Wednesday, March 24, 2010

ရှင်သန်ခွင့်


(၁)
“ကိုကြီးသဘောကတော့ သူ့ကို ဆက်ပြီး မဆန့်ကျင်ကြစေချင်ဘူး။ သူစီမံခန့်ခွဲပေးတာတွေကိုပဲ လိုက်နာစေချင်တယ်”
“ရှင်”
“ဗျာ”
အာမေဋ္ဋိတ်သံများထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဧည့်ခန်းတခုလုံး အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်တိတ်ဆိတ် သွားသည်။

“ခင်ဗျားမတရားဘူး။ ခင်ဗျားကို ခေါင်းဆောင်ဆိုပြီး တပ်ဦးမှာထားခဲ့တာ။ ခင်ဗျားကို ဝန်းရံပေးရမယ်ဆိုပြီး နာစရာရှိရင် ကျုပ်တို့က ရှေ့ဆုံးကနေ အနာခံခဲ့ကြတာ”
အတန်ကြာ တိတ်ဆိတ်နေမှုကို ဖြိုခွဲ၍ ထွက်ပေါ်လာသည့် အသံက ညီထွေးလေး အသံ။
“ဘာလဲ။ ခုတော့ ကိုကြီးက ကြောက်နေပြီလား။ ကိုကြီးရဲ့ ရဲရဲတောက် စကားလုံးတွေကြောင့် မလေးတို့က ပါခဲ့ကြတယ်။ ကိုကြီးကို အပြည့်အဝ ယုံကြည်ပြီး ခေါင်းဆောင်နေရာ ရွေးခဲ့ကြတယ်။ ခေါင်းဆောင်ဖြစ်ပြီးကာမှ ကိုကြီးက ပထွေးဆန့်ကျင်ရေးဆိုတဲ့ စကားကို တောင် ရဲရဲမပြောလို့မလေးတို့ ပြောပေးခဲ့ကြတယ်။ ဒါပေမယ့် ဒီလိုပြောလို့ အရိုက်ခံရ၊ အနာခံရရင်လဲ ကိုကြီးက မသိချင်ယောင်ပဲ ဆောင်နေတယ်။ ဒီအထိ မလေးတို့ သည်းခံတယ်။ ရေငုံနှုတ်ပိတ်နေခဲ့တယ်။ အခြေအနေအရ ကိုကြီးလိုအပ်လို့ လုပ်တာပါလို့ပဲ ဖြေ သိမ့်တွေးပေးခဲ့တယ်။ ကိုကြီးကို မလေးတို့ ယုံခဲ့ကြတယ်။ ခုတော့ အလကားပဲ။ မလေးတို့ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ခံ လိုက်ရပြီ”
ညီထွေးလေးရဲ့ စကားသံဆုံးတော့ မလေးက ဝင်ပြောသည်။ ကိုကြီးက အင်းမလုပ်၊ အဲမလုပ်။ မှုန်ကုပ်ကုပ်မျက်နှာဖြင့် အားလုံးကို ပြန်ကြည့်နေသည်။
“မလေး။ နင်ဘာမှ အပိုတွေ ပြောမနေနဲ့တော့။ ငါနင်တို့ကို ဘယ်နှစ်ခါ ပြောခဲ့လဲ။ ကိုကြီးဆီမှာ ငါတို့တအိမ်လုံးကို ဦးဆောင်ပြီး ဟို လူယုတ်မာကို အာခံရဲတဲ့သတ္တိ မရှိပါဘူးဆိုတာကိုး။ ငါတို့ အားလုံးက အဲဒီလူယုတ်မာကို ဆန့်ကျင်နေလို့ သူက ငါတို့ထဲပါလာတာ။ သူက ငါတို့အားလုံးထဲမှာ အကြီးဆုံးမို့ ငါတို့က ခေါင်းဆောင်ရွေးခဲ့ကြတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒီလို ခေါင်းဆောင်ဖြစ်ပြီးတဲ့ အ ခါမှာ ဘယ်နှစ်ကြိမ်များ ငါတို့ရှေ့က ရပ်တည်ပေးခဲ့လို့လဲ။ ငါတို့ ပေါ်ပေါ်ထင်ထင်နဲ့ လူယုတ်မာကြီးကို ဆန့်ကျင်ရင်တောင် သိပ်မ တက်ကြွဖို့ သူုက ခေါ်ပြီး သတိပေးနေသေးတာပဲ။ ဒီကတည်းက ငါပြောနေတယ်။ လူယုတ်မာဆန့်ကျင်ရေးမှာ သူ့ကိုပဲ ရှေ့တန်းတင် ပြီး ပုံမအပ်ပါနဲ့။ ရှုံးလိမ့်မယ်လို့။ နင်တို့ လက်မှမခံကြတာပဲ။ ငါ့ကိုတောင် အပြစ်ပြန်တင်နေသေးတယ်။ ခုတော့ နင်တို့ ခေါင်းဆောင် ကြီးက လူယုတ်မာကိုလက်ခံပြီး လူယုတ်မာရဲ့ စီမံချက်ကိုတောင် လိုက်လုပ်ပေးမယ် ပြောနေတယ်။ ကောင်းသေးလား။ ဒီမှာ ကိုကြီး။ ဝါအရ ခင်ဗျားကို ကျုပ်လေးစားပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်တွေကိုတော့ မလေးစားနိုင်ဘူး။ ခင်ဗျားက ဒူး ထောက်ဆိုတာနဲ့ လိုက်ထောက်ပေးမယ့် သူငယ်နှပ်စားထဲမှာ ကျုပ်မပါဘူး။ အခုကစပြီး ခင်ဗျားကို ခေါင်းဆောင်အဖြစ် အသိအမှတ် မပြုနိုင်ဘူး။ ခင်ဗျား လုပ်ခိုင်းတာတွေလဲ ကျုပ်မလုပ်နိုင်ဘူး။ ရှင်းအောင် ပြောထားမယ်”
“ဖေကြီးရယ်၊ ရှက်ဖို့ကောင်းလိုက်တာ။ ဘာလို့ ဒီလို အတွေးမျိုးတွေ ဝင်နေရတာလဲ။ သမီးမှာတော့ ဖေကြီးရဲ့ မျိုးဆက်ဖြစ်ရတာကို ဂုဏ်ယူလိုက်ရတာ။ ဖေကြီးဟာ တအိမ်လုံးရဲ့ အခက်အခဲတွေကို ပြေလည်အောင်လုပ်ပေးဖို့ ကြိုးစားနေတဲ့ ခေါင်းဆောင်ကြီးအနေနဲ့။ ခုတော့သွားပြီ။ သိပ်ရှက်ဖို့ကောင်းတာပဲ”
ကိုကြီးရဲ့ သမီး ဇင်မာအောင်ကပါ ဝင်ပြောသည်။ ပြောရင်းနှင့် မျက်ရည်များကျနေပေမယ့် ကိုကြီး မျက်နှာပေါ်က ခက်ထန်တင်းမာမှု တွေက ပျောက်မသွား။ သူလုပ်တာ မှန်သည့်အနေဖြင့် ခပ်တင်းတင်း ပြန်ပြောသည်။
“ဇင်မာအောင်။ ငြိမ်ငြိမ်နေစမ်း။ ငါမွေးလို့ နင်လူဖြစ်လာတာပါ။ ငါ့ကို ပြန်အာခံမနေနဲ့။ ငါက ဒါဆို ဒါပဲလုပ်”
ကိုကြီးရဲ့ အော်ငေါက်သံအဆုံးမှာ ဇင်မာငြိမ်သွားသည်။ အသံထပ်မထွက်လာတော့ပေမယ့် ကိုကြီးကို လှမ်းကြည့်နေသော ဇင်မာ့ မျက်ဝန်းများရဲ့ အဓိပ္ပာယ်ကို သူမနားလည်သည်။ မျိုးဆက်ဟောင်း အပေါ်မှာ မျိုးဆက်သစ်တယောက်ရဲ့ အထင်သေးသော အ ကြည့်။
မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာ အလုပ်အကိုင်တွေမှာပဲ ဖြစ်ဖြစ်၊ ကျောင်းစာသင်ခန်းတွေမှာ ပဲဖြစ်ဖြစ် အပြန်အလှန်လေးစားမှု ဆိုတာက အလွန်အရေးပါလှသည်။ အိမ်ထောင်ဘက်အချင်းချင်း တယောက်ကိုတယောက် အထင်သေးမှုရှိလာပြီဆိုလျှင် ဒီအိမ် ထောင်ရေး သာယာမည်မဟုတ်တော့။ အနန္တေအနန္တဂိုဏ်းဝင် မိဘပေမယ့်လည်း အကျင့်စာရိတ္တယိုယွင်းပျက်စီးမှုနှင့် လူအများကို ဆုတ်ယုတ်ပျက်စီးစေမှုတွေကြောင့် သားသမီးများအား အရှက်ရစေသည်ဆိုလျှင် မိဘနှင့် သားသမီး ဆက်ဆံရေးမှာ အဖုအထစ်များ ဖြစ်စမြဲ။ သိက္ခာတရားနှင့် ကျင့်ဝတ်ကို မစောင့်ထိန်းသော ဆရာများကိုလဲ ဘယ်လိုကျောင်းသားမျိုးကမှ အထင်တကြီးဆည်းကပ် မည်မဟုတ်။ အဖွဲ့အစည်းတွင်လည်း ထိုနည်းလည်းကောင်း။ မျိုးဆက်ဟောင်းများရဲ့ အတွေးအခေါ်နဲ့လုပ်ရပ်တွေကို မျိုးဆက်သစ် များက အထင်သေးလာပြီဆိုလျှင် အဖွဲ့အစည်းရဲ့ ရှင်သန်ကြီးထွားမှု နှောင့်နှေးပြီး အကွဲကွဲ အပြဲပြဲ ဖြစ်လာလေ့ရှိသည်။
ဇင်မာ့ မျက်ဝန်းများကို ကြည့်ပြီး သူမအတွေးများက ဟိုရောက်ဒီရောက်ဖြစ်နေသည်။ ဒီပြဿနာများရဲ့ အစ၊ ဟိုး လွန်ခဲ့သော နှစ် ပေါင်းများစွာက အခြေအနေတွေကို သူမ ပြန်မြင်ယောင်နေမိသည်။
(၂)
“မလတ်။ ဒါ ကိုစစ်နိုင်တဲ့။ ကျောင်းတုန်းက ငါတို့က မေဂျာတူတူပဲ။ ကွဲနေကြတာ ကြာပြီ။ တလောကမှ ပြန်တွေ့တာ”
ကိုကြီးက မိတ်ဆက်ပေးတာကြောင့် ကိုစစ်နိုင်ကို လှမ်းကြည့်လိုက်မိတော့ မျက်လုံးတွေကို မြင်ရစဉ်မှာပဲ သူမရင်ထဲ ဒိတ်ကနဲဖြစ် သွားသည်။ စိတ်ပညာဘွဲ့ရ တယောက်ဖြစ်တာကြောင့် လူတွေရဲ့ မျက်လုံးကတဆင့် အတွင်းစိတ်ကို မြင်နိုင်အောင် ကြိုးစားလေ့ကျင့် ခဲ့ဖူးသည်။ ကိုစစ်နိုင်မျက်လုံးတွေက မရိုးသား။ ကောက်ကျစ်စဉ်းလဲမှု သဏ္ဌာန်လေးတွေကို တွေ့နေရသလိုလို ရှိသည်။ သို့ပေမယ့် လူ မှုရေး အရမို့ သူမ ပြန်နှုတ်ဆက်လိုက်ပါသည်။
“ဟုတ်ကဲ့ .. တွေ့ရတာ ဝမ်းသာပါတယ်။ အိမ်ကို အလည်လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်” “ကျွန်တော်က နောက်ဆို ခဏခဏ ရောက်ဖြစ်တော့မှာ။ ကိုအောင်နဲ့ စီးပွားရေး တူတူ လုပ်မလားလို့” ကိုစစ်နိုင်က လိုသည်ထက် ပိုနေသော အပြုံးများဖြင့် ပြန်ပြောသည်။ ကိုကြီးကို လှမ်းကြည့်မိတော့ ကိုကြီးမျက်နှာက အရမ်းကို ပျော် ရွှင် လန်းဆန်းနေတာကြောင့် ဘာမှဆက်မပြောမိတော့။ သူငယ်ချင်းဟောင်းနှင့် ပြန်တွေ့ရလို့ ပျော်နေပုံပေါ်သည်။ နှစ်ယောက်သား အတူစားကြ၊ သောက်ကြရန်သာ သွားရောက်ပြင်ဆင်ပေးလိုက်သည်။
နောက်ပိုင်းကျတော့ ကိုစစ်နိုင်က အိမ်ကို ချောင်းပေါက်မတတ်လာသည်။ ကိုကြီးနှင့်အတူ ပုလင်းတူဘူးစို့ သောက်ကြ၊ စားကြသည်။ သူမတို့တတွေ စိတ်ပျက်မိပေမယ့် ကိုကြီးမျက်နှာကြောင့် မကန့်ကွက်ဖြစ်ကြ။ သတိနှင့် ဆင်ဆင်ခြင်ခြင်နေရန်သာ သူမညီမလေးများ ကို သတိပေးရသည်။ သို့ပေမယ့် သူမ သတိပေးရန် တယောက်တော့ ကျန်ခဲ့ပါသည်။ ဒီလောက်အထိ ယုတ်မာမယ် မထင်ထားမိခဲ့ တာကြောင့်လဲ ဖြစ်သည်။ အသက်ငါးဆယ်ကျော်ပေမယ့် အလှသွေးတွေ ဝေဖြာနေဆဲဖြစ်သော စီးပွားရေးလုပ်ငန်းရှင် မုဆိုးမ မေ မေ့ကို အပိုင်ကြံသွားလိမ့်မယ်လို့တော့ သူမတို့ တွေးပင်မတွေးမိခဲ့ကြပါ။ များပြားလှသော မေမေ့အလုပ်တွေကို ကူလုပ်ပေးရင်း လူအ များအကြားတွင် တွဲပြီး နာမည်ထွက်အောင် ကြိုးပမ်းတာတွေ၊ ပွဲလမ်းသဘင်တွေမှာ မေမေ့နောက်က တကောက်ကောက် လိုက်တာ တွေ လုပ်ပြီး ဓာတ်ပုံတွေ အတူယှဉ်တွဲထွက်လာအောင် ပိုက်ဆံပေး စီမံတာတွေ လုပ်လာတော့မှ သူမတို့ သတိထားမိပေမယ့် အ သိုင်းအဝိုင်းကြားမှာ နာမည်က ထွက်နေခဲ့ပြီဖြစ်သည်။ မတတ်သာသည့်အဆုံး တရှက်က နှစ်ရှက်မဖြစ်အောင် မေမေက လက်ထပ် လိုက်သည်။
သို့ပေမယ့် စိတ်ဆင်းရဲမှုတွေကြောင့် မေမေ အသက်မရှည်ခဲ့ပါ။ မေမေဆုံးတော့ ကိုစစ်နိုင်လက်ထဲတွင် စီးပွားရေး လုပ်ငန်းအားလုံး ရောက်နေခဲ့ပြီ။ အိမ်နှင့် ပတ်သက်လို့သာ ဘယ်သူကမှ ရောင်းဖို့ သဘောမတူကြတာကြောင့် အမွေဆိုင်အိမ်ကြီးအဖြစ် နှစ်ပေါင်းများ စွာ သူများလက်ထဲ မရောက်ပဲ ကျန်နေခဲ့တာ ဖြစ်သည်။ အိမ်ထဲမှာ အတုနေကြပေမယ့် အိမ်ရဲ့ စီးပွားရေးကို ကိုစစ်နိုင်ကသာ ချုပ် ကိုင်ထားတာကြောင့် သူမတို့ အိမ်ရှင်များမှာ တစတစနှင့် အရိုးအရင်းကိုက်ရသော ကျွန်ဘဝသို့ ကျရောက်လာကြသည်။ မနေနိုင် သော ကိုငယ်က ကျောင်းထွက်ပြီး သင်္ဘောတက်သွားသည်။ အိမ်ကို ငွေပြန်ပို့ပြီး မလေးနဲ့ ညီထွေးလေးတို့ရဲ့ ကျောင်းစရိတ်ကို ထောက်ပံ့ရသည်ဆိုပေမယ့် ပေးတာယူ၊ ကျွေးတာစားနေရသော ဘဝမှာ လူငယ်တွေရဲ့ အနာဂတ်ကား မျှော်လင့်ချက် မဲ့နေဆဲ။ သိပ် ထက်မြက်တဲ့ မိခင်တွေရဲ့ ခြေရာကို သားသမီးတွေ မှီအောင် လိုက်နိုင်စွမ်း မရှိဖူးဆိုတာ မှန်နေသလား မသိ။ မေမေရှိတုန်းက မေမေ့ ကိုသာ အရာရာမှီခိုနေကြသည်မို့ မေမေမရှိချိန်တွေ သူမတို့အားလုံး မလုပ်တတ်၊ မကိုင်တတ်နှင့် ကိုစစ်နိုင် ကြီးစိုးခြယ်လှယ်သမျှသာ ခံကြရသည်။ ကိုစစ်နိုင် လက်သပ်မွေးထားသော လူဆိုးလူမိုက်များ၏ ခြိမ်းချောက်အနိုင်ကျင့်မှုတွေကိုလဲ ခံကြရသေးသည်။
မေမေတို့ လက်ထပ်ပြီးစဉ်တုန်းက သူမတို့တတွေ စုပြီး ကိုစစ်နိုင်ကို အလိုမရှိ လုပ်ခဲ့ကြသည်။ မေမေဆုံးပြီးတော့လဲ ကိုစစ်နိုင် အိမ် ပေါ်က ဆင်းရအောင် ကြိုးပမ်းခဲ့ကြသေးသည်။ အပြင်းအထန် ထိပ်တိုက်တွေ့နေချိန်တွင် ကိုကြီးက စင်ပေါ်ရောက်လာသည်။ သူရ အောင် ဆွေးနွေးဖြန်ဖြေပေးမည်လို့ ဆိုခဲ့သည်။ ဒါကြောင့် သူမတို့အားလုံး တညီတညာတည်း ကိုကြီးကို ခေါင်းဆောင်ရွေးခဲ့ကြသည်။ သို့ပေမယ့် ကိုစစ်နိုင်က သူ့လက်ထဲ အကုန်ရောက်နေသည့် ကြီးစိုးခြယ်လှယ်ခွင့်ကို လွယ်လွယ်နှင့် မစွန့်။ တမေဂျာတည်း အတူ ကျောင်းတက်ခဲ့သည့် ကိုကြီးရဲ့ ခေါင်းဆောင်မှု အရည်အချင်း ဆိုတာကိုလဲ သူက အတွင်းသိ၊ အစင်းသိ။
ပုလင်းတူ၊ ဗူးစို့ ဖြစ်ခဲ့သူ အချင်းချင်းဆိုတော့ ဘယ်လို အချိန်ရောက်ရင် ဘယ်လိုအထာပေးရမည်ကို နားလည်ပြီးသား။ “ဆွေးနွေးကြ တာပေါ့ကွာ။ မင်းညီတွေ၊ ညီမတွေ မကျွံလာအောင်သာ မင်းထိန်းပေး” ဆိုပြီး ငါးရံ့ဆီနှင့် ငါးရံ့ပြန်ကြော်ထားခဲ့သည်။ အခြေအနေ တွေကို တွေ့နေပေမယ့် ကိုကြီးကို ခေါင်းဆောင်အဖြစ် ရွေးထားခဲ့သည်မို့ သူမတို့တွေ မပြောရက်၊ မဆိုရက်၊ မဝေဖန်ရက်ကြ။ သူမတို့ အချင်းချင်းကွဲနေရင် ကိုစစ်နိုင်က နွားကွဲတုန်း၊ ကျားဆွဲ လုပ်လာမှာစိုးလို့ ငြိမ်ကုပ်နေခဲ့ကြသည်။ သို့ပေမယ့် အခုတော့ ပြောရတော့ မည်။ မပြောလို့ မဖြစ်တော့။ နွားက ကွဲတာမဟုတ်ပဲ ခေါင်းဆောင်နွားလားက ကျားရဲတွင်းထဲကို ခုန်ဆင်းဖို့ပင် ခိုင်းနေပြီဖြစ်သည်။ သူမို့ လုပ်ရက်လေခြင်း၊ သူမို့ ပြောရက်လေခြင်း။ အတွေးများနှင့်အတူ သူမ မျက်ရည်ဝဲလာသည်။ မဖြစ်တော့။ ကိုကြီးကို သူမ စကား သွားပြောမှ ဖြစ်တော့မည်။ တားမှ ဖြစ်တော့မည်။
(၃)
“ငါတို့သူ့ကို ဆန့်ကျင်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟာ။ ထိရောက်မှုမှ မရှိတာပဲ။ ပကတိအခြေအနေမှန်ကို နားလည်လက်ခံရ မယ်လေဟာ”
ကိုကြီးက စိတ်ဓာတ်ကျနေသော အသံဖြင့် တိုးတိုးလေး ပြောသည်။ မာရသွန်ခရီးကို မီတာ (၁ဝဝ) အတွေးနဲ့ ကိုကြီး ဝင်ပြေးခဲ့တာ ဖြစ်မယ်လို့ သူမ တွေးလိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူပြောတာကို အရင်နားထောင်ဖို့ ဆုံးဖြတ်လိုက်မိသည်။ ရှေ့ဆင့်နောက်ဆင့် မောင်နှမမို့ သူမတို့ နှစ်ယောက်က အနီးစပ်ဆုံး ရင်းနှီးခဲ့ကြပါသည်။
“ငါတို့နဲ့ သူနဲ့ တသက်လုံး ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။ ခုဆို သူ့ဘက်က လျှော့လာပြီဟာ။ ဒီအိမ်ကြီးကို စီမံခန့်ခွဲဖို့ အဖွဲ့ဖွဲ့မယ် တဲ့။ သူ့လူတွေ လဲပါမယ်။ ငါတို့ထဲကလဲ ပါမယ်။ အတူတူ စီမံအုပ်ချုပ်ဖို့။ ဘယ်လောက်ကောင်းတဲ့ အစီအစဉ်လဲဟာ။ ငါလဲ အသက် ကြီးပြီ။ သူ့ကို ဆန့်ကျင်နေရတာလဲ နှစ်များစွာကြာခဲ့ပြီ။ ဘာမှ မရတာထက်စာရင် ငါ့မိသားစုရဲ့ ဆက်လက်ရှင်သန် ရပ်တည်ခွင့်အ တွက် ရသလောက်လေး ဝင်ယူမှ ရတော့မယ်”
“ရှင်သန်ခွင့်။ ဟုတ်လား ကိုကြီး။ ကိုကြီး မိသားစုရဲ့ ဆက်လက်ရှင်သန်ခွင့်အတွက် သူစီမံတာကို လက်ခံဖို့”
“ဟုတ်တယ်လေဟာ။ အရင်တုန်းကဆို သူပဲ အားလုံးကို ချုပ်ကိုင်ထားတာ။ ခုဆို လမ်းဖွင့်လာတာပဲ။ ငါ့မိသားစုကို သူအသိအ မှတ်ပြုဖို့အတွက် ငါကြိုးစားရမယ်။ ရှင်သန်ခွင့်ဆိုတာ လူတွေအတွက်၊ မိသားစုတွေအတွက်၊ နောက်ဆုံးဟာ တိုင်းပြည်တပြည်အ တွက် အရေးကြီးဆုံး အရာပဲ”
ဒီလောက်ဆို ကိုကြီးရဲ့ အတွင်းစိတ်ကို တွက်ချက်လို့ရပြီဆိုတာ သူမ သဘောပေါက်လိုက်သည်။ သူမတို့ မှားခဲ့ကြပါပြီ။ အိမ်ကြီးထဲမှာ နေထိုင်တဲ့ မိသားစုသားချင်းတွေ အများကြီးထဲကနေ သူ့မိသားစုလေး တခုတည်းကိုသာ ကွက်ပြီး စဉ်းစားတတ်သူကိုမှ တအိမ်လုံးရဲ့ အရေးအတွက် ခေါင်းဆောင် ရွေးမိခဲ့ကြပါပကောလား။ ယူကျုံးမရ စိတ်တွေဖြင့် သူမ စကားစလိုက်မိသည်။
“ပြဿနာတွေကို ငါပြန်တွေးမိတယ်ဟာ။ ကိုစစ်နိုင် အိမ်ပေါ် ရောက်လာပြီးတော့ ပထမဆုံး ညီထွေးလေးနဲ့ ပြဿနာ စတက်တယ် နော်။ ပြဿနာစဖြစ်ပြီး ထိပ်တိုက်ဖြစ်နေတုန်းမှာ နင်က ပါလာခဲ့တယ်။ အဲဒီမှာ နင်က ပြဿနာတွေကို နင်ဦးဆောင်ဖြေရှင်းပေးမယ် ဆိုလို့ နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်ရွေးခဲ့ကြတယ်။ ငါတို့ နင့်ကို ရွေးခဲ့ကြတာက နင့်မိသားစုရဲ့ ခေါင်းဆောင် အနေနဲ့မဟုတ် ဘူး။ တအိမ်လုံးရဲ့ အနာဂတ်ကို ဦးဆောင်ပဲ့ကိုင်နိုင်မယ့် အိမ်ခေါင်းဆောင် အနေနဲ့ ရွေးခဲ့ကြတာ။ ငါတို့ နင့်ကို အရာရာ ပုံအပ်ခဲ့ကြ တယ်။ ငါတို့အိမ်ပေါ်မှာ ကိုစစ်နိုင်ရဲ့ အုပ်စိုးခြယ်လှယ်မှု အာဏာပပျောက်ရေးအတွက် လုပ်ဖို့ တပ်ဦးမှာ ထားခဲ့ကြတယ်။ တအိမ်လုံး ကို ကိုယ်စားပြုပြီး ကိုစစ်နိုင်ရဲ့ မတရားမှုတွေကို ဆန့်ကျင်ဖို့ပဲ။ ဒါပေမယ့် နင်က ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတယ်။ နင်ပြောရင် ကို စစ်နိုင်က လက်ခံမယ်လို့ ထင်တယ်။ ဆန့်ကျင်ရေး လမ်းကြောင်းကို သွေဖည်ပြီး၊ တောင်းဆိုရေး လမ်းစဉ်ကိုလိုက်တယ်။ ကိုစစ်နိုင်က လဲ နင့်သူငယ်ချင်း အရင်းကြီးဆိုတော့ နင့်အကြောင်းကို ကောင်းကောင်း သိတယ်ထင်ပါရဲ့။ မျှော်လင့်ချက်လေးတွေပေးပြီး နင့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်။ နင်ကလဲ ဒါကို မသိဘူး။ အမေတယောက်လုံး ပေးလိုက်ရတာတောင် မမှတ်သေးဘူး။ ယုံတုန်းပဲ။ နောက်ဆုံး နင့်ကို ငါတို့အားလုံးက ရွေးပြီး၊ ယောက်ျားချင်း စိန်ခေါ် အနိုင်ယူဖို့ ဝန်းရံပေးခဲ့တာတောင် နင်က ညောင်နာနာလုပ်နေလို့ နင့်မိန်းမနဲ့ အငယ်ကောင်လေး အိမ်ပေါ်က ဆင်းသွားရတဲ့ အထိပဲ မဟုတ်လား။ နင့်မိန်းမက အဝေးမှာ ရောက်နေပေမယ့်လဲ ငါတို့ကို မေ့မသွားပါဘူးဟာ။ အိမ်ရဲ့ အရေးအတွက် ဆက်ပြီးလုပ်နေတုန်းပဲ။ ကိုစစ်နိုင်ကို ဘယ်လိုဆန့်ကျင်ပြီး သူ့ကျွန်ဘဝကနေ ငါတို့ တအိမ်လုံးလွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ခုအချိန်အထိ ကြံဆပေးနေတုန်းပဲ။ နင်က နင့်မိသားစု အရေးပဲ ကြည့်မယ်လို့ ပြော တယ်။ နင့်အပေါ် ယုံကြည်ခဲ့ကြတဲ့ ငါတို့တွေကို ထည့်မတွက်ရင်နေပါ။ အဝေးမှာ ရောက်နေတဲ့ နင့်မိန်းမနဲ့ နင့်သားအငယ်လေးက ကော နင့်မိသားစု မဟုတ်ဘူးလား။ ပြီးတော့ နင့်သမီး။ နင့်သမီးဟာ ငါတို့ တအိမ်လုံးရဲ့ လက်ပေါ်မှာ ကြီးလာခဲ့တာ။ နင်ကသာ နင့် မိ သားစုဆိုပြီး ခွဲခြားဆက်ဆံနေပေမယ့် နင့်သမီး၊ နင့်မျိုးဆက်ကို ငါတို့က ဆွေမျိုးသားချင်း၊ ဒီအိမ်ကြီးတခုလုံးရဲ့ မျိုးဆက်လို့ သဘော ထားခဲ့ကြတာ။ သူ့စိတ်ထဲမှာကလဲ နင့်လို နင်တို့ မိသားစု ရှင်သန်ခွင့်၊ နင်တို့ မိသားစု အနာဂတ်ကိုပဲ ကြည့်ပြီး ကိုစစ်နိုင်ရဲ့ ကြိုးကိုင် အုပ်စီးမှုကို ခံချင်တဲ့ စိတ်မရှိဘူး။ အေး- ရှင်သန်ခွင့်ဆိုလို့လဲ ငါက ပြောရဦးမယ်။ နင်က နင့်သူငယ်ချင်းဟောင်း ပုလင်းတူဘူးစို့ လူ ယုတ်မာကို တော်တော်ယုံတယ် ဟုတ်လား။ သူပြောတာက ရှင်းရှင်းလေးနော်။ သူ့ရဲ့ စီမံခန့်ခွဲရေး အဖွဲ့ဆိုတာမှာ သူ့မွေးစားသားတွေ ဆိုပြီး အိမ်ထဲမှာ ဓားတကိုင်ကိုင်နဲ့ လမ်းပတ်လျှောက်နေတဲ့ စစ်သွေးရယ်၊ အရက်မူးပြီး ရမ်းကားနေတဲ့ ဖြိုးအောင်ရယ်၊ အားအာယား ယား အကျီင်္ချွတ်ပြီး သူ့ဗလကြီးကြောင်း လိုက်ပြနေတဲ့ စွမ်းအားရယ်တွေက အဓိက ပါမှာ။ ပြီးတော့ အိမ်လုံခြုံရေး တာဝန်ခံက ကိုစစ် နိုင် ကိုယ်တိုင်ပဲ။ သူရေးထားတဲ့ အဖွဲ့အကြောင်း နင်သေချာကော ဖတ်ပြီးပြီလား။ အဲဒီ စီမံခန့်ခွဲရေး အဖွဲ့ကို အိမ်လုံခြုံရေးအရ အချိန် မရွေး ဖျက်သိမ်းလို့ ရပါတယ်ဆိုနေမှ။ သူကြိုးကိုင်တာမဟုတ်လို့ ဘာလဲ။ နင့်ကိုကော သူက ဘယ်လောက်ထိ အရေးပေးမယ် ထင်လို့ လဲ။ ခြံထဲမှာ တံမြက်စည်းလှဲဖို့၊ ပန်းပင်ရေလောင်းဖို့ တာဝန်လောက် ရရင်တောင် ကံကောင်းတယ်မှတ်ပါ။ နင့်ကို သူက လူလိုသူလို သဘောထားပြီးများ သူ့အဖွဲ့ထဲ ပါဖို့ ခေါ်နေတယ် ထင်လို့လား။ နင်က အစ်ကို အကြီးဆုံးဆိုတော့ နင့်ကို ချိုးထားနိုင်ရင် ငါတို့ အားလုံး သူ့ကို ဆန့်ကျင်နေတာတွေ ရပ်သွားနိုင်ပြီဆိုပြီး ပါခိုင်းနေတာ ကိုကြီးရဲ့။ ငါတို့က နင့်ကို မတရားအနိုင်ကျင့်ခံနေရတဲ့ ငါတို့ တအိမ်လုံး က လူတွေရဲ့ ရှေ့မှာမားမားမတ်မတ် ရပ်တည်ပေးဖို့ ခေါင်းဆောင်ကြီး နေရာမှာ ထားခဲ့ကြတာပါဟာ။ တပ်ဦးမှာ ထားခဲ့ကြတာပါ။ ရှင် သန်ခွင့် ဆိုတာကို နင်က လူယုတ်မာ ကိုစစ်နိုင်ရဲ့ အသိအမှတ်ပြုမှုလို့ သဘောပေါက်ပေမယ့် ငါကတော့ ငါတို့ တအိမ်လုံးရဲ့ ခေါင်း ဆောင်ကြီးအဖြစ် ရှင်သန်ခွင့် ဆိုတဲ့ တခြား အမျိုးအစားလဲ ရှိသေးတယ်လို့ ထင်တာပဲ။ နင်ကလူယုတ်မာရဲ့ စီမံချက်ကို လက်ခံမယ် လို့ စကားစရုံ ရှိသေးတယ်။ နင့်အပေါ် ဝန်းရံခဲ့သူတွေရဲ့ နင့်အပေါ် မြင်သွားတဲ့ အမြင်တွေ၊ နောက်ဆုံး နင့်မျိုးဆက် ကိုယ်တိုင်က နင့် ကို ပြန်ကြည့်နေတဲ့ မျက်လုံးတွေကို နင်မတွေ့ဘူးလား။ နင်လက်ခံလိုက်တာနဲ့ တအိမ်လုံးရဲ့အရေးကို လုပ်နေတဲ့ တပ်ဦးနေရာကနေ နင်ဘာသာနင် ဖယ်ရှားလိုက်ပြီဆိုတာ သဘောပေါက်စမ်းပါဟာ ငါတို့ရဲ့ ခေါင်းဆောင်ကြီး လုပ်ခဲ့ဖူးသူက လူယုတ်မာရဲ့ ဖိနပ်ကြိုးကို ချည်ပေးနေရတာကိုတော့ ငါ မမြင်ပါရစေနဲ့။ ငါရင်နာလွန်းလို့ပါ။ အတိုချုပ်ဆိုရရင် နင်ပြောနေတဲ့ ရှင်သန်ခွင့်ဆိုတာမှာ နှစ်မျိုးရှိတယ် ဟာ။ လူယုတ်မာက နင့်ကို အသိအမှတ်ပြုပြီး သူ့ရဲ့ ကျွန်နေရာမှာ ထားတာကို ခံယူဖို့အတွက် ရှင်သန်ခွင့်နဲ့ တအိမ်လုံးက နင့်ကို တပ် ဦးမှာ ထားပြီး လူယုတ်မာကို ဆန့်ကျင်ဖယ်ရှားတာတွေမှာ ခေါင်းဆောင်အဖြစ် ရှင်သန်ခွင့်။ ဒီနှစ်ခုမှာ နင်တခုခုတော့ ရွေးရလိမ့်မယ်။ ငါကတော့ နင့်ကို ဒုတိယရှင်သန်ခွင့်ကို ရွေးစေချင်တယ်။ အေး- အဲလိုဆိုလို့။ ငါတို့တွေအားလုံးထဲမှာ နင်က မရှိမဖြစ် အရေးပါနေ လွန်းလို့တော့ မထင်နဲ့။ နင်မရှိပဲနဲ့လဲ ညီထွေးလေး ဦးဆောင်ပြီး သူ့ကို ငါတို့ ဆန့်ကျင်ခဲ့ဖူးပါတယ်ဟာ။ နင်က နောက်မှ ပေါ်လာခဲ့ တာပါ။ ဒါပေမယ့် နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်တင်ခဲ့ပါတယ်။ အမြင့်ကို ပို့ခဲ့ပါတယ်။ မြင့်တယ်ထင်ပြီး ခုန်ချရင်တော့လဲ နင့် သမိုင်းပေါ့။ ငါဘယ်တတ်နိုင်မလဲ။ နင်က ငါ့ထက် အသက်ကြီးပါတယ်။ ငါ့ထက်လဲ ပိုပြီး စဉ်းစားဥာဏ် ရှိလိမ့်မယ်လို့ ငါယုံပါတယ်။ နင် သေချာ စဉ်းစားနော်ကိုကြီး။ ဘဝမှာ ပြင်လို့ ရတဲ့ အမှားရှိသလို ပြင်လို့ မရတဲ့အမှားလဲ ရှိတယ်။ နောက်ပြန်ဆုတ်လို့ရတဲ့ လမ်းဆိုတာ ရှိသလို ရှေ့တလှမ်းတိုးမိတာနဲ့ ထောင်ချောက်ထဲ ကျသွားတတ်တာတွေလဲ ရှိတယ်။ ငါပြောသင့်လို ပြောပြီးပြီဟာ။ နင့်ဘာသာပဲ ဆုံး ဖြတ်တော့”
ငြင်းခုန်ဖို့ သွားခြင်း မဟုတ်သည့်အတွက် သူမ ထထွက်လာခဲ့သည်။ ကိုစစ်နိုင်ရဲ့ ဖိနပ်ကို ကြိုးချည်ပေးနေရသော ကိုကြီးရဲ့ ဘဝကို မ တွေ့ရပါစေနဲ့ လို့တော့ စိတ်ထဲမှာ ဆန္ဒတွေ အပြည့်နှင့်။

No comments: