Saturday, December 31, 2011

တလုံးချိုင့်မှ သံဝေဂ


ကြားဖူးသမျှ ပြောရမှာဖြင့်
တလုံးချိုင့်ဟာ အနေ “မိုက်” လို့
ဒူးနေရာဒူး တော်နေရာတော် မှန်ရာနေတတ်
နှိမ့်ချရိုးသား လုပ်ကိုင်စားသောက်
ဖြောင့်ဖြောင့်တန်းတန်း လုံးပန်းစွမ်းအင်
လွှမ်းသည်ကြောင့်လည်း
“အတ္တ” ဟူ၍ အယူစွဲကြ
“အဆင့်မဲ့” ဟူ၍ အထင်မှားကြ၊


စိတ်ဓာတ်အင်အား ဖြောင့်မတ်စွာဖြင့်
အံဝင်ဂွင်ကျ အင်အားတင်းမာ
စိတ်မှာရှင်းလင်း ဘ၀င်မရှုပ်
ပြုတ်ကျငြားလည်း “ကြောင်ကျ” ကျသည်
သက်သာပေ၏ ။

သို့သော်အမှန် စဉ်းစားဥာဏ်ဖြင့်
သံဝေဂတရား ရယူရန်ကား
နှစ်လုံးချိုင့်မှ သုံးလုံးချိုင့်သို့
လေးလုံးချိုင့်မှ ငါးလုံးချိုင့်သို့
ဆင်ခြင်ကင်းမဲ့ လောဘမြင့်မိုရ်
မက်လုံးပို၍
အရှေ့အနောက် တောင်မြောက်မမြင်
မျက်ကန်း “အင်” တွင် “ဂွင်” ၀င်လှုပ်ရှား
ပြုတ်ကျငြားသော်
“ကြောင်ကျ” မကျ “ခွေး ၀က်ကျ” ကျသည်
နစ်နာပေ၏။

အော်… သာတုန်းတော့ “စံ” နာရင်တော့ “ခံ”
“ထိ” မှနာ “သေ” မှသိ ဤ “ငတိ” “ငတုံး”
ရှေးထုံးပယ်၍ တွေ့ကြုံအမှား
ဈေးသုံးလွယ်၍ မွဲကိန်းဆိုက်ရ
ဤအဖြစ်သနှစ် မသိငြားကြောင့်
“ဘော်ဒါ” ရှင်းလင်း ကံကုသိုလ်ကွင်း
အလင်းရောင်မှိတ် မဲမှောင်ရိပ်ဝယ်
မတောက်တခေါက် အမြင်ပေါက်သော်
တောက်လျောက်လွဲမှား လူသားသခင်
အဆင်အမြဲ သင် “ဂေါက်” ပွဲဝင်နေအုံးတော့မည်လား။

ဤကား တည့်မှတ်ဥာဏ်ရှင်
ရေပြည့်အိုးလို ဘောင်ဘင်မခတ်
အဆင့်တလုံးချိုင့် အဆုံးသတ်သံဝေဂပဲလေ ။ ။

No comments: