Wednesday, January 23, 2013

ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်လျင် ပြဿနာ ၂ ခုကို ရှင်းရမယ်

ရှင်းရမယ့် ပြဿနာ ၂ ခု

ဒီမိုကရေစီနဲ့ ပြည်ထောင်စုစနစ် ပြဿနာကို ပါဝင်ပတ်သက်သူတွေ အားလုံးသဘောတူထားသည်အထိ ဆွေးနွေးညှိ နှိုင်းကြရမှာ ဖြစ်ပါတယ်။

ပြဿနာ ၂ ခုက အခြေခံချင်းမတူ

ဒီမိုကရေစီပြဿနာက အာဏာရနဲ့ အုပ်စိုးခံတွေရဲ့ ပဋိပက္ခ အခြေခံတယ်။ လွယ်လွယ်ပြောရရင် အစိုးရနဲ့ အတိုက်အ ခံတို့ရဲ့ ပဋိပက္ခ ဖြစ်တယ်။ ဒါကြောင့် သူတို့က ဒီမိုကရေစီကို အခြေခံပြီး ပြောကြမယ်။ တိုက်စရာရှိ တိုက်ကြမယ်။ စေ့ စပ်စရာရှိ စေ့စပ်ကြမယ်။

ပြည်ထောင်စုပြဿနာကျတော့ တမျိုးဖြစ်တယ်။ လူများစုအမျိုးသား ဗမာများသာမက လူနည်းစု အမျိုးသားအများအ ပြား ပါဝင်ပတ်သက်နေတဲ့ လူမျိုးရေးပြဿနာ ဖြစ်တယ်။ ဒီမိုကရေစီရေးနဲ့ချည်း ဖြေရှင်းလို့မရနိုင်ဘူး။ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးကို အဓိကထားရမယ်။ လူမျိုးရေးအခြေခံပြီး တိုက်ကြ စေ့စပ်နေကြတာ ဖြစ်တယ်။

သမိုင်းဖြစ်ပေါ်ပုံချင်း မတူတာကို သတိပြု

ဒီမိုကရေစီပြဿနာက လွတ်လပ်ရေးရပြီးမှ ပေါ်တဲ့ပြဿနာ ဖြစ်တယ်။ သက်တမ်း ၆၅ နှစ်ပဲ ရှိသေးတယ်။ ဒါကြောင့် မရှုပ်ထွေးဘူး။ စာနဲ့ပေနဲ့ အထောက်အထားတွေကလည်း ခိုင်မာတယ်။

လူမျိုးရေးပြဿနာကျတော့ သမိုင်းရှည်တယ်။ ပဒေသရာဇ်ခေတ်ကစပြီး ပြောရမယ်။ သူ့အမြင်၊ ကိုယ့်အမြင် မတူနိုင် ဘူး။ ခိုင်မာတဲ့ အထောက်အထားကလည်း မရှိသလောက်ဘဲ။ ရှိတာကလည်း ဆန္ဒစွဲနဲ့ တဖက်စောင်းနင်း ဖြစ်တတ် တယ်။ တုတ်ထမ်းဓားထမ်း ငြင်းခဲ့တာကနေ သေနတ်နဲ့ စကားပြောနေရတာ ဖြစ်တယ်။

တန်းတူရေးကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ကြမလဲ။ ဗမာ တပြည်၊ ကရင် တပြည် တန်းတူရေးလား။ (KNDO ရဲ့ “ဗမာတကျပ် ကရင်တကျပ်”) SSIA – KIA တို့ရဲ့ ခွဲထွက်ပြီး သီးခြားတိုင်းပြည်ထူထောင်ချင်တာလည်း တန်းတူရေးပဲ ဖြစ်တယ်။

ဗမာ “တပြည်ထောင်စုစနစ်” သမားတွေက အဲဒီတောင်းဆိုချက်ကို လက်ညှိုးထိုးပြပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက် ကြတာ ဖြစ်တယ်။ သူတို့က တန်းတူရေးကို ငြင်းပယ်တယ်။ ဗိုလ်နေဝင်း အာဏာသိမ်းတုန်းက အဲဒီ “ခွဲထွက်ရေး” အ ကြောင်းပြပြီး သိမ်းတာပဲ။ အခု စစ်အုပ်စု ကြွေးကြော်နေတဲ့ “ဒို့တာဝန် အရေးသုံးပါး” ထဲက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုတာ တပြည်ထောင်စနစ် အတွေးအခေါ်က ဆင်းသက်လာတာ ဖြစ် တယ်။

“တန်းတူရေး” ကို ဘယ်လိုဘယ်ပုံ “အဓိပ္ပာယ်ဖွင့်မလဲ” ဆိုတာကို အဓိက ညှိနှိုင်းရပါမယ်။ အလွန်လက်ဝင်မယ့် ကိစ္စပါ။ အစည်းအဝေးတခုတည်း၊ တထိုင်တည်း ဖြေရှင်းလို့ မဖြစ်နိုင်ပါဘူး။ “ဒုတိယပင်လုံ” ဆိုပြီး အားလုံးစုကာ တထိုင်တည်း ရှင်းကြရင် ပြဿနာသစ်တွေပဲ တိုးလာမှာပါ။ တုတ်ထမ်း ဓားထမ်း သေနတ်ထမ်းပြီး ငြင်းကြရမယ့်အဖြစ် ကျဆင်းသွား မှာပဲ။ အဲဒီလိုဖြစ်ရင် တိုင်းပြည်ဂျောက် (ချောက်) ထဲ မကျအောင် စစ်တပ်က ဝင် “ကယ်” တယ် လုပ်ဦးမှာပါ။

တနပ်စားဖြေရှင်းရင် ရလာဒ်မကောင်းဘူး

နဝတ/နအဖ က “ဗကပ ခွဲထွက်တွေ” နဲ့ တနပ်စား ဖြေရှင်းခဲ့တယ်။ ဗကပ နဲ့ အပြတ်လမ်းခွဲရင်ပြီးရောဆိုပြီး လုပ်ခဲ့ တယ်။ အပစ်အခတ်ရပ်စဲထားမယ်၊ ပိုနေမြဲ ကျားနေမြဲ နေကြ။ ကိုယ့်နယ်ကိုယ့်တပ်နဲ့နေ၊ စီးပွားရေး ကြိုက်သလိုလုပ်ဆို ပြီးလုပ်တော့ ခေါင်းဆောင်တွေ ကုဋေကြွယ် သူဋ္ဌေး ဖြစ်ကြတယ်။

တနပ်စားပေါ်လစီရဲ့ ဒုက္ခ

စစ်ရပ်စဲရေး အရင်လုပ်၊ နောက်မှ နိုင်ငံရေးပြဿနာဆွေးနွေးဆိုတဲ့ တနပ်စားပေါ်လစီက အခု ဒုက္ခပေးနေတာပါ။ နယ် ခြားစောင့် BGF စီမံကိန်းကို နအဖ က လုပ်တာဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၃၃၈၊ ၃၃၉ ကို အကောင်အထည် ဖော်တာပဲ။ ဒါပေမဲ့ အားလုံးလောက်က လက်မခံကြဘူး။ အတိုက်အခိုက်ပြန်ဖြစ်မယ့် အခြေစိုက်လို့ ဗိုလ်သန်းရွှေ နောက် ဆုတ်တာပါ။

အဲဒီလိုနဲ့ နိုင်ငံရေးဆွေးနွေးဖို့ တာဝန်က ဗိုလ် (ဦး) သိန်းစိန် ခေါင်းပေါ် ရောက်လာတယ်။ ကာ/လုံ ရဲ့ တာဝန် ဖြစ်လာ တယ်။

ဒါကြောင့်ပဲ သမ္မတ အဖွဲ့သားတွေက “သံလွင်ခက်” ကိုင်ပြီး လူမျိုးစုလက်နက်ကိုင်တွေကို ချဉ်းကပ်တယ်။ ကရင်သင် တိုင်း ဝတ်သင့်ရင် ဝတ်တယ်။ ကာ/ချုပ် ကိုင်တိုင်း KNU ခေါင်းဆောင်ကို ဖက်လှဲတကင်းလုပ်တယ်။ ကရင်အဖွဲ့တွေက လည်း ပဲ့ထွက်ပြီးရင် ပဲ့ထွက်နေတယ်။ နိုင်ငံရေးပြဿနာ ဖြေရှင်းတာထက် စီးပွားရေးအကွက်အကွင်း ဝေမျှတာပဲ လုပ် တယ်။

တချိန်တည်းမှာ KIA ကို ဘက်စုံထိုးစစ်ဆင်တယ်။ သမ္မတရဲ့အမိန့်ကို အာခံပြီး ကာ/ချုပ်က လုပ်တာမဟုတ်ပါဘူး။ တာဝန်ခွဲပြီး လူမျိုးစုလက်နက်ကိုင်တွေကို နှိမ်နင်းနေတာပါ။

ဒီလိုလုပ်နည်းကလည်း အသစ်အဆန်းမဟုတ်ပါဘူး။ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ လုပ်ခဲ့တဲ့နည်းပဲ။ “ဦးတည်ရန်သူကို စုစည်းပြီး ထိုးနှက်၊ တခြားသာမန်ရန်သူကို ဆွဲထား” ဆိုတဲ့ လုပ်နည်းပါ။

သံလွင်ခက် ကိုင်ထားသူတွေက ကာ/လုံ “၁၁ ဦး ကောင်စီ” မှာ မပါတာကို သတိပြုပါ။ တခါတရံမှာ ကာ/လုံ ကောင်စီ ဝင်တချို့က ကာ/ချုပ်ရဲ့ ခွင့်ပြုချက်နဲ့ ပါလာလေ့ရှိပေမယ့် သူတို့နဲ့ဆိုင်တာကိုပဲ ပြောလေ့ရှိပါတယ်။ သံလွင်ခက်ကိုင်  သမ္မတအဖွဲ့က ဝန်ကြီးကပဲ စကားတွေအများကြီး ပြောလေ့ရှိတယ်။ “တပည့်တော်တို့က တရုတ်ကိုလည်း ကြောက်ရပါ တယ် ဘုရာ့” ဆိုတာမျိုး ပြောတတ်တယ်။ “ဦးပိုင်” ကို ပိုကြောက်ရပါတယ်လို့တော့ မပြောပါဘူး။

မြစ်ဆုံကိစ္စမှာ ဦးပိုင်ရဲ့ အကျိုးစီးပွား မပါဘူး။ ဒါပေမဲ့ လက်ပန်တောင်းကိစ္စမှာကျတော့ အဓိကအခန်းကပါတယ်။ ဒါ ကြောင့် အကြမ်းပတမ်း ဖြေရှင်းတယ်။

စစ်အေးခေတ်ကနဲ့ စစ်အေးလွန်ခေတ်

တရုတ်ရဲ့ ဗမာပြည်ပေါ်လစီ မတူဘူး။ တရုတ်က စစ်အေးလွန်ခေတ် သူ့နယ်စပ်မှာ ငြိမ်းချမ်းတည်ငြိမ်စေချင်တာ ဖြတ် ဖြတ်လူးပါ။ KIA နဲ့ တိုက်နေတာကို ပြီးပြတ်စေချင်တယ်။ တဖက်ကလည်း ဗြောင်ဝင်ပြီး စွက်ဖက်လို့ မဖြစ်ဘူး။ ကုလ သမဂ္ဂ တွင်း/ချုပ် တို့၊ အမေရိကန်နိုင်ငံခြားရေးဌာနတို့ ဝင်ပြောတာကို ကျေနပ်နေတာပဲ။ ဓာတ်ငွေ့ပိုက်လိုင်းက လည် ပတ်တော့မှာ။ ငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင် သူ့နယ်စပ်မှာ ဖြစ်စေချင်တယ်။

တရုတ် - ဗမာ နယ်စပ်က လူမျိုးစုတွေက “လူမျိုးက တမျိုး၊ တိုင်းပြည်က ၂ ပြည်” ဖြစ်နေတာပါ။ ဟိုဘက်က မီးပွား ဒီ ဘက်ပြန့်လာမှာကို စိုးရိမ်မပေါ့။

ဗကပ ရဲ့ တခါက ရဲဘော် မိတ်ဆွေတွေ လှုပ်ရှားလာတယ်

သူတို့က လူ “အ” တွေ မဟုတ်ဘူး။ KIA ကို နမူနာပြလုပ်နေတာကို ရိပ်မိတယ်။ အပစ်အခတ်ရပ်စဲထားပြီး နိုင်ငံရေးစ ကား မပြောဘဲနေတဲ့ပေါ်လစီ၊ ၂၀၀၈ အခြေခံဥပဒေအောက် ဆွဲသွင်းနေတဲ့ပေါ်လစီ၊ “လွှတ်တော်” ထဲကျမှ နိုင်ငံရေး စကားပြောကြဆိုတဲ့ လုပ်နည်းက ဘာသဘောလဲဆိုတာကို သိကြတယ်။ ဒါကြောင့် လှုပ်ရှားလာတာပဲ။

စစ်မှန်တဲ့ တန်းတူသွေးစည်းတဲ့ ပြည်ထောင်စုဖြစ်ဖို့

တပြည်ထောင်အနှစ်သာရကို ပြည်ထောင်စု ဆိုင်းဘုတ်ချိတ်ပြီး လှည့်စားထားတာကို ဖွင့်ချရလိမ့်မယ်။ ၁၉၄၇ လိုတောင် မလိမ့်တပတ်လုပ်မထားတဲ့ အခြေခံဥပဒေ ၂ ခု (၁၉၇၄ - ၂၀၀၈) ကို အားလုံးက ထိုးထွင်းပြီးပြင်အောင် ဗမာအတိုက်အ ခံတွေက ရှင်းပြရမယ့်တာဝန်ရှိတယ်။ နှာစေးနေလို့ မဖြစ်ဘူး။

ရခိုင်၊ မွန်၊ ရှမ်း ပဒေသရာဇ် မင်းပြိုင်ခေတ်သမိုင်း နှစ် ၂၀၀၊ နှစ် ၁၀၀ သမိုင်းကို သူတို့ ဘယ်တော့မှ မေ့ကြမှာ မဟုတ် ဘူးဆိုတာလည်း သတိပြုရမယ်။

မိမိတို့ ပြောသင့်တာက …
-    ဆန္ဒအလျောက်စုစည်းတဲ့ ပြည်ထောင်စုဖြစ်ရေး
-    စစ်မှန်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး
-    တရားမျှတတဲ့ အာဏာခွဲဝေမှုရှိရေး
-    ပွင့်လင်းမြင်သာတဲ့ သဘာဝသယံဇာတ တူးဖေါ်ရေး၊ ဒေသန္တရ လူမျိုးစု အမျိုးသားပြည်သူများကို သူတို့ဒေသ တွင်းရှိ မြေပေါ်မြေအောက် သယံဇာတက အကျိုးစီးပွားကို မျှဝေခံစားစေရေး၊ လုံခြုံရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့ သင့်တင့်တဲ့အင်အားနဲ့ ထားရှိရေးတို့လို ကိစ္စတွေမှာ ၂ ဖက် သဘောတူသည်အထိ စေ့စပ်ညှိနှိုင်းရလိမ့် မယ်။

လူမျိုးရေးပြဿနာဟာ သိပ်အကဲဆတ်တယ်

ဗမာလူမျိုးအခြေခံတဲ့ နိုင်ငံရေးပါတီတွေက ပိုပြီးသတိရှိရမယ်။ ပြည်တွင်းစစ် စတုန်းက ဒီမိုကရေစီရေးပဲ။ ဗမာချင်း ရန် ပွဲပဲ။ နောက်တော့ လူမျိုးရေးပါလာတာကို သတိပြုရလိမ့်မယ်။ လက်နက်ကိုင်တိုက်နေတဲ့ လူနည်းစု၊ လူမျိုးစုတွေက အစိုးရကို ဗမာဖြူ၊ အတိုက်အခံကို ဗမာညို၊ ကွန်မြူနစ်ကို ဗမာနီ အားလုံးအတူတူပဲလို့ ယူဆနေကြတာ ကြာလှပြီ။လူမျိုး ရေး ပြဿနာကို အသုံးချတတ်တဲ့ နယ်ချဲ့ကိုလည်း သတိထားရမယ်။

-    “၁၉၄၇ အခြေခံဥပဒေ” ရဲ့ ပုဒ်မတခုအရ ၁၀ နှစ်စေ့ရင် ရှမ်းပြည်က ခွဲထွက်ခွင့်ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ ခေါင်းဆောင်မှုနဲ့ ရေးဆွဲထားတဲ့ အခြေခံဥပဒေ ပဲ။
-    “၁၀” နှစ်စေ့တော့ ရှမ်းပြည်ခွဲထွက်မလား၊ အခြေခံဥပဒေ ပြင်မလားဆိုတာကို စပြီးစဉ်းစားကြတယ်။ စဉ်းစားသူ တွေက ကျနော်တို့ ရဲဘော်တွေပဲ။ မိတ်ဆွေတွေပဲ။ မိမိတို့လည်း ပါဝင်စဉ်းစားခဲ့တယ်။ ပထမတော့ တိုးတိုးတိတ် တိတ်၊ နောက်တော့ ပွင့်ပွင့်လင်းလင်း ပြောကြရေးကြတော့တယ်။ စော်ဘွားတွေက နောက်မှပါလာတာပဲ။ ဦးနု စေ့စပ်ပေးချင်တယ်။ ဒါပေမဲ့ စေ့စပ်ခွင့် မရဘူး။ တပြည်ထောင်စနစ်ဝါဒီတွေရဲ့ အားပေးမှုနဲ့ “၁၉၆၂” ဗိုလ်နေ ဝင်း အာဏာသိမ်းပွဲဖြစ်တာပဲ။
-    စစ်အုပ်စုရေးဆွဲတဲ့ ၁၉၇၄ နဲ့ ၂၀၀၈ အခြေခံဥပဒေတွေက “ပြည်ထောင်စု” နာမည်ပဲ ချန်ထားပြီး တပြည်ထောင် စနစ်ကို အတိအလင်း ပြဋ္ဌာန်းတာ ဖြစ်တယ်။
-    စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့ကို ဗမာလူမျိုးအခြေခံတဲ့ပါတီတွေက အတိအလင်း ပြောကြဖို့လိုတယ်။ နှာစေးနေ လို့ မဖြစ်ဘူး။ နှာစေးနေရင် ဗမာတွေက ဖြူဖြူ ညိုညို အားလုံးအတူတူပဲလို့ သတ်မှတ်ကြတော့မှာပဲ။ (“ဗမာနီ” ကတော့ ဒီနေ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပေါ်ပေါ်လွင်လွင်မနေ မြေလျှိုးနေလို့ ဖြုတ်ထားတယ်)

ဗမာချင်း ပြန်လည်ရင်ကြားစေ့ရုံနဲ့ ပြည်ထောင်စုပြဿနာ ရှင်းမသွားနိုင်ပါဘူး။ အားလုံး စဉ်းစားစေချင်ပါတယ်။

ဗကပ (ဗဟို)
၂၂ - ၁ - ၂၀၁၃

No comments: