Monday, July 1, 2013

ရန်ကုန်ကို ကိုင်လှုပ်သော ထို (၇) ရက် (အပိုင်း ၁)

၁၉၈၈ ခု မတ်လ ဒုတိယအပတ်

ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစုံတရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ် နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရောင်းသည့် ဈေးများမှာ လည်း စည်ကားလျက်ရှိနေသည်။

နိုင်ငံ၏ ဘဏ္ဍာရေး လျာထားချက်ကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းဆွေးနွေးနိုင်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ခဲ့သည်။ အရွယ်အစားသေး၍ စိတ်ဝင်စားစရာ
နတ္ထိ ညည်းငွေ့ဖွယ်ရာအတိဖြစ်သော မြန်မာ့သတင်းစာများမှာလည်း တာဝန် ကျေပြွန်စွာဖြင့် မဆလ ဗဟိုကော်မတီအ စည်းအဝေး သတင်းများကို ဝေဝေဆာဆာ ဖော်ပြထားကြသည်။ သတင်းများတွင် အစည်းအဝေး တက်ရောက်ကြသော ဗဟိုကော်မတီဝင်များ၏ အမည်နာမ အပြည့်အစုံကို လည်းကောင်း၊ အခမ်းအနားမှူးများ မည်သူမည်ဝါဖြစ်သည်ကို လည်းကောင်း၊ ကိုယ်စားလှယ်တော်ကြီးများသည် ဘဏ္ဍာရေး လျာထားချက်များကို တဦးပြီးတဦးမည်သို့မည်ပုံ ထောက် ခံဆွေးနွေးကြသည်ကို လည်းကောင်း၊ ရှည်လျားစွာ ဖော်ပြထားသည်။ ထိုထောက်ခံဆွေးနွေးမှုများမှာ လုပ်ရိုးလုပ်စဉ် တခုသာဖြစ်သည်ကို လူတိုင်းသိရှိထားပြီးဖြစ်သည်။ နေဝင်းကိုယ်တိုင် ကနဦးကတည်းက အတည်ပြုရန် ညွန်ကြား ထားခဲ့သည်။ ထုံးစံအတိုင်းသတင်းစာများတွင် သတင်းဟူ၍ မယ်မယ်ရရမပါ။

မတ်လ ၁၁ ရက်နေ့ ထုတ် လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင်ကျောင်းသားများ အနေနှင့် ကျန်းမာ ရေးဂရုစိုက်ကြရန် သတိပေးဆော်သြထားကြောင်းကို တွေ့မြင်နိုင်သည်။ နီးကပ်လာနေသော အတန်းတင် စာမေးပွဲကို စိုးရိမ်ပူပန်ပြီး ညဥ့်နက်သန်းခေါင်ယံတိုင် စာမဖတ်သင့်ကြောင်း၊ အချိန်ဇယားဆွဲပြီး အချိန်မှန်မှန် စာကြိုးစားသင့်ကြောင်း စသည်ဖြင့် သတင်းစာက ထောက်ပြသွားသည်။ ထိုအကြံပေးချက်များကို နှလုံးသွင်းကြသော လူငယ်သုံးဦးမှာ ဝင်းမြင့်၊ အမည်တူ ဝင်းမြင့်နှင့် ကျော်စံဝင်း တို့ဖြစ်သည်။ သုံးဦးစလုံးမှာ ရန်ကုန်မြောက်ပိုင်းဆင်ခြေဖုံးအနောက် ကြို့ကုန်းရှိ အထင်ကရ ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည်။

မတ်လ ၁၂ရက် စနေနေ့။

ညနေပိုင်းတွင် ကျောင်းဝင်းနှင့် မျက်နှာချင်းဆိုင်အင်းစိန်လမ်းမ၏ အခြားတဖက်ရှိ လက်ဘက်ရည်ဆိုင်သို့ သုံးယောက် သား လမ်းလျှောက်ရင်း ရောက်လာခဲ့ကြသည်။ လက်ဘက်ရည်ဆိုင်မှာ သာမာန် လက်ဘက်ရည်ဆိုင်လေးသာ ဖြစ် သည်။ ဆိုင်နံရံတွင် မြန်မာ ပြက္ခဒိန်များ၊ မှောင်ခိုဈေးမှ ဝယ်ယူထားသည့် ယိုးဒယား ရုပ်ရှင်မင်းသမီး ပိုစတာများ ချိတ် ဆွဲထားသည်။ လက်ဘက်ရည်ဆိုင်မှာ အဆန်းတကျယ် မဟုတ်သော်လည်း ရပ်ကွက်လူငယ်များနှင့် စက်မှုတက္ကသိုလ် ကျောင်းသားများအတွက် ပေါ်ပြူလာ ဖြစ်နေ၏။ လက်ဘက်ရည် ဈေးချိုပြီး မမတို့စိတ်ကြိုက် စတူရီယိုတေးများကို လည်း အလှည့်ကျ နားထောင်နိုင်သည်။

ကျောင်းသား သုံးဦး လက်ဘက်ရည်ဆိုင် အတွင်းသို့ ဝင်ရောက်လာချိန်တွင် လူကြိုက်များ၊ ရေပန်းစားနေသော အဆို တော် ကိုင်ဇာ၏ ချစ်တေးတပုဒ် ပျံ့လွင့်လျက် ရှိသည်။ စားပွဲဝိုင်းတခုမှ ရပ်ကွက် လူငယ်တစုသည် ဆူဆူညံညံနှင့် အရက်မူးနေကြပုံ ပေါက်ကြောင်း သူတို့ သုံးဦး သတိပြုမိ ကြသည်။

ကျောင်းသားများသည် လက်ဘက်ရည်နှင့် မုန်းများမှာယူကြသည်။ သူတို့နှင့် အတူ သူတို့အကြိုက် ရှမ်းအမျိုးသား အ ဆိုတော် စိုင်းထီးဆိုင်၏ တိတ်ခွေတခွေ ပါလာသည်။ စိုင်းထီးစိုင်၏ တေးသွားမှာ ဘော့ဒီလန် (Bob Dylan) ၏ တေးဂီ တနှင့် ခပ်ဆင်ဆင် ဖြစ်သော်လည်း ရေးစပ် သီဆိုထားသည်မှာ မြန်မာ့ဟန် ဖြစ်သည်။

ကိုင်ဇာ၏ ချစ်တေးလှိုင် မဆုံးနိုင်၍ ကျောင်းသားသုံးဦး စိတ်မရှည်ဘဲ ဖြစ်လာရသည်။ သို့နှင့် ဆိုင်ရှင်ကိုခေါ်ပြီး သူတို့၏ စိုင်းထီးစိုင်တိတ်ခွေကို ဖွင့်ပေးရန်ပြောလိုက်သည်။ အရက်မူးနေသူ လူငယ်များထဲမှ တဦးက ဆိုင်ရှင်အားထ၍ ကျယ် လောင်စွာ ကန့်ကွက်လိုက်သည်။

“စိုင်းထီးစိုင်လား၊ ဒီကောင် အလကားပါကွာ”

ကျောင်းသားများက ထ၍ ကန့်ကွက်သူကို လစ်လျူရှုထားပြီး၊ သူတို့၏ တိတ်ခွေကို နားထောင်လိုကြောင်း ဆိုင်ရှင်ကို ထပ်လောင်း တောင်းဆိုကြသည်။ ထိုအခိုက်မှာပင် အရက်မူးနေသူ တဦးက ထိုင်ခုံတလုံးကို ကောက်ကိုင်လိုက်ကာ ဝင်းမြင့်၏ ခေါင်းကို ရိုက်ချလိုက်သည်။ ရိုက်ပွဲမှာမကြာလိုက်ပါ။ ကျောင်းသားသုံးဦး တပ်ခေါက်ခဲ့ရသည်။ ဝင်းမြင့်ခေါင်း ကွဲသွား၍ စိုးရိမ်စိတ်ဖြင့် နီးစပ်ရာဆေးခန်းသို့ ခေါ်သွားကြသည်။ အဖြစ်အပျက်ကို ကျောင်းသားများက အနီးဆုံး အင်းစိန်ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ အသေးစိတ် မှတ်တမ်းယူပြီးနောက် အချင်းဖြစ်ပွားခဲ့သည့် လက်ဘက်ရည် ဆိုင်သို့ သွား၍ တရားခံများကို ဖမ်းဆီးခဲ့သည်။ အမှုမှာ တရားဥပဒေ၏ လက်ထဲ၌ ရှိနေပုံရသည်။ ဒဏ်ရာရရှိခဲ့သော ဝင်းမြင့်မှာ ခေါင်းတွင် ပတ်တီးအဖွေးသားဖြင့် ကျောင်းဆောင်သို့ ပြန်ခဲ့သည်။

မတ်လ ၁၃ ရက် တနင်္ဂနွေနေ့။

ဝင်းမြင့်ကို ရိုက်သူမှာ ရပ်ကွက် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ၏သား ဖြစ်နေသောကြောင့် ရဲက တရားခံများကို လွှတ်လိုက် သည်။ ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဆိုသည်မှာ နေဝင်း၏ တပါတီ အာဏာရှင်စနစ်တွင် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်စေသော ရပ်ကွက်ဆိုင်ရာ လက်ရွေးစင် ထောက်တိုင်များပင် ဖြစ်သည်။

ဤသတင်းကို စက်မှုတက္ကသိုလ် ကျောင်းသားများ ကြားသိသောအခါ ဒေါသူပုန် ထကြတော့သည်။ ကျောင်းသား သုံး ဆယ်ခန့် ပြည်သူ့ကောင်စီရုံးသို့ သွား၍ ကန့်ကွက်ခဲ့ကြသည်။ ကောင်စီဥက္ကဋ္ဌက ကျောင်းသားများ၏ နစ်နာချက်များကို နားမထောင်လိုကြောင်း ငြင်းပယ်လိုက်သဖြင့် ကျောင်းသားများက ခဲများနှင့် ကောင်စီရုံးကို ပစ်ပေါက်ကြရာ ရုံး၏ ပြတင်းတံခါးများ ပျက်စီး သွားသည်။ အတင့်ရဲသော ကျောင်းသားတချို့က ရုံးအတွင်းသို့ဝင်ရောက်ကာ စားပွဲ ကုလား ထိုင်များကို ရိုက်ချိုး ဖျက်ဆီးလိုက်ကြသည်။

သက်ဆိုင်ရာက မည်သို့မျှ မတုန့်ပြန် သေးသော်လည်း ကျောင်းသား များသည် အန္တရာယ်ကို ကြိုမြင်၍ ကျောင်းတွင်းသို့ ပြန်လာပြီး လူစုတော့သည်။ တက္ကသိုလ် ရှိရာ မြို့တိုင်း၌ ကျောင်းသားနှင့် ရပ်ကွက်လူငယ် ဖြစ်နေကျ ပြဿနာမျိုး ကြို့ ကုန်း အနောက်ပိုင်းတွင်လည်း ဖြစ်ပွားခဲ့သည်။

ယမန်နေ့က လက်ဘက်ရည်ဆိုင်သို့ ရောက်ခဲ့ကြသော ကျောင်းသားသုံးဦး အပါအဝင် ကျောင်းသားအုပ်ကြီးသည် ကြို့ကုန်း အနောက်ပိုင်းသားများကို သွားရောက်ရန်စကြရာမှ ရန်ပွဲဖြစ်ပွားပြီး ဒုတိယ ဝင်းမြင့် ဓားထိုးခံခဲ့ရသည်။

ကျောင်းသားများသည် ကျောင်းသို့ ပြန်ပြေး၍ လူစုကြပြန်သည်။ ဤတကြိမ်တွင် ကျောင်းသား ဦးရေ နှစ်ရာ သုံးရာခန့် လက်ဘက်ရည်ဆိုင်အနီးရှိ လမ်းဆုံသို့ ချီတက်ခဲ့ ကြသည်။ လမ်းဆုံ အရောက်တွင် မမျှော်လင့်သော မြင်ကွင်းတရပ်က စောင့်ကြိုလျက် ရှိသည်။ မီးသတ်ပိုက်အသင့်ပြင် ထားသော မီးသတ်ရဲများနှင့် ကြောက်ရွံ့ဖွယ် လုံထိန်း ၅၀၀ ခန့်က နံပါတ်တုတ်များ၊ ဂျီသရီး သေနတ်များ ကိုင်ဆောင်၍ စောင့်နေကြသည်။

ဒေါသ ယမ်းအိုး ပေါက်ကွဲချေပြီ။ လုံထိန်းများ ရှိရာသို့ ခဲများဖြင့် ပစ်ကြသည်။ ရုတ်တရက် မောင်းပြန် သေနတ်သံများ ထွက်ပေါ်လာပြီး ကျောင်းသား အတော်များများ လဲကျသွား၍ လမ်းမပေါ်တွင် သွေးချောင်းစီးလျက် ရှိ၏။ သွေးအလူး လူးနှင့် အသက် ၂၃ နှစ်သာ ရှိသေးသော စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် အား သူ့သူငယ်ချင်းများက ကျောင်းဆောင်သို့ သယ်ယူလာခဲ့ကြသည်။ အဆောင်ရောက်ပြီး ခဏအကြာတွင် ဖုန်းမော်သည် သူ့ဆရာ လက်ပေါ်၌ ပင် အသက်ထွက်သွားသည်။ ကျောင်းသား နှစ်ဆယ် သုံးဆယ်ခန့် သေနတ်ဒဏ်ရာ ရခဲ့သည်။

“ဒဏ်ရာရတဲ့အထဲမှာ ကျနော့ သူငယ်ချင်း စိုးနိုင်နဲ့ မြင့်ဦးတို့လဲ ပါတယ်” ဟု အသက် ၂၄ နှစ်ရှိ စက်မှုတက္ကသိုလ် ကျောင်းသား မင်းနိုင်က ပြန်ပြောပြသည်။ မင်းနိုင်မှာ ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီး အထိအခိုက်မရှိ လွတ်မြောက်လာ သူ တဦး ဖြစ်သည်။

“သူတို့ကို ရန်ကုန် ဆေးရုံကြီးမှာ ကျနော်တို့ သွားကြည့်တော့ စိတ်ဓာတ် အရမ်းကျသွားတယ်။ ဒဏ်ရာကြီးတွေ ကိုယ်စီ ရနေတဲ့ ကြားထဲက ကုတင်တိုင်မှာ သံကြိုးနဲ့ ချည်ထားလိုက်သေးတယ်။ သူတို့ကို သီးသန့်ခွဲထားတဲ့ လူနာခန်း အဝင်ဝ မှာ ဆိုရင်လည်း ရဲတွေစောင့်လို့”

သေနတ်ဒဏ်ရာ ရထားသော ကျောင်းသား ၆ ယောက်အား လက်ထိပ်ခတ်ကာ လှိုင် ရဲစခန်းသို့ ခေါ်သွားသည်။ လေး ဦးမှာ သတိလစ်နေကြကြောင်း၊ သူငယ်ချင်းများထံမှ သိရသည်ဟု မင်းနိုင်က ပြောပြသည်။ သူတို့ ကြမ္မာ မည်သို့ ရှိသည်ကို မသိရသော်လည်း စိုးနိုင်နှင့် မြင့်ဦးတို့မှာ ရက်များမကြာမီ ဆေးရုံ၌ပင် သေဆုံးခဲ့ရသည်။ စိုးနိုင်၏ အသည်း ထဲသို့ ကျည်ဆံဝင်သွားပြီး မြင့်ဦးမှာ ဝမ်းဗိုက်တွင် တချက်၊ ဆီးအိမ်တွင်တချက် ကျည်ဆံ ထိမှန်ခဲ့သည်။ အထက် အာ ဏာပိုင်တို့က သူတို့အား ခွဲစိတ်ကုသမည့် ဆရာဝန်များကို တားမြစ်ခြင်း မရှိခဲ့ပါက အသက်ရှင်ကောင်း ရှင်ပေလိမ့်မည်။
ရက်စက် ကြမ်းကြုတ်မှုမှာ ရင်နင့်စရာ ကောင်းလှသည်။ ကျောင်းသားများ ပို၍ စိတ်ထိခိုက် ကြေကွဲရသည်မှာ ပထမ ဦးဆုံး သေဆုံးခဲ့ရသူ မောင်ဖုန်းမော်သည် မဆလ ပါတီ၏ လူငယ်အစည်းအရုံးဖြစ်သည့် ‘လမ်းစဉ် လူငယ်’ခေါင်းဆောင် တဦး ဖြစ်ပြီး စက်မှုတက္ကသိုလ် ကြက်ခြေနီအသင်း ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ ထို့အပြင် ဓာတုအင်ဂျင်နီယာ သင်တန်း တလျှောက်၌ ထိပ်တန်းမှ ထူးချွန်ခဲ့သူ ဖြစ်သည်။

အစပိုင်းတွင် ဆက်စပ်မှုရှိသည်ဟု ယူဆရသော ဖြစ်ရပ် တခုမှာ လက်ဘက်ရည်ဆိုင်အနီးရှိ ပြည်သူ့ဆိုင် မီးလောင်မှု ဖြစ်သည်။ ရဲက ကျောင်းသားများ မီးရှို့ခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည်။ ပြဿနာများ ရှုပ်ထွေး နေသည်ကို အခွင့် ကောင်းယူပြီး ငွေစာရင်းနှင့် ကုန်ပစ္စည်း စာရင်းမှတ်တမ်း စာအုပ်များကို မီးရှို့ ဖျောက်ဖျက်ခြင်းသာ ဖြစ်သည်ဟု လူ တိုင်းက ယုံကြည်နေကြသည်။ မြန်မာ့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် မတ်လတွင် အစိုးရ ဆိုင်များ၏ နှစ်ပတ်လည် ငွေ စာရင်း ရှင်းတမ်းများကို သက်ဆိုင်ရာသို့ တင်သွင်းကြရသည်။ သို့ဖြစ်၍ နှစ်ဦး မတ်လ ရောက်တိုင်း မီးလောင်မှု ဖြစ်ပွား နေကျ ဖြစ်၏။

ထိုနေ့ ညတွင် ခံပြင်း ဒေါသထွက်နေကြသော စက်မှု တက္ကသိုလ် ကျောင်းသားများသည် ကျောင်းဆောင်များ၌ စည်း ဝေး တိုင်ပင်ကာ အချက် (၇) ချက်ပါ တောင်းဆိုချက်များကို ရေးဆွဲခဲ့ကြသည်။ ထိုတောင်းဆိုချက်များမှာ ပစ်ခတ် သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ သတင်းစာ၊ ရေဒီယို၊ တယ်လီဗေးရှင်းတို့မှ ဖြစ်ရပ်မှန်အတိုင်း ပြည့်စုံစွာ ထုတ်ပြန်ပေးရန်၊ သေဆုံးသွားသော ကျောင်းသားများနှင့် ဒဏ်ရာရရှိခဲ့သော ကျောင်းသားများ၏ မိသားစုတို့အား လျော်ကြေးပေးရန်နှင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည့် တရားခံ အစစ်အမှန်များကို အပြစ်ဒဏ်ပေးရန်တို့ ဖြစ်သည်။ အခြား တောင်းဆိုချက်တခုမှာ “ကျောင်းသားများ၏ အခွင့်အရေးကို တာဝန်ယူ ဆောင်ရွက်ပေးနိုင်သည့် ကျောင်းသားအဖွဲ့အစည်း” တခုကို တရားဝင် ဖွဲ့စည်းပေးရေးပင် ဖြစ်သည်။ ခံယူချက် ပို၍ ပြင်းထန်သော ကျောင်းသားများက မောင်ဖုန်းမော်အား နိုင်ငံတော် ဈာပန အခမ်းအနားဖြင့် ဂုဏ်ပြု သင်္ဂြိုလ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အမာခံ ကျောင်းသား ၁၃ ဦးက ကျစ်လျစ်သော သွေး သောက်အဖွဲ့ ဖွဲ့လိုက်ပြီး မိမိတို့ အနေနှင့် အဖြစ်မှန် ပေါ်ထွက်ရေးအတွက် အသက်ပင် စတေးရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ပညာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်ဒီ သည် စက်မှုတက္ကသိုလ်သို့ ညတွင်းချင်း ရောက်ရှိလာပြီး ကျောင်းသားများ၏ တောင်းဆိုချက် အားလုံးကို ပယ်ချလိုက်သည်။ သန်းခေါင်ယံ မတိုင်မီ အချိန်လေး၌ပင် ကျောင်း သားတစုသည် မောင်ဖုန်းမော် သေဆုံးခဲ့သော နေရာတွင် လွမ်းသူ့ ပန်းခွေများ ချကာ ဂုဏ်ပြုခဲ့ကြသည်။ အချို့မှာ လမ်း ပေါ်တွင် ဒူးတုတ်၍ ပန်းခွေရှေ့တွင် ဦးချ ငိုကြွေးပြီး ပစ်ခတ် သတ်ဖြတ်မှုကို မတရားမှု သက်သက်ဟု ခံပြင်းကာ ပြစ် တင် ရှုတ်ချခဲ့ကြသည်။

မတ်လ ၁၄ ရက် တနင်္လာနေ့

မုန်တိုင်းထန်သည့် ရက်သတ္တပတ် ကုန်လွန်ပြီးနောက် ကျောင်းသားများ စာသင်ခန်းဆီသို့ ပြန်လည် ဝင်ရောက်ခဲ့ကြ သည်။ ထိုနေ့ နံနက်တွင် အစဉ်အမြဲ အေးချမ်းသာယာလျက်ရှိသော စက်မှုတက္ကသိုလ် ပတ်ဝန်းကျင်သည် အပြောင်းလဲ ကြီး ပြောင်းလဲ သွားခဲ့သည်။

“လေကိုက ထိုင်းထိုင်း မှိုင်းမှိုင်းကြီး” ဟု မင်းနိုင်က ဆွေးမြေ့စွာ ပြန်ပြောပြသည်။

“ဒါပေမဲ့ တက္ကသိုလ်ဝန်းကျင်မှာ ကြိမ်ဒိုင်းတွေ၊ နံပါတ်ဒုတ်တွေ အသင့်ကိုင်ထားတဲ့ လုံထိန်း တသီတတန်းကြီးကို ရုတ် တရက် မြင်လိုက်ရတဲ့အခါမှာ ဆွေးမြေ့နေတဲ့ စိတ်တွေဟာ ဒေါသအဖြစ် ပြောင်းသွားတယ်။ ဒါက ရန်စတာပဲ။ ရှင်းနေ ပါတယ်။ ကျနော်တို့လည်း သူတို့ကို ကလော်တုတ် ကြတာပဲ။ ဒါပေမဲ့ တုတ်တုတ်မှ မလှုပ်ဘူး”

မွန်းလွဲပိုင်းတွင် အစည်းအဝေးများလုပ်သူ လုပ်ကြ၊ ကြေညာစာတမ်းများ၊ ပိုစတာများ ရေးသူ ရေးကြနှင့် ကျောင်း ဆောင်များတွင် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ပစ်သတ် သတ်ဖြတ်မှုကို မေ့မေ့ပျောက်ပျောက် ဖြစ်မသွားစေရန် သူတို့ သံဓိဋ္ဌာန်ချပြီး ဖြစ်သည်။ စက်မှုတက္ကသိုလ်မှ ဆော်သြ သူများသည် ရန်ကုန်ရှိ အခြားတက္ကသိုလ်များသို့ သွားရောက်ပြီး စာရွက်စာတမ်းများ ဝေငှကာ အဖြစ်အပျက်များ အားလုံးကို ပြောပြကြသည်။ အဖွဲ့အစည်းဖြင့် ဆန့်ကျင်ရေးအတွက် ပထမဦးဆုံး ခြေလှမ်းကို လှမ်းခဲ့ကြပေပြီ။

မတ်လ ၁၅ ရက် အင်္ဂါနေ့

လုံထိန်းနှင့် စစ်သား ၆၀၀ ကျော်တို့ စက်မှုတက္ကသိုလ်ကို ဝင်စီးခဲ့ကြသည်။ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် တက္ကသိုလ်ဝင်း အတွင်းသို့ ဝင်ရောက်လာကြပြီး စစ်ကားများပေါ်မှ ခုန်ဆင်းလာသော လုံထိန်းများသည် နံပါတ်တုတ်များကိုဝင့်ကာ ကျောင်းသား အုပ်ဆီသို့ ညာသံပေး၍ ပြေးတက်လာကြသည်။

“ထိတ်လန့် တကြားနဲ့ ကျနော်တို့ ပြေးကြ ရတာပေါ့။ အချန်မီ မပြေးနိုင်တဲ့ သူတွေကို ဖမ်းပြီး စစ်ကားပေါ် မောင်းတင် တော့တာပါ။ သုံးလေးရာထက်မနည်း အဖမ်းခံခဲ့ရတယ်။ သေနတ်နဲ့တော့ မပစ်ဘူး။ ဒါပေမဲ့ အကြမ်းပတမ်း အရိုက်ခံ ခဲ့ရတဲ့ ကျောင်းသားတွေ အများကြီးဘဲ။ ကျနော်ရယ်၊ တခြား ကျောင်းသားရှစ်ယောက်ရယ်၊ မြေအောက် ရေမြောင်းထဲ အသာလေး ဝင်နေလိုက်ကြပြီး လူဝင်ပေါက်ကို ပြန်ပိတ်ထားလိုက်တယ်။ လေးပေလောက် မြင့်ပြီး မှောင်မဲနေတဲ့ မြောင်းတလျှောက် လေးဘက်ထောက်သွားခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းလို့ ကျနော်တို့ တယောက်မှ အထိအခိုက် မရှိခဲ့ဘူး” ဟု စက်မှုတက္ကသိုလ်ကျောင်းသား ထွန်းဦးက ပြန်ပြောပြသည်။

ညပိုင်းတွင် မြန်မာ့အသံမှ စက်မှုတက္ကသိုလ် အခင်းဖြစ်ပွားမှုသတင်းကို ထုတ်ပြန်ကြေညာသည်။ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျောင်းသားများအပေါ် အပြစ်လုံးလုံး ပုံချလိုက်သည်။ “သို့ဖြစ်၍ မွန်းလွဲပိုင်း၌ ပြည်သူ့ရဲနှင့် တပ်မတော် သားများသည် စက်မှုတက္ကသိုလ်ဝင်းအတွင်းသို့ ဝင်ရောက်ကာ ကျောင်းသားများကို ဆွေးနွေးရှင်းပြပြီး အခြေအနေကို ထိန်းသိမ်းလိုက်ကြကြောင်း” အလေးအနက် သတင်းလွှင့်တော့သည်။ ထပ်၍ကွန့်သည်မှာ “ရပ်ရွာ အေးချမ်း သာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အနှောက်အယှက်ပြု ဆူပူကြသော ကျောင်းသားများအား ဆိုင်ရာအာဏာပိုင်များက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း” ဟူ၍…..။

မတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့

သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်းဟူသော သတင်းများသည် ရန်ကုန်မြို့ရှိ အခြားတက္ကသိုလ် နယ်မြေများ သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဆန္ဒပြပွဲများသည် အစိုးရဆန့်ကျင်ရေးအသွင်သို့ သိသိသာသာ ကူးပြောင်းလာသည်။ အထူးသဖြင့် မနေ့ညက မြန်မာ့အသံမှ မဟုတ်မမှန်သတင်းလွှင့်ပြီးသည့်နောက် အစိုးရဆန့်ကျင်ရေးမှာ ထင်ရှားပေါ် လွင်လာသည်။ ၁၅ ရက်နေ့ထုတ် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာတွင် “မောင်ဖုန်းမော်သည် အရပ်သားများနှင့် ရန်ဖြစ်ရာမှ ရရှိသော ဓားဒဏ်ရာကြောင့် သေဆုံးသွားရသည်” ဟု ဖော်ပြခဲ့သည်။

အင်းလျားကန် တောင်ဘက်ရှိ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ဝင်းအတွင်း၌ ထောင်ပေါင်းများစွာသော ကျောင်းသူ ကျောင်းသားများ စုရုံးကြပြီး သူတို့သည်လည်း ညီနောင် စက်မှုတက္ကသိုလ် ကျောင်းသားများကို ထောက်ခံဆန္ဒပြခဲ့ကြ သည်။ ထုံးသုတ် မွန်းမံထားသော ဗြိတိသျှ ကိုလိုနီခေတ်၏ အကြွင်းအကျန် ဖြစ်သည့် ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် မိန့်ခွန်းများ ပြောကြားကာ စာရွက်စာတမ်းများ ဝေငှခဲ့ကြသည်။

မွန်းလွဲ တနာရီတွင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေက ကျောင်းသားများကို ပြေရာပြေကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်။ အာဏာပိုင်တဦးက ကျောင်းသားများ၏ တောင်းဆိုချက်များကို ပရိယာယ် ကြွယ်ဝစွာဖြင့် မေးမြန်း သောအခါ လူအုပ်ကြီးက “ဖက်ဆစ် အစိုးရ ဖြုတ်ချရေး… ဒို့အရေး… ဒို့အရေး” ဟူ၍ သံပြိုင် ကြွေးကြော်ခဲ့ကြသည်။ တွန့်ဆုတ်သွားသော ဒေါက်တာချစ်ဆွေက ကျောင်းသားများအား “ကျောင်းဝင်းထဲက မထွက်ရင် ဘာမှမဖြစ်စေရဘူး” ဟု အာမခံချက် ပေးပြန်သည်။

“ကျနော်တို့ ကျောင်းဝင်းထဲမှာ ရှိတဲ့ အဆောင်တွေဘက်ကို ချီတက်ကြတယ်။ အမရ၊ တောင်ငူ၊ မန္တလေး အို… အဆောင်စုံပါပဲ။ ‘ဒီမိုကရေစီ ရရှိရေး … ဒို့အရေး’ ‘ တပါတီ စနစ် … ကျဆုံးပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ကျောင်းပတ်ဝန်းကျင် တခုလုံးကို ပဲ့တင် ထပ်စေခဲ့သည်။ ကျောင်းဆောင် ထဲက ကျောင်းသားတွေ တသုတ်ပြီး တသုတ် ထွက်လာကြပြီး ဆန

္ဒပြပွဲမှာ ပါလာကြတယ်။ ချက်ချင်းပဲ ကျောင်းသား လေးငါးထောင် အထိ ဖြစ်လာတယ်” ဟု ကိုလင်း က ပြောပြသည်။ ကိုလင်းမှာ အသက် ၂၂ နှစ်ရှိ ဆေးကျောင်းသားတဦး ဖြစ်ပြီး မတ်လအတွင်း ပထမဦးဆုံး လှုပ်ရှားမှုများတွင်ပါဝင်ခဲ့သူ ဖြစ်၏။ မောင်ဖုန်းမော်နည်းတူ အရေးအခင်းမဖြစ်ပွားခင်က လမ်းစဉ်လူငယ် စည်းရုံးရေးမှူးတဦးလည်း ဖြစ်သည်။

“ကျနော်တို့ စက်မှုတက္ကသိုလ်ကို ချီတက်ကြစို့”

ဟောပြောသူ လူငယ်တဦးက အထက်ပါအတိုင်း အရေးဆိုလိုက်သည့် အခါ ထောင်ပေါင်းများစွာသော ကျောင်းသား များက သူ့အဆိုကို လက်သီးလက်မောင်းတန်း၍ စိတ်ဓာတ် တက်ကြွစွာဖြင့် ကြိုဆိုထောက်ခံလိုက်၏။

ထွန်းဦးက “မွန်းလွဲ ၃ နာရီမှာ ကျနော်တို့ စပြီးချီတက်ကြတယ်။ ပြီးတော့ လှိုင်ဒေသကောလိပ်ကို ဦးတည်ထွက်လာ ခဲ့တယ်။ ကျောင်းသားတွေ ထောင်နဲ့ချီပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်ရင်း ပြည်လမ်းမကြီးတလျှောက် ချီတက် လာခဲ့ကြတယ်။ တကယ့်ကို စိတ်ဓာတ်တက်ကြွ စရာကြီးပဲ။ ကျနော့်တသက်မှာ ဒီလိုဟာမျိုး တခါမှ မမြင်ဖူးခဲ့ဘူး” ဟု ပြောပြသည်။

တပ်တော်ဦးမှာ ခွပ်ဒေါင်း အောင်လံက တလူလူ လွင့်နေသည်။ ရန်ကုန် တက္ကသိုလ် အဓိပတိလမ်းမကြီးဂိတ်မှာ စုပြုံ ထွက်လာကြသော ကျောင်းသားထုကြီး၏ ရှေ့ဆုံးရှိ လူငယ်တဦးက မြန်မာ့အမျိုးသားရေး သမိုင်းတလျှောက်လုံးတွင် အသုံးပြုခဲ့သော အနီရောင် အောက်ခံ၌ ရွှေဝါရောင် ခွပ်ဒေါင်းပါရှိသည့် အောင်လံကို ခပ်မြင့်မြင့်လွှင့်ထူ၍ ခြေလှမ်း ကျဲကျဲဖြင့် လျှောက်လျက်ရှိသည်။ လမ်းတလျှောက်တွင် လုံချည်စိမ်းဝတ် ဆယ်ကျော်သက်ရွယ် အထက်တန်းကျောင်း သူ၊ ကျောင်းသားများက ချီတက်လာသော ကျောင်းသားထုထဲသို့ ဝင်ရောက်လက်တွဲ ခဲ့ကြသည်။ ကျောင်းသားထုကြီး မှာ လူပင်လယ်အလား ကြီးထွားတိုးပွားလာကာ လမ်းတလျှောက်တွင် လှိုင်းလုံးကြီးများပမာ တလိမ့်လိမ့်တက်လာပြီး ကြွေးကြော်သံများကို လည်း စည်းချက်ညီညီ သံပြိုင်ချီ၍ ကြွေးကြော်နေကြသည်။ အခြေအနေမှာ အားတက် ကြည်နူး ဖွယ်ရာပင်။ ဆန္ဒပြသူ အားလုံး နီးပါးမှာ နုနယ် ငယ်ရွယ်သူများ ဖြစ်ကြသည့် အလျှောက်၊ လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလက ဖြစ်ပေါ်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကိုပင် သေချာစွာသိရှိပုံ မရကြပေ။

ထွန်းဦးက ဆက်၍ ပြောသည်မှာ

“အင်းလျားကန်ဘောင်နဲ့ ပြည်လမ်းမကြားမှာ ‘တံတားဖြူ’ ရယ်လို့ လူသိများတဲ့ မြောင်းကူးတံတား ရှိတယ်။ တံတားဖြူ ကို ကျော်တယ်ဆိုတာနဲ့ ကျနော်တို့ အားလုံး ဗြုန်းစားကြီး ရပ်တန့်သွားတယ်။ သံဆူးကြိုးခွေတွေကို ကျနော်တို့ ရှေ့ လမ်းမပေါ်မှာ ဖြတ်ပြီးကာထားတာကို တွေ့လိုက်ရတယ်။ အဲ့ဒီနောက်မှာ စစ်သားတွေက ကျနော်တို့ကို သေနတ်တွေနဲ့ ချိန်ထားတယ်။ ဘရင်းကယ်ရီယာ (စက်သေနတ် တပ်ဆင်ထားတဲ့ သံချက်ကာကား) ကိုတော့ တပ်ဖွဲ့ရဲ့ နောက် လမ်းခ လယ်မှာ ရပ်ထားတယ်။ ကျနော်တို့ အတော်ကို ထိတ်လန့်သွားကြတယ်”

“တချိန်ထဲမှာပဲ ကျနော်တို့ အားလုံး အမျိုးသားသီချင်းကို ရော၊ စစ်သီချင်းကိုရော တပြိုင်ထဲ ဝိုင်းဆိုကြတယ်။ ‘ပြည်သူ့ တပ်မတော်၊ ဒို့ တပ်မတော်’ လို့ တချို့က အော်ကြတယ်။ နောက်လှည့်ကြည့် လိုက်တဲ့အခါမှာ အသက်ရှူ ရပ်သွား သလား အောက်မေ့ လိုက်ရတယ်။ ကျနော်တို့ရဲ့ ဘယ်ဘက်မှာဆိုရင် အိမ် ခြံစည်းရိုး အမြင့်ကြီးတွေက ကာရံထား တယ်။ ညာဘက်မှာတော့ အင်းလျားကန်ဘောင်ရိုးပဲ ရှိတော့တယ်။ ကျနော်တို့ အားလုံးပိတ်မိနေပြီဆိုတာကို နားလည် လိုက်ကြတယ်”

အမိန့်ပေးသံတခု ထွက်လာပြီး လုံထိန်းများက ကျောင်းသားများကို ဝင်ရိုက်ကြတော့သည်။ နံပါတ်တုတ်များ ဝီခေါ် နေသည်။ အရိုးတွင်တွင် ကျိုးအက်သံများ အတိုင်းသား ကြားနေရသည်။ သွေးများလူးနေသည့် ကျောင်းသားများ၏ ညည်းတွားသံများ၊ ငယ်သံပါအောင် အော်ဟစ်နေသံများ ပွက်လောရိုက်သွားသည်။ ကန်ဘောင်ရိုး လှေခါးများအပေါ် ပြေးတက် တိမ်းရှောင်ရန် ကြိုးစားကြသည့် တုန်လှုပ်ခြောက်ခြားနေသော ကျောင်းသားများမှာ ကျွဲအုပ် နွားအုပ်အလား အတုန်းအရုန်း ပိတ်၍အရိုက်ခံရလေတော့သည်။ တချို့ လုံထိန်းများက ကျောင်းသူလေးများကို မဲ၍ ရိုက်ကြပြီး လက် ဝတ်လက်စားများ နာရီများကို ချွတ်ယူကြပြန်သည်။

တချို့က ပြေးလွှားနေသော ကျောင်းသားများကို အင်းလျားကန်ထဲသို့ မောင်းချကာ ခေါင်းကို ရေထဲနှစ်၍ မသေမချင်း သတ်ကြသည်။ ကံသီ၍ လွတ်မြောက်လာခဲ့သော ဆန္ဒပြကျောင်းသားများထဲတွင် ထွန်းဦးလည်း တယောက် အပါအဝင် ဖြစ်သည်။ ထွန်းဦးမှာ လမ်းဘယ်ဘက်ရှိ ခြံစည်းရိုးကိုကျော်၍ ခြံဝင်းအတွင်းသို့ ပြေးဝင်နိုင်ခဲ့သည်။ ထိုလူသတ်ပွဲကြီးကို မျက်ဝါးထင်ထင် တွေ့မြင်နေရ၍ ဒေါသ ထွက်နေသည့် ပြည်သူတို့က ခြံထဲ ပြေးဝင်လာကြသော ကျောင်းသားများကို မိမိတို့ အိမ်များတွင် ပုန်းအောင်းခွင့်ပေးခဲ့သည်။

လူသတ်ပွဲများ တနာရီခန့် ကြာသွားသည်။ လမ်းမတလျှောက် သွေးအိုင်များတွင် တုံးလုံးပက်လက် လဲနေသော အလောင်းများမှာ ဖရိုဖရဲဖြင့် ပြန့်ကျဲလျက် ရှိသည်။ ‘တံတားဖြူ’ သည်လည်း မဖြူနိုင်တော့။ တံတားနီဘဝသို့ ရုတ်ခြည်း ကူးပြောင်းသွားခဲ့ရသည်။ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံလိုက်ရသော ကျောင်းသူကျောင်းသားလေး များ၏ အရေအတွက်မှာ နှစ်ဆယ်ဟူ၍ လည်းကောင်း၊ ခုနှစ်ဆယ်ဟူ၍ လည်းကောင်း၊ တရာကျော်ဟူ၍ လည်းကောင်း အမျိုးမျိုး ခန့်မှန်း နေကြသည်။ လုံထိန်း တပ်ဖွဲ့နောက်တွင် ရှိသော လော်ရီကားကြီးများ ရှေ့သို့ မောင်းထွက်လာပြီး သေဆုံး သူများနှင့် ဒဏ်ရာရ၍ လဲနေသူများကို ကားပေါ်သို့ပစ်တင်လိုက်ကြသည်။ ယင်းလော်ရီကားများ ထွက်ခွာ သွားပြီးသည့်နောက် အသင့်စောင့်နေသော မီးသတ်ကားများ ရောက်ရှိလာပြီး လမ်းမကြီး ပေါ်၌လည်းကောင်း၊ တံတား ဖြူ ၌ လည်းကောင်း၊ အင်းလျားကန်ဘောင်ရိုး လှေခါးထစ်များပေါ်တွင်လည်းကောင်း ကျန်ရှိခဲ့သော သွေးအိုင်များကို မီးသတ်ပိုက်ဖြင့် ပက်ဖြန်း ဆေးကြော လိုက်ကြသည်။ မီးသတ်ကားများ ထွက်ခွာသွားသောအခါ အရာရာတိုင်းမှာ ဘာမှမဖြစ်ခဲ့သကဲ့သို့ နေခြည်အောက်တွင် နဂိုအတိုင်း ကျန်ရစ်ခဲ့သည်။

သိသာထင်ရှားသည်မှာ ဤသတ်ဖြတ်မှုကြီးသည် ကျောင်းသားများအတွက် ပြစ်ဒဏ်ပေး သင်ခန်းစာတခုအနေဖြင့် အသေးစိတ် သေချာစွာ စီစဉ်ထားသော အစီအစဉ်တခုသာ ဖြစ်ပေသည်။ ဤ အစီအစဉ်အတွက် ပြည်လမ်းရှိ မြန်မာ့ အသံ အဆောက်အဦမှနေ၍ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စီစဉ် ညွှန်ကြားခဲ့သူမှာ ဦးနေဝင်း၏ ညာလက်ရုံးလည်း ဖြစ်၊ မဆလ ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပြီး လုံထိန်းတို့၏ အကြီးအကဲလည်း ဖြစ်သူ ဦးစိန်လွင် ပင်တည်း။

မျက်မြင် သက်သေများ၏ ပြောပြချက်ကြောင့် တံတားဖြူ သွေးချောင်းစီးလူသတ်ပွဲကြီး သတင်းသည် ရန်ကုန်မြို့ တမြို့ လုံး တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။ တချို့က မယုံချင်ကြသေးပေ။ အထူးသဖြင့် မြန်မာပြည်သည် ရွှေစေတီများ အစီ အရီဖြင့် ပြုံးပန်း ကြည်လင်ပြီး ယဉ်ကျေးသိမ်မွေ့သည့် နိုင်ငံတနိုင်ငံအဖြစ် နားလည်ထားသော ရန်ကုန်မြို့တော်ရှိ နိုင် ငံခြားသားတို့အဖို့ ပို၍ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ သို့သော် စစ်အစိုးရ လက်အောက်တွင် ၂၆ နှစ် တိုင်တိုင် နေထိုင်လာခဲ့ရသော ရန်ကုန် မြို့သူမြို့သားအများစုမှာ ၁၉၆၂ ခုနှစ် နှင့် ၁၉၇၀ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကျောင်း သား အုံကြွမှုကြီးများကို အစိုးရ၏ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည့် သာဓကများကြောင့် ထိုသတင်းကို သံသယ ကင်းစွာဖြင့် လက်ခံယုံကြည်ခဲ့ကြသည်။ အစိုးရသည် ယခင် အခါများထက် ပိုမိုရက်စက်စွာ နှိပ်ကွပ်ရန် ပြင်ဆင်ထား သောကြောင့် ပြည်သူတို့ ထိတ်လန့် တုန်လှုပ်ခဲ့ရသည်။

ညဥ့်နက်ပိုင်းတွင် ကိုလင်းသည် တုန်လှုပ်ခြောက်ခြားမှု ဝေဒနာများကို သက်သာစေရန် ပြည်လမ်းမရှိ လက်ဘက်ရည် ဆိုင်တဆိုင်သို့ ထွက်လာခဲ့သည်။ တုန်လှုပ်ခြောက်ခြားစရာ အတွေ့အကြုံ များကို ကိုလင်းက အောက်ပါအတိုင်း ဝမ်း နည်းကြေကွဲစွာ ပြန်ပြောပြရှာသည်။

“၁၆ ရက် နေ့ည သန်းခေါင်ယံ မတိုင်မီ အချိန်လေးမှာ လုံထိန်းတွေပါလာတဲ့ အနီရောင် ‘ဒက်ဆန်း ပစ်ကပ်’ ကားတစီး ကျနော်တို့ဘက် လာနေတာတွေ့ရတယ်။ ကားကို အင်းလျားကန်နဘေးမှာ ရပ်လိုက်ပြီး ကားပေါ်က မိန်းကလေး သုံး ယောက်ကို ကန်ဘောင်ရိုးပေါ် ဆွဲခေါ်သွားကြတယ်။ ကျနော်တို့လည်း အပြင်မထွက်ရဲ ကြဘူး။ ခဏအကြာမှာ အဲဒီ ကား ပြန်ထွက်သွားတယ်။ သူတို့ခေါ်လာတဲ့ မိန်းကလေးသုံးယောက် ပြန်ပါမသွားဘူး။ ဒါနဲ့ ကျနော် ကန်ဘောင်ရိုးပေါ် တက်ကြည့်တော့ ကိုယ်အောက်ပိုင်း သွေးတွေ တသွင်သွင် စီးနေပြီး သတိမေ့သလို ဖြစ်နေတဲ့ မိန်းကလေး သုံးယောက် ကို တွေ့ရတယ်။ သူတို့ကို ကျနော်တို့ လက်ဘက်ရည်ဆိုင်ထဲ သယ်လာခဲ့ကြတယ်။ သူတို့ ညည်းညူနေကြတာ တည လုံး လိုလိုပါပဲ။ သွေးလွန်ပြီး သေသွားမယ်လို့တောင် ကျနော် ထင်မိတယ်။ ကျနော်တို့ ညဥ့်အမှောင်ကြီးထဲ မထွက်ရဲ ကြလို့ မိုးလင်းတဲ့အထိ စောင့်နေခဲ့ရတယ်”။

မတ်လ ၁၇ ရက် ကြာသာပတေးနေ့

“မနက် ၅ နာရီလောက် မိန်းခလေးတွေကို ရန်ကုန် ဆေးရုံကြီးသို့ ကျနော်တို့ ပို့ပေးလိုက်တယ်။ သူနာပြု ဆရာမ တ ယောက်က ဒီလို အမှုမျိုးအများကြီး ဆေးရုံရောက်နေတယ်လို့ ပြောတယ်။ မိန်းခလေးတဦး ဆိုရင် အုပ်စုလိုက် မတရား ပြုကျင့်ခံရလို့ သားအိမ်ကွဲပြီး သေဆုံးသွားတယ်လို့ သိလိုက်ရတယ်”

ပြည်သူများအနေနှင့် မခံမရပ်ဖြစ်လာပြီး အမျက်ဒေါသ ပိုမိုကြီးထွားလာသည်ကို ဂရုပြုမိ၍ လားမသိ။ ထိုနေ့တွင် အစိုး ရက ဖြစ်ပွားခဲ့သော အရေးအခင်းပြဿနာများကို စစ်ဆေးရန် ‘စုံစမ်း စစ်ဆေးရေး ကော်မရှင်’ တခု ဖွဲ့စည်းပြီး ဖြစ် ကြောင်း ကြေညာခဲ့သည်။ သို့သော် ပထမဆုံး သေဆုံးခဲ့ရသူ မောင်ဖုန်းမော်ကိစ္စကိုသာ စုံစမ်းစစ်ဆေးမည်ဟု ဆို၏။ မောင်ဖုန်းမော်သည် ဓားထိုးခံရပြီး သေဆုံးခြင်း မဟုတ်၊ သေနတ်ဒဏ်ရာကြောင့် သေရခြင်းဖြစ်ကြောင်း စသည်ဖြင့် မမျှော်လင့်ဘဲ အစိုးရက ဝန်ခံလာခဲ့သည်။ သို့ရာတွင် တံတားဖြူ ပစ်ခတ်သတ်ဖြတ်မှုကိုမူ တခွန်းတပါဒမျှ မဟခဲ့ပေ။

စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အတွက် ပြည်သူ့ တရားသူကြီးအဖွဲ့ဝင် ဦးဘမော် ဦးစီးပြီး ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့မှ ဦးလှတင့်နှင့် ပြည်သူ့ လုပ်ငန်း စစ်ဆေးရေးအဖွဲ့မှ ဒေါက်တာ မောင်ရှိန်တို့ ပါဝင်သော ၃ ဦး ကော်မရှင်ကို အစိုးရက ဖွဲ့စည်းပေးလိုက်သည်။ အခြား တိုင်းပြည်များတွင် နိုင်ငံတော်တရားရုံးချုပ်ဟူ၍ လည်းကောင်း၊ နိုင်ငံတော် လုပ်ငန်း စစ်ဆေးရေးဌာနချုပ်ဟူ၍လည်းကောင်း ခေါ်ကြမည် ဖြစ်သည်။ အဖွဲ့အစည်း အသီးသီး၏ ရှေ့မှ ‘ပြည်သူ့’ ဟူသော ဝေါဟာရကို သုံးထားခြင်းမှာ ဦးနေဝင်း အစိုးရ၏ ထွင်လုံးတခုဖြစ်ပြီး သူ၏ စစ်အာဏာရှင်စနစ်ကို ‘ဆိုရှယ်လစ် ဒီမိုက ရေစီ’ အဖြစ် လှည့်စား ထားသော အသုံးအနှုန်း ဖြစ်သည်။

မည်သို့ဆိုစေ စစ်ဆေးရေး ကော်မရှင်ဖွဲ့ပေးလိုက်သည့် ကိစ္စမှာ မကြုံဖူးသော ဖြစ်ရပ်တခုပင် ဖြစ်သည်။ ကျောင်းသား များအဖို့ အောင်ပွဲ တရပ်လည်း ဖြစ်သည်။ ဤကဲ့သို့ ဖွဲ့စည်းပေးလိုက်ခြင်းသည် ကျောင်းသားများကို မငြိမ်သက်သွား စေသည့်အပြင် ရှေ့ဆက်တိုက်ပွဲဝင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။

ပင်မ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် ကျောင်းသားနှစ်ထောင်ကျော် ထပ်မံစုဝေးကြပြီး လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ကျောင်းသားတဦးပြီးတဦး တက္ကသိုလ်အပန်းဖြေရိပ်သာ နားရှိ စင်မြင့်ပေါ်မှနေ၍ အစိုးရကိုဆန့်ကျင်ရှုတ်ချကြောင်း ဟောပြောကြလေသည်။ တတိယနှစ် (သင်္ချာ) မှ ကျောင်း သားတဦးဖြစ်သူ မောင်မောင်ကျော် သည်လည်း ပထမဦးဆုံး ဟောပြောကြသည့် ပုဂ္ဂိုလ်များထဲတွင် ပါဝင်သည်။ ထို့ နောက် အာဝဇ္ဇန်း ရွှင် သော မင်းဇေယျာ ဆိုသူ လူငယ်တဦးနှင့် ရဲရဲတောက် သတ္တိခဲမလေး ယုယုမော် တို့ကလည်း ဟောပြော ကြသည်။

တက္ကသိုလ် ကျောင်းသားဟောင်းတဦးဖြစ်သူ တိုက်မောင်းကလည်း သူပါဝင်ခဲ့သော ၁၉၇၄ ခုနှစ် ကျောင်းသားလှုပ်ရှား မှု အရေးတော်ပုံကြီးတွင် ကျောင်းသားများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ဈာပနကို ခမ်းနားစွာ ဂုဏ်ပြုကျင်းပလိုခဲ့ကြပုံ၊ ဦးသန့်၏ရုပ်အလောင်းထားရှိရာ ရန်ကုန်တက္ကသိုလ်နယ်မြေသို့ စစ်သားများ ဝင်စီး ကာ ရုပ်အလောင်းကို သိမ်းပိုက်လိုက်ကြပုံ၊ ကျောင်းသားကျောင်းသူ အမြောက်အမြားသေဆုံးခဲ့ရပုံများကို ပြန်လည် ပြောကြားခဲ့သည်။ အခြား ဟောပြောသူများ၏ မီးမောင်းထိုး ရှင်းလင်းတင်ပြချက်များတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်မှ မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံတခုအဖြစ် အဆင့်ချသတ်မှတ်လိုက်ပုံ၊ အာရှနှင့် ပစိဖိတ်ဒေသတွင် သယံဇာတ အလွန်ကြွယ်ဝသောနိုင်ငံမှ အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်လာခဲ့ရပုံ ဤသို့ ဖြစ်ရသည်မှာလည်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟု အယောင်ဆောင် လိမ်လည်မှု အောက်တွင် စစ်တပ်က ၂၆ နှစ်တိုင်တိုင် အမှားမှား အယွင်းယွင်း အုပ်ချုပ်ခဲ့မှုကြောင့် ဖြစ်ကြောင်း စသည်ဖြင့် ပါဝင်သည်။

၁၇ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တခုသည်လည်း ကျောင်းသားများကို ခံပြင်းဒေါသထွက်စေခဲ့သည်။

အသက် ၂၅ နှစ်ရှိ ဓာတုဗေဒ ဘွဲ့လွန်ကျောင်းသား ရန်နောင်က ပြန်ပြောပြသည်မှာ-

“အဲဒီ မနက်က မောင်ဖုန်းမော်ကို ကြံတောသုဿန်မှာ မီးသင်္ဂြိုလ်မယ်လို့ ကျနော်တို့ ကြားသိရတယ်။ ကျနော်တို့ တတွေ ထောင်နဲ့ချီပြီး ကြံတောသုဿာန်မှာ သွားစောင့်နေကြတယ်။ လုံထိန်းလက်ချက်ကြောင့် ပထမဦးဆုံး သေဆုံး ရတဲ့ ကျောင်းသားကို နောက်ဆုံးအနေနဲ့ ဂါရဝပြုချင်ကြလို့ပါ။ ကျနော်တို့ နာရီပေါင်းမြောက်များစွာ စောင့်နေခဲ့ရတယ်။ မွန်းလွဲ တနာရီလောက်ကျတော့ မောင်ဖုန်းမော်အလောင်းကို မထင်မရှား အခေါင်းတခုထဲမှာထည့်ပြီး သယ်ဆောင် လာတဲ့ ကားကို ပုလိပ်အစောင့်အရှောက်အပြည့်နဲ့ မောင်းယူ သွားပြီး တာမွေသင်္ချိုင်းမှာ မီးသင်္ဂြိုလ် လိုက်တယ်လို့ သိရ တယ်။ ကျနော်တို့ အရမ်းဒေါသထွက်ခဲ့ကြတယ်။

ရန်နောင် ကျောင်းဆောင်သို့ ပြန်ရောက်သည့်အခါ ရန်ကုန် ပင်မတက္ကသိုလ်ဝင်း ပတ်ပတ်လည်၌ ကွန်မန်ဒို တပ်သား များက နေရာယူ စောင့်ကြပ်နေသည်ကို တွေ့ရသည်။ သူတို့ လည်ပင်းတွင် စည်းထားသော လည်စည်းအနီများကို ကြည့်ခြင်းအားဖြင့် အထူးတပ်ရင်းမှဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်သည်။ တက္ကသိုလ် နယ်မြေပတ်လည်ကို စစ်သားပေါင်းတထောင်ကျော်၊ လုံထိန်းတထောင်ကျော်ဖြင့် ဝိုင်းရံပိတ်ဆို့ထားပြီး ဘရင်းကယ်ရီယာများ၊ မီးသတ်ကား များလည်း ဝင်းအပြင်ဘက်တွင် အသင့်ရပ်ဆိုင်းထားသည်။ မွန်းတည့်ချိန်တွင် ဒေါက်တာ ချစ်ဆွေက ကျောင်းသား များကို မိန့်ခွန်းချွေပြန်၏။ ကျောင်းဝင်းအတွင်း၌ ကျောင်းသားများအတွက် လုံခြုံမှုရှိပါသည်တဲ့။

“ဒါပေမဲ့ အပြင် တော့ မထွက်ကြနဲ့” ဟု သူက ထပ်၍ကွန့်သည်။

မည်သို့ ဆိုစေ ထိုအချိန် ကာလတွင် တက္ကသိုလ် ဆရာ တဦး၏ ဂတိ စကားမှာ အရေးမပါ အရာ မရောက် လှပေ။

မွန်းလွဲ ၂ နာရီတွင် စစ်သားများက သေနတ်ကိုင်ဆောင်၍ လည်းကောင်း၊ လုံထိန်းများက နံပါတ်တုတ်ကိုင်ဆောင်၍ လည်းကောင်း၊ ပင်မ တက္ကသိုလ်နယ်မြေကို ဝင်စီးကြတော့သည်။ မျက်ရည်ယိုဗုံးများ ကျောင်းသားထုအတွင်းသို့ ပစ်ခွဲ ခဲ့ကြသည်။

“စစ်သားတွေ ဝင်လာတဲ့အချိန် ကျနော် အင်းလျားဆောင်မှာ ရှိနေတယ်။ အလုံပိတ် အချုပ်ကားတွေ စစ်သားနဲ့ လုံထိန်း တွေ နောက်ကနေ ကျောင်းထဲ မောင်းဝင်လာတယ်။ ရဲချုပ် ဦးသိန်းအောင် ကိုယ်တိုင် ပါလာတယ်။ သူက ကျနော်တို့ကို အဆောင်ထဲက ထွက်လာကြဖို့၊ မင်းတို့ကို မဖမ်းဘူးလို့ ပြောပေမဲ့ ကျနော်တို့ ထွက်လာကြတဲ့ အချိန်မှာတော့ အချုပ် ကားတွေထဲ အတင်းဝင်ခိုင်းပြီး မောင်းထွက်တော့တာပဲ။ ကျနော်တို့ အဆောင်တခုထဲမှာပဲ ကျောင်းသား ၁၅၀ တောင် အဖမ်းခံလိုက်ရတယ်။ ဒီ အထဲမှာ ကျောင်းသူ ၄၀ လည်း ပါတယ်” ဟု ရန်နောင်က ပြန်ပြောပြသည်။

ရဲများက ကျောင်းဆောင်များထဲသို့ဝင်မွှေပြီး ကျောင်းသူ ကျောင်းသား စုစုပေါင်း တထောင်ခန့် ဖမ်းဆီးခေါ်ဆောင်သွား သည်။ အဖမ်းခံရသည့်အထဲတွင် ရန်ကုန် ပင်မတက္ကသိုလ်မှသမိုင်း အဓိက တတိယနှစ်ကျောင်းသား မောင်မောင်သွင် လည်း ပါဝင်ခဲ့လေသည်။

“ကျနော် ခန့်မှန်း တတ်သလောက်ဆိုရင် ကျနော်တို့ ဖမ်းလာခဲ့တဲ့ အချုပ်ကားဟာ လူတယောက် ၂၀ လောက်ပဲ ဆန့် တယ်။ ဒါပေမဲ့ ဖမ်းထည့်လာတာက အယောက် ၁၀၀ နီးပါး ရှိတယ်။ ပူလိုက် အိုက်လိုက်တာလည်း လွန်ပါရော။ အသက်ရှုမဝလို့ ကျနော်တို့ ခေါင်းတွေမူးပြီး လူက ယိုင်ထိုးချင်သလို ဖြစ်နေတယ်။ အများစုဆိုရင် မျက်ရည်ယို ဗုံးကြောင့် ခံစားနေရတဲ့ ဝေဒနာ၊ အရိုက်ခံရတဲ့ ဒဏ်ရာတွေကြောင့် နုံးချည့် နေကြတယ်။ ကျနော်တို့နဲ့ အတူပါလာတဲ့ မိန်းကလေးတွေကို ရှေ့ပိုင်းက လေဝင်ပေါက် သေးသေးလေးတွေနား ရွှေ့ပေးလိုက်လို့ သူတို့ လေရှု နိုင်သေးတယ်။ ကျနော် ဘာမှမမြင်ရဘူး။ ဒါပေမဲ့ တလျှောက်လုံး ကွေ့ကောက်ပြီး မောင်းနေလို့ ထောင်ကို တော်တော်နဲ့ မရောက်နိုင် ဘူး။ ကြည့်ရတာ လူတွေ အာရုံမစိုက်မိအောင် ဟိုကွေ့ ဒီပတ်နဲ့ မောင်းလာပုံရတယ်”

အချုပ်ကားထဲ၌ ကျောင်းသား အချို့ မွန်းပိတ်၍ အသက်ရှု ကြပ်ပြီး သေဆုံးခဲ့ရသည်။ အသက် ၁၂ နှစ်အရွယ် ကလေး ငယ်တဦးမှာ လူများ ပြွတ်သိပ်နေသည့် အချုပ်ကားတစီးထဲတွင် ညှပ်ပိတ်၍ သေဆုံးသွားရသည်။ ထိုသို့ ခွေးတင်ဝက် တင် တင်၍ ကျောင်းသူ ကျောင်းသား တထောင်ခန့်ကို ဖမ်းဆီးခေါ်ဆောင်ကာ ရန်ကုန်မြို့ မြောက်ဘက်ရှိ နာမည်ဆိုး လှသော အင်းစိန်ထောင်သို့ ထည့်သွင်းလိုက်တော့သည်။ ဆန္ဒပြသော ကျောင်းသားများ ပျော့ညံ့ဒူးထောက်လာစေရန် အစိုးရသည် သံလက်သီးဖြင့် စတင် ထိုးနှက်လေပြီ။

“ဒီ့နောက်မှာတော့ ကျနော်တို့တတွေ မစည်းရုံးလို့ မဖြစ်တော့ဘူးဆိုတာ သိလိုက်တယ်လေ”

ဆက်လက် ဖော်ပြပါဦးမည်။

ကျော်နိုင်
၂၉ ဇွန် ၂၀၁၃

No comments: