Saturday, July 10, 2010

ဝမ်းအန်ဟက် ပီပီစီ ရော့ကက်

လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံတွေက တမျိုးပါပဲ။ အမျိုးမျိုးအဖုံဖုံ “မိမိတို့က တိုက်ရရင်ပြီးရော၊ တိုက်တတ်တတ် မတိုက် တတ်တတ်” ပြန်ချရရင်တော်ပြီဆိုတဲ့ တက်ကြွလွန်စိတ်ဓာတ်နဲ့ ခံစားချက်ပြင်းထန်နေတဲ့ အချိန်တွေမှာလဲ။

လက်နက်ရရ မရရ ပြန်ချရတဲ့အရသာက အတော် လေးမြိန်သား။ တကယ်တိုက်ပွဲတွေမှာတော့ စိတ် ကူးယဉ်လို့မရတော့ပေ။ ဒါပေမဲ့လဲ ရန်သူလို့သတ် မှတ်ပြီးရင် သူတို့ကလည်း မိမိတို့ကို ရန်သူလို့ သတ် မှတ်ပြီးရင် တွေ့ရင်ချတော့တာပဲ လက်တွေ့စစ်ပွဲက လက်ဦးမှုယူဖို့နဲ့ ကြံရည်ဖန်ရည်နဲ့ နယ်မြေကျွမ်းဖို့ ပြီးနောက် ရန်သူသတင်းတိတိကျကျရဖို့။ ဖတ်ဖူး လေ့လာဖူးပါသည်။ ဆွန်ဇူးက မိမိအကြောင်းလဲသိ ရမယ် ရန်သူအကြောင်းလဲသိရမယ် ဒါဆိုရင် နိုင်ဖို့ သေချာပါပြီ မြေလဲပိုင်ရမယ်တဲ့။
ကရင့် တော်လှန်ရေးနယ်မြေမှာတော့ ကရင် တော်လှန်ရေးသမားတွေက မြေပိုင်ရုံသာမက ရန်သူ့သတင်း ချက်ချင်းရသည်။ ဒီတော့ နောက်ကပဲတိုက်တိုက် ရှေ့ကပဲတိုက်တိုက် ကြားဖြတ်ပဲတိုက်တိုက် အလစ်အငိုက်ကို စောင့်ပြီးတိုက်ရတော့။ အိမ်ကြက်က တောထဲ လာပြီး စွာနေရင်တော့ တောကြက်က ရယ်တာပေါ့။
သူတို့က တခုမက အများကြီးသာပါသည်။ လက်နက်အင်အား ပြန်ကြည့်လို့ရသည်။ လူအင်အား ပြန်ဖြည့်လို့ရသည်။ ဓါတုဗေဒဗုံးတွေ သုံးနိုင်သည်၊ ဝမ်းခါတွင် လေယာဉ်များသုံးနိုင်သည်။ လက်နက်ကြီးများနှင့် အဝေးကချေမှုန်းနိုင်သည်။ ဘယ်ခံစစ်သေမဆို နောက်ဆုံး ကျရသည်။ စနစ်တကျ လေ့ကျင့်ထားသည်။ အစစ အရာရာသာသည်။ အသာစီးကလည်း ယူထားနိုင်သည်။ သူတို့မသာတာက စိတ် ဓာတ်ပင်၊ လူအင်အား လက်နက်အင်အားရှိသော်လည်း နောက်ဆုံးတွင် စိတ်ဓါတ်အင်အားက နိုင်မည်ဟု နပိုလီယံပြောသွားသော စ ကားများရှိကြောင်းကို ကရင့် ဝါရင့် တော်လှန်ရေးသမားကြီး ဗိုလ်ချုပ်မောင်မောင်က မိမိတို့ကို ပြောပြဖူးသည်ကို အမှတ်ရမိသည်။
စိတ်ဓာတ်က အမှန်တရားနဲ့ သစ္စာတရားဘက်က မိမိတို့ရှိနေသည်။ အဖိနှိပ်ခံပြည်သူများအတွက် တိုက်ပွဲဝင်နေကြသည်ဟူသော အ သိစိတ်ဟု ပြောဖူးပါသည်။
သေဆုံးခြင်းသည် မိမိတို့တဦး တဘဝအတွက်သာ ဖြစ်သော်လည်း မိမိတို့အောင်ပွဲရပါက တမျိုးသားလုံး တတိုင်းပြည်လုံး နောက်ဆုံး မိမိတို့ရန်သူဟု သတ်မှတ်ထားသောသူတို့၏ မိသားစုများ မျိုးဆက်များပင် ဒီမိုကရေစီနှင့် လူအခွင့်ရေးများပင် ခံစားနိုင်တော့သည်ဟု လည်း မှတ်မိနေခဲ့ပါသည်။
“တသက် တဘဝနှင့် ဘဝများစွာ ကောင်းစားရေး စစ်ကျွန်အဖြစ်မှလွတ်မြောက်ပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကြီးအတွက် စွန့်လွှတ်တိုက်ပွဲဝင်လာကြသော မိမိတို့ကျောင်းသားများကို ဂုဏ်ယူလေးစားပါကြောင်းလဲ ပြောခဲ့ဖူးပါသည်။”
တော်လှန်ရေးသမားစစ်စစ်ဖြစ်ပြီး ပြည်သူ့စစ်သားတွေဖြစ်အောင် ကြိုးစားဖို့ တိုက်ပွဲတွေကြားက သင်ခန်းစာတွေယူဖို့လဲ အချိန်ရတိုင်း ပြောဆိုဆုံးမခဲ့ဖူးပါသည်။
“အေး စစ်သားစစ်စစ်ပဲဖြစ်ရမယ် ပြည်သူတွေကိုရက်စက်တဲ့ စစ်ကြွားတွေတော့မဖြစ်စေနဲ့တဲ့ မင်းတို့လက်ထဲ အခု သေနတ်တွေ ရောက် နေပြီတဲ့ သေနတ်နောက်ကို လူကမလိုက်ပဲ လူနောက်ကို သေနတ်လိုက်ပါစေ တဲ့”
KNU/KNLA က ဗိုလ်ချုပ်မောင်မောင်စကားများမှာလည်း မိမိတို့နားထဲက မထွက်။ မြစ်ဝကျွန်းပေါ်က ကရင့် တော်လှန်ရေးသမားကြီးရဲ့ ဆုံးမစကားတွေက နားထဲကမထွက်ပေ။
ကြံရည်ဖန်ရည်နဲ့ ပကတိအနေအထား အကဲခတ်နိုင်ရင်လဲ စစ်နိုင်ဖို့သေချာပါသတဲ့ “ဘုရင့်နောင်ရဲ့ နောင်ရိုးစစ်ပွဲအကြောင်း။ ဟို အနော်ရထာလက်ထက်က စစ်သည်လေးသိန်းအကြောင်းနဲ့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ သေနင်္ဂဗျူဟာ ကဗျာလေးကိုလည်း ရွတ်ပြခဲ့ ပါသေးသည်။”
စစ်နည်းဗျူဟာ
ဘယ်လိုသာလည်း
စွဲကိုင်လက်နက်
ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား မကိုးစားလျှင်
ဓားသွားလည်းကြွေ လှံလည်းခွေအံ့ တဲ့…
သည်အဖိုးကြီး ကရင်မှ ဟုတ်ရဲ့လားလို့တောင် တွေးပြီး ငေးနားထောင်မိသေးသည်။
DAB စစ်ကြောင်း တိတိကျကျမဖွဲ့ရသေး။ လှုပ်ရှားစစ်ကြောင်း အထူးရှေ့ပြေးတပ်ဖွဲ့နဲ့ ကရင်ကျောင်းသား ပူးပေါင်းစစ်ကြောင်းအင်အား ၁ဝဝ ကျော်က ရှေ့တန်းထွက်ခဲ့ပါသည်။ ရှေ့ပြေးအဖွဲ့။ ကင်းထောက်တပ်စိတ်ပွိုင့်ကိုတော့ ကျောင်းသားတပ်မတော်စစ်ရုံးက ဦးစီးမှူး ရဲဘော်ထွန်းဦးက တာဝန်ပေး “နွားလေးခို” ကို လွှတ်လိုက်သည်။ KNU စစ်ရုံးနှင့် ညှိပြီး လက်နက်တပ်ဆင်၍ ဆင်းခဲ့ကြခြင်းဖြစ်ပါ သည်။ စစ်ရေးအရ နိုင်ငံရေးအရ အရေးကြီးနေသော နေရာဖြစ်ပါသည်။ အိမ်ခြေတော့ မများလှ။ NLD/ABSDF/ KNU တို့၏ ထွက်ပေါက် ဝင်ပေါက်လမ်းဟု ဆိုပါကလည်းမမှားနိုင်ပါ။ NLD/LA က ခေါင်းဆောင်တချို့ကို ထိုနေရာလေးက ဘေးကင်းစွာဖြင့် တော်လှန်ရေးနယ် မြေထဲသို့ ရောက်လာနိုင်သည့် အချိန်လည်းဖြစ်ပါသည်။
ရန်သူလည်း မတက်လာနိုင်။ မိမိတို့ဘက်ကလည်း ဒီထက်ပိုပြီး လွတ်မြောက်နယ်မြေ၊ ခြေကုတ်မယူနိုင်ကြပေ။
*ရှေ့ပြေး အထူး-ပွိုင့် ဖိုးမန်းတီး (4menteance) ကို လွှတ်လုပ်ပါသည်။
၁. ရဲဘော်ဂါမဏီ (ကရင်နီမှ 209) ပြောင်းလာသူ)
၂. ရဲဘော်ထက်ခိုင် (ရင်း 209- U.G)
၃. ရဲဘော်ဇော်ဝင်း (209-နယ်မြေစည်းရုံးရေး)
၎. ရဲဘော်ခင်ဦး (ကုလားကြီး) တို့ကို အပြည့်အစုံနှင့် ထွက်ခဲ့ကြပါသည်။
ရဲဘော်ထက်ခိုင်က အီလက်ထရော့နစ်နှင့် မိုင်းကျွမ်းကျင်သူဟု နားလည်ထားကြပါသည်။
ရဲဘော်ဂါမဏီကတော့ နယ်မြေကျွမ်းကျင်ပြီး အသက်အရွယ်လည်း အနည်းငယ်ကြီးကာ အတွေ့အကြုံရှိသူမို့ အဖွဲ့ခေါင်းဆောင်အပြင် တာဝန်ယူသည်။
ရဲဘော်ဇော်ဝင်း (209-75 ကျောင်းသား၊ စည်းရုံးရေးတာဝန်) နှင့်
ရဲဘော်ခင်ဦး (ရင်း ၂ဝ၉-လက်ဖြောင့်)
KNU စိုးမိုးထားပြီး DKBA လဲ မကွဲသေးသောကြောင့် နွားလေးခိုမရောက်မချင်း ခပ်အေးအေးတော်လှန်ရေးသီချင်းလေး တကြော်ကြော် နှင့်…
ရဲဘော်ထက်ခိုင်၏ ကျောပိုးအိပ်က တခြားရဲဘော်များထက် နဲနဲပိုကြီးသည်။ ကျောပိုးအိပ်ချင်းလဲဦးသယ်ခဲ့ရသည်။ တရုတ်ကျောပိုး အိပ်ထဲတွင် ဖာကမာ ပုခက်လေးတခုနှင့် အခြားပစ္စည်းများလည်းပါသည်။
မာနယ်ပလောမှာစမ်းပြီး KNU လုပ် ရော့ကက်များပင် တလက်မနဲ့ ပီပီစီပိုက်၊ တတောင်ခန့်အရှည်တွင် ပို့ယမ်းများထည့်ထားပြီး ထိတ် ဖူးတွင် ပေါက်ကွဲစေတတ်သည့် ယမ်းများထည့်ထားသည်။ နောက်မှ ပို့ယမ်းကိုမီးကူးဖို့ လောင်စာကြိုးစနက်တံများ တပ်ထားသည်။ စ နက်တံအပိုလည်းပါသည်။ ခါးပတ်ဘေး ဘောက်ချပ်အိပ်တခုတွင် သုခိတာဆေးလိပ်တထုတ်ကို ထည့်ထားသည်။ ပြီးတော့ ဂက်စ်မီး ခြစ် ၃ လုံး။ AR ကျဉ်ဘောက် ၂ ချပ်နှင့် ကျည်ပို ၆ဝ လောက်ပဲဖြစ်သည်။
ဝိုင်းမသယ်ပေး၍မဖြစ်။ ထ.တ.လ.ဝ (ထိတ်တန်းလျှို့ဝှက်) အထူးအရေးကြီးသော ရော့ကက်များဖြစ်သောကြောင့်ပင်၊ ထိုရော့ကက် များ၏နောက်တွင် ဒလက်မပါ ယမ်းအားအချိန်အဆကိုတော့ မာနယ်ပလောမှာထဲက စနစ်တကျချိန်ဆခဲ့ပြီးဖြစ်သည်။ ရဲဘော်ထက် ခိုင်ကိုယ်တိုင် စမ်းသပ်ခဲ့ပြီးနောက်ယူခဲ့ခြင်းဖြစ်သည်။ လက်တွေ့သုံးဖို့ဖြစ်သည်။
စပြီးစမ်းသပ်တုံးက ပို့ယမ်းထည့်တာမမှန်ပဲများလွန်းလို့ နောက်ကဒလက်အမြီးလဲမပါပဲ ဗိုလ်ချုပ်မြရုံးနဘေး ကွင်းပြင်ထဲက။ ကစောဝါး ဆင်ဖြူတောင်ဘက်လွှတ်လိုက်တာ ဒါရိုက်ရှင်ပြောင်း (လမ်းကြောင်းပြောင်း) ပြီး မိမိတို့ ဗိုလ်ချုပ်မောင်မောင်တို့ ဖဒိုဘသင်တို့နဲ့ KNU ပြန်ကြားရေးရုံးဘက်တရှူးရှူးနဲ့ မီးခိုးတွေထွက်ပြီးပြန်ကျလာတာ မိမိနဲ့ ဗိုလ်ချုပ်မောင်မောင်တို့ရုံးမှာ စကားပြောရင်းရပ်သွားတယ်။
မိမိက …
“ဗိုလ်ချုပ်ရန်သူတွေ ရော့ကက်လောင်ချာနဲ့ ပစ်ပြီနဲ့တူတယ်” လို့ ပြောလိုက်ရာ
ဗိုလ်ချုပ်မောင်မောင်က စကားပြောစက်နှင့် လှမ်းမေး ကြည့်တော့မှ …
“အဲဒါပဲကွတဲ့ မင်းတို့ကျောင်းသားတွေနဲ့ပေါင်းပြီး ဒို့ကရင်တွေကေ-ာက်ရမ်းလုပ်တာ မင်းနဲ့ငါအာဇာနည်တွေ ဖြစ်သွား တော့မလို့” တဲ့
ရုံးအောက်ဆင်းပြီးကြည့်တော့ ရုံးရှေ့ဝါးနှစ်ပြန်လောက်မှာ ဒယ်အိုးလိုဖြစ်သွားတဲ့ မြေချိုင့်ခွက်ကြီးကိုတွေ့ရလိုက်တယ်။
“နွားလေးခို” စခန်းရောက်တော့ စခန်းထိုင် ဗိုလ်လှငွေနဲ့ တွေ့ပြီးတော့ စစ်ရေးလှုပ်ရှားနိုင်မှု အခြေအနေတွေမေးကြတယ်။ မိမိတို့စခန်း ရောက်ပြီးမှ အကြောင်းပြန်ဖို့ စစ်ကြောင်းကနောက် ၅ ရက်လောက်မှရောက်လာမည် သတင်းပို့သည်။
ဗိုလ်လှငွေက KNLA ရဲ့ ထောက်လှမ်းရေးမှူး တာဝန်ယူထားသူ။ ဦးသန့်အရေးအခင်းက ကျောင်းသားခေါင်ဆောင်ဟောင်း။ စိတ်ပညာ နှင့် ဘွဲ့ရထားသူ။ ညောင်တုန်းဇာတိဖြစ်တော့ ဗမာရည်လည်သည်။ ပြောရဆိုရသည်မှာလည်း အဆင်ချောသည်။ ထ.တ.လ.ဝ နှင့် မိ မိတို့ရဲ့ ရော့ကက်အသစ်အကြောင်းကိုလည်း ပြောထားသည်။ သူက ပြုံးပြီးနားထောင်သည်။ ကြည့်လဲလုပ်ကြပေါ့ကွာတဲ့။
ရဲဘော်ထက်ခိုင်က သူ့ပစ္စည်းတွေသူယုံသည်။ မာနယ်ပလောတွင်လည်း အကြိမ်ကြိမ် စမ်းသပ်ခဲ့သည်။ စင်းလုံးချော။ (၂) ည အိပ်ပြီး တော့ လန်းလန်းဆန်းဆန်းဖြစ်သွားကြသည်။ စောထကိုဖြတ်ဆင်းလာခဲ့ပြီး သတ်မှတ်နေရာရောက်တော့မှ စစ်ဆင်ရေးစမည်။ ရှေ့တိုး ပြီး လွတ်မြောက်နယ်မြေအဖြစ် လှုပ်ရှားမည်။ ဦးစီးမှူး ရဲဘော်ထွန်းဦးဆီလည်း သတင်းပို့ပြီးမို့ နောက်စစ်ကြောင်းလာတော့မည်။
နွားလေးခိုက ဖြတ်ဆင်းရင် အညိုရောင်နယ်မြေထဲရောက်ပြီး စစ်ကြောင်းကြီးတခုလုံး ဆင်းလို့တော့မရနိုင်ပေ။ ဗိုလ်လှငွေက နယ်မြေ ခံ၊ နယ်မြေကျွမ်းကျင်သူမို့ သူ့ရဲ့အိုပီ (သတင်းထောက်လှမ်း) ကုန်းကို သွားနေသည်။ ရန်သူအခြေနေနှင့် ရန်သူထိုးစစ် စစ်ဆင်ရေးကို အကဲခတ် သတင်းယူနေသည်။
ရန်သူများကလည်း ကြားဖြတ်သတင်း ရဟန်တူသည်။ နွားလေးခိုကို သိမ်းပြီးတပ်ထိုင်ကာ မိမိတို့ထိမ်းချုပ်နယ်မြေထဲသို့ အထူးထိုးစစ် နှင့်ဝင်ရန်ရှိသည်။ စစ်ကြောင်းကြီးတကြောင်း တက်လာပြီဟုသတင်းရသည်။
ဗျူဟာမှူးပါ ပါလာသည်။ စစ်ကြောင်းကြီးကို နွားလေးခိုနား မရောက်ခင် တပ်ဖျောက်လိုက်သည်ဟု သတင်းရသည်။ ဗျူဟာမှူးက တ ကြောင်း အခြားချေမှုန်းရေးက တကြောင်းဖြစ်မည်ဟု မိမိတို့ဘက်ကခန့်မှန်းရသည်။
ရန်သူတက်လာတော့ မိမိတို့နောက်ဆုတ်ပေးပြီး နေရာယူသည်။ မုန်းချောင်း အနောက်ဘက်ကမ်းအထူး စိုးမိုးကုန်းလေးတွင် နေရာယူ သည်။ ဗိုလ်လှငွေ၏ အိုပီ ပေးတာစောင့်နေသည်။ မိမိတို့ ၄ ဦးက နားထောင်နေကြသည်။ တပ်မဟာ ၃ က ဗိုလ်မှူးကြီး ရှားမင်းက လည်း နေရာယူထားသည်။ တပ်မဟာ ၂ ဘက်က ဗိုလ်မှူးကြီး ငယ်သူးကလည်း နေရာယူထားသည်။ ၂ ဘက် ရောက်ရင် ၂ ဘက် ကတိုက်ပြီး ၃ ဘက် ရောက်ရင်လဲ ၃ ဘက်က စောင့်ပြီးချေမှုန်းဖို့ သတ်ကွင်းရှာ နေရာယူထားသည်။
ရဲဘော်ထက်ခိုင်တို့က ပစ်မှတ်ကိုစောင့်နေသည်။ ပစ်မှတ်ပေးသည်နှင့် ရော့ကက်နှင့် ချိန်ပစ်ရန်ဖြစ်ပါသည်။ နွားလေးခိုထဲတွင် ရန်သူ များရောက်နေသည်ကို အပေါ်စီးမှမြင်နေရသည်။ တဘက် တောင်ကုန်းမှာတော့ မမြင်ရ။ စစ်ကြောင်းကြီးတခုလုံးတော့ နွားလေးခိုထဲ မှာ မရှိနိုင်။ သူတို့လည်း အတွေ့အကြုံရှိပြီးသားမို့။
ပွင့်လင်းရာသီမို့ မြင်ကွင်းက ရှင်းနေသည်။ ညနေကျရင်သာ တောင်ခိုးလေးတွေ နဲနဲဝေနေတတ်သည်။ ကြည့်ရသည့် ရှုခင်းက လှနေ သည်။
ရွာထဲမှာ ရန်သူတစု နောက်တစုက ရွာပြင်ခပ်လှမ်းလှမ်းမှာ နေရာယူထားသည်။ သည်ကောင်တွေယောင်ပြ မြူဆွယ်နေတယ်။ အတိ အကျပစ်မှတ်ကတော့ ရွာထဲကိုပဲ ရွာသားတွေတယောက်မှ မရှိတော့ဘူး မင်းတို့စတော့ တဲ့။
ဗိုလ်လှငွေဆီကသတင်းမရခင်ပဲ ဝါးပိုးငယ်လေးတလုံးကို ထက်ခြမ်းခွဲပြီးသားယူခဲ့သည်။ ရော့ကက်လမ်းကြောင်းရွေးပြီး ပစ်ဖို့ဖြစ်သည် စမ်းသတ်ခဲ့တုန်းက ဝါးပိုးဝါးအခြမ်းထဲ ထည့်ပြီးပစ်ရသည်။ တခါတရံစိတ်မချရ လျောပစ်စဉ်က ဝါးပိုးဝါးထဲက ဝါးမျှင်ကြောင့် ရုန်းကန် ထွက်ရလို့ ပစ်မှတ်မထိရောက်နိုင် စမ်းသပ်ပြီးခဲ့တဲ့အတွေ့အကြုံအရ အစသတ်ထားပြီး ချောထားပြီးသား ဝါးခြမ်းပြား ၂ ခု ဆက်ပြီး ပစ် စဉ်လေးမှာ တင်ပြီးတော့ ချိန်လိုက်သည်။ မီးခြစ်ပြီးသုခိတာ ဆေးပေါ့လိပ်ကို ဖွာလိုက်သည်။ မီးခိုးကို တချက်ရှိုက်လိုက်ပြီး ရော့ကက် ဖင်ပိုင်းကို မီးရှို့လိုက်သည်။ မက္ကဆီကို ကောင်းဘွိုင်ရုပ်ရှင်ထဲကလို စနက်တံကို မီးရှို့ပြီးတော့ နေရာယူလိုက်ကြသည်။ စနက်တံက နဲနဲရှည်တော့ စောင့်နေရသေးသည်။ ရှူးကနဲ ရော့ကက်ထွက်သွားပါပြီ။ နောက်က မီးခိုးတန်းလည်းပါသွားသည်။ ရော့ကက်က တန်း တန်းမသွား ဟိုရမ်းသည်ရမ်းနှင့် မိမိသတ်မှတ်ထားသည့် ပစ်မှတ်ကိုကျော်ပြီး နွားလေးခိုတဘက် တောတန်းလေးထဲသို့ဝင်သွားသည်။ အုန်းကနဲပေါက်ကွဲသံ ကြားလိုက်ရသည်။
ကိုထက်ခိုင် စိတ်ပျက်သွားပြီးတော့ နောက်အသင့်ပြင်ထားသည့် ရော့ကက်စင်မှ နောက်ရော့ကက်တခုကို ကြည့်ပြီး ပါလာသော ကတ်ကြေးလေးနဲ့ ခပ်တိုတိုလေးဖြတ်လိုက်သည်။ ပစ်မှတ်ကိုလည်း တည့်တည့်ချိန်လိုက်သည်။ ဒီတခါတော့ တည့်တည့်ပဲဟု စိတ်က ရွတ်ရင်း သုခိတာဆေးပေါ့လိပ်ကို မီးတချက်ဖွာပြီး-စနစ်တန်မီးရှို့ကာ နောက်ခပ်မြန်မြန်ဆုတ်လိုက်ပါသည်။ ရော့ကက်ဖင်က မီးတန်း က သူ့မျက်နှာကိုဟတ်သွားသည်။ မြန်လိုက်သည်ဖြစ်ခြင်း နွားလေးခိုထဲသို့ တည့်တည့်ကျသွားသည်။ ရန်သူများက ရုတ်ရုတ် သဲသဲ လှုပ်ရှားသွားသည်။
နောက်တလုံးပြီး နောက်တလုံး ဆက်တိုက်လွှတ်သည်။ ပါလာသောအလုံး ၃ဝ အကုန်သုံးရန် စိတ်ကူးမိသော်လည်း၊ ပစ်မှတ်ပေးသ လိုဖြစ်မည်။ ရော့ကက် တလုံးနှင့်တလုံးကလည်း ပို့ယမ်းမညီသောကြောင့် ပစ်မှတ်ကို တည့်တည့်ထိနိုင်ရန် မလွယ်ကြောင်း တွေးမိ သွားသည်။ နွားလေးခို ရွာတွင်တော့ တဲများမီးလောင်သွားတာ တွေ့ရသည်။ ၇ လုံးမြောက် နောက်ဆုံးပစ်စင်မှာ တင်ထားသည့် အ လုံးကို ပစ်ပြီးလျှင် နောက်ဆုတ်လာတော့မည်ဟု သတင်းပို့ပြီး ရဲဘော်များကို အချက်ပြလိုက်ပါသည်။
မုန်းချောင်းပေါ်ဖြတ်သန်းတိုက်လာသော ဆောင်းလေကြမ်းလေးကတချက်ဝှေ့ပြီး ဆောင့်တိုက်လိုက်သည်။ လေကြောင့်လမ်းကြောင်း လွဲသွားပြန်သည်။ နွားလေးခိုနှင့် တဘက်ခပ်ဝေးဝေး တောတန်းလေးထဲသို့ နောက်ဆုံး ရော့ကက်က ဒယိမ်းဒရိုင်နဲ့ အမူးသမားစတိုင် နှင့် ဝင်သွားပြီး ဝုန်း ကနဲပေါက်ကွဲသံကြားရပြီးငြိမ်သွားသည်။ ရန်သူဘက်က ပစ်ခတ်သံပင်မကြားရချေ။
ခေါင်ရည်သောက်ရင်း တောကြက်ကင်လေး ဝါးရင်းနဲ့ စကားပြောဖြစ်ကြသည်။ အဖွဲ့ခေါင်းဆောင် ရဲဘော်ဂါမဏီ၊ ရဲဘော်ထက်ခိုင်၊ ရဲ ဘော်ဇော်ဝင်း၊ ရဲဘော်ခင်ဦး (ကုလားကြီး) တို့ကလည်း ရီဝေဝေမျက်လုံးနှင့် ကြည့်ရင်းအံ့အားသင့်နေကြသည်။
ဗိုလ်လှငွေက ဒါအထူးဧည့်ခံထား တဲ့။ ခင်ဗျားတို့ ရှေ့ပြေးတပ်စိတ်က ရဲဘော်တွေကို အထူးဂုဏ်ပြုပါတယ် တဲ့။ လက်ကလေး ခေါင်း ပေါ်တင်ရင်း “ဆလံပေးတယ်နော် တဲ့”
နောက်ဆုံး ရော့ကက်ကြောင့်လား မသိဘူးတဲ့။ ရန်သူတွေပြန်ဆုတ်သွားတဲ့ စွတ်ကြောင်းကြီးဟာ ၂ လံလောက်ရှိတယ်တဲ့။ ဒီကောင် တွေ တည့်တည့်ပဲ ဆုတ်သွားကြတယ် ။ ဗျူဟာတွေ ဗျက်ဟာတွေနဲ့တောင် မဆုတ်တော့ဘူးတဲ့။
ကျုပ်တို့ကြားဖြတ်သတင်းနားထောင်တဲ့ ရဲဘော်ကပြောတယ်။ နောက်ဆုံးအလုံးဟာ ဗျူဟာမှူးနေရာဘက်ကျပြီးကွဲတော့ လွယ်အိတ် နဲ့ ငပွေးတွေ ရီမုတွေသုံးပြီးပစ်တဲ့ လက်နက်တွေဖြစ်နိုင်တယ် ဆိုပြီးတော့ သူ့စစ်ကြောင်းပြန်ဆုတ်တာ တဲ့။
သူရှိတဲ့နေရာကို သိသွားပုံရသတဲ့ ဆိုပြီး ဆုတ်သွားကြလေသတဲ့။
ဒါနဲ့အလုံးက ရွာကျော်သွားတာတွေ့ရတယ် ခင်ဗျာ။ ဘယ်လိုဆော်လိုက်တာလဲတဲ့။ ကိုထက်ခိုင်ခင်ဗျား မျက်နှာတခြမ်းလဲ နေလောင် ထားသလို ညိုနေပါလား တဲ့။ သူတို့ ၄ ဦးလုံးက ဝိုင်းရယ်ကြတယ်။
ကိုထက်ခိုင် ထွက်ပြီး ပစ်လိုက်တဲ့ အလုံးကြောင့်ပေါ့ တဲ့။
ဘာ ဟုတ်တယ် စနက်တန်က ရှည်လွန်းတယ်ထင်ပြီး မြန်မြန်ရောက်အောင် သုခိတာဖွာပြီး တို့လိုက်တော့ မီးနဲနဲဟပ်သွားတာပါတဲ့။
ခင်ဗျား ဟာကလဲ ကျနော်တို့ မြစ်ဝကျွန်းပေါ်မှာ အရင်ကပြူစောထီးတွေရဲ့ ရန်ပုံခွင်းတွေလိုပါပဲလား တဲ့။ ပြောပါဦးဗျာ။
ရှေ့လေး နောက်ခြောက် ဘေး နှစ်ယောက် ငါပါနဲ့ဆို ဆယ့်သုံးယောက် ဖြစ်နေဦးမယ် တဲ့။
ကိုထက်ခိုင် ကနေဒါမှာ ၄ နှစ်လောက်နေပြီးမှ ပါဝင်ခဲ့တဲ့ တိုက်ပွဲရဲ့ ကမောက်ကမလေးတွေရှိရင် ပြောပြစမ်းပါဆိုလို့ သူပါဝင်ခဲ့တဲ့ နွား လေးခို ရွာလေးပြာကျသွားတဲ့အကြောင်း ပြောပြခဲ့တဲ့ အဖြစ်အပျက်လေးပါပဲ။ ဟုတ်တယ်နော် ရဲဘော်ထက်ခိုင်။

No comments: