Friday, December 3, 2010

အငတ်စာ – မောင်လှဝင်း (မြင်းခြံ) – နိဂုံးပိုင်း



“ဒီမှာ ကိုဘညွန့် … ကြည့်စမ်းပါဦးဗျာ” ဦးဖြူမင်းက လှမ်းပြော သဖြင့် ကျွန်တော်သူ့ဘက်သို့ လှည့်လိုက်ရသည်။

“မျောက်စာထုပ်တဲ့ … ဘာတွေပါသလဲလို့ ကျုပ် ဖြေကြည့်လိုက်တာ … ကြည့်စမ်းပါဦး ဗျာ၊ ပြောင်းဖူးစေ့ ဆယ်စေ့လောက်၊ မြေပဲစေ့က ခုနစ်စေ့ ရှစ်စေ့လောက်နဲ့ ကျန်တာက အဖိုးမတန်တဲ့ ပဲကလေးတွေ ကတော့ထိုးပြီး ထည့်ထားတာ … ကျုပ် ရှစ်ထောင် တ သောင်း ဖိုးဝယ်တာ ဘယ်လောက်မှလည်း များများမရဘူး … မျောက်စာတထုပ်မှာပါတဲ့ ပဲစေ့ ပဲဆန်တွေကလည်း နည်းနည်းလေးပါတာ၊ ကျုပ်နည်းနည်းမှ မကျေနပ်ဘူးဗျာ … ကျုပ်ပိုက်ဆံတွေ မျောက်စာအတွက် ပေးလိုက်ရတာ မဟုတ်ဘူး၊ လူစာအတွက် ပေး လိုက်ရတာဗျ … သိလား … လူစာအတွက်”
ဦးဖြူမင်းက အတော်အသုံးမကျတဲ့သူတွေ၊ တကိုယ်ကောင်းသမားတွေ၊ လူလိမ်တွေဆို ပြီး ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲ ရေရွတ်နေသည်။ ရော … ကိုဖြူမင်းတယောက် ကုသိုလ်တပဲ ငရဲတပိဿာ ဖြစ်နေပါရော့လား။
သူ့ဘဝတလျှောက်လုံး တကိုယ်ကောင်းသမားလုပ်လာတာကျ ကိုယ်ကိုယ်ကို ပြန်မမြင် နိုင်ပါလား။
“အေးဗျာ … မျောက်စာထုပ်တွေက သိပ်တော့ မတန်လှဘူး ထင်ရပါတယ်။ ဒါပေမဲ့ ကို ဖြူမင်းရယ် … သူတို့မှာလည်း သူတို့အကြောင်းနဲ့သူတို့ ရှိကြမှာပေါ့ဗျာ”
“ဘာအကြောင်းရှိရှိဗျာ … မျောက်စာအတွက်ဆိုပြီး လူစာအတွက် ဒီလိုလိမ်မယူသင့်ဘူး ဗျ … ကျုပ်တော့ မကျေနပ်ဘူး … အလကား အောက်တန်းစားတွေ၊ အောက်တန်းစား ပီပီ စိတ်ထား ညံ့တယ်”
ဒီစကားကိုတော့ ကျွန်တော်က မကျေနပ်လှပါ။ ဒါပေမယ့် သူ့ကို ဖြေသိမ့်ပေးရမယ့် အ ချိန်မို့ …
“ဘုရားဖူးလာတဲ့အချိန်မှာ ဒီကိစ္စကို ဒါလောက်လည်း စိတ်အနှောင့်အယှက် အဖြစ်မခံ ပါနဲ့ ကိုဖြူမင်းရာ … ဒါပေမယ့် ခင်ဗျား ဘဝင်မရှင်းရင် ဒီမျောက်စာရောင်းတဲ့ ကလေးမ ကို တောင်ခြေကျ အကျိုးအကြောင်း ကျုပ် မေးပေးပါ့မယ်”
ဦးဖြူမင်း ခပ်တွေတွေ ဖြစ်နေချိန်တွင် ပြန်ဆင်းကြစို့ ဟုပြောပြီး ကျွန်တော်တို့နှစ် ယောက် တောင်ကလပ်ထိပ်မှ ဖြည်းဖြည်းချင်း ဆင်းလာသည်။ တောင်ခြေရောက်တော့ မောလည်းမော၊ ညောင်းလည်း ညောင်းနေသဖြင့် ဦးဖြူမင်း၏ ဒေါသစိတ်များ အတော် အတန် လွင့်ပါးသွားပုံရသည်။
တောင်ခြေတွင် ကျွန်တော်တို့ကို မျောက်စာရောင်းလိုက်သည့် ကလေးမကို အဆင့်သင့် ပင် တွေ့ရပါသည်။
သူကလည်း ကျွန်တော်တို့နှစ်ယောက်ကို ဂရုပြုမိဟန်ဖြင့် “အဘတို့ မောလာကြပြီထင် တယ်” ဟုဆိုကာ သူ့ဘေးရှိ သောက်ရေအိုးငယ်ကလေးမှ ရေတခွက် ခပ်ကာ ကမ်းပေး လာပါသည်။ “ကျေးဇူးပါပဲ သမီးရယ်” ဟု ဆိုကာ ကျွန်တော်က သူ့စေတနာ ရေတခွက် ကို လက်ခံလိုက်ပြီး အုတ်ခုံပေါ် ထိုင်ချလိုက်သည်။ ဦးဖြူမင်းလည်း မောမောနှင့် ကျွန် တော့်ဘေးတွင် ဝင်ထိုင်သည်။
“သမီးကို အဘတို့ မသိလို့မေးရဦးမယ် … စိတ်မဆိုးနဲ့နော်… သမီးတို့ မျောက်စာထုပ်က လေးတွေက မျောက်စာပါတာ နည်းသလားလို့ ထင်နေမိတယ်”
မိန်းကလေးက အတော် သွက်သွက်လက်လက် ချက်ချက်ချာရှိပြီး ရည်မွန် အကင်းပါးပုံ ရပါသည်။
“အမှန်ပဲ နည်းပါတယ် အဘရယ်”
ကျွန်တော်တို့နှစ်ယောက်စလုံး ဟင်ခနဲ ဖြစ်သွားမိသည်။
“နောက်ပြီး ဒီက အဘကလည်း မျောက်စာထုပ်ရဲ့တန်ဖိုးငွေဟာ မျောက်စာအတွက် ပေး ရုံတင်မက လူစာအတွက်ပါ ယူထားတယ်လို့ ထင်နေတယ်ကွဲ့”
“ဒါလည်း အမှန်ပါပဲ အဘရယ်”
ကျွန်တော်တို့နှစ်ယောက် ဘာဆက်မေးရမှန်းမသိ ဖြစ်သွားကြပါသည်။
“သမီးပြောပြပါမယ် … မျောက်ကလေးတွေ သိပ်ငတ်နေကြတာ အဘတို့အမြင်ပဲ။ ကျွေး တာကို မစောင့်နိုင်ဘဲ အတင်းဝင်လုနေတာကိုပဲကြည့်။ လူတွေကလည်း အရင်က လောက် လှူဒါန်းနိုင်တဲ့သူတွေ သိပ်မများတော့ဘူး။ မျောက်တွေလည်း တဖြည်းဖြည်း နည်းလာတယ်။ ဘာကြောင့် နည်းသွားတယ်လို့ အဘတို့ ထင်သလဲ”
ကျွန်တော်တို့နှစ်ယောက် မဖြေနိုင်။
“အကြောင်းတွေ အများကြီး ရှိမှာပါ … ဒါပေမယ့် ငတ်တာလည်း အကြောင်းတခုပဲ အဘရဲ့။ သမီးလည်း မျောက်ကလေးတွေကို သနားတယ် … ဒါ့ထက်များများ ကျွေးချင်တယ်။ မျောက်စာထဲမှာ ဒါ့ထက်များများ ပိုထည့်နိုင်ရင် ကောင်းမှာပဲလို့ ထင်တယ်။ ဒါပေမယ့် သမီးက မျောက်စာထုပ်တောင် ကိုယ့်ဖာသာ ထုပ်နိုင်တဲ့သူ မဟုတ်ဘူး။ သူများ ထုပ်ပေးတဲ့ အထုပ်တွေကိုယူပြီး ပြန်ရောင်းစားရတဲ့ဘဝပါ။
ကိုယ့်ဖာသာ မျောက်စာထုပ်နိုင်အောင် သမီး မြေပဲ များများ ဝယ်မထားနိုင်ဘူး။ ပြောင်းဖူးစေ့များများ ပဲများများ ဝယ်မထားနိုင်ဘူး။ နောက်ပြီး မျောက်ကလေးတွေကမှ မြေပဲ စားရသေးတယ် … သမီး မြေပဲမစားရတာ ကြာလှပြီ အဘရယ် … ဈေးနှုန်းတွေ ဘယ်လောက်တက်နေတယ် ဆိုတာ အဘတို့အသိ … လူတွေ ဘယ်လောက်ကျပ်တည်းတည်းတယ်ဆိုတာ အဘတို့အသိ … ကျပ်တည်းတဲ့ဘဝမှာ သမီးဆို အလယ်တန်းအောင်ပြီး စာတော်လျက်နဲ့ ကျောင်းကထွက်ပြီး မျောက်စာ ရောင်းနေရတယ်”
မိန်းကလေးက ခဏနားပြီးမှ ဆက်ပြောပါသည်။
“တချို့ မျောက်စာ ကိုယ့်ဖာသာ ထုပ်ရောင်းသူလည်း ရှိတယ် … တချို့လည်း သမီးလိုပဲ သူများဆီက ယူရောင်း၊ ရောင်းပြီးမှ ငွေပြန်သွင်းရတယ်။ မျောက်စာထုပ်တန်ဖိုးထဲမှာ မျောက်စာအတွက်လည်းပါ … မျောက်စာအတွက် ရင်းနှီးပြီး အထုပ်ထုပ်တဲ့သူတွေရဲ့အမြတ်လည်း ပါ … မျောက်စာထုပ်တဲ့သူတွေကလည်း သူတို့မြေပဲတွေ ပြောင်းဖူးစေ့တွေ အခြောက် လှမ်းထားတုန်း မျောက်တွေ အတင်းဝင်လုစားကြလို့ ဘယ်လောက်တောင် ပါသွားတယ်၊ ကုန်ဈေးနှုန်းတွေက ဘယ်လောက်တောင် ကြီးနေတယ်ဆိုပြီး အဘတို့ကို ငိုမပြရင် ကံကောင်း …
သမီးတို့လို အရောင်းသမတွေကတော့ တချို့လည်း ဒီတောင် ကလပ်ရွာက … တချို့က ပုပ္ပားရွာမကြီးက … အဲဒီကနေ တောင်ကလပ်အထိ အထုပ်အထမ်းတွေနဲ့ မိနစ်လေးဆယ်၊ တနာရီလောက် လမ်းလျှောက်လာ … ဒီမှာလည်း တနေကုန် တမတ်တတ်တတ် အာကွဲမတတ် တစာစာနဲ့ ဈေးခေါ်ရ … ဒီမျောက်စာထုပ်ရဲ့ တန်ဖိုးထဲမှာ သမီးတို့ရဲ့လုပ်အားခလူစာလည်း ပါရမှာပေါ့ … ဒါလေးရမှ သမီးတို့ မငတ်မှာ … မဟုတ်ဘူးလား အဘရယ်”
သူ့အမေးကို မဖြေနိုင်ရုံမက သူ့မျက်နှာကို မကြည့်ရဲအောင် အားနာနေမိသည်။
“မျောက်ကလေးတွေ အသက်မသေအောင် ကျွေးမွေးလှူဒါန်းနိုင်သူ ရှားပါးလာတာ လူတွေရဲ့သဒ္ဓါတရား နည်းပါး သွားကြလို့လား၊ သမီးတော့ စဉ်းစားကြည့်မိတယ် … လူတွေ တိုးတိုးပြီး ငတ်လာကြသလားလို့ … သမီးပတ်ဝန်းကျင်က အခြေအနေတွေကြည့်ပြီး ဒီလို စဉ်းစားမိတာပါ … မိုးကလည်း ခေါင်တယ်၊ ခွေးကလည်း ဟောင်တယ်၊ မြက်တွေ ပိုပိုပြီး ခြောက်လာတယ်၊ နွားတွေ ပိုပိုပြီး ငတ်လာတယ် …
လူတွေကကော … တောင်ကလပ်မှာသာ အဆောက်အဦသစ်တွေ တိုးလာတာပါ … သမီးတို့ အခြေအနေမှန်ကို သိချင်ရင် သမီးတို့ရွာ မီးတို့အိမ်ကို လာကြည့်မှသိမယ် … စကားဝါပန်း တက်ချိုးရင်း သစ်ပင်ပေါ်က ပြုတ်ကျသေသူတွေ … အငတ်ဒဏ်မခံနိုင်လို့ လွင့်သွားရသူတွေ … ကိုယ့်ကိုယ်ကို သတ်သေသွားသူတွေ …”
မိန်းကလေးက သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်က မိန်းကလေးကိုကြည့်ရင်း ဒါလောက် ရင်ဖွင့်စကားတွေ ပြောတတ်အောင် သင်ပေးလိုက်သည့် သူ့ဘဝအကြောင်းကို တွေးနေမိသည်။
“သမီးပြောချင်တာကတော့ မျောက်တွေလည်း ငတ်နေတယ် … သမီးတို့လိုလူတွေလည်း ငတ်နေတယ် … အဘတို့ ဝယ်လိုက်တဲ့ မျောက်စာထုပ်တန်ဖိုးထဲမှာ မျောက်စာအတွက်လည်း ပါတယ် … လူစာအတွက်လည်း ပါတယ် …
အဘတို့ အလှူဒါနဟာ မျောက်စာအတွက်လည်း ကုသိုလ်ရသလို လူစာအတွက်လည်းကုသိုလ်ရပါတယ် … ကိုယ်တတ်စွမ်းသမျှ အငတ်ဘေးကျနေသူတွေအတွက် အလှူဒါနပြုလိုက်ရတယ်လို့ပဲ သဘောထားလိုက်ပါ အဘရယ်” တဲ့။
ဦးဖြူမင်းလည်း ဘာမှ မပြောနိုင်ဘဲ ငေးငိုင်နေပါသည်။ ကျွန်တော်လည်း ထို့အတူ။ တောင်ခြေမှာလည်း မြူမင်များ ဆိုင်းလာသည်ဟု ထင်လိုက်မိပါသည်။

No comments: