Tuesday, February 22, 2011
ချိတ်ထမီ ပုံပြင်
သူငယ်ချင်းနှစ်ယောက် မင်္ဂလာဆောင်တခုတွင် မထင်မှတ်ပဲ သွားဆုံမိကြသည်။ ပွဲလမ်းသဘင်တိုင်းမှာ ချိတ်ထမီ ၀တ် နေကျ သူငယ်ချင်းက ယောထမီလေး ၀တ်လာသဖြင့် ခင်မြတ်နိုး အံ့သြသွားသည်။
မစပ်စုပဲလဲ မနေနိုင်သဖြင့် သူငယ် ချင်းဘေးမှ လွတ်နေသော ထိုင်ခုံသို့ အမြန်ဝင်ထိုင်လိုက်မိသည်။
မြတ်နိုး။ ။ မိဝေ၊ နင်ဘာဖြစ်လာတာလဲ
မိဝေ။ ။ ဘာကို မေးတာလဲဟင်
မိဝေက အူကြောင်ကြောင်ဖြင့် ပြန်မေးသည်။
မြတ်နိုး။ ။ နင်ကလဲဟာ၊ အရင်တုန်းကဆို ချိတ်ထမီပဲ နင်ဝတ်တာ လေ။ ကျော်စွာတို့ အုပ်စုကတောင် မမချိတ် လို့ နောက်ပြီး ခေါ်ကြ သေးတာပဲ။ ခုကျမှ ယောထမီနဲ့ ဆိုတော့။ ဟဲဟဲ။ ငါက အဲဒါ သိချင် လို့ လာစပ်စုတာ
မိဝေ။ ။ အမယ်လေး၊ တိုးတိုးပြောပါ စပ်စုမ ရယ်
မိဝေက တောင်ကြည့်၊ မြောက်ကြည့် နှင့် တိုးတိုးလေး ပြန်ပြော
သ ဖြင့် မြတ်နိုးပင် ကြောင်တောင်တောင် ဖြစ်သွားရသည်။
မြတ်နိုး။ ။ နင်ဘာဖြစ်နေတာလဲဟင်
မိဝေ။ ။ ငါပြောပြမယ်ဟဲ့၊ နင်- ဟိုပုံကြီး မမြင်လိုက်ဘူးလား
မြတ်နိုး။ ။ ဘယ်ပုံကို ပြောတာလဲ
မိဝေ။ ။ ငါတို့ တိုင်းပြည်က ဗိုလ်ချုပ်ကြီးတွေ ချိတ်ထမီတွေ ၀တ်ထွက်လာတဲ့ ပုံလေ
မြတ်နိုး။ ။ ဟီးဟီး၊ မြင်လိုက်တာပေါ့ဟဲ့၊ ခုထိတောင် မြင်ယောင်နေတုန်းပဲ
မိဝေ။ ။ တိုးတိုးပြောပါဆိုဟယ်။ ငါက အဲဒါကို စိုးရိမ်နေတာ
မြတ်နိုး။ ။ ဟေ
မိဝေ။ ။ ငါကြားဖူးတာတော့ သူတို့က လိုချင်ရင် ချက်ချင်းပဲဆို။ တော်ကြာ ပွဲလမ်းသဘင်မှာ မတော်တဆ ဆုံတုန်း ငါ့ထမီကို မျက်စိကျပါတယ်ဆို ဘယ်လိုလုပ်မတုန်း
မြတ်နိုး။ ။ နင်ကလဲဟယ်၊ ပေါက်ပေါက်ရှာရှာ
မိဝေ။ ။ ပေါက်ပေါက်ရှာရှာ မဟုတ်ဘူးဟဲ့။ ပြီးတော့ သူတို့က အလကားနေရင်း ငါတို့ မိန်းမတွေကို ပြိုင်ဘက်တွေလို လို၊ ယောက်ကျားလုဘက်တွေလိုလို သဘောထားပြီး နှိမ့်ချဆက်ဆံနေကြတာ။ တော်ကြာ ငါ့ ထမီအဆင်က သူ့ထမီအ ဆင်ထက် ပိုလှပါတယ်ဆိုပြီး မနာလိုဝန်တို အမျက်တော်ရှရင် ဘယ်နဲ့ လုပ်ရပါ့ …
မိဝေ ပြောတာကို နားထောင်ရင်း မြတ်နိုးပါ ကျောချမ်းလာသည်။ မလုံမလဲနှင့် မလှမ်းမကမ်း စားပွဲမှာထိုင်နေသော ဗျူ ဟာမှူးကြီးကို လှမ်းကြည့်လိုက်မိသည်။
မမျှော်လင့်ပဲ အကြည့်ချင်း ဆုံသွားသည်မို့ အားနာပါးနာ ပြုံးပြလိုက်ရသည်။
မြတ်စွာဘုရား …
ချက်ချင်းသတိဝင်လာသည်မို့ ဘုရားတလိုက်မိသည်။
မြတ်နိုးလဲ ချိတ်ထမီ ရွှေအိုရောင်လေး ၀တ်လာခဲ့တာပါလား။
မြတ်နိုး။ ။ မိဝေရေ။ ငါပြေးပြီဟေ့ …
ကမန်းကတန်း ထပြေးသော မြတ်နိုး ကို မိဝေက မချိတင်ကဲ အပြုံးလေးဖြင့် ပြုံးပြ နှုတ်ဆက်ရင်း ကျန်ရစ်ခဲ့သည်။
အရပ်ကတို့ရေ …
ကျွန်မတို့ ရွှေပြည်မြန်မာမှာ ပြည်သူ့ဘဏ္ဍာတွေကို လုယူနေကြရုံတင်မက မြန်မာအမျိုးသမီးတွေ အမြတ်တနိုး ၀တ်ဆင် ကြရတဲ့ ချိတ်ထမီလေးတွေကိုပါ ယောက်ကျားကြီးတွေတန်မဲ့ ၀င်လုနေကြပါ ပေါ့လား …
ခင်မြတ်နိုး
၂၀၊ ၂၊ ၂၀၁၁
Labels:
သရော်စာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment