Monday, January 2, 2012

ဝံပုလွေ

ဒါ
အဖေါ်တွေနဲ့ကွဲသွားတဲ့
ဝံပုလွေတကောင်ရဲ့ စူးစူးရဲရဲ အော်သံပဲ
ရိုလန်ဟိုက်
တောင်ကြားအတိုင်း
ဒုံးစိုင်းခုန်ပေါက်
သားရဲ တွင်းသို့အရောက်ပြန်
လမ်းစကိုအနံ့ခံလိုက်
နဂါးနဲ့ကြုံ
ဂဠုံနဲ့တွေ့
ခြင်္သေ့နဲ့ တိုက်ပ။

မိုင်ပေါင်း ရာထောင်ရှည်က
အဖေါ်တွေကြားအောင်
အရှည်လျားဆုံး အူလိုက်မိတယ်။

ဒေါနရေ
ငါ့ အသံ ကြားလား
ရထား... ဖြစ်လား
သံလွင်... သံလွင်... ရထား... ဖြစ်လား
အသံ ဘယ်လောက်ကြားရသလဲ
ကြားရင် အကြောင်းပြန်ပါကွယ်။

ကာလီဖိုးနီးယား တစ္ဆေလို နေ့ခင်းပ
အထီးကျန်လှချည်ရဲ့
သော်လဲထ လှေဆိပ်က ဈေးခင်းလေးလို
ခင်ဖို့မကောင်းပေဘူး
အုံ့မှိုင်းမှိုင်း ကောင်းကင်အောက်မှာ
နေရော ညပါ
တခါးပိတ် ၊ အိပ်မောကျ
တစပြင်ပမာ
တမြန်မနေ့ က ဆောင်းမင်းသမီး နှင်းဟာ
ဖြူလွလွ ပုဝါတစနဲ့ ကတယ်။
နယ်ခံတွေကြားမှာ အလွမ်းများများနေတဲ့
အားပေးနေတဲ့ ဝံပုလွေရဲ့အသံဟာ
ပစိဖိတ် သမုဒ္ဒရာ ပေါ်မှာ လွင့်ပျံ
ဒို့ပြန်ချင်လှပါပြီ … နှင်းရယ်။

ဟိုးအဝေးက လှမ်းလို့မြင်ရတဲ့
ဝက်ဝံတောင်တန်းကြီး ရဲ့ ပတ်ဖန်ဒါ လမ်းနဘေးက
အရိုးခံပန်းကလေး ဆွေးပြီးကျန်ရစ်လိမ့်။
နီဗားဒါး
သဲကန္တရကြီးခမျာ
ဥတ္တရ ရာသီရဲ့
ဟိန်းဟောက်မှုအောက်မှာ
ပူလိုက်အေးလိုက်
ငန်းဖြားရိုက်၊ ခိုက်ခိုက်တုန်နေ
ဝံပုလွေတကောင်ရဲ့ကာလီဖိုးနားသွား တောလား
ခြိမ်းခြောက်မှုတွေကြားမှာ သွေးခဲလို့မသွားပေဘူး

အလို
ပျံလွား ငှက် လေးတွေတောင်
တောင်ဝန်ရိုးစွန်းက ပြန်လာကြပြီပဲ
ဆန်တီရေးဂိုးက ဘုရားကျောင်းအိုကြီးထဲမှာ
ဒေသခံတွေက သူတို့အပြန်ကို
ခေါင်းလောင်းထိုး ကြိုဆိုကြ
တောင်ဖက်က ပြန်လာတဲ့
မိတ်ဆွေတို့ရယ်။

ငါ့အတွက် စာပါလား
ငါ့ကို ဘာမှာလိုက်ကြသလဲ
သားပျောက်ရှာနေတဲ့ အမေတွေနဲ့
စစ်ပြေးဒုက္ခသည်တွေ အခြေအနေ ဘယ်လိုရှိပါစ။

ခုချိန်ဆို
ဒေါနမှာ
တောမီးတွေ လောင်စပြုပြီပဲ
ပေါက်လဲနဲ့ ပဒတ်စာတွေလည်း
နေထဲ မီးထဲမှာ ရဲရဲပွင့်
အနာဂတ်ကို မျှော်လင့်ကြရော့မယ်။
ဒါကိုပဲ
သေကောင်ပေါင်းလဲ ငါချစ်ခဲ့။

သားရဲဟောက်သံတွေ ဆူဆူညံ
သွေးသံရဲရဲ
လေးသံမစဲ၊ မြားသံမစဲ
သဲသဲမဲမဲ ထိုးနက်တိုက်ခိုက်နေကြ
အစွယ်တွေဖွေးဖွေးလှုပ်
ဝံပုလွေတအုပ်လဲ
မီးတောက်ထဲမှာ ဝုန်းဒိုင်းကြဲချီတက်သွား
တိုက်ပွဲခေါ်သံကြားမိတယ်။

ယူဇနာပေါင်းများစွာက နာနာကျည်းကျည်းနဲ့
ကျွဲချို မှုတ်သံ
ငါ့သွေးမှာ ပွက်ပွက်ညံပေါ့
ဒီတခါ
ဒဏ်ရာ ဗရပွ
စာလောင်ငတ်မှုတွေ အန္တနဲ့
ခေါင်းမာလှတဲ့ ဝံပုလွေဟာ
ရီဝေဝေဝိုင်ခွက်ကို
မီးလင်းဖိုနံရံမှာ ပေါက်ခွဲ
ဝုန်းကနဲ ခုန်ထ
မီးတောက်ထဲကို ခုန်ချသွားတယ်
ရဲရဲ။

မိုးသီးဇွန်
(၁၉၉၅ - ခုနစ်က ရေးစပ်ခဲ့တဲ့ ကဗျာ)

No comments: