Saturday, May 22, 2010

ကွက်လပ်

“ညီထွန်း ဆုံးသွားပြီကွာ…”
ကိုသက်ထွန်းနိုင်က သူ့ပုံစံအတိုင်း မျက်မှောင်ကုပ် ပြီး ပြောလိုက်တယ်။ ကိုသက်ထွန်းနိုင် ဆိုတာက ညီထွန်းနိုင် ရဲ့ အကိုပင်ဖြစ်ပါသည်။ တိုက်တိုက်ဆိုင် ဆိုင် ထိုနေ့က ၁၂.၈.၂၀၀၁ စည်သူ (ခ) ရဲနိုင် ကွယ်လွန်ခဲ့သည်မှာ တလတင်းတင်း ပြည့်တဲ့နေ့။ ထိုနေ့မှာ ညီထွန်းနိုင် ဘယ်သို့ဘယ်ပုံ သေဆုံးခဲ့ရ ကြောင်း သေသေချာချာ သိလိုက်ရသည်။



img
ကျနော် စည်သူနှင့် ညီထွန်းနိုင်တို့မှာ စိတ်တူသ ဘောတူ ငယ်ပေါင်းများ ဖြစ်သည်။ ကျနော်နှင့် ညီထွန်းနိုင် က ဆယ်တန်းစာမေးပွဲကို ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ရွှေညောင်မှ ဖြေဆို ခဲ့ကြသလို စည်သူက ကလောစာစစ်ဌာနမှ ဖြေဆို ခဲ့ကြသည်။
ညီထွန်းနိုင် အခါလည်သားကျော်ကျော်တွင် နေမကောင်းဖြစ်သည်။ အဲဒီတုန်းက သူ၏အဖေဖြစ်သော ဦးစိုးနိုင်မှာ တပ်ထိန်းတပ်ကြပ် ကြီးတယောက်ဖြစ်ပြီး တာချီလိတ်မြို့တွင် တာဝန်ကျနေသည်။ သူတို့တပ်ဆေးမှူးမှနေ၍ ဆေးတလုံးထိုးပေးလိုက်ရာ အကြောမလွတ် သဖြင့် သူ့ရဲ့ ဘယ်ဘက်ခြေထောက် “ဆာ” သွားခဲ့သည်။ အရွယ်ရောက်ချိန်အထိ ညာဘက်ခြေထောက်က ပုံမှန်အတိုင်း ဖွံဖြိုးလာခဲ့ သော်လည်း ဘယ်ဘက်ခြေထောက်မှာမူ သေးသေးလှီလှီလေးပင်။ သူ့အဖေလည်း တပ်မှအနားယူလိုက်ပြီးနောက် ရွှေညောင်မြို့သို့ ရွေ့ပြောင်း အခြေချနေထိုင်ခဲ့သည်။
ထိုအချိန်မှစ၍ ရွှေညောင်မြို့သို့ ရောက်လာချိန်အထိ မသန်မစွမ်းဒုက္ခိတအဖြစ်နှင့် ရှိနေခဲ့သည်။ သူနှင့် ရွယ်တူကလေးများ မြူးတူး ဆော့ကစားနေချိန်တွင် ညီထွန်းနိုင်မှာ မမြင်ကွယ်ရာ ထောင့်လေးတခုမှာထိုင်နေရင်း သူ၏မျက်နှာ အလိုမကျ မကျေနပ်မှုများစွာနှင့် သုန်သုန်မှုန်မှုန်ထိုင်နေမြဲ။ သို့သော်လည်း ထိုအခြေအနေမှာ အမြဲမဟုတ်ဆိုသည်ကို အင်္ဂါသားအထွန်းဖွားဖြစ်သည့် ညီထွန်းနိုင်က ပြ သခဲ့သည်။
သူလေးတန်းနှစ် နွေရာသီတွင် ဆရာကိုထွေးမောင် (မိုးမခ ကရာတေး သင်တန်း) ၏ ရုပ်အား၊ စိတ်ဓာတ်ခွန်အား အကူအညီပေးမှုများ ကိုရခဲ့သည်။ နွေရာသီတခုလုံး သူ၏ ဘယ်ဘက်ခြေထောက်ကို တဖြည်းဖြည်းချင်း လေ့ကျင့်ခန်းလုပ်ပေးခဲ့သည်။
“မင်းခြေထောက်ကသန်လာမှာ အဲဒီအခါကျရင် မင်း ကရာတေးသင်ရမယ်၊ ဒါမှ မင်းကိုယ်မင်း ကာကွယ်နိုင်မှကွ” ဟု
ဆရာကိုထွေးမောင်က အမြဲတမ်း ပြောပြီး လေ့ကျင့်စေခဲ့သည်။ ညီထွန်းနိုင် အခြေအနေကလည်း သိသိသာသာတိုးတက်ပြီး ဘယ်ခြေ မှာ သာမာန်ထက်သေးငယ်သော်လည်း အတန်အသင့် သန်မာလာခဲ့ပေပြီ။ ထို့ကြောင့် ၅ တန်းနှစ် နွေကျောင်းပိတ်ရက်ကစပြီး ကို ထွေးမောင်၏ သင်တန်းသား ဖြစ်သွားခဲ့သည်။
ခြောက်တန်းနှစ်တွင် စက်ဘီးစီးနိုင်နေပြီဖြစ်သည်။ ညီထွန်းနိုင်၏ မိဘများသာမက ရွှေညောင်မြို့ကလူတိုင်းကလည်း ကိုထွေးမောင် ၏ စိတ်ဓာတ်၊ အနစ်နာခံမှုတွေ ချီမွမ်းမဆုံး၊ ပြောမဆုံးဖြစ်ကြတော့သည်။ ထိုအချိန်မှစ၍ ညီထွန်းနိုင်၏ မျက်နှာမှာ မှုန်ကုပ်ကုပ်မဖြစ် တော့ပဲ ကြည်လင်ရွှင်ပြလာတော့သည်။
သူ ၇ တန်းနှစ် သီတင်းကျွတ်လတွင် ဗျောက်အိုးများ ဖေါက်ကစားကြသည်။ အဲဒီအထဲမှာ ညီထွန်းကအကဲဆုံး။ တွေ့သမျှ လူတွေကို ဗျောက်အိုး ဖေါက်ပြီးနောက်တတ်သည်။ တနေ့မှာတော့ ရွယ်တူ သူငယ်ချင်းတယောက်က သူ့နားတွင် ဗျောက်အိုးတလုံး ပစ်ဖေါက် လိုက်သည်။ ညီထွန်းနိုင်ကလည်း အင်မတန်ထိတ်လန့်သွားဟန်နှင့် အနောက်ကိုခုန်လိုက်သည်။ နဂိုက ခြေထောက်မသန်သည့်ကြား က အကျမတော်သဖြင့် လမ်းမပေါ် ဟန်ချက်ပျက်ပြီးလဲကျသွားသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ ဘယ်ဘက်ခြေထောက်ကို မော် တော်ကား ကြိတ်သွားတော့သည်။ တောင်ကြီးဆေးရုံသို့ရောက်သွားပြီး၊ သူ၏ ညာဘက်ပေါင်သားလှီးထုတ်ပြီး ဒါဏ်ရာရသွားသည့် နေရာတွင် ဖါလိုက်ရသည်။ သူ့ဘယ်ဘက်ခြေထောက်မှာ သေရာပါလှီသွားသလို၊ ကားတိုက်သည့် ဒဏ်ရာမှာသေရာပါဖြစ်သွားသည်။
သို့သော် ဆေးရုံကဆင်းလာပြီးနောက် ညီထွန်းပြောတတ်သောစကားမှာ …
“ကားတောင် ငါကိုသေအောင် မကြိတ်နိုင်ပါဘူးကွာ” ဟူသတည်း။
နောက်ပိုင်းတွင် သူအနေနှင့် စာဖတ်များလာခဲ့သည်။ ငယ်စဉ်ကထဲကလည်း သူတကာလိုသန်စွမ်းခဲ့သူမဟုတ်၍ စာအုပ်သည်သာ သူ့ ရဲ့ အဖေါ်ပင်။
ကျနော် ၈ တန်းတွင် ရွှေညောင်မှာ ကျောင်းပြန်နေဖြစ်သည်။ ၆ နှစ်သားတွင် ရွှေညောင်မှရန်ကုန်သို့ ပြောင်းရွေ့ခဲ့သော်လည်း ကျနော့် စိတ်ထဲမှာတော့ ကျနော့် မွေးရပ်မြေသည်သာ ကျနော့်အိပ်မက်။ ထိုအချိန်အထိ ကျနော်တို့အိမ် ရွှေညောင်မှာရှိသေးသည်။ လမ်းတ ဘက်တွင်တော့ ညီထွန်းတို့အိမ်ရှိသည်။ ညီထွန်းနှင့် ကျနော်ကအတွဲဆုံး၊ တွဲဘက်အညီဆုံးဖြစ်သည်။ ညီထွန်းနိုင်က စာတော်တော် ဖတ်နေပေပြီ။ အဲဒီတုန်းက သူ့အကြိုက်ဆုံး စာရေးဆရာတွေက ဆရာနိုင်ဝင်းဆွေ၊ ဆရာမကြည်အေးတို့ဖြစ်သည်။ စကားလုံးတွေကို လည်း ခပ်ကြီးကြီးပြောနေသည့် အရွယ်။ ကျောင်းလခ ပေးရမည့်နေ့ဆိုလျှင် သူကစာသင်သော စားပွဲပေါ်တက်၍ …
“ရဲဘော်တို့ ဒီနေ့ တို့မိဘတွေရဲ့ ချွေးနဲစာတွေကို ဘာမှမဟုတ်တဲ့သူတွေကို ပေးရတော့မယ်ကွ” ဟု
အမြဲတမ်းပြောနေကြ။ သူ အမြဲတမ်းဝတ်တာကလည်း ဖျင်ကြမ်း တိုက်ပုံနှင့်။ အဲဒီက ကျောင်းလခမှာ တလလျှင် ၆ ကျပ်မျှသာဖြစ် သည်။
သူနှင့် ကျနော်က ပန်းကျောင်းစာပေကိုအမြဲသွားနေကြ၊ ပန်းကျောင်းသည် ဆရာဦးရဲလွင် (စာရေးဆရာရဲသျှမ်း) ဖွင့်ထားသည်ဆိုင် ဖြစ်သည်။ ကျနော်တို့ ငယ်စဉ်ကပင် ထိန်းကျောင်းလာခဲ့သူ ဆရာအကိုတယောက်ဖြစ်သည်။
ကျနော်တို့ ၁၀ တန်းနှစ်တွင်တော့ ကျောင်းမတက်ပဲ အပြင်ကဖြေဆိုကြသည်။ ထိုအချိန် ဝသုန္ဒနြေ္ဒအမည်ရှိ စာသင်ဝိုင်းတခုတွင် ကျ နော်၊ ညီထွန်းအပါအ၀င် ၃၁ ယောက်တက်ကြသည်။ ဘာသာစုံသင်တန်းဖြစ်ပြီး သင်တန်းကြေး၊ စာရွက်စာတန်းကြေးများလုံးဝမပေး ကြရပါ။ သင်တန်းဖွင့်သူများမှာ ဦးရဲတင်၊ ဦးရဲလွင်၊ ဦးကျော်စိုးဝင်း (စာရေးဆရာ ကြည်လင်အေး)၊ ဦးဖိုးဝတို့ဖြစ်ပြီး ဆရာအားလုံး မန္တ လေး တက္ကသိုလ်ဆင်း၊ လုထုတိုက်ထွက်များဖြစ်ကြသည်။
ထိုအချိန်က ဗကပ ယူဂျီအမှုဖြင့် ထောင်ကလွတ်လာသော ဦးမြင့်စိုး (စာရေးဆရာမောင်သွေးချွန်) အား ပန်းကျောင်းစာပေကိုပေး လိုက်ပြီး ဆရာကိုရဲလွင်က ပန်းတက္ကသိုလ်အမည်ဖြင့် စာအုပ်ဆိုင်ရော လက်ဖက်ရည်ပါ ဖွင့်လှစ်လိုက်သည်။ သူ့ရဲ့ ပန်းတက္ကသိုလ် စာအုပ်ဆိုင်မှာ ရှားပါးစာအုပ်အတော်များများရှိပြီး တော်တော်အောင်မြင်ခဲ့ပါတယ်။ ပန်းတက္ကသိုလ် လက်ဖက်ရည်ဆိုင်ကတော့ စာပေ သမားတွေ စုစည်းရာရပ်ဝန်းလေး တခုပါ။
၁၉၈၆ ခုနှစ်တွင် ကျနော်ရန်ကုန်ကို အပြီးပြန်လာခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် ကိုသက်ထွန်းနိုင်က သက်ဝေကိုကိုဟူသောကလောင် အမည်ဖြင့် ကဗျာများကို မဂ္ဂဇင်းတွေမှာ ရေးသားဖေါ်ပြခံခဲ့ရသည်။ ညီထွန်းကလည်း ရွှေညောင်မြို့မှာ ကျင်းပတဲ့စာပေဟောပြောပွဲနှင့် ၀တ္ထုတိုပြိုင်ပွဲတွင် ဒုတိယဆုကိုရရှိခဲ့သည်။ အမေလူထုဒေါ်အမာကိုယ်တိုင် ချီးမြှင့်ခဲ့သည်။ သည့်နောက်ပိုင်းတွင် စာအဆက်အသွယ် ပြတ်သွားပြီးနောက် ရွှေညောင်သည် ကျနော့်ရင်တွင်း၌သာ ရှိနေတော့သည်။
၁၉၈၈ ဇွန်လတွင် ညီထွန်း ကျနော့်ဆီရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ကျောင်းသားလှုပ်ရှားမှုများဖြင့် မငြိမ်မသက်ဖြစ်နေချိန်ပင်။
၈၇ ခုနှစ်တွင် ကိုသက်ထွန်းနိုင် NO 4 အမှုဖြင့် မိတ္ထီလာ ထောင်တွင်ထောင် ၃ နှစ်ကျနေကြောင်း သူ့အဖေဦးစိုးနိုင်ကလည်း ရှက်သ ဖြင့် ရွှေညောင်ကိုစွန့်ခွါပြီး ပုသိမ်မြို့သို့ ပြောင်းသွားကြောင်းပြောပြခဲ့သည်။
၈၈ ခုနှစ် အရေးအခင်းထောင်ခါချိန်၌ ကိုသက်ထွန်းနိုင်တယောက် လွတ်လာခဲ့သည်။ အဲဒီအချိန်တွင် ကျနော်နဲ့ ညီထွန်းတို့က တတွဲ တွဲ။ ကျနော်က မကဒ ၏ စည်းရုံးရေးမှူးတာဝန်ကို ယူထားသော်လည်း ညီထွန်းကိုတော့ အသိမပေးခဲ့။ သူလည်းသူနည်းသူဟန်နှင့် တက် ကြွနေခဲ့သည်။ ၈၈ ဒီဇင်ဘာလဆန်းပိုင်းတွင် သူနှင့်အတူ ပုသိမ်သို့လိုက်ရန်ခေါ်သဖြင့် ကျနော်လည်းအကြိုက်တွေ့သွားသည်။ ပုသိမ် မြို့ ရာမညရပ်ကွက်တွင် သူတို့နေထိုင်ကြသည်။ သူတို့အိမ်တွင်နေထိုင်စဉ် ကျနော်မှတ်မှတ်ရရရှိနေခဲ့တာကတော့ တနေ့တွင် ညီထွန်း က သူ့ အဖေကို …
“အဖေတို့ စစ်သားတွေက အပြစ်မရှိတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေကို ပစ်သတ်နေတာဗျ၊ အဲဒါအဖေတို့သိရဲ့လား” တဲ့။
ဦးစိုးနိုင်က အေးအေးဆေးဆေးပင် ညီညီစစ်သားဆိုပေမဲ့ ငါတို့လိုစစ်သားတွေမဟုတ်ဘူးကွ၊ ငါတို့တိုင်းပြည်ကိုကာကွယ်ဖို့ စစ်ထဲဝင်ခဲ့ ကြတာပါကွာ တဲ့။
ညီထွန်းက မကျေမနပ်လေသံနဲ့ …
“ဘာထူးလဲ အဖေလဲ နေ၀င်းလက်အောက်မှာစစ်မှုထမ်းခဲ့ဖူးတာပဲ…အတူတူပါပဲဗျာ…တော်ပြီ ကျနော် တောခိုတော့မယ်” တဲ့။
ဦးစိုးနိုင်ကလည်း မင်းလဲသိတာပဲကွာ တိုင်းပြည်အတွက် အကျိုးမရှိမှန်းသိလို့ အဖေထွက်ခဲ့တာလေ အဲဒီအချိန်မှာပဲ တချိန်လုံးနား ထောင်နေတဲ့ ကိုသက်ထွန်းနိုင်က …
“ဟေ့ကောင်ညီထွန်း မင်းစိတ်ကူးတွေနဲ့လျှောက်ပြောမနေနဲ့၊ မင်းကသူများတွေလိုမဟုတ်ဘူး မသန်မမစွမ်းနဲ့ စောစောစီးစီးသေသွား လိမ့်မယ်ကွ” တဲ့။
၁၉၉၁ တွင် ကျနော်နှင့် စည်သူ အဖမ်းခံရပြီး ထောင် ၁၀ နှစ်စီကျသွားကြတော့သည်။ ၁၉၉၂ နှစ်ဆန်းပိုင်းတွင် ညီထွန်းက ကျနော့် အကို မှတ်ပုံတင်ဖြင့် ထောင်ဝင်စာလာတွေ့သည်။ ကျနော်တို့မှာ ရင်ခုန်သံများနှင့် စကားတွေကိုတွေ့ချိန် ခဏလေးအတွင်း အလုအ ယက် ပြောဖြစ်ကြသည်။
ထိုအချိန်က ၁၁/၉၂ ထွက်ပြီးကာလမို့ သိပ်မတင်းကြပ်လှပါ။ ညီထွန်း၏အကိုမှာ စစ်တပ်ထဲဝင်သွားကြောင်း၊ သူ မန္တလေး ရောက်နေ ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှု သတင်းတွေအကြောင်း၊ ဆရာကြည်လင်အေးနဲ့ အတူနေကြောင်း၊ ကွန်ပျူတာကိုင်နေကြောင်း၊ စာကို တော့ စိတ်ထဲမှာပဲရေးပြီး ချမရေးဖြစ်ကြောင်း၊ စာပေလောကအကြောင်း၊ ပြောမဆုံးရှိခဲ့ကြပါသည်။ ၁၉၉၅ ခုနှစ် နောက်ပိုင်းမှစ၍ ယ နေ့တိုင် မတွေ့ရတော့ပါ။
၁၉၉၆ ခုနှစ်တွင်တော့ ထောင်တွင်းအခြေအနေ အရမ်းတင်းကြပ်သွားသည်။ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက်လည်း နောက်မှုတွေ ကပ်သွားကြသည်။ ကျနော်တို့ ထောင်ဝင်စာထွက်လျှင်လည်း ၀ါဒါ ၂ ယောက်ညှပ်ထားပြီး ပြောသမျှကိုလိုက်လံစာရေး၍မှတ်ကြသည် ထိုစဉ် ကျနော့်အမပြောတာက ညီထွန်းတယောက် စစ်ထဲဝင်သွားပြီတဲ့။ ကျနော့်စိတ်ထဲတွင် ဇဝေဇ၀ါနှင့် ရှုပ်ထွေးသွားခဲ့သည်။ ဘာ ကြောင့်လဲဆိုတာကို ကျနော်မသိနိုင်တော့ပါ။ သူ့ဘဝမှာ အနာကျည်းဆုံး အရွံမုန်းဆုံး စစ်တပ်ထဲကို ၀င်သွားခဲ့သည်။
၁၉၉၇ မှာတော့ ကျနော် သာယာဝတီထောင်ကို ပြောင်းခဲ့ရသည်။ ထောင်တွင်းနေထိုင်မှုက အင်းစိန်လိုကျပ်ကျပ်တည်းတည်း မဟုတ် တော့။ ၉၈ ခုနှစ်တွင်တော့ အမကဆိုင်းမဆင့်ဗုံမဆင့် ညီထွန်းနိုင်သေပြီတဲ့။ ကျနော် တုန်လှုပ်အံ့ဩသွားမိသည်။ ဘယ်လိုဖြစ်ရတာလဲ ဟု ကျနော်ပြန်မေးလိုက်တော့ အမက “ငါတို့လည်းသေသေချာချာမသိဘူး” တဲ့ တချို့က ပြောတော့ရေနစ်သေတာတဲ့။ တချို့ကပြော တော့ တိုက်ပွဲကျတာတဲ့၊ ငါတို့လဲ အသေအချာမသိပါဘူးလို့ အမကပြောပါသည်။
သာယာဝတီထောင် သီးသန့်တိုက်မှာ စည်သူရှိသည်။ ကျနော်က (၂) တိုက်မှာဖြစ်သည်မို့ စည်သူနှင့် ကျနော် အဆက်အသွယ်မရပါ။ ထို့ကြောင့် ထောင်ကလွတ်ချိန်ကျမှပဲ အသိပေးပြောတော့မည်ဟုနေလာရင်း ၁၉၉၉ နှစ်ကုန်ပိုင်းတွင် ကျနော် ထောင်ကလွတ်ခဲ့သော် လည်း စည်သူတယောက်ကတော့ ၁၀ (က) ဖြင့် ရက်အကန့်အသတ်မရှိ ပြန်လည်ထိမ်းသိမ်းခံခဲ့ရသည်။
၂၀၀၁ ခု ဇွန်လ ၁၂ ရက်နေ့တွင် စည်သူ ထောင်ထဲတွင်ကျဆုံးသွားသည်။ စည်သူသည်အမှန်တရားအတွက်၊ ယုံကြည်ချက်အတွက်၊ ပြည်သူတွေအ တွက် သူ့ဘဝ၏နောက်ဆုံးအချိန်အထိ ခေါင်းမငုံစတမ်း လက်မမြှောက်စတမ်းပင်၊ စွန့်လွှတ်အနစ်နာခံသွားခဲ့လေပြီ။
အဲဒီနေ့က စည်သူကွယ်လွန်သွားသည်မှာ တလတင်းတင်းပြည့်သည့်နေ့။ သည်နေ့မှာမှ ကိုသက်ထွန်းနိုင် (ထိုအချိန်ကမြင်းခြံထောင် စစ်ထောက်လှမ်းအဖြစ် လုပ်ကိုင်နေချိန်) ဆီမှ ညီထွန်းအကြောင်းကိုသိလိုက်ရပါသည်။ ညီထွန်းတို့တပ်သည် ရှမ်းပြည်အရှေ့ပိုင်းတာ ကောချောင်းတွင် ချုံခိုတိုက်ခိုက်ခံရသည်။ နဂိုထဲက သန်သန်မာမာမဟုတ်သောသူ့မှာ အရင်ဆုံးအပစ်ခံလိုက်ရပြီး ချောင်းထဲသို့ ကျ သွားပြီး သေဆုံးသွားခဲ့သည်တဲ့။ ကိုသက်ထွန်းနိုင်လည်း အဲဒီအချိန်က ရှေ့တန်းထွက်နေချိန်မို့ နောက်မှသိရသည်တဲ့။
ကိုသက်ထွန်းနိုင်က ယူကြုံးမရဖြစ်ခဲ့ရသလို၊ ကျနော်လည်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိသည်။ ၈၈ အရေးတော်ပုံကာလတွင် ကျနော် ရောစည်သူကပါ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် သိတ်မလှုပ်ရှားစေလိုပါ။ ညီထွန်းက မဟုတ်မခံသမား ဖြစ်ပေမဲ့ ကျနော်တို့ကိုယ်တိုင် ဒီညဘယ်မှာအိပ်ရမလဲ၊ မနက်ဖြန်ဘာတွေဖြစ်မှာလဲကို မသိနိုင်ကြသူများဖြစ်သဖြင့် သူ့ကို အန္တရာယ်မဖြစ်စေ လိုပါ။
အဲဒါပါပဲဗျာ….ကျနော်တို့ သူငယ်ချင်း ၃ ယောက် အကြောင်းကတော့။ ကျနော်ကလက်ရှိ အသက်ရှိနေဆဲ။ စည်သူကတော့အများအ ကျိုးအတွက်အသက်စွန့်သွားခဲ့သူ…
ဒါဆို ညီထွန်း ကြတော့ကော…

No comments: