလို့ တွေးလို့ရပါသည်။ အာဏာရှင်တွေပြုတ်ကျသွားလို့ လွတ်လပ်ပွင့်လင်းတဲ့ ကမ္ဘာတခုမှာ “ငါလုပ်ခဲ့တာကွာ” လို့ ဟစ်ကြွေးမော်ကြွားနေမယ် ဆိုရင်လည်း နားလည်လို့ရသေးသည်။ ခုတော့ ၂၀၀၈ အခြေခံဥပဒေ ကြီးကို သစ္စာဆိုထားတယ်။ စစ်အစိုးရက သူတို့ခင်းထားတဲ့ လမ်းပြမြေပုံပေါ်ကနေ တစက်မှမလျော့။ ဒီမိုကရေစီလှုပ်ရှား မှုကြီးက မိုးထဲလေထဲ ဘာဖြစ်မယ်မှန်းမသိ၊ လူမှုရေးနိုင်ငံရေး ပြဿနာတွေက သောင်းခြောက်ထောင်၊ “ကျနော်တို့ကို ကျောသပ်ဆက်ဆံနေတယ်” ဆိုပါတယ် ဆိုတဲ့စကားကို ကျောင်းသားခေါင်းဆောင်တယောက်က ဆိုခဲ့တယ်။ ဒီလို အခြေအနေကြီးအောက်မှာ ကိုယ်က အောင်မြင်သူတွေလို တလွှားလွှားလုပ်ပြ၊ ဘဝမေ့၊ ကိုယ်နိမ့်ပါးနေစဉ်က ကူညီ ထောက်ခံခဲ့သူတွေအပေါ်မှာ ဖုတ်ဖက်ခါထပြီး မာန်တက်နေကြတာတွေကို မြင်ရတော့ စိတ်မကောင်းစရာဘဲ။
“အတ္တအမှောင်ထဲမှာ မပွင့်လင်းရဲကြသူများ” တဲ့လေ။ သံသရာအဆက်ဆက် မိုက်မဲစွာ တွယ်ဖက်ကြပေရော့။

ရဲဘော်ရဲဘက်လား၊ မဆလ လက်သစ်လား

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့  အမေရိကားကို အလည်ရောက်လာတော့ သူတို့ရဲ့ စကားတွေကို နားထောင်ကြည့်မိ သည်။ ပြောသာပြောရတာ ပြည်တွင်းကသတင်းတွေက ကျနော်တို့ဆီမှာ ရပြီးသား။ ရှစ်လေးလုံးအုပ်စုတွေက လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလတုန်းကနှင့် သိပ်မထူးခြား။ အုပ်စုလိုက် အုပ်စုလိုက် အားပြိုင်နေကြသည်။ NED၊ OSI အပါ အဝင် နိုင်ငံတကာ ဒိုနာတွေဆီမှ ရသည့်ငွေကြေးများ၊ ရှုပ်ထွေးပွေလိမ်နေသည့် အသံများ၊ အန်ဂျီအိုလိုသွားမလား၊ ပါတီတခုထောင်မလား စသော စသော ရိုက်ခပ်မှုများကို နေ့စဉ်နှင့်အမျှ ကြားနေရပေမဲ့ ကိုယ့်ဘဝနှင့်ကိုယ်၊ သူ့ဘဝနှင့် သူ ကိုယ့်ဘဝနှင့်ကိုယ်ဆိုတော့ သိပ်စိတ်မဝင်စား။ သို့သော် စိုက်တဲ့အတိုင်းသိမ်းရိတ်ကြရမည်။

ကိုမင်းကိုနိုင်ကတော့ အနုပညာသမား မို့လို့တူပါရဲ့။ သူ့အဖြေမှာ နည်းနည်းရှင်းနေတဲ့အချက်ကို တွေ့ရသည်။ သူက အာဏာရှင်စံနစ် ပြုတ်ကျရေးအတွက် မဟာမိတ်တပ်ပေါင်းစုတွေဖွဲ့၊ မဟာဗျူဟာချကြမယ်ဆိုရင်လည်း သူမပါဘူးလို့ ဆိုသည်။ ဘာမှ ငြင်းခုန်စရာမရှိပါ။ သူ့ရဲ့ ငြိမ်းချမ်းစွာရွေးချယ်မှုကို ရိုးသားမှုတခုအဖြစ်သာ နားလည်ပေးလိုက်သည်။ နိုင်ငံရေးဆက်လုပ်မယ့်သူက နိုင်ငံရေးမူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာရပ်ဖို့လိုသည်။ မဟာမိတ်အဖွဲ့တွေနဲ့ ဆွေးနွေးညှိ နှိုင်းဖို့လိုသည်။ အောင်မြင်သည့် မဟာဗျူဟာတရပ်ကို ဖေါ်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေးသမားများနှင့် ဒူးတိုက်ငြင်းခုန် ရမည်။ အနုပညာသမားတယောက်ကလည်း သူ့စိတ်ကူးထဲမှာ နေနိုင်သည်။ တကိုယ်တော်ဖန်တီးလို့ရသည်။ နိုင်ငံရေး ဘဝနဲ့ အနုပညာသမားဘဝက တခါတလေ ဆန့်ကျင်ဘက်ဆီကို တိတိကျကျ ဦးတည်ကြတယ်။ ဘဝဆိုတာ ဘာကိုမှ စာချုပ်ချုပ်ထားသည့်အရာမဟုတ်။ အနှောင်အဖွဲ့တွေကို ကျနော်ကလည်း ကြိုက်သူမဟုတ်။

သူနဲ့အတူတူပါလာတဲ့ ကိုကိုကြီး ကတော့ ထောင်မကျခင်ကာလဆီက ပုံစံအတိုင်း ယိမ်းနွဲ့နေသည်။ ဖို့ဒ်ဝင်းအစည်း အဝေးပျက်သွားတော့ ၈၈၈၈ အရေးတော်ပုံကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ လုပ်ဖေါ်ကိုင်ဘက်တွေက ကိုကိုကြီးနဲ့ ဖုံးဆက် မေးကြတယ်။ အောင်ဒင်က နောက်ကွယ်ကနေ မရိုးမသားဝါဒဖြန့်နေချိန်မှာ ကိုကိုကြီးကတော့ ပင်ပမ်းလို့မတွေ့တာ ပါတဲ့။ ဒါပေမဲ့ အမှတ်မထင်သူပြောလိုက်သည့် စကားစုတစုက ကျောင်းသားတွေကို စိတ်ထိခိုက်စေသည်။ “ခင်ဗျားတို့ နေ့လည်တုန်းက ပြည်သူတွေနဲ့တွေ့တဲ့ပွဲကို မလာကြဘူးလား” တဲ့။ “သူ့ကို မေးစရာရှိရင် အောက်ကနေ စာရွက်နဲ့ရေး မေးလို့ရတာပဲ” တဲ့။

အိုး..မိုင်ဂေါ့ လို့ ကျနော့နှုတ်က ခပ်တိုးတိုးညည်းလိုက်မိသည်။
အနာဂတ်အတွက် စိုးရိမ်သွားမိတယ်။ တကယ်တော့ ကျနော်တို့က ကိုယ့်ဘဝနှင့်ကိုယ်။ မည်သည့်အရာကိုမှ တွေ့ချင် လွန်း၊ စားချင်လွန်းသူတွေ မဟုတ်၊ နှစ်ဘက်လုံးက သဘောတူခဲ့လို့ ခရီးရှည်တွေကို ထွက်လာခဲ့ကြတာမို့လား။ ဘာရယ် မဟုတ် အတိတ်တုန်းကအရိပ်တွေက ကျနော့ဘေးမှာ ထိုင်နေသည့် အရေးတော်ပုံကျောင်းသားတွေရဲ့ အမှတ်သညာ မှာ မှတ်မှတ်ထင်ထင် ပြန်ရောက်လာသည်။ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂကျောင်းသား ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ကိုသန်းဝင်း (ဖလော်ရီဒါ ) က စက်တင်ဘာ (၁၈) ရက် အာဏာမသိမ်းခင် နေ့လည်ပိုင်းဆီက အဖြစ်အပျက်တွေကို ပြောပြသည်။

ထိုတုန်းက နိုင်ငံရေး ခေါင်းဆောင် (၅) ယောက်ရဲ့ မညီညွတ်မှုကြောင့် ကျောင်းသားအားလုံး ခေါင်းချင်းရိုက်ပြီး ကြား ဖြတ်အစိုးရဖွဲ့ဖို့ လုပ်နေချိန်၊ ကျောင်းသားအဖွဲ့တွေတင်သာမက လူထုလူတန်းစားပေါင်းစုံ၊ သမဂ္ဂအသီးသီးမှ ကိုယ်စား လှယ်တွေ စုစည်းကြသည်။ ကိုကိုကြီးတယောက် အစည်းအဝေးကို တက်ခွင့်မပြုဖို့အတွက် တချို့က ကန့်ကွက်ကြ သည်။ ရကသ ကိုသန်းဝင်းက ကျောင်းသားချင်း သံသယဖြစ်တာမကောင်းပါဘူးလို့ နားချပြီး ကိုကိုကြီးကို အစည်းအ ဝေး တက်စေခဲ့သည်။ သို့သော် ဘာမှမကြာလိုက်၊ ညနေပိုင်းမှာ စစ်အာဏာသိမ်းခြင်းကို ခံလိုက်ကြရသည်။ ခုတော့ လွမ်းစရာတွေ အမှတ်ရစရာတွေအစား အတိတ်မေ့ရောဂါတခုရဲ့ တုန့်ပြန်မှုအောက်မှာ လူတွေ ဒဏ်ရာနှင့်သွေးတိတ်ဖို့ ကြိုးစားနေကြသည်။

မုန်တိုင်းထန်သောနှစ်များ 

တကယ်တော့ ၁၉၉၀ နှစ်ကာလတွေက တိုက်ပွဲအပြင်းထန်ဆုံးကာလဖြစ်လိမ့်မည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ကျနော်တို့ကြားက အတွေးအခေါ်အယူအဆတွေကလည်း စူးစူးဝါးဝါး ထိပ်တိုက်တွေ့လာကြသည်။ ရန်ကုန် ဗကသ အုပ်စုက နှစ်စကွဲထွက်သွားပြီ။ ကိုကိုကြီး ရဲ့ ဗကသ နှင့် အောက်ဗမာပြည် ဗကသ ဆိုပြီး နှစ်စုကွဲသွားသည်။ အောက် ဗမာပြည် ဗကသ အုပ်စုကလည်း ကိုကိုကြီးသည် စတိတ်မန့်တွေသာထုတ်ပြီး ဘာမှမလုပ်၊ တိုက်ပွဲမဖေါ်နိုင်သည့် ကိုကိုကြီးကြောင့် အောက်ဗမာပြည် ဗကသကို ဖွဲ့ရတာဟု ဆိုသည်။ ဘာပဲဖြစ်ဖြစ် မန္တလေးမှာ ဗဟိုပြုသည့် ဗကသ အ ထက်ဗမာပြည်ဆီသို့ ရန်ကုန်ဗကသ အုပ်စုနှစ်စုလုံး ရောက်ခဲ့ဖူးကြသည်။ မြတောင်၊ မစိုးရိမ်ကျောင်းတိုက်တွေမှာ အနာ ဂတ်အတွက် ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။ ရွေးကောက်ပွဲတွေကို ဖြတ်သန်းလိုက်ကြသည်။ ကျောင်းတွေပြန်ဖွင့်ခဲ့သည်။ ကျောင်းသားတွေ ငှက်ဖျားတောနှင့် အကျဉ်းထောင်ဆီမှာ အသက်တွေစတေးနေရချိန်။ ကျနော်တို့တတွေ စာသင်ခန်း တွေမှာ မပျော်ကြ။ စာသင်နေရတာကို အပြစ်တခုလို ခံစားနေကြရသည်။ နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးလိုက်သည့် အချိန်မှာတော့ ကျနော်တို့တတွေ စာသင်ခန်းတွေကို ကျောခိုင်းနှုတ်ဆက်လိုက် ကြပြီး ထောက်ခံဆန္ဒပြပွဲတွေကို ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စက်မှုတက္ကသိုလ်တွေမှာ ကျင်းပခဲ့ကြသည်။ ထိုတုန်းက နိုင်ငံရေးနှင့်ပတ်သက်ခဲ့ဖူးသော ကျောင်းသားတချို့က သူတို့နှင့် ထိုဆန္ဒပြပွဲ ဘာမှမဆိုင်ကြောင်း သက်သေပြသည့် အနေဖြင့် ထောက်လှမ်းရေးမှဖွင့်ထားသည့် လက်ဘက်ရည်ဆိုင်ရှေ့မှာ တနေကုန်သွားထိုင်ပြကြသည်။ သို့သော် မရ။ စစ်ထောက်လှမ်းရေးက နိုဘယ်ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ တကယ်ပါဝင်ခဲ့သူတွေရော၊ မပါဝင်ခဲ့သူတွေရော သိမ်းကြုံးပြီး ကျောင်းသားတော်တော်များများကို ဖမ်းဆီးထောင်ချလိုက်သည်။ များလိုက်သည့် နှစ်တွေ၊ ထောင်ဒဏ် (၁၅) နှစ်မှ အနှစ် (၂၀) ထိကျကုန်ကြသည်။ ကိုကိုကြီးလည်း ထိုသို့ပြစ်ဒဏ်ချခံရသည့် ကျောင်းသားတွေထဲမှာ တယောက်အပါအ ဝင် ဖြစ်ခဲ့သည်။

ဘယ်လိုအကြောင်းကြောင်းကြောင့် ထောင်တွေကျခဲ့ကျခဲ့။ ဖက်ဆစ်အကျဉ်းထောင်ထဲမှာ ဖြတ်သန်းခဲ့ရ၊ ဘဝတွေ စတေးခဲ့ရတဲ့ လုပ်ဖေါ်ကိုင်ဘက်တွေကို သေကံမရောက် ကံမပျောက်ပြန်တွေ့ကြတာ ဝမ်းသာသည်။ နှစ်ကာလ သက် တမ်းကြာလာသည်နှင့်အမျှ လူတွေလည်း ရင့်ကျက်လာလောက်ပြီ။ ကိုယ့်ဆီကို ရောက်လာတဲ့အခါ နွေးနွေးထွေးထွေး ဧည့်ခံမည်။ မတွေ့ခဲ့ရသော နှစ်ကာလတွေမှာ ဒဏ်ရာတွေနှင့် မီးခပ်ကြည့်ကြပြီး အနာဂတ်အတွက် အိပ်မက်မက်ကြ မည်။

သို့သော် ခင်ဗျားတို့ နေ့လည်ကပွဲမှာ လာပြီးမေးလို့ရတာပဲဆိုသည့် စကားလုံးတွေက သူတို့နှလုံးသားတွေကို အဆိပ် သင့်စေခဲ့သည်။
အော်… ဒီလိုလား တဲ့။ သက်ပြင်းချယုံမှတပါး ဘာမှမပြောနိုင်ကြတော့။ လက်ရေတပြင်တည်း နှလုံးချင်းအပ်ဖို့ အစီအ စဉ်မရှိသည့် လူတယောက်ကို မည်သူကမှ ရည်းစားစာပေးဖို့ စိတ်မဝင်စား။ လင်းဆွဲတွေလို အိပ်တန်းတက်နေသည့် လူတွေအောက်မှာ ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်ကို ကြားနေမိသည်။

အို … ညီလေး ရေ *** မြစ်တခုမှာ ရေနှစ်ခါ *** မစီးဆင်းနိုင်တာ မင်းသိပါကွာ …***

အဆိပ်ပင်ရေလောင်းနေသူများ

တကယ်တော့ ကျနော်တို့ဘဝတွေက ခြားသွားပြီ။ တယောက်ဘဝကိုတယောက် ကိုယ်ချင်းမစာနိုင်သည့် တကိုယ် ကောင်းဆန်မှုတွေက ရောဂါတခုလို အမြစ်တွယ်လာသည်။ တချို့က ပရောဂျက်တင်ထားသူချင်း ကျောခြင်းကပ်ထား သည့် ခြံခပ်နိုင်ငံရေးထဲမှာ အနာဂတ်အတွက် လုံခြုံစိတ်ချနိုင်သည့် ရင်းနှီးမြှုပ်နှံမှုကို လုပ်ကြသည်။ ကွန်ယက်တွေကို လျှို့ဝှက်ဖွဲ့ကြည်။ တချို့က ထောင်ဒဏ်နှစ်ရှည်တွေကျခဲ့ကြပေမဲ့ ပြင်ပကမ္ဘာကို ရောက်လာတော့လည်း တခြားလူတွေ လို ဘာအခွင့်အရေးမှ မရကြ။ ပိုမိုကြပ်တည်းသည့် စီးပွားရေး၊ လူမှုရေးအခက်အခဲတွေကို ရင်ဆိုင်လိုက်ကြရသည်။ အခွင့်အရေးတွေက ရဲဘော်ရဲဘက်စိတ် ဆိုသည့်အရာကို မေ့ပစ်လိုက်တော့ နာကျင်စွာခံစားရသူတွေရဲ့ အသံတွေက တစထက်တစ လျှံတက်လာသည်။

“ငွေဆိုတာ သက်ရှိဖြစ်ပြီး လူဆိုတာ သက်မဲ့ ဖြစ်တယ်” ဆိုသည့် ကဗျာလေးကို သတိယမိသည်။ အရှေ့ဥရောပမှာ အရောင်တော်လှန်ရေးတွေ ဆုတ်ကပ်ရောက်သွားချိန်မှာ ကျနော်တို့ရဲ့ မိတ်ဆွေတွေက အရောင်တော်လှန်ရေးတွေရဲ့ အစ၊ အန်ဂျီအိုတွေနဲ့ ကိုယ်ရောင်ကိုယ်ဝါတောက်ပနေတဲ့ ကာလတခုကို ဖြတ်ဖို့ ကြိုးစားနေဆဲ။ ဒီလိုနဲ့ အာဏာရှင် တွေသာ လက်ဦးခဲ့ပြန်သည်။ အနီရောင်တိမ်တိုက်တွေရဲ့ နေ့ခင်းပိုင်းမှာ နေဝင်စောခဲ့သည်။

ဂီတသေ နေ့ရက်များ

ဝိညာဉ်မဲ့သော နိုင်ငံရေးသမားဆိုတာ မြစ်သေတခုပေါ်မှာ လှေလှော်ဖို့ကြိုးစားနေတဲ့ အကန်းတယောက်လိုပါပဲ တဲ့။
တကယ်တော့ နိုင်ငံရေးခေါင်းဆောင်တချို့က လူရည်လည်သည်။ သူ့ကို မဲပေးမည့် တရားမဝင်အလုပ်သမားတွေကို တွေ့ကောင်းတွေ့နိုင်သည်။ ကြင်နာတတ်ဟန်ပြကောင်းပြမည်။ စီးပွားရေးသမားတွေနှင့် လက်ချင်းချိတ်ပြီး “ခင်ဗျားတို့လို လူမျိုးတွေ တိုင်းပြည်ထူထောင်ရေးအတွက် လိုတယ်လေဗျာ” ဆိုသည့် စကားတွေကို လူကြီးလူကောင်းတယောက်လို ပြောမည်။ အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ခံမှုကိုရဖို့အတွက် သင်္ကေတဆန်သည့် အဟောအပြောတွေကို တခါတ လေ လွှင့်ထုတ်မည်။ သို့သော် သူတို့ကို မူဝါဒရေးရာအရ ခိုင်ခိုင်မာမာ အန်တုဆွေးနွေးမည့် ခေတ်ပြိုင်နိုင်ငံရေးသမား တွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေကို တွေ့ဖို့အချိန်မပေးနိုင်။ ဒါတွေက စီးပွားရေးလုပ်နေချိန်မှာ အနှောက်အရှက်ပေးမည့် အရာတွေဖြစ်သည်။ လက်ခုပ်သံတွေကြားနေရသည်။ ဆုတံဆိပ်တွေ အန်ကျလာသည်။ လူတွေက အတိတ်မေ့ရောဂါ ကို နှစ်နှစ်သက်သက် မွေးမြူလာကြသည်။ အာရှပစ္စဖိတ်ဒေသဆီမှာ စစ်ရဲ့ အငွေ့အသက်တွေမြင်နေရသည်။ ဒီမိုက ရေစီနှင့် ရုပ်သေးပွဲကြားမှာ ဇာတ်ကွက်အသစ်တွေရောက်လာသည်။ စစ်ဘုရင်ကစားပွဲပေါ်မှာတော့ ဘုရင်မကို ကာ ကွယ်မည့် စစ်သည်တော်တွေ တဖြည်းဖြည်းနည်းပါးလာခဲ့သည်။ တကယ်တော့ လူတွေက တခါတလေ မိုးတိမ်တွေလို တရွေ့ရွေ့လွင့်ပြေးနေဆဲ။
ကမ်းပါးပြိုနေတဲ့ ညအောက်မှာ ငှက်တေ…
ဒရောသောပါး အိပ်တန်းတက်ဖို့ အုပ်စုဖွဲ့ ပျံသန်းနေဆဲ
“လူမျိုးတမျိုး ပျက်သုဉ်း၊ ဆုံးရှုံးတဲ့အကြောင်းကို ရိုက်ပြခဲ့တဲ့ အော်စကာဆုပါဗျာ … ဒီ ဆု အတွက် ကျနော် ဘယ်လို ဂုဏ်ယူကြောင်းပြောပြဖို့ စကားရှာမရအောင်ပါပဲ” တဲ့

ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ တဦးဖြစ်သူ ကယ်ဗင်ကော်စနာ ရဲ့ “ဝံပုလွေများနှင့် ကခုန်ခြင်း” (Dance with Wolves) ရုပ်ရှင်ဇာတ်သိမ်းပိုင်းလေးဆီက အော်ဟစ်သံတွေကို ကြားနေမိသည်။ နံရံတွေဆီက အထပ်ထပ် ပဲ့တင်ထပ်လာသည့် အသံများ …
ဝံပုလွေတွေနဲ့ ကခုန်ခဲ့တဲ့ကောင်လေးရေ … မင်းကို ငါတို့ မမေ့ပါဘူး
ဝံပုလွေတွေနဲ့ ကခုန်ခဲ့တဲ့ ကောင်လေးရေ … မင်းကို ငါတို့ မမေ့ပါဘူး … တဲ့။

ဂျွန်လရဲ့ မိုးစက်မှုန်တွေက လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်တုန်းကလို တဖွဲဖွဲကျနေတုန်းပဲလား။
ကံကော်အိပ်မက် ခြေရာတွေထဲမှာ ချစ်သူကို မပေးခဲ့တဲ့ ပန်းခြောက်လေးတွေ
လွှင့်တင်ခဲ့တဲ့ ခွပ်ဒေါင်းအလံလေးတွေ
ဒဏ်ရာနဲ့ စေးစေးထန်းထန်း ပွေ့ဖက် အသက်ဆက်ဖို့ ကြိုးစားနေခဲ့ကြသည်။

ခုတော့ … ရင်ထဲမှာ မကောင်း။
အဝေးပြေးလမ်းမကြီးပေါ်မှာ လူတွေ လမ်းဆုံလမ်းခွတခုပေါ် ရောက်နေကြပြီ။
မိုးတိတ်သွားပြီ ဆိုရင်ဖြင့်
ကိုယ့်ခရီးကို ကိုယ်ဆက်ကြရလိမ့်မည်။

အောင်မိုးဝင်း

2 comments:

Sayarlay said...

ဟုတ်ပါ့ ကိုယ့်လမ်းကိုယ်သွားရမှာပေါ့ ပြည်သူအများစုကြီးကတော့ ပြည်ပရောက် ကျောင်းသားဆိုသူတွေ၊ ဆြာကြီးတွေ အနှစ် ၂၀ ကျော် ဘာလုပ်ခဲ့ကြတယ် အခုဘာလုပ်နေကြတယ်ဆိုတာ သိနေပါတယ်၊ ကိုကိုကြီးကြောင့်ဘဲ စစ်တပ်အာဏာသိမ်းသလိုလို လာပွားမနေပါနဲ့ ခင်ဗျားတို့ ‘အပြင်’ လူတွေကိုလုံးဝ အားမကိုးရုံမက ခင်ဗျားတို့ ကို အကျင့်စာရိတ ကောင်းတဲ့ လူတွေလို့ မမြင်ပါ။ ကိုကိုကြီးတို့ မင်းကိုနိုင်တို့ ရဲ့ ခေါင်းဆောင်နိုင်မှု၊ ထက်မျက်တဲ့ အမြင်၊ စွန့်လွှတ်အနစ်နာခံမှုတွေကလည်း သမိုင်ဝင်ပြီးသား အားလုံးသိပြီးသား အဲဒီတော့ ကိုယ့်လမ်း ကို ကိုယ်သွားပေါ့ ကိုအောင်မိုးဝင်း ရယ်

kyauk said...

i endorse the main point of ko aung moe win's thesis: the s0-called 88 generation guys are hopeless stupid charlatans, neither polititians nor patriots.
s