Thursday, March 24, 2011

TEPCO ကုမ္ပဏီက ပြည်သူတွေကို ပထမဦးဆုံးအကြိမ်အဖြစ် တောင်းပန်


မတ်လ ၂၂ ရက် ၂၂း၄၃ နာရီတွင် နံပတ် ၃ ဓာတ်ပေါင်းဖိုပြင်ပနေရာမှာ လျှပ်စစ်မီးအလင်းရောင်ရပြီလို့ တိုကျိုလျှပ်စစ် ဓာတ်အားကုမ္ပဏီ TEPCO ကထုတ်ပြန်ကြေညာပါတယ်။ ၁၂ ရက်တာကာလအတွင်း ဓာတ်ပေါင်း ဖိုအနီးပတ်ဝန်းကျင် မှာလျှပ်စစ်မီးပြန်လင်းလာတာပါ။
မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အမှတ် ၁ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွင်းမှာ ရှိတဲ့ ဓာတ်ပေါင်းဖို ၆ လုံးစလုံးမှာ လျှပ်စစ်ဓာတ်ကြိုးအားလုံး သွယ်တန်းပြီးသွားပြီလို့ သိရပါတယ်။

ညူကလီယားဘေးကင်းရေးဆိုင်ရာ အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟီဒေးဟိကို နိရှိယာမာ့ က နေ့ခင်း ဘက်တွင်ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လျှပ်စစ်ဓာတ်အားသာ ပြန်လည်ရရှိပြီဆိုလို့ရှိရင် အခြေအနေ တိုးတက်မှုရှိတယ်ဆိုတာ ကို မြင်သာတဲ့အနေအထားကို ရောက်လာပြီလို့ ပြောရမယ်လို့ ဆိုပါတယ်။
ဟီဒေးဟိကို နိရှီယာမာ့ က ညူကလီယားလောင်စာတောင့်တွေ အရည်ပျော်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေ တွေ ဖြစ်လာနိုင်စရာမရှိတော့ဘူးလို့ ပြောပါတယ်။
အကျပ်အတည်းဖြစ်နေတဲ့ ဓာတ်အားပေးစက်ရုံနားက ပင်လယ်ရေထဲမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့အရာတွေကို စစ်ဆေး တွေ့ရှိရတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ ဓာတ်အားပေးစက်ရုံရှိရာ ဖူကူရှီးမားခရိုင်နဲ့ အနီးပတ်ဝန်းကျင်က တခြား ခရိုင် ၅ ခုမှာ ဟိုးရင်းဆို (မုံညင်းရွက်အနုစား) နဲ့ တခြားဟင်းသီးဟင်းရွက်တွေကို တင်ပို့ရောင်းချတာမျိုး မလုပ်ရဘူးလို့ ပိတ်ပင်လိုက်ပါတယ်။ အဲဒီဟင်းရွက်တွေမှာ ရေဒီယို ဓာတ်သတ္တိကြွတဲ့အရာတွေပါဝင်မှုဟာ တရားဝင်သတ်မှတ်ခွင့်ပြု နိုင်တဲ့ ပမာဏထက်ကျော်လွန်နေတဲ့အတွက် လို့ ဆိုပါတယ်။ TEPCO ရဲ့ အရာရှိတဦးက အဲဒီလို တင်ပို့ရောင်းချနိုင်တာ တွေ မလုပ်နိုင်တဲ့အတွက် လျော်ကြေးပေးမယ်လို့ အရိပ်အမြွက် ပြောဆိုပါတယ်။
TEPCO က ပင်လယ်ရေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွတဲ့အရာစစ်ဆေးတွေ့ရှိတာဟာ ပထမဦးဆုံးဖြစ်ပြီး ဒါဟာ ညူက လီယားယိုစိမ့်မှုကြောင့် ယုံကြည်ရတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်ပညာရှင်တဦးက အန္တရာယ်မဖြစ်နိုင်ဘူးလို့ အဲန်အိပ်ခ်ျ ကေရုပ်မြင်သံကြားဌာနကို ပြောပါတယ်။ ဒီလိုမျိုး ညူကလီယား အကျပ်အတည်းဖြစ်ရတာအတွက် ဓာတ်အားပေးစက်ရုံ အနီးမှာ နေထိုင်ကြတဲ့သူတွေကို TEPCO က တောင်းပန်ပါတယ်။ ဒါဟာ TEPCO အနေနဲ့ ပြည်သူတွေကို ပထမဦးဆုံး အကြိမ်အဖြစ် တောင်းပန်တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း တိုကျိုမှာနေထိုင်နေကြတဲ့ မြန်မာတွေကလည်း မတ်လ ၁၁ ရက် ငလျင်နဲ့ဆူနားမိဘေး အန္တရာယ်ဆိုး ကြီးမှာ သေဆုံးသွားတဲ့သူတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ပွဲကို ဧပြီလ ၁၀ ရက် တနင်္ဂနွေနေ့မှာ ပြု လုပ်ဖို့ စီစဉ်ထားပါတယ်။ ဘေးသင့်ခဲ့ရတဲ့သူတွေအတွက် ငွေကြေးလှူဒါန်းမှုတွေကိုလည်း လုပ်မှာဖြစ်ပါတယ်။
ကျော်ကျော်စိုး
ဝး၅၆ နာရီ
မတ်လ ၂၃ ရက် ။ ၂၀၁၁ ခုနှစ်

No comments: