Saturday, July 6, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၈)

သိမ်ငယ်နေသော ဘုရားလောင်း

“အနောက်ပြုမှု” အပေါ် ဆန့်ကျင်ခြင်းကို ယနေ့ ကမ္ဘာအနှံ့တွင် တွေ့ရတတ်ပါသည်။ ထိုဆန့်ကျင်ခြင်းတို့သည် အ နောက်ကလာ ကချလာ၊ ရွှေညဝါ စိတ်ကူး၊ နင်လူသိုး ဆိုးမိုက်လို့ရူး ဆိုပြီး လုပ်တတ်ကြပါသော်လည်း ဆန့်ကျင်သော သူတို့ မသိတတ်ကြသည်မှာ ဤအနောက်စိတ်ကူးဆိုသည် တို့သည် သူတို့၏ ရှေးရှေးတုန်းခါက မြင်ကွင်းကျယ် လူ့ ဘောင်တို့တွင် သီတဂူစန်းလပမာ ချမ်းမြသာယာ ရွှန်းပထွန်းလင်းခဲ့ကြောင်း ကိုပါတည်း။ လူတဦးချင်း၏ အကြွင်းမဲ့ လွတ်လပ်ခြင်း (Liberty) နှင့် ရဟန်းရှင်လူပြည်သူ၏ ချင့်နိုးကြားကုံလုံသော ဉာဏ်အလင်း (public reasoning) တို့ ဟူသည် အနောက်တိုင်းမှာသာ ရှင်သန်ထွန်းတောက်တဲ့ တန်ဖိုးများ မဟုတ်ပါ။ စင်စစ် ဤအခွင့်အလမ်းတို့သည် လူ့လောကတခွင်လုံးနှင့်
သက်ဆိုင်သော လောကစောင့် လောကပါလတရားတို့သာ ဖြစ်ကြကုန်ပါ သတည်း။

ဤလောကပါလတရားတို့ကို “အနောက်ကလာ ရွှေညဝါ” ဆိုပြီး အမည်မှားပြီး မှည့်ခေါ်ကြလေသောအခါ ဤသို့ နာမည်မှားပြီး သိနေသော လူ့ဘောင်တို့သည် လမင်းကို ခွေးဟောင်သလို (လူ့အခွင့်အရေး ဆိုသည်ကို) ဟောင်ချင် လာတတ်ကြပါသည်။ ဤသို့ စန်းရွှေလရောင် ထွန်းပြောင်တာကို မရှုစိမ့်သော စေတနာတို့ကို အနောက်ဆန့်ကျင်ရေး ဒို့အရေး ကွက်စိပ်တို့တွင် အာရှတိုက်ကြီး၏ တန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရမည် (အထူးသဖြင့် အရှေ့ အာရှ တွင် ၁၉၉၀ နှစ်ပိုင်းများက လွန်စွာတန်ခိုးထွားခဲ့ပါ၏) ဆိုသည်မှသည် အစ္စလမ်၏ အထွတ်သစ္စာတရားတို့သည် အနောက်တိုင်း၏ မည်သည့် တန်ဖိုးမဆိုနှင့် မိုးမြေဆုံး ခိုက်ရန်ဖြစ်ရမည်ဟု ယူဆခြင်း (သည်ဝါဒသည် သည်ဘက်နှစ် ပိုင်းများမှာ ပို ပျံ့နှံ့လာပါ၏) အထိ ပုံစံအမျိုးမျိုးနှင့် တွေ့ရတတ်ပါသည်။

အဲသလို အနောက်အနောက်ဆိုပြီး လူတွေ၏ အာရုံသည် ပစ္ဆိမချည်တိုင်မှာပဲ တဝဲလည်လည် ဖြစ်ရခြင်းမှာ ကိုလိုနီ သမိုင်းလျှင် တစိတ်တပိုင်း ပတ်သက်ပါ၏။ လွန်ခဲ့ပြီးသော ရာစုနှစ်အနည်းငယ်မှာ ဖြစ်ပွားခဲ့သော အနောက်နိုင်ငံတို့၏ နယ်ချဲ့ဝါဒသည် ကိုလိုနီပြုခံရသော နိုင်ငံတို့၏ နိုင်ငံရေးပိုင်းဆိုင်ရာ လွတ်လပ်ရေးကို ဆုံးရှုံးစေခဲ့ရုံသာမက ယင်းနိုင်ငံ တို့ရှိ လူတို့တွင် အနောက်ဆိုသည့် အသိအာရုံလက္ခဏာ အပေါ်ဝယ် ဥမ္မတက ရူးနှမ်းတတ်သည့် စိတ်နေမျိုးစုံလည်း တွဲဖက်ပေါ်ပေါက်လာပါသည်။ ထိုစိတ်နေမျိုးစုံဟူသည် အစားစားပါပဲ “ကုလားမြင် သူ့အမေ … တော့မလို၊ ခုမြေလျှိုး ပုန်းရှောင်” လိုမျိုး ကျနော်ကြီး အလွန်လုပ်ချင်သော စိတ်နေမှသည် ဆန့်ကျင်ဘက် “သုဉ်းရပြန်လစ်၊ သုညခေတ်တွင်၊ ကျွန်ဖြစ်လာရ၊ ဒို့ဘဝသည် သေသော်မှတည့် သြော်ကောင်း၏” ဟူသော လုံးဝမနှစ်မြို့သည့် စိတ်မျိုးတို့ တိုင်အောင် ပါပဲ။ ကိုလိုနီခံလိုက်ရသော နိုင်ငံတို့၏ လူတို့၏ စိတ်နေသဘောတို့သည် ဤသို့ပင် ဒွိကွဲပြားသွားကြကုန်ပြီး တဦး တယောက်က အနောက်ကို ချစ်ခင်မြတ်နိုးသလောက် နောက်တယောက်က မေတ္တာများစွာသုဉ်းနေတတ်ပါရဲ့။

ကိုလိုနီခေတ်လွန် သည်ဘက်ခေတ်ကာလတွင် အနောက်အပေါ် မေတ္တာသုဉ်းခြင်းတို့် ဖြစ်ထွန်းမှုကို ကိုလိုနီခေတ် နယ်ချဲ့တို့၏ မတရားဖိနှိပ်မှုတို့ကို နာကျည်းနေခဲ့သောကြောင့် ဖြစ်လိမ့်မည်ဟု ကြည့်မြင်နေခြင်းသည် မှန်ကန်သော အကြည့်အမြင်မျိုးတော့ မဟုတ်ပါ။ ကိုလိုနီခေတ်လွန် အနောက်မလိုလားမှု ဟူသည် ဖိနှိပ်ခံခဲ့ရသော သမိုင်းထက် အသစ်ဖြစ်ပေါ်လာသော အကြောင်းရင်းများစွာတို့နှင့် သက်ဆိုင်ပါသည်။ ထိုကိစ္စတို့နှင့်စပ်၍ ငါတို့တတွေသည် ရွှေမန်း ဆိုရင် သဘင်ပဲဟု ရမ်းထင်တတ်တာမျိုးထက် ပိုပြီးရေရာသော ဖြေရှင်းချက်တို့ကို ရှာဖွေရပါလိမ့်မည်။

ဟုတ်တော့လည်းဟုတ်ပါ၏။ ကိုလိုနီခေတ်က မတရားဖိနှိပ်ခံရမှုများသည် ထိုလူ့ဘောင်တို့၏ အသိသညာတွင် စွဲထင် နေတတ်ပါသည်။ မတရားခံခဲ့ရမှုတို့သည် အဖိနှိပ်ခံလူမျိုးတို့၏ စာပေကဗျာတို့မှာ တည်တံ့စွာ အကြိမ်ကြိမ် စွဲထင်ဖော် ပြတတ်ပါသည်။ စာပေကဗျာ၏ ယူငင်သိမ်းကြုံးမှုအားဖြင့် နောင်မျိုးဆက်တို့သည် သူတို့ တကယ်ပင် မခံခဲ့ရလင့်ကစား မျက်မှောက်တွင်ပင် ဖြစ်ပျက်သလို ခံစားရတတ်လေ့ရှိပြီး ၎င်းတို့သည် အနောက်ဆန့်ကျင်ရေး စိတ်ဓာတ်တို့ကို မျက် မှောက်ခေတ်တွင် ပြန်ထွန်းညှိပေးတတ်ပါသည်။ ယမန်နေ့က နယ်ချဲ့အင်ပါယာတို့သည် ကနေ့မှာ လူတွေကို သွေးပြန် ဆူလာတတ်စေ၏။ အထူးသဖြင့် အင်္ဂလိပ်ကို ဖြစ်လေ့ဖြစ်ထ ရှိပါ၏။ ခုပင်လျှင် ဥရောပနှင့် အင်္ဂလန်သည် ပြန်လာတော့ မည့်အလား တခုမဟုတ်တခု တွေးပူတတ်ကြပါသည် (အမေရိကန်ပင်လျှင် အင်္ဂလန်ကိုတွေးပူသော ဂယက်တို့ ခဏ ခဏဆိုသလို ဖြစ်တတ်ပါ၏ )။ ထို့ကြောင့်လည်း ကိုလိုနီနယ်ချဲ့တို့၏ လက်လွန်ခြေလွန် ပြုကျင့်မှုတို့ကို အာရုံပြန်ရတတ် သော မော်ဒန်နိုင်ငံသူတို့သည် အခြေအမြစ် လုံးလုံးမဲ့နေတာတော့ မဟုတ်ပါ။

ကိုလိုနီသခင်ကြီးတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ယုတ်မာစွာ ပြုကျင့်မှုတို့အပြင် (အိန္ဒိယ ပန်ဂျပ်ပြည်နယ် အန်ရစ်ဆာမြို့တွင် ငြိမ်းချမ်းစွာ စုဝေးနေသော လူထုကို အစုအပြုံလိုက် သတ်ဖြတ်မှုမျိုး) ၎င်းသခင်ကြီးတို့မှ သူတို့ အောက်ကျို့ထားသော နိုင်ငံမှသူတို့ကို မတူမတန် ဉာဏ်မရှိသူတို့သဖွယ် ယျေဘုယျအားဖြင့် သဘောထား ဆက်ဆံပုံ မျိုးတို့သည် ဆက်ဆံခံရသူတို့တွင် အရှက်တရဖြစ်ရမှုမျိုးနှင့် တကယ်နိမ့်ကျသည်ဟု မှတ်ယူသွားမှုမျိုးတို့ကို ဖြစ်ပေါ် စေတတ်ပါသည်။ အဲသလို အုပ်ချုပ်သူလူတန်းစားက အုပ်ချုပ်ခံလူတန်းစားကို လူကိုလူချင်း အရှက်ခွဲခြင်းတို့သည် ကိုလိုနီအင်ပါယာ အင်အားစုနိုင်ငံတို့တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံရေးနှင့် စီးပွားရေး တဖက်စောင်းနင်း ဖြစ်လာမှုတို့ ကဲ့သို့ပင် အနည်းဆုံး ဂရုပြုလေ့လာသင့်သည့် သုတေသနကိစ္စတခု ဖြစ်ပါပေ၏။

ဘုရားဖူး၏ တိုးတက်ခဲ့သော ခရီးလမ်း (Pilgrim’s Progress) တွင် စာရေးဆရာ ဂျွန်ဘန်နီရန်သည် “အရှက်ခွဲခံရသော တောင်ကြား” ဟု သခင်မင်းသား အက်ပိုလီဟန်က ဘုရားဖူး ခရစ်ယာန်ကို နင်သည် ငါ့နိုင်ငံကလူ ငါ့ကျွန်ဖြစ်၍ ဘုရား သခင်၏ နိုင်ငံသို့ ရွှေ့ပြောင်းသွားခွင့်မရှိ ဆိုပြီး အရှက်ခွဲပုံကို တခန်း ရေးထားပါသည်။ ထောင်ထဲတွင် နှစ်ပေါင်းများစွာ နေခဲ့သော ဆရာဘန်နီရန်သည် အရှက်ခွဲခံရခြင်းဆိုတာကို ကောင်းကောင်းသိပါ၏။သူ့ ဒုတိယမ္ဗိ ထောင်နန်းစံကာလ ၁၆၇၀ တွင် ဆရာဘန်နီရန်သည် ဤစာအုပ်ကို ရေးသားခဲ့သည် (စာအုပ်ကို ၁၆၇၇ တွင် ပုံနှိပ်)။ သို့သော် ဆရာ ဘန်နီရန်၏ စိတ်ကူးယဉ်ထဲက နာကျင်ခံခက်သော ဤတောင်ကြားသည် သူနေထိုင်ခဲ့ရာ တဆယ့်ခုနှစ်ရာစုတွင် စော်ကားနှိမ့်ချခံရမှု အဝဝကို ခါးစည်းခံခဲ့ရသည့် အာဖရိကနှင့် ဘယ်လိုမှ မပြိုင်နိုင်ပါ။ လူမျိုးနွယ်ဆိုသည်ကို စတင်မွေး ဖွားပေးခဲ့သလို ကမ္ဘာ့မြို့ပြယဉ်ကျေးမှု၏ ရှေးဦးမွန်ဆွ အရပ်လည်းဖြစ်သည့် အာဖရိကသည် ဥရောပသားတို့၏ အဖျော် ဖြေခံ ကျွန်တိုက်ကြီးတတိုက်အဖြစ် ပြောင်းလဲသွားရပြီး ကျွန်တွေကို အမဲလိုက်သလိုလိုက်ကာ ကမ္ဘာ့တစ်ဖက်က ယဉ် ကျေးသော တိုက်သစ်ကြီးရှိရာဆီသို့ တိရစ္ဆာန်တွေပို့သလို ပို့သော ကွင်းပြင်ကြီး ဖြစ်လာခဲ့သည်။

အရှက်ခွဲစော်ကားခဲ့သော လုပ်ရပ်တို့က စော်ကားခံခဲ့ရသော လူ့ဘဝများစွာကို ဆိုးကျိုးအာနိသင်များစွာ ရှိခဲ့သည်ဟု ဆိုပါလျှင်လည်း ဒါဟာ ချဲ့ကားတာတော့ မဟုတ်နိုင်ပါ။ ကျွန်ကုန်ကူးခြင်းနှင့် ကိုလိုနီပြုခြင်း စသော သမိုင်း၏ အမည်း ကွက်များကို ခုခါမှာ အဲဘတ် တီဗိုဒါးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အာဖရိက၏ လွတ်လပ်သော ကော်မရှင်က “အာဖရိကကို စစ်ဆင်နွဲခြင်း” ဟု မြင်ပြီး ကနေ့တွင် ၎င်းကော်မရှင်က အဓိကတာဝန်အဖြစ် လုပ်ငန်းစဉ် ချမှတ်ထား သည်မှာ “အာဖရိကသားတို့၏ သိမ်ငယ်နေသောစိတ်ကို စစ်ပြုအောင်မြင်နိုင်ရေး” (သူတို့၏ အစီရင်ခံစာ ခေါင်းစဉ်အ ဖြစ် ရွေးခဲ့တဲ့နာမည်) ဟူ၍ ဖြစ်ပါသည်၁။ နှစ်ရာစုများစွာ အောက်ကျို့သိမ်ငယ်အောင် လုပ်ခံခဲ့ရသော အာဖရိကသား တို့သည် သမိုင်း၏ ခြေရာဆိုးတို့ကို သူတို့၏ နှလုံးသားမှ ဖျောက်ဖျက်ဖို့ လုံးပမ်းရပါလိမ့်မည်ဟု ဤကော်မရှင်က ငြင်းခုံ သည်။ ခြေရာဆိုးတို့သည် အာဖရိကသားတို့၏ ရှေးအဆောက်အဦတို့ကို ဖြိုချခဲ့သလို အဆောက်အဦအသစ်တို့ကို တည်ဆောက်ဖို့ရန် အခွင့်အလမ်းတို့ကိုလည်း သူတို့အား ဆုံးရှုံးစေခဲ့ပါ၏။ အဆိုးဆုံးမှာ သိမ်ငယ်သွားခဲ့သော ဤလူ့ ဘောင်သည် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတော့ခြင်း ဖြစ်ပါ၏။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းသည် တခြားဘာမဆို ကို တိုးတက်ရယူရန်အတွက် အခြေခံပါတည်း။

ကိုလိုနီသခင်တို့မှ ဒေသခံကျေးတော်မျိုးတို့အပေါ် နှိမ်ချမှုတို့သည် တခြားဒေသတို့တွင်လည်း ဖြစ်ပေါ်ခဲ့သည်။ ကနေ့ ဗြိတိန်၏ မှတ်ဉာဏ်တွင် ဗြိတိသျှရာဇာမျိုးတို့ဆိုပြီး သူတို့ လုပ်ခဲ့သော ကိုလိုနီအိန္ဒိယအကြောင်းသည် မှေးမှိန်မေ့ ပျောက်လာပြီ ဖြစ်သော်လည်း အဲသည်တုန်းက ဗြိတိသျှသခင်ကြီးတို့၏ မဖွယ်မရာ တွေးခေါ်ပြုမူပုံတို့သည် (မော်ဒန် အင်္ဂလန်မှာ မွှေးကြိုင်နေသော ကုလားဟင်းနံ့နှင့်အတူ) ရံဖန်ရံခါ ပြန်လည် အမှတ်ရစဖွယ်ပါတည်း။ ဗြိတိသျှတို့အပေါ် ထားရှိသည့် တောင်အာရှသားတို့၏ နားလည်ရခက်သော သဘောထားဟူသည် သူတို့တဦးချင်း စိတ်မတွေ့နိုင်သည့် အစိတ်အပိုင်းတို့အပြင် ယျေဘုယျ မနှစ်မြို့နိုင်သည်မှာ အင်ပါယာစိတ်ထားမှ ပေါက်သော အင်္ဂလိပ်ရွှေကိုယ်တော်တို့၏ ရွှေတွေးရွှေကျင့်ရွှေကြံ ပုံစံမျိုးကို ဖြစ်ပါ၏။ အိန္ဒိယကို ချစ်သဖြင့် ပြုပြင်ပေးလိုသော အင်္ဂလန်သား ပညာရှင်တို့ဟူသည် သမိုင်းတလျှောက်လုံး စကတည်းက လူလျော့သွားသည်ဟူ၍ မရှိပါ။ သို့ပေမင့် အင်ပါယာအခြေကျသွားပြီ ဖြစ်သည့် တစ်ဆယ့်ကိုးရာစု ရှေ့ပိုင်းတွင် အဲသည် အိန္ဒိယကိုချစ်သော ပညာရှင်တွေက လုပ်လာကြသည်မှာ အင်္ဂလိပ် အရာရှိ တဦးသည် ဒီကုလားတွေနဲ့ သူ့ကြားမှာ တခုခုတော့ဖြင့် ခြားထားရမည် ဆိုသော သဘောထားမျိုး ပါတည်း၂။ ဤသို့ သော သဘောထားမျိုး၏ အခြေခံအကြောင်းပြချက်ကို အကောင်းဆုံး ဖြေရှင်းပြထားသည်မှာ ဂျိမ်းမေး ၏ ကျော်ကြား သော အိန္ဒိယသမိုင်းတွင် ဖြစ်ပါ၏။

ဂျိမ်းမေး၏ စာအုပ်သည် အိန္ဒိယ သမုဒ္ဒရာခရီးကို သင်္ဘောကြီးစီးပြီး သွားရတော့မည့် အင်ပါယာကေဒါ ဗြိတိသျှသား တို့၏ လက်စွဲစာအုပ်ဖြစ်ပြီး မရယ်ပါနဲ့၊ စာအုပ်ပါ စာသားတချို့ကို ပြန်ကြည့်ကြရအောင် “ငါတို့၏ အင်္ဂလိပ်ဘိုးအေတို့ သည် ရိုင်းတာတော့ ရိုင်းတာပေါ့လေ၊ ဒါပေမယ့် အိန္ဒိယကိုသိမ်းတာ ဒို့ဘိုးအေကြီးတွေက ဒါစေတနာထားတာပါ။” တဖက်က သည်ကုလားတွေကို ကြည့်လိုက်စမ်း “အပြင်မှာတော့ ရွှေပိန်းချ ဟိန္ဒူဘာသာက သူတို့မှာ ပြောင်ပြောင် လက်လက်၊ အတွင်းစိတ်ကတော့ ငလိမ်ငကောက် နောက်ချေးခံတွေ”၃။ အိန္ဒိယကို တခါမှ မရောက်ဖူးသည့် အပြင် မည်သည့် အိန္ဒိယတိုင်းရင်း ဘာသာတခုကိုမှ မလေ့လာဖူးဘဲ ရေးထားသော မေး၏ သမိုင်းစာအုပ်ကို ဗြိတိသျှ အုပ် ချုပ်ရေးယန္တရား၏ အဓိကကိုးကားရာ ကျမ်းစာအုပ်ကြီးအဖြစ် အားကိုးအားထားပြုခဲ့သော ကိုလိုနီသခင်ကြီး အင်္ဂလိပ် တို့၏ မိုက်မဲပေါ့ပျက်မှုကို သိမြင်နိုင်ပါ၏။ လော့မက်ကူးလီ က ချီးမွမ်းပြတာကို ကြည့်ပါ “ဂီဘွန်ရဲ့ လက်ရာပြီးရင် အင်္ဂလိပ်ဘာသာရပ် တခုလုံးမှာ ဂျိမ်းမေးရဲ့စာအုပ်ဟာ အကြီးကျယ်ဆုံး သမိုင်းစာအုပ်ပါပဲ” ၄။

အဲသည် ဗြိတိသျှနယ်ချဲ့အရာရှိတို့၏ အိတ်ဆောင် သမ္ဗာကျမ်းစာတွင် မေးက “အိန္ဒိယဟိန္ဒူကုလားတွေကို ယဉ်ကျေးမှု မြင့်မားသော လူတွေလို့ မှတ်ထင်ကြပေမယ့် တကယ်တော့ သူတို့ဟာ ရှေ့ဦးဆုံး မြို့ပြယဉ်ကျေးမှုတွေမှာပဲ ခြေလှမ်း သွက်ခဲ့တာပါ” ဟု အသေအချာကို ရှင်းပြထားသေးပါသည်၅။ မေး၏ အိန္ဒိယသားတို့ကို သိက္ခာချသည့် စာမျက်နှာများ စွာတို့အနက်မှ တခုသော သာဓကဖြစ်သည့် အိန္ဒိယ နက္ခတ္တဗေဒကို သူကနေပြီး သုံးသပ်ပြပုံကို ကျနော် ဖော်ပြပါရစေ။ အေဒီ ၄၇၆တွင် မွေးသော အရိယာဘဒ္ဒသည် ကမ္ဘာလည်ပတ်ပုံ နှင့် ကမ္ဘာ့ဆွဲအားအကြား ဆက်စပ်ပုံကို မှန်းဆနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဒါကို အိန္ဒိယ နက္ခတ္တဗေဒ ပညာရှင်များဖြစ်သည့် ဗာရာဟံမိဟိရနှင့် ဗြဟ္မဂုတ္တတို့က ခြောက်ရာစုနှင့် ခုနှစ်ရာစုတွင် ဆက်လက်လေ့လာ တွက်ချက်ခဲ့ပါသည်။ ဤ သုတေသနတွေ့ရှိချက်တို့သည် အာရပ်ကမ္ဘာသို့ ကူးလူး ရောက်ရှိလာခဲ့ပြီး အာရပ်ပညာရှင်တို့ အသိုင်းအဝိုင်းတွင် အကြီးအကျယ် ပျံ့နှံ့ဆွေးနွေးလာခဲ့ပါ၏။ တကယ်တော့ ဗြဟ္မဂုတ္တ၏ စာအုပ်ကို ရှစ်ရာစုတွင် အာရေဗျဘာသာသို့ ပြန်ဆိုနိုင်ခဲ့ပြီး ဆက်လက်၍ တဆယ့်တရာစုတွင် အီရန် သင်္ချာ ပညာရှင် အယ်ဗာယူနီ က ရှေ့ဘက်ရာစု၏ ပြန်ဆိုမှုအမှားများကို ပြင်ဆင်၍ ထပ်မံပြန်ဆိုခဲ့သည်။

တဆယ့်ရှစ်ရာစုနှောင်းပိုင်းတွင် ကာလကတ္တားက အရှေ့အိန္ဒိယ ကုမ္ဗဏီတွင် တာဝန်ထမ်းဆောင်နေသော ဝီလျံ ဂျုံး သည် ဤသက္ကတကျမ်းများကို သတိထားမိလာခဲ့ပြီး အိန္ဒိယသားတို့၏ နက္ခတ္တပညာရပ်အပေါ် ပါဝင်ဖြည့်ဆည်းပေးနိုင် ခဲ့မှုတို့ကို နှစ်လိုချီးမွမ်းခဲ့သည် ၆။ ဒါကို မေးက “ဂျုံးသည် အ လို့ ကုလားတွေ လိမ်တာခံရတာပဲ” ဟု မှတ်ချက်ပေးပါ၏။ ဂျုံးကို သည် သက္ကတကျမ်းစာတွေကို အကြောင်းကြားတဲ့ ကုလားငနဲတွေက ဝိုင်းလိမ်ကြတာပါဟု မဟုတ်တမ်းတရား စွပ်စွဲပြီး “ဆာ ဝီလျံ ဂျုံး ရဲ့ ကုလားဂုရုတွေဟာ ဥရောပတွေးခေါ်ပညာရှင်တွေက ပြောတဲ့ စကြာဝဌာရဲ့ အကြောင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါပဲ။ ဒါကို သူတို့က ဂျုံးကို စကြာဝဌာရဲ့အကြောင်းဟာ သူတို့ကျမ်းစာတွေမှာပါတယ်ဆိုပြီး ဂျုံးကို အယုံသွင်းလိုက်တာပါပဲ” ဟု ဖော်ပြခဲ့ပါ၏။ ဤသို့အားဖြင့် မေး၏ ကုလားဆိုရင် ငလိမ်ငကောက် နောက်ချေးခံပဲ ဟူ သော ယုံကြည်မှုသည် အိန္ဒိယသမိုင်းတခုလုံးကို သို့နှင်နှင် ချည်းကပ် ရှင်းလင်းခဲ့ပါလေ၏။

အိန္ဒိယသားတို့၏ မြို့ပြယဉ်ကျေးမှုနှင့် သိပ္ဗံပညာထွန်းကားခြင်းတို့ကို အဖက်ဖက်မှ ဒေါင့်စေ့အောင် တိုက်ခိုက်ပြီးနောက် တွင် မေးက နိဂုံးကမ္ဗတ် မှတ်ချက်ပြုခဲ့သည်မှာ အိန္ဒိယယဉ်ကျေးမှုသည် သူသိတဲ့ “တခြားနိမ့်ကျသော ယဉ်ကျေးမှုတွေ ဖြစ်တဲ့ တရုတ်၊ ပါရှား၊ အာရပ်” တို့နှင့် တန်းတူပါပဲ။ ဒါ့ထက်တောင် နိမ့်ကျနိုင်တာဟာ အောက်နိုင်ငံတွေဖြစ်တဲ့ “ဂျပန်၊ ကိုချင်တရုတ်၊ ထိုင်း၊ ဗမာ၊ မလေး၊ တိဗက်” တို့နဲ့တောင် ကွာမယ် မထင်ပါဘူး။ သို့ကြောင့်မို့လို့လည်း ထိုအောက်နိုင်ငံ တို့သည် ကိုလိုနီအနောက်ကို မနှစ်မြို့မှုတို့ ဖြစ်ပေါ်လာခဲ့သည်ဆိုပါလျှင် (အမျိုး ဘာသာ သာသနာ ဆိုပြီး သူတို့ကိုယ် သူတို့ မာန်တင်းလာခဲ့မည် ဆိုပါလျှင်လည်း ) ဒါဟာ သူတို့ဘာသာသူတို့ အနှစ်လက္ခဏာကို ရူးမိုက်စွာ စွဲလမ်းရာက ဖြစ်ပေါ်လာတဲ့ သမိုင်းဆိုပြီးတော့လည်း ပြောလို့မရပါ။

ဆက်စပ်သုံးသပ်ချက်…
ပြီးခဲ့တဲ့နှစ် ဆယ်လပိုင်းက ကျနော့်မိတ်ဆွေ ပရော်ဖက်ဆာ ရာ့ သည် ကျနော့်အား ကာနက်ဂီကောင်စီကနေပြီး ဖိတ် ခေါ်သည့် “အမေရိကန်နှင့် အာရှနိုင်ငံတို့၏ ဆက်ဆံရေးဆိုင်ရာ ကျင့်ဝတ်နီတိများ” ဆိုင်ရာ စာတမ်းပြိုင်ပွဲတွင် အမေ ရိကန်နှင့် ဆက်ဆံရေး တဟုန်ထိုး ပြန်ပွင့်ကောင်းမွန်လာသည့် မြန်မာပြည်အတွက် တခုခုရေးပြီး ဝင်ပြိုင်ရန် တိုက် တွန်းခဲ့ပါသည်။ ကျနော့်မှာ ထိုစဉ်က အလုပ်ကိစ္စနှင့် နိုင်ငံတကာခရီးတွေ တန်းစီပြီး ရှိနေသည့်အတွက် အချိန်ရမည်ဟု မထင်ခဲ့။ သို့သော် ရာ့အား စိတ်ကျေနပ်စေရန် မြန်မာပြည် ဆက်ဖြစ်မည့်အခြေအနေနှင့် စပ်၍ ကျနော် တွက်ချက်ထား သည့် အတွေးအခေါ်တခုကို ဖော်ပြသော စာတိုလေးတခုကို ဤသို့ ပြန်ရေးခဲ့သည်။

ရာ့ရေ …

စိတ်ဝင်စားစရာကောင်းတဲ့ စာတမ်းပြိုင်ပွဲအကြောင်း ပေးပို့လာတဲ့အတွက် ကျေးဇူးပါ။ အင်း .. ခုခါမှာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ပူနွေးလာတာဟာ ကြည့်ရင်တော့ ကောင်းသလိုလိုနဲ့ ကြေကွဲဖွယ် အဖြစ်အပျက်များစွာဟာ မယုံ နိုင်လောက်အောင်ကို ဖြစ်ပေါ်လာနိုင်ပါတယ်။ ခုနေခါတောင်မှ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ (ထိုစဉ်က ရခိုင်တဝိုက်မှာသာ) ဗမာအသိုင်းအဝိုင်းတွေမှာ သူတို့ကိုယ်သူတို့ “အမေရိကန်နဲ့ ခုအခါ ငါတို့မိတ်ဆွေဖြစ်ပြီ။ မဟာအင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ မူဆလင်တွေကို မုန်းတယ်။ ဒါကြောင့် ငါတို့ဟာ မူဆလင်တွေကို နှိပ် ကွပ်ဖို့ တရားဝင်လုပ်နိုင်တယ်” ဆိုပြီး သူတို့ကိုယ်သူတို့ အတန်းအခွင့် တခုကို တိုးတက်သွာပြီဆိုတဲ့ အထင်အမြင်မျိုး ပေါ်ပေါက်လာတာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ပညာရပ်အားဖြင့် သည် ဆက်စပ်မှုဟာ အင်မတန်မျက်မြင်သက်သေ ဖြစ်ပေမယ့် လူတွေနားလည်ဖို့ကျတော့ တော်တော်ကြိုးစားရှင်းပြရပါလိမ့်မယ်။ အဓိက သူတို့ သိမိနားလည်အောင် လုပ်ရမှာက “ဆိုဖစ်ဝါဒ” ပါပဲ။ အဲဒါဘာလဲဆိုတော့ “အမှန်တရားသည် အားကြီးသူ၏ ရှုမြင်ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်၏” ဆိုတဲ့ အတွေးအခေါ်ပါပဲ။

(ဆိုဖစ်ဝါဒ အကြောင်းကို ကျနော်၏ အကြွင်းမဲ့ လွတ်လပ်သော အခြေခံဥပဒေမှ စာကြွင်းစာချဲ့ အမှတ်(ဆ) တွင်လည်း ရှုပါ )

သိပ်မကြာပါ။ ကျနော်၏ အီးမေးလ်ထဲတွင် အောက်ပါ ဆောင်းပါး လင့်ခ်တခုကို တစုံတဦးက ပေးပို့သည်ကို လက်ခံရရှိခဲ့ပါသည်။ http://www.atimes.com/atimes/Southeast_Asia/EJ21Ae01.html

ဆောင်းပါးသည် ကျနော့်အား ခေါင်းနပန်းကြီးသွားစေခဲ့သည်က အမှန်ပါ။ ဤဆောင်းပါးကို စိန် အို့ဇတတ်က အာရှ တိုင်းတွင် ၂၀၀၃ အောက်တိုဘာမှာ ရေးသားထားတာဖြစ်ပြီး ထိုစဉ်ကာလပိုင်းက ဝီရသူ၏ ပြောဆိုပုံတွေထဲက အရူး မိုက်ဆုံး ပြောဆိုမှု တချို့ကိုလည်း ထုတ်နုတ်ပြထားရာ ကျနော်တွက်ချက်ထားသော ဆိုဖစ်ဝါဒနှင့် တထပ်တည်း ဖြစ် နေသောကြောင့် ပါတည်း။

“သည် ပါကစ္စတန်ကောင်တွေဟာ အဆိုးဆုံးကောင်တွေ။ မြန်မာတွေ မွဲအောင် သည်ကောင်တွေ လုပ်နေတာ။ အမေရိကန်က ငါတို့ကို ဒဏ်ခတ်အရေးယူထားတာဟာ အယ်ကိုင်းဒါးတွေကို ဆော်ချင်လို့။ အယ်ကိုင်းဒါးတွေ သည်မှာ ဝင်နေကြတယ်လေ။ သည်ကောင်တွေအတွက် ငါတို့ ပေးဆပ်နေကြရတာ။ ဗုဒ္ဓဘာသာတွေဟာ အယ်ကိုင်းဒါးတွေနဲ့ စပ်နေလို့ ရောပြီး အမေရိကန် ဒဏ်ခတ်တာကို ခံရတာ”

အဲသည် ဆောင်းပါးရဲ့ ရှေ့ဆုံးမှာ မနေ့တနေ့ကပင် မဟန်နဘိက သူမ၏ ဆောင်းပါး နောက်ဆုံးပိုဒ်တွင် ဝီရသူ၏ နာဇီဝါဒ ရင်းမြစ် အတွေးအခေါ် moral relativism (အမှန်တရားဆိုတာ ကြည့်သူရဲ့ ရှုဒေါင့်ပေါ်မှာပဲ မူတည်၏) ကို ကောက်နုတ်ပြသသော ပြောဆိုမှုနှင့် တထပ်တည်းနီးပါးကို ဖော်ပြသထားပါသေးသည်။

“ငါတို့တတွေဟာ ဗုဒ္ဓဘာသာတွေမို့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါပေမယ့် ငါတို့ဟာ ငါတို့ အသိုင်းအဝိုင်းကို ကာကွယ်ဖို့တော့ လုပ်ရလိမ့်မယ်”။

သည် စကားကတော့ ဟုတ်သလိုလို ထင်ရပါ၏။ ဒါပေမယ့် နောင်ဆယ်နှစ်အကြာ မဟန်နဘိ နဲ့ အင်တာဗျုးသော အချိန်တွင် ကိုယ်တော်သည် ၎င်း၏ နာဇီဝါဒကို လုံးဝဝန်ခံလိုက်သော အလွန်ကို ဆိုးဝါးသော စကားတလုံးကို ထပ်ဖြည့်လိုက်ပါ၏ ။

“ဗုဒ္ဓတရားအရ ငါတို့ဟာ ရန်စောင်လို့ မရပါဘူး” ကလေးတယောက်ကို သူ လက်ချာပေးနေရသည့်နှယ်မျိုး သူက ပြောပါသည် (ကျွန်မသည် ဗုဒ္ဓကျမ်းဂန်ပါ သဘောတွေကို လေ့လာထားပါတယ်။ ကလေးလို ညာလို့ရတယ်လို့ သူထင်နေပုံ ရပါ၏ )။ “ဒါပေမယ့် ဒို့ဟာ ဒို့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ဘာမဆို လုပ်ပိုင်ခွင့် ရှိတယ်”

(တိုင်း သတင်းထောက် မဟန်နဘိဟာ ဗုဒ္ဓဘာသာကို စော်ကားတာ လုံးဝ မဟုတ်ကြောင်း၊ ဗုဒ္ဓဘာသာ အမည်ခံပြီး အကြမ်းဖက်မှုကို စက်ဆုပ်ဖွယ်ရာအဖြစ် ရိုးရိုးလေး ရှုတ်ချထားတာ ဖြစ်ကြောင်းကို ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၆) တွင် ပြန်ရှုပါရန်)

ထိုဆောင်းပါး တခုတည်းမှာပင် ၂၀၀၁ ခုနှစ်မှာတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့သည် မူဆလင် မုန်းတီးရေးဝါဒဖြန့် စာအုပ် အမျိုးပျောက်မှာ စိုးကြောက်စရာကို တမင် လိုက်လံဖြန့်ဝေခဲ့သည်ကို ဖော်ပြထားပါသေးသည်။ ကနေ့သည်ဘက်ခေတ် တွင် သတင်းထောက် Emauel Stoakes မှ မကြာသေးမီက သတင်းပေးပို့ခဲ့သည့် ၉၆၉ လှုပ်ရှားမှုတို့သည် စွမ်းအားရှင် အဖွဲ့တို့နှင့် ပတ်သက်နေကြောင်း ဖော်ပြထားသည်ကိုလည်း အောက်ပါလင့်ခ်တွင် လေ့လာကြည့်ပါရန်။

http://www.dvb.no/analysis/what-lies-beneath-the-rash-of-anti-muslim-violence-in-burma/28903

ဟုတ်ကဲ့။ သို့ဆိုလျှင် ၉၆၆ ၏ အုတ်မြစ်တော်တော်များများ ရုပ်လုံးပေါ်လောက်ပါပြီ။ သို့ပေမင့် သည်နေရာမှာ ကျနော် အဓိက အလေးပေး ပြောလိုသည်မှာ နိုင်ငံရေး လုပ်ကြံမှုတွေ ဆိုတာထက် “ပါကစ္စတန်ကောင်တွေကြောင့် အမေရိကန် ဒဏ်ခတ်တာကို ငါတို့ ဗမာတွေရောပြီး ခံရတာ” ဆိုသော ဝီရသူ၏ ဆိုဖစ်ဝါဒ (ဝါ) “အားကြီးသူကလုပ်တာသည် အမှန်” ဟု ယူဆတာကို ဖြစ်ပါ၏။ တွေးခေါ်စူးစမ်းတတ်သော အတွေ့အကြုံမရှိသလို မနိုးကြား မလိမ္မာသည့် ဝီရသူ၏အာရုံတွင် ထင်ပေါ်နေသည့် ဓနခွန်အား ကြီးမားကြွယ်ဝသည့် အမေရိကန်က လုပ်တာဟာ အမှန်၊ အမေရိကန်ရန်သူဟာ ဒို့ရန်သူ ဆိုပြီး အမှန်တရားကို ပိုင်းဖြတ်ပြနေသော ပျက်ပြားသလောက် အန္တရယ်ကြီးမားသည့် အယူအဆကို ပါတည်း။ အမျိုး ၊ ဘာသာ၊ သာသနာဆိုပြီး မြန်မာတွေရှေ့မှာ ကယ်တင်ရှင် ဘုရားလောင်းကိုယ်တော်မြတ်ကြီး လာလုပ်ပြနေသလောက် လူကြီးလူကောင်း အမေရိကန်တို့ ကျေနပ်ဖို့ တပည့် လူစွမ်းကောင်းကြီး လုပ်ပြချင်၊ အမြီးနှံ့ပြချင်သည့် အောက်တန်း စိတ်ကို ပါတည်း။

ဤစာအုပ်၏ နေရာများစွာတွင် မူရင်းစာရေးဆရာသည် တကယ်ကတော့ သူ့ထမင်းရှင် ဖြစ်သည့် အမေရိကန်နှင့် အနောက်တို့၏ အောက်တန်းကျ ယုတ်ညံ့မှု တော်တော်များများကို ဖော်ပြထားတာကို တွေ့ရှိရပါလိမ့်မည်။ သို့သော် ဤသို့ ဖော်ပြထားသည်မှာ ထိုနိုင်ငံကြီးတို့ကို သေးသိမ်စေလိုသည့် စေတနာသည် အရင်းမခံပါ။ အဓိကစေတနာမှာ အမေရိကန်တို့ အင်္ဂလိပ်တို့လို လူယဉ်ကျေးတွေက လုပ်တာဟာ အမှန်ဟု ပိုက်ဆံပေါတာကိုကြည့်ပြီး အထင်ကြီးတတ် သည့် ဆင်းရဲသော ကျနော်တို့တတွေမှာ ဖြစ်ပေါ်တတ်သော ဆိုဖစ်ဝါဒကို အသည်းအသန် ချေဖျက်နေရခြင်းသာ ဖြစ်ပါသည်။ ဤသို့ အသည်းအသန် လုပ်ရမည်လည်း အမှန် ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဆိုဖစ်ဝါဒသည် အော့နလုံးနာဖွယ် နာဇီလုပ်ရပ်တို့ အတုံးအရုံး ပေါ်ပေါက်လာတာကိုပင် အမှန်တရားဟု ထောက်ပင့်ပေးသော အခြေခံ အကျဆုံး အနုမာနစိတ်အခံ ဖြစ်ပြီး အဲသည်ဝါဒသည် လစ်ဘရယ်ဝါဒ၏ သမိုင်းစဉ်လာ အဓိက မဟာရန်သူတော်ကြီး လည်း ဖြစ်ပါသတည်း။ ထိုအနုမာန စိတ်အခံ ဆိုသည့် ပရိယာယ်ကိုလည်း ဗုဒ္ဓအဆုံးအမ နိပါတ္တသုတ္တန်များကို ကိုး ကားအသုံးပြု၍ (ဗုဒ္ဓကျမ်းဂန်တို့သည် ဆိုဖစ်ဝါဒကို အတိအလင်း ပယ်ချထားပြီး ဖြစ်ကြောင်း) နောင်တွင် အလျှင်းသင့် သလို ဆက်လက် ဖွင့်ဆိုပြသွားပါမည်။

ညိုထွန်း

No comments: