ပထမအခန်းတွင် ဆွေးနွေးခဲ့သလို ဤစာအုပ်သည် လက်ရှိ ထိပ်တိုက်ရင်ဆိုင်မှုများကို နားလည်စဉ်းစားနိုင်ဖို့ရန် အသိ သညာ အခြေခံစနစ်ဘောင် (framework) ကို ဖော်ဆောင်ပေးရန် ရည်သန်ပါသည်။ လူတွေကို တဖုံတစားတည်း ခွဲခြား မှုသည် ယခု လက်ရှိသိနေကြသော အသိသညာစနစ်ဘောင်တို့တွင် တခန်းတကဏ္ဍ မင်းမူနေပြီး ဤသဘောသည် ကိစ္စတို့ကို ပိုမိုရှုပ်ထွေးစေသော အကြောင်းရပ်လည်း ဖြစ်ပါသည်။ ဤရှုပ်ထွေးမှုသည်
ကျနော်တို့နေသော ကမ္ဘာမြေကို မီးလောင်တိုက်ထဲ မောင်းချနေပါ၏။ သည်မှာ ကျနော် ညွန်ပြမည့် ပြဿနာသည် အနောက်တိုင်းက လူတွေက တခြား ယဉ်ကျေးမှုများကို ဆီမစွတ်ဘဲ သေးသိမ်စွာ မြင်လိုသည့် အမြင်ကြမ်း အမြင်ရိုင်းတို့ထက် များစွာ သိမ်မွေ့နက်နဲလှလွန်း ပါ၏။ (လူတွေက ဉာဏ်ရှိသည် ယဉ်ကျေးသည် မှန်ကန်သည်ဟု မှတ်ယူကြသော - moral relativism) အနောက်၏ အမြင်သည် ဘယ်လို ရိုင်းတတ်သလဲဆို အမေရိကန် စစ်တပ်မှ ထိန်းမရအောင် မြှောက်သော လက်ဖတင်နင် ဗိုလ်ချုပ် ဝီလျံ ဘွိုင်းကင်း၏ ပြောပုံကိုကြည့်ပါ (သင်းက ဆိုသော ငါ့ဘုရားဟာ သည်ကောင်တွေ ဘုရားထက်ကြီးတယ် ဆိုတာ ကို ပထမ အခန်းတွင် ပြန်ရှုပါလေ)။ အဲသလို ဦးနှောက်မရှိ ပုစွန်ခေါင်းနှင့် ကြည့်မြင်သော အမြင်မျိုးတို့ကို ကနေ့ ကမ္ဘာ တွင် ကြုံတွေ့မိဖို့ရန် ခက်လှသည် မဟုတ်ပါ။
ဒါမျိုး ဦးနှောက်မရှိတာတွေထက် ပိုမိုကြီးမား၍ ပိုလည်းယျေဘုယျကျသော ပြဿနာတခုကို ငါတို့မြင်ရမည်မှာ (လူတွေ ကို လူဆိုးငပွေးဆိုပြီး ဗြောင်ကင်ပွန်းတပ်နေခြင်း မရှိသည့်တိုင်အောင်) လူတွေကို ဘာသာရေး အမှတ်လက္ခဏာဖြင့် သာ တမျိုးတစားတည်း ပိုင်းဖြတ်ကြည့်မြင်ရာမှ ဆက်လက် ဖြစ်ပေါ်လာသော ကြောက်စရာကောင်းသည့် အကျိုးဆက် တို့ကို ဖြစ်ပါသည်။ ဤကိစ္စသည် မျက်မှောက်ကမ္ဘာတွင် ပေါ်ထွန်းလာသော ကမ္ဘာလုံးဆိုင်ရာ မဟားတရားလုပ်မှုနှင့် အကြမ်းဖက်ဝါဒတို့၏ သဘာဝနှင့် ရွှေ့လျားလည်ပတ်နေပုံကို နားလည်ဖို့ရန် အသည်းအသန် အရေးပါသည့် အမှတ် နေရာ ဖြစ်ပါ၏။ ကမ္ဘာကြီးကို ဘာသာရေးလက္ခဏာတို့ဖြင့် တံတိုင်းထရံကာပြီး အုပ်စုခွဲခြားခြင်းသည် ကမ္ဘာအနှံ့အပြား မှာရှိသည့် လူတွေနှင့် ၎င်းတို့ကြား ရှိသည့် စုံလင်ကြွယ်ဝသော နွယ်ဆက်မှုများကို အလွန်တရာ ချွတ်ချော်လွဲမှားစွာ နားလည်နေခြင်း ဖြစ်ရုံသာမက ယင်းသည် လူတဦးတယောက်ကို ၎င်း၏ သီးသီးသန့်သန့် လက္ခဏာတမျိုးတည်းကို သာ ထင်းကွက်ပြီး မြင်နေတာဖြစ်ပြီးလျှင် ထိုသူတဦးတွင်ရှိသော အခြားအရေးပါသည့် လက္ခဏာ အရေးအရာမှန်သမျှ ကို အပြီးဝကွက် ပစ်ပယ်ထားခြင်းမျိုး ဖြစ်သည်။
အစ္စလမ် အကြမ်းဖက်ဝါဒကို ကိုင်တွယ်ဖို့ ကြိုးစားကြရာတွင် မူဆလင်တဦး ဖြစ်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်လိုသော စစ်သွေးကြွဝါဒကို ကိုင်စွဲထားရန် တောင်းဆိုထားပါသလား ဆိုတာနှင့် စပ်ပြီး စကားငြင်းခုံပွဲများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့မဟုတ်လည်း များစွာသော ကမ္ဘာ့ခေါင်းဆောင်တို့က နွေးထွေး စိတ်အားတက်ကြွဖွယ်ရာ ငြင်းပြုသလိုပင် “မူဆလင် အစစ်အမှန်” တစ်ဦးသည် သည်းညှင်းခံသောသူ ဖြစ်သည် ဆိုတာမျိုးလည်း တင်ပြကြပါသည်။ အစ္စလမ်လို့ ဖြစ်ခဲ့လျှင် မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ရမည် ဟူပြီး ဖတ်ရူဘာသာပြန်နေခြင်း မျိုးကို ငြင်းပယ်ခြင်းသည် မုချ သင့်လျော်မှန်ကန် သလို ကနေ့လိုမျိုး အချိန်အခါတွင် အင်မတန် အရေးကြီးသော ကိစ္စလည်း ဖြစ်ပြီး သည်အရေးကိစ္စမျိုးအတွက် အထူးသဖြင့် တိုနီဘလဲ၏ ဆောင်ရွက်ချက်များသည် ချီးမွမ်းသြဘာပေးဖို့ရန် ထိုက်တန်ပါပေ၏ ။ သို့သော် ဘလဲက ခဏခဏ ကိုးကားသည့် “အစ္စလမ်၏ အလယ်အလတ် သဘောထား ထင်ဟပ်ပေါ်လွင်နေသော စစ်မှန်သည့် အသံ” ဆိုသော သဘောမျိုးကိုတော့ ငါတို့ မေးခွန်း ထုတ်ရမည်မှာ… မူဆလင် အစစ်အမှန်ဆိုတာကို ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် သည်းညှင်းခံခြင်း စသည့် လူမှုရေး နှင့် နိုင်ငံရေးရာ ကိစ္စတို့တွင် လာပြီး ပိုင်းခြားသတ်မှတ်လို့ရသလား ဆိုတာနှင့် ငါတို့ရှေ့တွင် ဆွေးနွေးခဲ့သလို သမိုင်းတွင်လာသည့် မူဆလင်ပေါင်းစုံတို့၏ မတူကွဲပြားသည့် ကျင့်ကြံပြုမူဟန်များကို ကြည့်ခြင်းအားဖြင့် အဲသလို သတ်မှတ်ဖို့ တကယ်ကော လိုပါသလား၊ ဤသို့ ပိုင်းခြားသတ်မှတ်လို့ကော လုံးဝ ရလို့လား ဆိုတာကို ပေတည်း။
အဟုတ်အသေအချာ ပါပဲ၊ သွင်ပြင်လက္ခဏာ တမျိုးတစားတည်းကိုသာ စွဲယူနေသော အသိတရားဆိုင်ရာ ပြဿနာ သည် မူဆလင်တို့ကိုသာ ရည်ညွှန်းမတ္တဖြစ်သော ပြဿနာ သီးသန့်ထူးခြား မဟုတ်ပါ။ ၎င်း အသိတရား ပြဿနာသည် ခရစ်ယာန်၊ ဂျုး၊ ဟိန္ဒူ နှင့် ဆိ စသော ဘာသာတရား သက်ဝင်ယုံကြည်သူ လူမျိုးစုံ၏ နိုင်ငံရေးအမြင်နှင့် လူမှုရေးပိုင်း ဆိုင်ရာ ပိုင်းဖြတ်ဆောင်ရွက်ချက်များကို မှန်ကန်စွာ နားလည်ဖို့ရန် ကြီးမားစွာ ဖုံးအုပ်ထားသော အယူအစွဲ ဖြစ်ပါသည်။ ယင်းသို့သော (ဇာတ်တူသား) အယူအစွဲ တခုတည်းပေါ် မူတည်ပြီး သိမြင်ခြင်းကြောင့်လည်း ဘာသာရေးခေါင်းဆောင် ဟု ကိုယ့်ကိုကိုယ် ညွှန်းဆိုသူတို့သည် (သို့မဟုတ်လည်း မီဒီယာတို့မှ မြှောက်ပင့်ခံရသူတို့သည်) ငါ့ရဲ့ “တိရစ္တာန်အုပ်” အတွက် ငါသည် ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်ဟု ကြော်ငြာမောင်းလည်ခြင်းတို့သည် ဖြစ်ပေါ်လာကုန်ကြ၏။ သည်လို တဇာတ်တူသား တဖုံတစားချည်းတည်းဟု ခွဲခြမ်းကြည့်မြင်သော အသိကြောင့် ဘာသာရေးအသီးသီးတွင် အာဏာကို အဆင့်ဆင့် ကျောက်တိုင်ပမာ ကေသရာသို့ မိုးမတ်စိုက်ထူသူတို့၏ အမိန့်ပေးသော အသံမျိုးသည် ကျယ်လောင်လာ တတ်သလို တခြားသော လူ့ဘဝမျက်နှာစာတို့သည် ဘာသာရေးနှင့် နှိုင်းစာလျှင် သေးသိမ်သည့်သဖွယ်၊ အရေးလုပ် ဖွယ် မလိုသည့်သဖွယ် ဖြစ်ပျက်လာကုန်ကြပေသည်။
ကနေ့တွင် စိုးရိမ်ကြသလို အံအားလည်းသင့်ကြသည့် အချက်မှာ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရန် ဆိုပြီး အနောက် ကမ္ဘာသည် မူဆလင် ဘာသာရေးအုပ်စုတို့နှင့် ခရစ်ယာန်မဟုတ်သော ဘာသာရေးအုပ်စုတို့၏ ခေါင်းဆောင်ဆိုသူ တို့ကို အပြန်အလှန် စကားဆွေးနွေးပွဲများတွင် ဆွဲသွင်းပါဝင်လာစေပေမယ့်လည်း ဘာသာရေးအစွန်းရောက် ဝါဒနှင့် စစ်သွေးကြွ လူခန့်အပ်မှုတို့သည် ယင်းအနောက်နိုင်ငံတို့တွင် သာပြီးတော့တောင် ဆိုးလာခြင်း ဖြစ်ပါသည်။ ဟုတ်ပါ၏၊ ဤသည်မှာ အဆန်းတကျယ် ဖြစ်ပြီး ပေါ်ပေါက်လာတာ မဟုတ်ပါ။ ဘာသာရေး ခေါင်းဆောင်ဆိုသူတို့နှင့် ဘုန်းကြီးများ ကို နိုင်ငံရေး ရည်ရွယ်ချက်တွေကို ထောက်ခံရန်နှင့် နောင်ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးရာ လူမှုရေးရာ သဘော ထားတွေနှင့် ကိုက်ညီရန်ဆိုပြီး ဘာသာတရားဆိုတာကို ပြန်လည် သတ်မှတ်ဖွင့်ဆိုရန် ကြိုးပမ်းနေခြင်းသည် လူတွေမှာ ရှိသော ဘာသာရေးနှင့် မဆိုင်သည့် တန်ဖိုးများ၏ ထင်ရှား အရေးပါပုံနှင့် ယင်းတန်ဖိုးများသည် လျောက်ပတ်သလို သူ့ အပိုင်းကဏ္ဍနှင့်သူ ရှိကြောင်းတို့ကို သေးသိမ်စေခြင်း ဖြစ်ပါ၏။
ဗလီဆရာနှင့် သင်းအုပ်ဆရာတွေကို ၎င်းတို့ နှီးရင်းသည့် ဘာသာရေးလောက၏ အပြင်ဘက်ကမ္ဘာတွင် တခန်းတကဏ္ဍ ပါဝင်ကပြစေခြင်းသည် ဗလီတွေနှင့် ဘုရားကျောင်းတွေမှာ ဟောပြောပုံတွေကို အကျိုးခြားနား သက်ရောက်မှု တစုံတ ရာ ရှိနိုင်ပါသည်။ သို့ပေမယ့် သည်လိုမျိုးလုပ်တာဟာ သဘောသဘာဝကိုက နိုင်ငံရေးနှင့် လူမှုရေးဖြစ်သည့် ပြဿနာ များကို မူဆလင်ဘာသာဝင် ပြည်သူလူထုမှ အရပ်ဘက်ဆိုင်ရာ စဦးဆောင်ရွက်မှုများဖြင့် သူတို့ကိုယ်တိုင် (အများသူ ငါတို့နှင့်တကွ) ရွှေ့လျား ဖြေရှင်းလိုသောသဘောကို သေးသိမ်နုတ်နယ် စေပါ၏။ နောက်ထပ်လည်း ဤသို့ ဘာသာရေး ဆရာတွေကို ပွဲတွေလုပ်ပေးပြီး အားပေးအားမြှောက်လုပ်ခြင်းသည် ထို မတူညီသော ဘာသာတရားတို့မှာ ရှိသည့် လူ အပေါင်းကို ပိုမိုဝေးကွာသွားစေသော အာရုံမျိုးကို ဖြစ်ပေါ်စေပါသည်။ မည်သို့နည်းဟူမူ ထိုလူအပေါင်းတို့၏ သီးသန့် ထင်ရှားကွဲပြားသည့် ဘာသာတရား အမှတ်လက္ခဏာတို့သည်သာလျှင် ပေါ်လွင်လာစေတတ်ပြီး ထိုသူတို့၏ ဘာသာ ရေးမဟုတ်သည့် လူမှုကိစ္စလက္ခဏာ အဝဝကို (ဥပမာအားဖြင့် တနိုင်ငံတည်းသား ဖြစ်ခြင်း၊ တမြို့တည်းသား ဖြစ်ခြင်း၊ တစကားတည်းကိုပဲ ပြောသူဖြစ်ခြင်း၊ လွှတ်တော်အမတ်တွေကို မကြိုက်တာကတော့ အတူဖြစ်ခြင်း၊ အေးမြတ်သူ ကို သဘောကျတာကတော့ အတူဖြစ်ခြင်း စသည်ကို) ကွယ်ကာ၍ ထားတတ်ပါသည်။ စင်စစ် ဘာသာရေး မဟုတ်သည့် ထို အခြား လူမှုသွင်ပြင်လက္ခဏာ ပေါင်းစုံတို့သည် လူ့ဘောင်တခုတွင် လူတို့အား သဘောညီမျှရှိစေမှုကို ပိုမို၍ ဆောင်ကြဉ်းနိုင်အားပါ၏။ မူဆလင်ဖြစ်သည့် ဗြိတိသျှ နိုင်ငံသားတဦးသည် သူ့ လူတဦးချင်းကို မတော်မတရား လုပ် လာမှုတို့မှ ကာကွယ်စောင့်ရှောက်ခံရရန် အရေးကို ကြောင့်ကြသောအားဖြင့် နိုင်ငံတော် ဝန်ကြီးချုပ်ကြီး တိုနီဘလဲ နှင့် စကားပြောချင်ပါသော်လည်း ထိုဝန်ကြီးချုပ်ကြီး တိုနီဘလဲသည် ဘာသာရေး ခေါင်းဆောင်ကြီး ဆိုသူတွေနဲ့ပဲ စကား ပြောရန် သီးသန့်တိပ စိတ်အားထက်သန် နေခဲ့ပါသော် ထို မူဆလင်ပြည်သူသည် ဝန်ကြီးချုပ်ကို အကြောင်းကြားရန် ခေါင်းဆောင်ဆိုသူ မူဆလင် ဗလီဆရာတွေကို အားကိုးအားထား လုပ်နေရပါမည်လော။
စာချပ်.. မူဆလင် နေရာမှာ ဗုဒ္ဓဘာသာ၊ ဗလီဆရာ နေရာမှာ ဘုန်းကြီးဟု မြန်မာပြည် လက်ရှိပြဿနာနှင့် အစားထိုးပြီး မြင်တတ်ပါလေ။ စင်စစ် လူမှုရေးနှင့် နိုင်ငံရေး ပြဿနာတို့ ဆိုသည်မှာ လူ့ဘဝ လူမှုလူဘောင်၏ ပြဿနာသာ ဖြစ်၏ ။ ဘုန်းကြီး၏ ပြဿနာ မဟုတ်။ ဘုန်းကြီးဆိုသည်မှာ ယျေဘုယျအားဖြင့် လူမှု လူ့ဘောင်ဘဝ ဆိုတာမျိုးကို ရုံန်းကန်လှုပ် ရှားခဲ့သော ဘဝအတွေ့အကြုံမျိုး၊ ခံစားတတ်မှုမျိုးနှင့် နောင်ပြီး နားလည်တတ်ခြင်းမျိုး ရှိသည် မဟုတ်။ ကိုယ်တော်တို့ တွင် ထိုကိစ္စတို့နှင့်စပ်၍ စာသဘော လေ့လာမှုအားကြောင့် သုတမယဉာဏ် တမူကား ရှိနိုင်ပါ၏။ သို့သော် တကယ့် လူ့ဘဝတွင် ကျင်လည်ကျက်စားဖြတ်သန်းရသည့် လူဝတ်ကြောင် ပြည်သူတဦးချင်းတို့၏ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင် ရသော လူမှုဘဝ အတွေ့အကြုံမှလာသော ပြဿနာ၏ အတိမ်အနက်ကို ထွင်းဖောက်မြင်နိုင်သော ဝိဇ္ဖာမယဉာဏ်၊ ထို့ ထက် အခက်အခဲတို့ကို လက်တွေ့စွမ်းဆောင် ကျော်လွှားနိုင်ရန် ကြပ်ကြပ်တည်းတည်း ကြံစည်ရသော စိန္တာမယဉာဏ် မျိုးသည်ကား ထိုကိုယ်တော်တို့တွင် မရှိနိုင်။
ထို့ကြောင့် လူ့ဘဝ လူ့ဘောင်၏ “နိုင်ငံရေးရာ၊ လူမှုရေးရာ ပြဿနာတွေကို ကိုယ်တော်တို့ ပါဝင်ဦးဆောင် ဖြေရှင်းပါ” ဆိုသော မူဝါဒမျိုးသည် လုံးဝလွဲမှားသော မူဝါဒဖြစ်သည့်အပြင် ယင်းသို့ ဘာသာရေးအာဏာကို လူမှုကိစ္စတို့တွင် ရှေ့ ကို ပွဲထုတ်လာခြင်းသည် ပြခဲ့သလို ပေါကြွယ်စုံလင်သော လူမှုလက္ခဏာ များစွာ၏ ဖြည့်ပါဝင်မှုကို တံခါးဟင်းလင်းဖွင့် လှစ်ထားသော လူ့ဘောင် (Open Society) မြန်မာပြည်တွင် ပေါ်ထွန်းဖို့ရာ အရေးကိစ္စကို သေးသိမ်နိမ့်ကျ စေခြင်းပေ တည်း။ အမေရိကန် ပြည်ထောင်စု၏ လွတ်လပ်ရေးကြေငြာစာတမ်းရှင် သောမတ်ဂျက်ဖာဆန်က သည်သို့ ချို့ယွင်း ကျဉ်းမြောင်းသော အယူအဆနှင့်စပ်၍ ပြောခဲ့သည်မှာ ..
“သမိုင်းဟူသည်တွင် ငါယုံကြည်မိသည်မှာကား ဘုန်းကြီးစီးသည့် လူထုဟူသည် လွတ်လပ်သော အရပ်သားအစိုးရကို ထိန်းသိမ်းထားနိုင်သည့် ဥပမာဟူ၍ လုံးဝမရှိ။ ဘုန်းကြီးစီးသည့် လူ့ဘောင်မျိုးကို လိုချင်ခြင်းသည် မိုက်မဲပိတ်ဖုံးသည့် အနိမ့်ကျဆုံး အသိတရား၏ လက္ခဏာမျိုးဖြစ်သလို ဒါမျိုး အမိုက်တရား ထွန်းကားသည့် နိုင်ငံသည် အရပ်ဘက်ခေါင်း ဆောင်တို့မှရော ဘာသာရေးခေါင်းဆောင်တို့ပါမကျန် သူ့တို့ စီးပွားအမြတ်ထွက်ရဖို့သာ လိုက်ရှာနေမည့် လူ့ဘောင်မျိုး ပေတည်း”
ညိုထွန်း
No comments:
Post a Comment