Monday, June 10, 2013

၂၀၁၅ ရွေးကောက်ပွဲအတွက် အသံပေးကြပြီ

ဒီတလောအတွင်း ဗမာပြည်မှာ "သမတလုပ်ချင်တယ်" လို့ ပြောင်ထုတ်ပြောသံနှစ်သံ ကြားလိုက်ရတာဟာ တိုက်ဆိုင် လှတယ်လို့ ဆိုရပါမယ်။ ပြောတဲ့လူတွေကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး ရွှေမန်း (သူတို့ပြောတဲ့အချိန်အလိုက် ရှေ့နောက် စဉ်လိုက်တာ ဖြစ်ပါတယ်) တို့ ဖြစ်ပါတယ်။ တယောက်က တနေရာမှာ ပြောပြီးတာနဲ့
ကျန်တယောက်က နောက်တနေရာမှာ ၂ ရက်ပဲခြားပြီး ပြောလိုက်တာမို့ ပိုစိတ်ဝင်စားစရာ ကောင်းသွား ပါတယ်။ ရှေ့လူက ဒီလိုပြောတော့ နောက်လူကအားကျမ လိုက်ခံပြောတာလို ဖြစ်နေပါတယ်။

သေချာတာကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ခြေလှမ်းတွေစတင်ကြပြီ ဆိုတာပါပဲ။

နောက်ပြီး ဒီနှစ်ဦးဟာ ဒီပွဲမှာစောင့်ကြည့်ရမယ့် ကျားနဲ့ဆင်ရယ်လို့ ကြေညာလိုက်တဲ့သဘောလည်း ဆောင်တယ် ထင် ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဗိုလ်သိန်းစိန်ငုတ်တုပ်ရှိနေလျက်နဲ့ ဗိုလ်ရွှေမန်းက သူ သမတ လုပ်ဖို့ စိတ်ဝင်စားတယ် လို့ပြောတာ ဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်က လာမယ့်ရွေးကောက်ပွဲမှာ သူဆက်အရွေးမခံတော့ဘူး၊ ဒါမှမဟုတ် အရွေး တော့ခံမယ်၊ ဒါပေမဲ့ သမတ မလုပ်တော့ဘူးလို့ တခါမှမပြောသေးပါဘူး။ ဒီလိုအချိန်မှာ ဗိုလ်ရွှေမန်း က အခုလို ပိုင်ပိုင် နိုင်နိုင်ကြီး ပြောလိုက်တာဟာ စဉ်းစားစရာတွေအများကြီး ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တနှစ်မတိုင်ခင်ကဘဲ ကြံ့ဖွတ် ပါတီမှာ ဗိုလ်ရွှေမန်း က ဗိုလ်သိန်းစိန် ကိုဖယ်ပြီး ဥက္ကဋ္ဌ နေရာယူခဲ့တာကို အားလုံးမှတ်မိကြဦးမှာပါ။ ဒီတော့ဖြစ်နိုင်တာ နှစ်မျိုးရှိတယ်လို့ ထင်ပါတယ်။

တခုတော့ဖြတ်ပြောပါ့မယ်။ ဗိုလ်ရွှေမန်း ပြောတာဟာ သူ့ဟာသူ အာချောင်၊ လျှာချောင်ပြီး ပြောတာမဟုတ်နိုင်ပါဘူး။ စစ်တပ်ဆိုတာ အမိန့်နာခံရတဲ့ အဖွဲ့အစည်းပါ။

ပထမဖြစ်နိုင်ခြေက စစ်အုပ်စုဟာ ဗိုလ်သိန်းစိန်ကို အာဏာကိုင်နိုင်တဲ့နေရာတွေကနေ ဖယ်ရှားဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ အ ချက်ပါ။ ကျန်းမရေးကြောင့်ဖြစ်စေ၊ တခြားအကြောင်းအချက်တွေကြောင့်ဖြစ်ပစေ “ပြုပြင်ပြောင်းလဲရေး ပိသုကာကြီး” တော့ ပြတိုက်ထဲရောက်တော့မယ့် အနေအထားဖြစ်ပါတယ်။ ကံကောင်းရင်တော့ ဗိုလ်နေ၀င်း၊ ဗိုလ်စောမောင်၊ ဗိုလ် ခင်ညွန့်တို့လို “အနားယူခြင်း” မျိုးဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဗိုလ်သန်းရွှေ လို နောက်ကွယ်ကနေ လက်ညှိုးညွှန်နိုင် သေးတဲ့ “အနားယူခြင်း” မျိုးတော့လည်း ဖြစ်မှာမဟုတ်ပါဘူး။

ဒုတိယဖြစ်နိုင်ခြေတခုကတော့ ၂၀၀၅ ခုနှစ်ကစလို့ ဇာတ်တိုက်ကပြနေတဲ့ ဒီ “အပြောင်းအလဲ” ပြဇာတ်ကြီးမှာ နံပတ် ဝမ်းနေရာကို တယောက်ထဲကကြာရှည်မယူရလို့ စည်းကမ်းသတ်မှတ်ထားတာပါ။ မမေ့ကြဖို့က ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေ မန်း စသူတွေဟာ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့လို နံပတ်ဝမ်းတွေမဟုတ်ဘူးဆိုတဲ့ အချက်ပါ။ ဟိုလူကြီးတွေက ဆက်ခံ သူ၊ ဒါမှမဟုတ် အိမ်ရှေ့စံတောင်မှ သတ်မှတ်မထားတဲ့ အာဏာရှင်ကြီးတွေ ဖြစ်ပါတယ်။ ခန့်ချင်သူကိုခန့်၊ ဖြုတ်ချင်သူ ကို ဖြုတ်လို့ရတဲ့လူတွေ ဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်တို့ မျိုးဆက်ကျတော့ သူတို့ချင်းညှိနှိုင်း၊ စေ့စပ်ပြီး အာဏာ (တာဝန်) တွေ သတ်မှတ်ခွဲယူထားကြတာပါ။ အဲဒီတော့ နံပတ်ဝမ်းနေရာကိုလည်း အလှည့်ကျယူကျဖို့ သတ်မှတ်မထားဘူးလို့ မ ဆိုနိုင်ဘူး ထင်ပါတယ်။ 
  
ကောင်းပြီ။ အာဏာရစစ်အုပ်စုဟာ အဲဒီလိုပြင်ဆင်မှုမျိုးတွေလုပ်ထားတယ်ဆိုရင် ရွေးကောက်ပွဲမှာဘယ်လို အနိုင်ရ အောင်လုပ်မယ်ဆိုတာကိုလည်း ပြင်ဆင်ပြီးဖြစ်မယ်လို့ပဲ ယုံကြည်ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲလို့ဆိုလိုက်ရင် ပြည် တွင်းပြည်ပက အဓိကအာရုံထားစောင့်ကြည့်ကြမှာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မပြင်၊ ပြင်ရင်ဘယ်လိုပြင် သလဲ၊ နောက်ပြီး စစ်တပ်ကပဲ အာဏာဆက်ထိန်းနိုင်အောင် ဘယ်လိုလုပ်သလဲဆိုတဲ့ အချက်တို့ပဲ ဖြစ်ပါတယ်။
   
တလောဆီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးဆိုတဲ့အသံတွေကို အတော်လေးကြားလိုက်ရပါတယ်။ ကြံ့ဖွတ် အမတ်တွေကတောင်မှ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ဖို့ တင်ပြကြမယ်ဆိုတဲ့အသံ၊ နောက်ပြီး အင်န် အယ်လ်ဒီက ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးအတွက် သူတို့အဖွဲ့အစည်းရဲ့သဘောထားကို ကြေညာမယ်ဆိုတဲ့ အသံ တွေကို အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်။ ဒါပေမဲ့ အခုအထိ ဘာမှမကြားရသေးပါဘူး။ လာမယ့်လွှတ်တော်မှာများ ကြားရလေမလားမသိဘူး။ ဒါတွေနဲ့တဆက်ထဲမှာ ပီအာရ်စနစ် (proportional representation) အချိုးကျ ပါဝင်မှု စနစ်ကို တင်ပြတယ်ဆိုတာတွေလည်း ပေါ်လာခဲ့ပါတယ်။ သာမန်လူတွေ မျက်စေ့လည်စရာတွေလို့ ဆိုနိုင်ပါတယ်။
   
ဘယ်လိုပဲဖြစ်ပစေ ပြည်သူလူထုကြီးမလည်တာကတော့ အုပ်ချုပ်ရေးယန္တရားထကနေ စစ်တပ်ကိုဆွဲထုတ်ဖို့နဲ့ အမျိုး သားစီးပွားရေးကိုခရိုနီတွေလက်က ဆွဲထုတ်ဖို့အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရရှိရေးဆိုတဲ့ မျှော်မှန်း ချက် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ဆိုတာတွေလုပ်၊ ပီအာရ်ဆိုတာတွေလုပ် နောက်ဆုံးကျတော့ ပိုနေမြဲ ကျားနေမြဲ ပြန်ဖြစ်နေလို့ကတော့ လူထုကြီးကကျေနပ်မှာ မဟုတ်ပါဘူး။ မှန်တာပြောရရင် လွှတ်တော်ထဲက စစ်ဗိုလ် တမတ်သားထဲက အမြင်မှန်တဲ့လူတွေ ထွက်လာမယ်ဆိုတာမျိုး လူထုကြီးက နည်းနည်းမှစိတ်ကူးမယဉ်ပါဘူး။ ပြောရရင် စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်လိမ်ညာမှု အမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူးတဲ့ လူထုကြီးအနေနဲ့ ဒီတမတ်သားဟာ စစ်အုပ်စု ရဲ့လက်ရွေးစင်တွေပဲဖြစ်တယ်ဆိုတာ အစောကြီးကတည်းက သိကြပါတယ်။

ဒါပေမဲ့ ခက်တာက ဗိုလ်သိန်းစိန် ကိုယ်တိုင်က ဖွဲ့စည်းပုံပြင်ဖို့ဟာ လွှတ်တော်ထဲမှာပဲဖြစ်နိုင်မှာဆိုတဲ့ အဓိပ္ပာယ်မျိုး တနေ့ကပဲ ပြောသွားခဲ့ပါတယ်။ အဲဒီတော့ ဒီတမတ်သားနဲ့၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘာကိုပြင်လို့ရမှာတဲ့လဲ။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီး တည်ရှိနေသရွေ့ကတော့ ကြံ့ဖွတ်နဲ့စစ်ဗိုလ်တွေက အမြဲအသာစည်းရနေမှာသာ ဖြစ်ပြီး ကျန်အဖွဲ့အစည်းတွေဟာ သမတလုပ်ဖို့စိတ်မကူးနဲ့၊ အာဏာရဖို့မစဉ်းစားနဲ့၊ စစ်ဗိုလ်တွေပေးတဲ့ခွဲတမ်းနဲ့ ကျေနပ်ရတဲ့ ဘ၀ပဲရောက်သွားမှာပါ။ ဒါကြောင့် ဒီနေ့အခါမှာ လွှတ်တော်တွင်းလွှတ်တော်ပ နိုင်ငံရေးသမားတွေဟာ ဒီစစ်တပ်ကို အာဏာအပ်နှင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကို ဖျက်သိမ်းအောင်လုပ်နိုင်မှသာ သမိုင်းက သူတို့ကို အပ်နှင်းထားတဲ့ တာဝန်ကိုကျေပွန် အောင်ထမ်းဆောင်တယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

ရဲဘော် ဖိုးသံချောင်း

1 comment:

Unknown said...

သမ္မတ ၂ ယောက် လောက် ထား ရမယ့် ပုံ ပေါက် နေ ပြီ