Tuesday, January 29, 2013

ဆိတ်ဖွားလွှတ်တော်နှင့် မုန့်ဟင်းခါးသမ္မတကြီးတို့အကြောင်း

ဦးသိန်းစိန် (သမ္မတ) နဲ့ ဦးရွှေမန်း (လွှတ်တော်) တို့ တခုခုဖြစ်နေတဲ့ သဘောမျိုးလေးတွေ ကြားရပါတယ်။ ဒါနဲ့ပတ် သက်လို့ အလွှာစုံကြားမှာ အမြင်များလည်း ကွဲပြားကြတယ်။ မျက်စိကြီးနားကြီးဆိုသူတွေကတော့ ပရောဟိတ်လိုလို၊ ပရောဖက်လိုလို၊ ဗေဒင်ဆရာလိုလို၊ ရှေ့ဖြစ် ဟောလိုလို၊ ချဲတွက်သလိုလို၊ ဘောလုံးလောင်းသလိုလို၊ အိပ်မက်ရသလိုလို၊ အကြားအမြင်ပေါက်သလိုလိုတွေပြောဖန်များတော့
မျက်စေ့လည်ချင်စရာပါပဲ။ တမင်လည်အောင်ဝိုင်းလှည့်ပေးကြ၊ အလံရှူးလုပ်ကြတာတွေလည်း ရှိတာကိုး။

ဗမာ့နိုင်ငံရေးအခင်းအကျင်းက ကျနော်တို့ငယ်ငယ်က ကားဂိတ်၊ သင်္ဘောပေါ်နဲ့ လူစည်တဲ့နေရာတွေမှာ တွေ့ရတတ်တဲ့ ဖဲသုံးချပ်ကစားပွဲနဲ့များ ဆင်နေသလားလို့ တွေးမိပြန်တယ်။ ဖဲသုံးချပ်ဝိုင်းမှာ ဖဲကိုင်ရဲ့ကဏ္ဍအရေးပါသလို အလံရှူးရဲ့ ကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ခုလည်း ဖဲကိုင်ရောအလံရှူး ဂျက်ကျလက်ကျ နွှဲနေတာတွေ မြင်နေရပါတယ်။ မျက်စေ့လည်တဲ့အထဲ ကျနော်လည်း ပါပါသွားတတ်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ မျက်စေ့လည်လေ သူတို့ဆန်ပိုရ လေ၊ ကျနော်တို့ မျက်ဖြူဆိုက်လေ သူတို့ရဲ့ ဥုံဖွနဲ့အပ်ချလောင်း ပွဲတောင်းခံရလေ မဟုတ်လားဗျာ။

ခုတလော (ဦးသိန်းစိန်၊ ဒေါ်ခင်ဝင်း) မုန့်ဟင်းခါးဆိုင်လေး အတော်ရောင်းကောင်းနေသံ ကြားတယ်ဗျ။ တချို့များ ဟင်း ရည်တောင် သုံးခါလောက် အဆစ်တောင်းသောက်ကြတယ် ပြောတယ်။ ပြောရရင်တော့ အများသား။ သမ္မတကြီးရဲ့ အကိုအိမ်တဲ့။ နတ်မောက်သား အိမ်နဲ့ယှဉ်ကြည့်ပေါ၊ တက္ကသိုလ်ရိပ်သာလမ်းအိမ်နဲ့ နှိုင်းကြည့်ပေါ့..တဲ့။ သမ္မတကြီး ဆေးရုံတော်လား မှတ်တမ်း..တဲ့။ ဗိုလ်အောင်ဆန်းကမှ နေမကောင်းအကြောင်းပြပြီး  ဆေးရုံတက်ဖွန်ကြောင်တာ.. တဲ့။ ဘုရားဖြစ်မယ့် အုတ်နီခဲကြီးမို့ပါ..တဲ့။ ဘုရားတွေလည်း အများကြီးတည်ခဲ့တာကြည့်ပါလား..တဲ့။ လာဘ်လည်းမစား ဘူး..တဲ့။ ထမင်းပဲစားတာ..တဲ့။ ကောင်းမွန်တဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရဖြစ်ရေးကလွဲပြီး ကျန်တာတွေ ခေါင်းထဲမထည့် ဘူး..တဲ့။ ထည့်စရာ ခေါင်း မရှိလို့ပါ..တဲ့။ ပြောကြတယ် အမျိုးမျိုးပဲ။

အဲ့သလိုပဲ ဦးရွှေမန်းလည်း ခုတလော ကရင်ဝတ်စုံကြီးတဖါးဖါးနဲ့ မေမေစုတို့နဲ့တွဲပြီး ဒုံးယိမ်းတွေ ရင်ထဲရောက်လာတယ် လုပ်နေတာ တွေ့တယ်ဗျ။ အဲ့ဒါ အလကားမဟုတ်ဘူး..တဲ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်တာ..တဲ့။ သင့်မှမသင့် မြတ်ကြတာကိုး..တဲ့။သူက ဥပဒေကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်တာ ခုမှဟုတ်ဘူး..တဲ့။ စစ်ဗိုလ်ဘဝတုန်း ကတည်းက..တဲ့။ ဗိုလ်ခင်ညွန့်ကိစ္စတုန်းက ဥပဒေအထက်မှာဘယ်သူမှမရှိလို့ ပြောခဲ့တာ..တဲ့။ (သူကလွဲပြီး) ဆိုတာကို စာစီသမားက မေ့ပြီးမထည့်လိုက်မိတာ..တဲ့။ တခြားစစ်ဗိုလ်တွေလိုလည်း ကိုယ်တိုင်စီးပွားရေးမလုပ်ဘူး..တဲ့။ သူ့ က လေးတွေပဲ လုပ်တာပါ..တဲ့။ သိတတ်တဲ့နေရာမှာလည်း နှစ်ယောက်မရှိဘူး..တဲ့။ ရွှေကြီးဆို ခုချိန်ထိ သူ့ကိုအားကိုးတုန်း .. တဲ့။ ကော်မရှင်ဖွဲ့တဲ့နေရာမှာလည်း ချန်ပီယံ..တဲ့။ နိုင်ငံရေးအလုပ်လက်မဲ့တွေကို ကော်မရှင်ဥက္ကဋ္ဌရာထူးတွေ ရက် ရက်ရောရောပေးတာ..တဲ့။ ပြီးတော့ နိုင်ငံတော်အဆင့်တောင် လုပ်ပေးသေးတာ..တဲ့။ ခုပဲကြည့်… ဆိတ်ဖမ်းကော်မရှင် ထပ်ဖွဲ့ပေးပြန်ပြီ..တဲ့။ တိုင်းပြည်နဲ့ချီပြီး ခေါင်းစားရတဲ့ကိစ္စကြီးကို သူမို့ ခေါင်းခြောက်ခံလုပ်တာ..တဲ့။ ထားပါတော့ဗျာ။ ခု အဲ့ဒီနှစ်ယောက် တယောက်နဲ့တယောက် စိတ်ကောက်နေသလိုလို ဘာလိုလိုကြားတယ်ဗျာ။ နှုတ်ခမ်းတစူစူ ခြေတ ဆောင့်ဆောင့်နဲ့လို့ ပြောတာပဲ။ ငယ်ကျိုးငယ်နာတွေလည်း ဖော်ကြတယ်ဆိုပဲ။ ကျောင်းတော်က ရန်စတွေလို့လည်း ပြောတာပဲ။

တချို့က ဒါကို ဗိုလ်လု၊ နယ်လု၊ လူလု တယ်လို့ဆိုတယ်။ တချို့က ရန်ဖြစ်ချင်ယောင်ဆောင် ပြကြတာလို့ဆိုတယ်။ တချို့ ၂ဝဝ၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်နဲ့ပျော့ကွက်ကြောင့်လို့ မြွက်တယ်။ တချို့က စစ်ဗိုလ်ဘဝတုန်းက စီနီယာအ လိုက် အဆင့်အလိုက် နာခံကြရတာမှန်ပေမယ့် ရွှေကြီးကို အားလုံးသစ္စာခံခဲ့ရတော့ ကျိုးနေတဲ့ခေါက်ရိုး ပြန်ဖြည်နေကြ တာလို့ ကလိတယ်။ တချို့က ခုမှ ကိုယ့်လွှတ်ကိုယ်ခုံ၊ ကိုယ့်ဓါးကိုယ့်တရားနဲ့ လူစွမ်းလူစပြခွင့်ရကြတာလို့ အဟောရှိ တယ်။ တခုမဟုတ်တခုတော့ ဟုတ်မှာပါပဲ။ အားလုံးဟုတ်နေတာလည်း ဖြစ်ရင်ဖြစ်မှာပဲ မပြောတတ်ပါဘူး။ ဘာဖြစ်ဖြစ် ဗျာ တခုခုတော့ဖြစ်နေတယ်ဆိုတဲ့ စိတ်အခံနဲ့ အောက်ကစာနှစ်ပုဒ်ကိုကြည့်ဗျာ။ ကျနော့်စိတ်ထဲ ဘတပြန်ကျားတပြန် လှော်နေတာများလား စီးနေတာများလားလို့ ဖြစ်မိတယ်။

သူတို့ဘာသာသူတို့ ငယ်ကျိုးငယ်နာပဲဖော်ဖော်၊ မသူတော်ပဲဖြစ်ဖြစ်၊ ပုတ်သင်ဥပဲ တူးတူး၊ အိုးပုတ်ပဲပြန်တောင်တောင်း၊ စစ်ကိုင်းရောက်ရောက်၊ ပဲခူးရောက်ရောက်ဗျာ။ ကျနော့်လို ခင်ဗျားလို မျက်စေ့သေး နားသေးတွေအတွက်တော့ အတွင်း ရေးတချို့ သိရတာပေါ့ဗျာ။ ဟုတ်တာ/မဟုတ်တာ၊ တိကျခိုင်မာမှုရှိတာ/ မရှိတာအပထားဗျာ၊ ငယ်ငယ်တုန်းက ယုံတမ်း ပုံပြင်ပြောတမ်း ကစားဖူးတယ်ဟုတ်။ မယုံလည်း ပုံပြင်လို့သာသဘောထားဗျာ။ ကြိုပြီးဝန်ခံရမှာရ အဲ့ဒီစာနှစ်ပုဒ်လုံး ကျနော် ပြုစုတာ မဟုတ်ဘူးဆိုတာပါ။ ကြိုတင်တောင်းပန်ရမှာက ဖေ့စ်ဘွတ်ခ်ကနေ ဒီစာနှစ်ပုဒ်ကိုရခဲ့တာ ဆိုတာက လွဲလို့ ဘယ်သူရေးမှန်း ဘယ်လိပ်စာကရမှန်း မဖော်ပြနိုင်တာကိုပါ။ ဖေ့စ်ဘွတ်ကနေတွေ့တယ်။ ကော်ပီ ပေ့စ်လုပ်ပြီးသာ စက်ထဲသိမ်းလိုက်တယ်။ ရေးသူနဲ့ရတဲ့လင့်(လိပ်စာ)ကို မသိမ်းမိလိုက်ဘူးဗျာ။ အဲ့ဒီတော့ ကြိုပြီးမေတ္တာရပ်ခံစရာ ပေါ် လာတယ်ဗျာ။ ဖတ်ပြီးကြတဲ့အခါ မူရင်းရေးသားသူကိုသိရင်၊ ရေးသူရဲ့လင့်ခ်ကိုသိရင်၊ ဖော်ပြထားတဲ့ မူရင်းနေရာတွေကို သိကြရင် တဆိတ်ကျေးဇူးပြုပြီး ကျနော့်ကိုပြောပါဗျာ။ ကျနော် အပြည့်အစုံကိုပြန်ထည့် ဖော်ပြပေးပါရစေ။ ပထမအပုဒ် ကတော့ ရေးသူဂိုရှယ်လေးလို့ ဖော်ပြထားတာတွေ့ရမှာပါ။ ဒါပေမယ့် သေချာချင်လို့ မေတ္တာရပ်တာပါ။ (မျိုးမြင့်ချို)


ထိပ်ပြောင်ကိုခေါက်ကြည့်ခြင်း (ဂိုရှယ်လေး)

ထိပ်ပြောင်လို့ပြောလျှင် တပြည်လုံးမျက်စေ့ထဲ ပြေးမြင်နိုင်သောသူ တယောက်ထဲသာရှိသည်။ သူသည်တခြားလူ မ ဟုတ်။ ပျော့ပြီး တအိအိနှင့်နံလွန်းသော ကြောင်ချေးမှန်းသိကြသည်။ သူသည် ပေါ့သေးသေးမဟုတ်၊ တမြေ့မြေ့လေး လာသော ရေစိုသဲအိတ်ကြီးနှင့်တူသည်။ သူသည် လူထူးဆန်းမဟုတ် တဖြေးဖြေးချင်း သင့်အားလိမ်ပတ်နေသော စပါး ကြီးမြွေကြီးနှင့် တူသည်။ သူသည် လူဖြောင့်ကြီးတဦးမဟုတ် တဆစ်ခြင်း တဆစ်ခြင်း သင့်အား အပိုင်းပိုင်းတစ်တစ် ထုဆစ်ဖြတ်ထုတ်မည့် ယန္တယားစက်သွားကြီးနှင့်တူသည်။ သူသည် အလုယက် တာထွက်ကြပြီး ရာထူးနေရာများ အ တွက် ရှာဖွေအိမ်မက်ကြသူများအကြား မထင်မှတ်ဘဲပေါ်ထွက်လာသော အဆိပ်မြုံမှိုတပွင့် ဖြစ်နေသည်။

ခြေမြန်တပ်ရင်း (ခမရ) ၁ဝ၉ တပ်ကုန်းမြို့လေးမှာ ကုတ်ချောင်းချောင်းနဲ့ နေခဲ့တဲ့ သမီး ၂ ယောက် ဖခင်၊ သူသည် ၁၉၈၆ နိုဝင်ဘာလတလျောက် စီစီဝမ် တာပန်၊ လွယ်ဝိန်း၊ မုံးပေါ်ဒေသ နမ့်မချက်တောင်ကြောတလျောက် လက်သံ ပြောင်ပြောင်ဖြင့် သတ်ဖြတ်ပြခဲ့သူ၊ သူသည် ရုတ်တရက် ဗိုလ်မှူးဘဝကနေ ဒုတိုင်းမှူး၊ ပြီးတော့ မပခ တိုင်းမှူးဘဝသို့ ခုန်ကျော်ရောက်ခဲ့တဲ့ မိုင်းယမ်းဒေသမှ ၁၉၈၈ စက်တင်ဘာစစ်ဆင်ရေးမှာ အစုလိုက်အပြုံလိုက် သုတ်သင်ပြခဲ့ သူ၊ သူ သည် မပခ တိုင်းမှူးဘဝ ၁၉၉၆ မှာ သန်းရွှေအလိုကျ မူးယစ်ဆေးဝါမှန်သမျှကို ဒေါ်လာဖြစ်အောင် ကျင်ထုတ်စစ်ထုတ် ပေးခဲ့သူ၊ သူသည် ခွန်ဆာမှအစ ဝေရူးဂမ်းအထိ မဲသဲနေတဲ့ဘိန်းခင်းလမ်းကို အဖြူရောင်ဖြစ်အောင် ဘိန်းဖြူများကို မြန်မာ့အာဏာရှင်အိမ်တွင်းဘဏ်တိုက်အား ပြည့်ကြပ်အောင်ဖြည့်တတ်သူ၊ သူသည် ဘာသာရေးကိုဘန်းပြ စစ်ရေးနဲ့ အနိုင်ရအောင် ဖိုဝင်သားများစားတတ်သူ၊ သူသည် ဗိုလ်ခင်ညွန့်ကို ဆွဲချလှေကားထစ်ထုဆစ်ပြခဲ့သူ၊ သူသည် လက် ဆယ်ဖြာဦးထိပ်မှာတင်ပြ ၂ဝဝ၇ သံဃာများကိုရိုက်နက်ဖမ်းဆီး ထောင်သွင်းချပြသူ၊ သူသည် လုံခြုံရေးနဲ့အမှောင်ချ နာဂစ်ဒုက္ခသည်တွေကို ခေါက်ဆွဲချောက်ပြပြီး ၂ဝဝ၈ ဥပဒေကို ရုပ်လုံးကြွလာအောင်လုပ်ပြသူ၊ သူသည် စစ်ဘောင်းဘီ ကို ချွတ်ချ ချိတ်ထမီကိုချက်ချင်း ကောက်ဝတ်ပြတတ်သူ၊ သူသည် ၂၀၁ဝ မှာ မျှတခြင်းကိုဆောင်ပြ ကြိုတင်မဲနှင့် အနိုင် ရသူ၊ သူသည် အရပ်သားအစိုးရတယောကို ထိုးပြ စစ်အစိုးရမီးရောင်အောက်မှာ ကပြသူ၊ သူသည် ဒီမိုကရေစီသူရဲ ကောင်းတွေ၏ ဦးခေါင်းနဲ့ ဒူးခေါင်းကို နူးညံ့ပျောပျောင်းအောင် အနှိပ်အနယ်ကျွမ်းကျင်သူ၊ သူသည် သန့်ရှင်းသော ကောင်းမွန်သော အုပ်ချုပ်ရေးတေးသီချင်းကိုဆိုပြ အဂတိလောကနဲ့ တိုင်းပြည်ကိုရစ်နှောင်ထားသူ၊ သူသည် ဆင်းရဲ သား ပပျောက်ရေးကို ခြယ်မှုန်းပြ လူချမ်းသာတွေဘဝကို အကာကွယ်ပေးသူ၊ သူသည် ရိုဟင်ဂျာကိုဘန်းပြ ရခိုင်ဒေသ ကို စစ်အုပ်ချုပ်ရေးချမှတ်သူ၊ သူသည် မီးခိုးဗုံးကိုကိုင်ပြ မီးလောင်ဗုံးနဲ့လက်ပံတောင်းကိုသင်္ဂြိုဟ်သူ၊ သူသည် ရိက္ခာပို့ တာကို အကြောင်းပြ ကချင်ဒေသကို ပြာချသူ၊ သူသည် စစ်လေယာဉ်တွေနဲ့ဗုံးချ လိုင်ဇာအလှကို အကျဉ်းတန်စေခဲ့သူ၊ သူသည် ပစ်ခတ်ရပ်ဆိုင်းကြောင်းကိုအော်ချက်ထုတ် အမြောက်တပ်အုပ်နဲ့ ကချင်တောင်တန်းများကို မီးဖုတ်သူ၊ သူသည် ပြည်သူ့ ဘဝသာယာရေးကိုဟန်ပြ တရုတ်ကျွန်ဘဝ တပြည်လုံးကျရောက်သွားအောင် ဆောင်ကျဉ်းသူပင် ဖြစ်တော့သည်။

ယနေ့ ကျနော် ခေါက်မိပြီး နိုင်ငံတော်သမ္မတဦးသိန်စိန်ခေါင်းမှ ပွင့်ထွက်လာသော အတိတ် ပစ္စုပ္ပန် အနာဂတ် ဆက် လက်လည်ပတ်နေသည့် ရလဒ်များ၏ အဖြေပင်ဖြစ်တော့သည်။ ကျေးဇူးတင်ပါသည်။

(ဂိုလ်ရှယ်လေး)
ရေးသားချိန် (၂၁ ရက် ၁လပိုင်း ၂၀၁၃ ခုနှစ် နံနက် ၅ နာရီ ၄၀ မိနစ်

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအကြောင်း သိသမျှ...။

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ(ဦး)ရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်တပ် က အကြမ်းဖက် နှိမ်နင်းတုန်းက ဗိုလ်မှူးအဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်လက်နက်ကိုင်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရဘွဲ့တံဆိပ်ကိုရခဲ့ပြီး ဗိုလ်မှူးကြီးအဆင့်အထိ ရာထူးဆက်တိုက်တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ်မှာ ဗိုလ်မှူးချုပ်အဆင့်တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူးဖြစ်လာတယ်။ နောက်တနှစ်အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူး ဖြစ်လာပြီး နအဖစစ်ကောင်စီရဲ့ ယာယီအဖွဲ့ဝင်ဖြစ်လာတယ်။ ၂ဝဝဝ ပြည့်နှစ်မှာတော့ ဗိုလ်ချုပ်အဖြစ် ထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ(ဦး) ရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စေ့ကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက်ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစုတတ်တော့ အရှင်မွေးတော့နေ့ချင်းကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူး ကြီး မြေးအစဉ်အဆက်ကို ထိန်းပေးခဲ့သလို၊ သမီးတွေရဲ့ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချလုပ် ပေးခဲ့တယ်လို့ အတွင်းသိတချို့ကတော့ ပြောကြတယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာမလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် လည်း ယောက်ျားတက်လမ်း၊ ဘဝတက်လမ်းအတွက် မောင်တထမ်းမယ်တရွက်ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ် လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ်ရွှေမန်းဟာ ကာကွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူးသေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်ထားခြင်းခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ ဘယ်မျှ ရှိတယ်ဆိုတာ တိတိကျကျမသိရပေမယ့် ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုဗိုလ်ချုပ်မှူးကြီးတို့ရဲ့အမိန့်တွေကို အကောင်အ ထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံးကသိကြတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံးတ ယောက်ဖြစ်တဲ့ စစ်တပ်ကိုပိုက်ဆံရှာပေးနေရတဲ့ ဦးပိုင်လီမိတက်ဥက္ကဋ္ဌဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့တွဲပြီး ၂၀၀၈ မှာ စစ်လက်နက်ပစ္စည်းဝယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ ရတယ်။

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေးကဏ္ဍတွေ မှာ ခေတ်မီဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံစီးပွားထက်စာရင် မိသားစုအကျိုးစီးပွားက ပိုများနေမလား ပဲ။ တကယ်တမ်းလည်း သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီးသြရသ အောင်သက် မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ဧရာဝတီတိုင်းတတိုင်းလုံးအတွက် မြေသြဇာရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင်အဖြစ်နဲ့ ဝင်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧကသုံးသောင်းကျော်ကို ကုမ္ပဏီပိုင်လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးရာထူးလက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင် ကာပူနဲ့ ဘင်္ဂလားဒေရှ့်ကို ဆန်တင်ပို့ရောင်းချခွင့်လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမ္ပဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသော ကုမ္ပဏီတို့နဲ့အပြိုင် စပါးပေး (စိုက်ပျိုးစရီတ်ချေးငွေ) ကို လယ်သမားများထံထုတ်ချေးပြီး နိုင်ငံတော်မှချေးသလို စာချုပ် ချုပ်ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့လယ်များကို တရားရုံးမှတဆင့် သိမ်းယူသောအလုပ်များ (ခေတ်သစ်ချစ်တီး ကဲ့သို့) အများအပြားလုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။

ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်းဆီ၊ ဓာတ် မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူး ဖော်ရေးလုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန်စတဲ့ ပစ္စည်းတွေကိုတင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်း လုပ်ငန်းတွေကို လုပ်ကိုင်နေပါပြီ။ နီးစပ်သူ တယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။ မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အ မြောက်အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့သြစတြေးလျမှာ ကွန်ဒိုတွေ ဝယ်ထားပြီး အမေရိကန် ရဲ့ ဆန်ရှင်ကိုရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်းဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။ နေ ပြည်တော် မြို့တော်တည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း ဦးအောင်သောင်းသားအပါအ၀င် တခြားလူကြီးသားသမီး တွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက်အမြောက်အများ ရရှိခဲ့ပါတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ (ဦး) ရွှေမန်းရဲ့သားငယ် တိုးနိုင်မန်းကလည်း စီးပွားရေးအသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြားထားတာ မဟုတ်လား။ ကြားရတဲ့သတင်းတွေအရ နာမည်ကြီးဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေးရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိကပိုင်ပြုရေး၊ နိုင်ငံစီးပွားစီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့်သားများ ကုမ္ပဏီ” တွေကြီးစိုးတဲ့ခေတ်..တဲ့။ အာဏာရှိတဲ့အဖေတွေက သားသမီးတွေကို ကုမ္ပဏီထောင်ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင် စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှမကြီးပွားရင် ဘယ်သူကြီးပွားတော့မှာတုန်းတဲ့။

လွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကိုကြေညာတဲ့အခါ “ကျနော့်သားတွေပိုင်တာ ကျနော်ပိုင် တာ မဟုတ်ဘူး” လို့ အရူးကွက်နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။

(မျိုးမြင့်ချို)

No comments: