Monday, March 7, 2011

ဥဒါန်းမကြေ


သွေးစွန်းပေကျံနေတဲ့
ဖိနှပ်တရံ အင်္ကျီအဖြူလေးတထည်နဲ့
လွယ်အိတ် အနီရောင်လေးတလုံးက
ဧရာဝတီကို နိုးထစေခဲ့ပြီ။
ငြိမ်းချမ်းလှပသော
အမိတက္ကသိုလ် စွယ်တော်တောလျှင်
စစ်အာဏာရှင်တို့ စစ်တလင်းအဖြစ်
စစ်ခင်းကြေညာလျှက်

စစ်ဘီလူးတို့သွေးစာ
ကျောင်းတော်မှာ ယမ်းဖုံးကျဉ်သင့်
နီရင့်ရင့်သွေးစက်များ
ပွင့်ခက်တို့ ညှိုးရော်
ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံး
တပြည်လုံးယူကြုံးမရ ဖြစ်ခဲ့ပေါ့။
ရင်နှစ်ခြမ်း
ဗြန်းကနဲကွဲသွားသလို
ခန္ဓာကိုယ်ကြက်သီးထ
ဘယ်တော့မှမကြေတဲ့ ဥဒါန်း
ကျောင်းသားတို့သွေး နီမြန်းခဲ့။
စိုစွတ်နေတဲ့
ငါတို့မျက်ရည်တွေဟာ
ဝမ်းနည်းလို့ ငိုကြွေးနေတာထက်
မကြေဥဒါန်းနဲ့ လက်သီးတင်းတင်းဆုတ်ကာ
ကျုပ်တို့အလေးပြုလိုက်ပါတယ် ရဲဘော်။
ဖုန်းမော်မသေ
ဤမြေအနှံ့တွင်
ဖုန်းမော်ဝိညာဉ် ရှင်သန်ဖူးသစ်
ရှစ်လေးလုံးအရေးတော်ပုန်
ကမ္ဘာမြေတုန်ဟီး
မီးဟုန်းဟုန်းတောက်ခဲ့တယ်။
ရှစ်လေးလုံးအဆက်
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး
ရဲစွေးနီသောခွပ်ဒေါင်းအလံ
မျိုးဆက်သစ်တို့တော်လှန်ရေး
စွေးစွေးနီခဲ့ အရေးတော်ပုံများ။
၂၃ နှစ်တဲ့
မနေ့တနေ့က အဖြစ်အပျက်တွေလို
သည်လိုကာလရောက်တိုင်းတမြေ့မြေ့
မမေ့နိုင်ခဲ့တဲ့ မတ်လဆယ့်သုံး
ဖုန်းမော်ဥဒါန်းတွင်မဆုံး။

No comments: