Thursday, January 31, 2013

နန်းအောင်ထွေးကြည် ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး အပိုင်း(၅)

နန်းအောင်ထွေးကြည် ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့) မေခွန်းထုတ်စရာများ အပိုင်း(၅)

“မင်းလုပ်ခဲ့တဲ့ (၅) နှစ်စီမံကိန်းဆိုတာလေ ငါဘယ်လိုဖြေခဲ့သလဲ သိလား။ “cs (ကိုသံချောင်း) တို့ လူကြီးတွေကို အနု နည်းနဲ့ ဆွဲဆောင်ပြီးဖြိုခွဲဖို့လို့ ငါဖြေလိုက်တယ်” နန်းအောင်ထွေးကြည် ကိုယ်တိုင်ပြောခဲ့တဲ့
စကား။

ကျမတို့ လုပ်ခဲ့တဲ့(၅)နှစ်စီမံကိန်းဆိုတာ တော်လှန်ရေးရေတိုကာလ (၁၉၈၈-၁၉၉၃) အတွင်းမှာ ရဲမေအငယ်တွေကို ရည်စားမထားစေချင်တဲ့ စိတ်စေတနာသဘောရိုးနဲ့ အပျော်သဘော လုပ်ခဲ့ကြတာတွေပါ။ ကျောင်းသားထောက်လှမ်း ရေးဘက်က ဒီလိုဖြေဆိုပြီး လိုင်းတင်မေးခဲ့တာလည်းမဟုတ်။ “ဟုတ်တယ်” လို့ ဝန်မခံမချင်း ရိုက်စစ်မေးခဲ့တာလည်း မဟုတ်ပါဘဲနဲ့ ဘာကြောင့် သူက အမှန်အတိုင်းမဖြေဘဲ ဇာတ်လမ်းတွေဆင် လိုင်းတွေတင်ပြီး ဖြေခဲ့ရပါသလဲ။

“အနုနည်းနဲ့ ဆွဲဆောင်ဖြိုခွဲဖို့” တဲ့။ ဘယ်လိုအဓိပ္ပါယ်မျိုးလဲ။ ဘာသဘောသက်ရောက်ပြီး ဘယ်လောက်တာသွားတဲ့ စကားလဲဆိုတာ မြန်မာစကားတတ်သူတိုင်း နားလည်နိုင်ပါတယ်။

ဒါကြောင့်လည်း သူဖြေခဲ့သလို “အနုနည်းနဲ့ဆွဲဆောင်မယ့်” မိန်းကလေးမျိုးတွေလား၊“ကျောင်းသူ အပျိုစစ်စစ်”တွေလား အသေအချာသိရဖို့ သူ့ကို မမငယ်လို့ ရင်းနှီးချစ်ခင်စွာခေါ်ဆိုပြီး သူနဲ့အပေါင်းတည့်ခဲ့တဲ့ ဆေးတာဝန်ခံရဲမေ ဆရာမ အန်ရမ်းတီး (မိုးကောင်း) ကို ဆေးစစ်ချက်ယူခိုင်းခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။

နန်းအောင်ထွေးကြည် ရဲ့ “လူကြီးတွေကို အနုနည်းနဲ့ ဆွဲဆောင်ဖြိုခွဲဖို့” ဆိုတဲ့ ဒီအဖြေကို ယုံသွားခဲ့တဲ့အတွက်ကြောင့်ပဲ ထင်ပါတယ်။ လှပချောမောပြီး လုပ်ရက်စရာမရှိတဲ့ သနားကမား ရုပ်ရည်ပိုင်ရှင် သူ့မျက်နှာကို ရင်းမှူးအောင်သန်း (ခ) ဘကြမ်းက မီးစနဲ့ကောက်ထိုးချင် စိတ်ပေါက်သွားခဲ့တာ ဖြစ်ပါလိမ့်မယ်။

အဲဒီလို ထောင်ထဲသွားပြီး ကြမ်းခဲ့ရမ်းခဲ့တဲ့ ရင်းမှူးဘကြမ်းတယောက်အတွက်နဲ့ ရင်းမှူးတွေအားလုံး ဒုစစ်ဦးချုပ် ကိုမျိုး ဝင်း ရဲ့ စီတန်းရိုက်နှက် အပြစ်ပေးတာကိုလည်း ပြန်ခံခဲ့ကြရပါသေးတယ်။ သူ့တယောက်တည်း အပြစ်ပေးလို့က တော့ သူကမမှုပါဘူး။ သူ့ကြောင့် တခြားရင်းမှူးတွေပါ ရောခံရတာမျိုးဆိုမှ သူနောက်မလုပ်ရဲတော့အောင် တားခြင်းတမျိုးပါ။

အဲဒီအချိန်က ရဲဘော်တိုင်းမှာ တဘက်က အတူစားအတူနေ ရဲဘော်ရဲဘက်သံယောဇဉ် တဘက်ကဒီလူတွေဟာ ရန်သူ့ လူတွေဆိုတာ သိလိုက်ရတော့ မယုံကြည်နိုင်လောက် အံ့သြနာကျင်မှု အခံရခက်မှု ခံစားမှုတွေ ရောပြွန်း ရှုပ်ထွေးကုန် ကြတဲ့ အချိန်ပါ။ ဒါကြောင့် တချို့ရဲဘော်တွေ အရက်မူးလာတဲ့အချိန် ခံစားချက်တွေပေါက်ကွဲပြီး ဝင်ကြမ်းခဲ့ ရမ်းခဲ့ကြတာ တွေ ဖြစ်လာခဲ့ကြတာပါ။ ခံခဲ့ရသူတွေလည်း တော်တော်လည်းခံလိုက်ရပါတယ်။

အသတ်ခံလိုက်ရတဲ့အထဲမှာပါသွားတဲ့ ကိုမောင်မောင်ကြွယ်(ရန်ကုန်) တောင် သူအဖမ်းမခံရခင်က ဝင်ရောက်ထိုးကြိတ် ရိုက်နှက်တာတွေ လုပ်ခဲ့သေးတာပဲလို့ ရင်းမှူးသိုက်ထွန်းဦး ပြောဖူးပါတယ်။ ရဲဘော်မြဇော် (ခ) ဝသုန် (ခ) မျိုးဝင်းလှိုင် (ပုလိပ်မြို့၊ တောနဲ့ မြို့ ဆက်သွယ်ရတဲ့ ရဲဘော်တပိုင်း ယူဂျီတပိုင်း) အရက်မူပြီး ကျမဆီ ရောက်လာတယ်။ သူ ကိုကြီး (ကိုထွန်းအောင်ကျော်) ကို ထိုးခဲ့ ရိုက်ခဲ့တယ်ပြောပြီး ငိုခဲ့တဲ့အကြောင်း အရင်က စာထဲမှာလည်း ကျမ ထည့်ရေးဖူးပါ တယ်။ ကြမ်းခဲ့ရမ်းခဲ့တာတွေကို ထောက်ခံတယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ ဖြစ်တတ်တဲ့ စိတ်အခြေအနေနဲ့ သဘော သဘာဝတွေကို ထည့်တွက်နိုင်ဖို့ပါ။

ရင်းမှူးဘကြမ်းဟာ အရက်မူးလာရင်ကြမ်းသလောက် စိတ်ဖြောင့်မတ်တဲ့ ရဲဘော်တဦးလည်း ဖြစ်တယ်။ ကိုယ့်နှလုံးသား က လက်မခံပေမဲ့လည်း ယူထားရတဲ့ ဦးဆောင်မှု အနေအထားတွေအရ တခါတရန်မှာ မလုပ်ချင်ပေမဲ့လည်း ရှေ့တန်း စစ်မျက်နှာတွေမှာ လိုအပ်ချက်အရ စိတ်မချမ်းမြေ့စွာ လုပ်ခဲ့ကြရတာတွေလည်း ရှိတတ်ကြပါတယ်။

ဒါတွေကြောင့်လည်း ဒီလိုလူမျိုးတွေရဲ့ အတွင်းစိတ်ဟာ အပြုစိတ်နဲ့ အပျက်စိတ် အကြိမ်ကြိမ်အဖန်ဖန် လွန်ဆွဲခဲ့ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ဖွတ်ဖွတ်ညက်ညက် ကြေနေတတ်တယ်။ (ငဲ့ညှာထောက်ထား စာနာစိတ်လုံးဝမရှိဘဲ နောက် ပြန်လှည့်မကြည့်စတမ်း အပီအပြင် ကမ်းကုန်အောင်မိုက်တတ်တဲ့ လူမိုက်မျိုးတွေမှာ ဒီလိုဒွိဟစိတ်နဲ့ စိတ်ပြဿနာမျိုး တွေ မရှိပါဘူး။)

ရင်းမှူးဘကြမ်းရဲ့ဇနီးဟာ ကျောင်းသားတပ်မှူးရဲ့ မိန်းမဆိုပြီး သူ့ဇနီးနေတဲ့မြို့ရွာလေးမှာ တာဝန်ကျတဲ့ နမ္မားစစ်တပ်က တပ်ကြပ်ကြီးတယောက်ဟာ ညတိုင်း အရက်မှူးပြီး ရင်းမှူး ဘကြမ်းရဲ့ဇနီးဆီလာလည်ပတ် ပေါက်တတ်ကရ ရိသဲ့သဲ့ စကားတွေပြောပြီး လာလာရစ်ခဲ့ အနှောင့်အယှက်တွေ ပေးခဲ့ကြတယ်။ အဲဒီနောက် အလိုမတူဘဲ စော်ကားခံခဲ့ရတယ်။ အဲဒီကိုယ်ဝန်ကို ဖျက်ချဖို့ကြိုးစားရင်းနဲ့ပဲ ရင်းမှူးဘကြမ်းရဲ့ဇနီးဆုံးသွားခဲ့ရတယ်။ နောက်ပိုင်းမှာ ရင်းမှူးဘကြမ်း ကိုယ် တိုင်လည်း ရှေ့တန်းစခန်းမှာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်အဆုံး စီရင်သွားခဲ့တယ်။ ရန်သူနဲ့ ပတ်သက်လာရင် ဒီ ရဲဘော်တွေ ဘာကြောင့်မိုက်ကြ ကြမ်းကြသလဲဆိုတဲ့ ပြရုပ်လေးတခုပေါ့။

(ကျောင်းသားတပ်မတော်ဟာ ရှစ်လေးလုံးနောက်ပိုင်းထွက်လာတဲ့ ကျောင်းသား၊ လူငယ်၊ အလုပ်သမား၊ လယ်သမား လူထု လူတန်းစား အလွာပေါင်းစုံ၊ ရှမ်း၊ ကချင်၊ ချင်း၊ နာဂ၊ ကရင်၊ ကရင်နီ၊ မွန်စသည့်လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထား တဲ့အဖွဲ့အစည်းဆိုတာ မသိရှာတဲ့ ကိုမောင်မောင် (ရွေကရဝိတ်) ကတော့ သူ့စာအုပ်ထဲမှာ လယ်သမားတဦး ဖြစ်တဲ့ ရင်းမှူး အောင်သန်း နာမည်နောက်ကနေ ကွင်းစကွင်းပိတ်နဲ့ လေးတန်းအောင်လို့ ရေးထည့်ထားတယ်။ ကိုယ့် ကိုယ်ကို ပညာတတ် လူယဉ်ကျေးလို့ထင်နေတဲ့ ဥာဉ်မျိုးနဲ့ ထင်ပါရဲ့။)

ကိုမျိုးဝင်းက သူမကျဆုံးခင်အချိန်တုန်းက ရှေ့တန်းစစ်မြေပြင် တနေရာမှာ သူ့လက်တွေကို ဖြန့်ကြည့်ရင်း “ငါ့လက်တွေ တော့ သွေးစွန်းသွားပြီ ဒီအဖွဲ့ရဲ့တာဝန်တွေကို မင်းတို့ပဲဆက်ယူ ဆက်လုပ်ကြရမယ်” လို့ ရဲဘော်မင်းဌေးကို ပြောခဲ့ တယ်။ ဒီလိုအသိ ဒီလိုအပြောမျိုးကို “အာဏာရူးတဲ့သူ” တွေဆီက ကြားဖူးခဲ့ကြပါရဲ့လား။

ဒါဟာ စနစ်ဆိုးကြီးတခုအောက်က စိတ်အနုနဲ့အကြမ်း အသိပညာနဲ့မိုက်မဲမှု မလုပ်ချင်ဘူး ဒါပေမဲ့လုပ်ရမယ်ဆိုတဲ့ ဒွိဟ စိတ်တွေ ရောယှက်နေတဲ့ လူသားတဦးရဲ့ ကိုယ်ကိုယ်တိုင်မနှစ်မြို့တဲ့ အလုပ်တွေကို တာဝန်ယူထားရတဲ့ အနေအထား တခုအရ အခြေအနေတခုအောက်မှာ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ လွဲမှားတဲ့အသိတွေနဲ့ လုပ်ခဲ့မိလို့ ကိုယ့်ကိုယ်ကို နာကျည်း စက်ဆုပ်ရွံရှာမှုကနေ ထွက်ပေါ်လာတဲ့ အသံတခုပါ။ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကိုပြန်ပြီး အခတ်ခံရတဲ့ အပြစ် ဒဏ်ထက် ပိုပြီးထိရောက်တဲ့ အပြစ်ဒဏ်မျိုးရှိရင် တစိတ်လောက် ညွှန်ပြပေးပါ။

မိုင်းဆရာ ရဲဘော်ဇော်လွင်ဟာ သူတာဝန်ကျရာနယ်မြေအတွင်း သွားလာနေစဉ် အဖမ်းခံခဲ့ရတယ်။ ရန်သူက သူ့ကိုကျောင်းသား ရဲဘော်တွေ ပုန်းခိုစခန်းချရာနေရာကို လမ်းပြခိုင်းခဲ့တယ်။ စခန်းအနီးပတ်ဝန်းကျင် သူထောင်ခဲ့တဲ့ မိုင်း တွေကို သူအသိဆုံးပဲလေ။ ပါးစပ်ကအော်ခွင့်မရတဲ့အတွက် ကိုယ်ထောင်ခဲ့တဲ့မိုင်းကို ကိုယ်ကိုယ်တိုင်ပြန်နင်းချပြီး မိုင်း ကွဲသံနဲ့ပဲ သူ့ရဲဘော်တွေကို “ရန်သူဟေ့” လို့ သူ့အသက်နဲ့ရင်းပြီး တပ်လှန့်အသိပေးသွားခဲ့တယ်။ မြောက်ပိုင်း ကျောင်း သားတပ်မှာ အဲဒီလို သေရဲ သတ်ရဲတဲ့ စစ်တပ်အနိုင်ကျင့်တာကို သူတို့ရဲ့မိဘဆွေမျိုးတွေ တရွာတည်းသားတွေ တ ဘက်သတ်ခံခဲ့ရတဲ့ ဘက်နှစ်ဘက်ကြားမှာ မြေဇာပင် ဖြစ်ကြရတဲ့ အညိုရောင်နယ်မြေမှာ ကြီးပြင်းလာကြရတဲ့ လူမိုက် လူကြမ်း ရဲဘော်တွေနေခဲ့ကြတယ်။

သွေးစွန်းမခံချင်ရင် သိပ်ဖြူစင်ချင်နေကြရင်တော့ လက်နက်ကိုင်တော်လှန်တဲ့လမ်းကို မလျှောက်ခဲ့တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့နယ်မြေမှာ သူ့လူ ကိုယ့်လူ တံဆိပ်တပ်ထားလို့ ရတာမျိုးမဟုတ်သလို သူလူ ကိုယ့်ဘက်သား၊ ကိုယ့်လူသူ့ဘက်သား ရောနှောလုံးထွေးရှိနေကြတဲ့အပြင် သူ့လူရောကိုယ့်လူရော ကြားထဲက ကိုယ့် ဘာသာကိုယ် အေးအေးဆေးဆေးလုပ်ကိုင်စားနေတဲ့ ပြည်သူတွေ၊ မိန်းမတွေ၊ ကလေးပါမကျန် မဆီမဆိုင် အကုန်ရော ခံနေကြရတာမျိုးပါ။

မြစ်ကြီးနား တပ်မဟာ (၃) နယ်မြေဘက်က တိုက်ပွဲတခုနဲ့ပတ်သက်ပြီး ကေအိုင်အေက ထိပ်ပိုင်းအရာရှိတယောက် (နာ မည်မမှတ်မိ တော့လို့) ပြောပြခဲ့တာကို ရဲမေ မခင်မာအေး (မြစ်ကြီးနား) ကျမကို ပြန်ပြောပြခဲ့ ဖူးတာလေးတခုရှိပါတယ်။

အင်အားအလုံးအရင်းနဲ့တက်လာတဲ့ ရန်သူ့လှုပ်ရှားမှုကို ကြည့်ပြီး ကေအိုင်အေက မိုင်းတွေကာထား ခင်းထားပြီး ပြန် တိုက်ဖို့ အကွက်ချပြင်ဆင်ထားခဲ့ပါတယ်။

စစ်အစိုးတပ်တွေက ချီတက်ခဲ့တဲ့လမ်းတလျှောက် ကချင်ရွာတွေထဲကကချင်လူမျိုး သူတို့ရဲ့အမျိုးအဆွေတွေ၊ယောကျာ်း၊ မိန်းမတွေကို ပေါတာဆွဲလာခဲ့ကြပါတယ်။ မထင်မှတ်ပဲ အဲဒီပေါ တာဆွဲလာကြသူတွေကို တိုက်ပွဲမှာ လူသားမိုင်းရှင်း ကိရိယာတွေအဖြစ် ရှေ့ဆုံးကနေ အရင်တက်ခိုင်းလိုက်ပါတယ်။ ဘယ်လိုမှ တားဆီးချိန်မရတော့ဘဲ သူတို့ရဲ့ အမျိုးအ ဆွေတွေ ကချင်အမျိုးသား၊ အမျိုးသမီးတွေရဲ့ အော်ဟစ်သံတွေ ငြီးတွားသံတွေကို သူ့တို့ အတိုင်းသားကြားနေရပြီး သူ့နားထဲကနေ အခုချိန်ထိ မထွက်နိုင်သေးဘူးဆိုတာကို ပြောပြခဲ့တာလေးကိုပါ။

အဲဒီအတွက် မိုင်းတွေကာထား ခင်းထာခဲ့တဲ့ ကေအိုင်အေကိုပဲ အပြစ်ပုံချရမှာလား၊ အပြစ်မဲ့ ပြည်သူတွေကို လူသားမိုင်း ရှင်း ကရိယာတွေအဖြစ် အသုံးပြုခဲ့တဲ့ စစ်အစိုးရကို အပြစ်ပုံချရ မလား။ ကျမတို့ ဒီဘိတ်လုပ်နေကြတဲ့အချိန်မှာပဲ အပြစ် မဲ့ ပြည်သူလူထု တွေကတော့ သေကြေပျက်စီးခဲ့ကြရပါပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ်သေချာတာကတော့ ဒီပြည်တွင်းစစ်ကြောင့် ကျမတို့နိုင်ငံမှာ မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေ၊ ခြေပြတ် လက်ပြတ် ဒုက္ခိတတွေ၊ စစ်ဘေးဒုက္ခသည်တွေ တပုံကြီးရှိနေခဲ့ကြတာ ထင်ရှားတဲ့ သာဓကတွေပါပဲ။ ဒါတွေ ချုပ်ငြိမ်းရပ် တန့်နိုင်ဖို့ဆိုရင် ပြည်တွင်းစစ် စတင်ဖြစ် ပွားလာရခြင်း အကြောင်းအရင်းတွေဆီ ကျမတို့ မလွဲမသေပြန်သွားကြရမှာပါပဲ။

ကေအိုင်အေက အရာရှိတယောက် ကျမကို ပြောပြဖူးတာလေးကတော့ ဒီလိုပါ။ တပ်စခန်းတွေနဲ့ မနီးမဝေးမှာ ရွာသား တွေ သူတို့ စိုက်ပျိုးမွေးမြူထားတာလေးတွေ လာပြီးရောင်းချတတ်တဲ့ ငါးရက်တဈေးဆိုတဲ့ ဈေးလေးတွေရှိတတ်ပါ တယ်။ ငါးရက်တခါ ပုံမှန် ရှိနေတတ်တဲ့ ဈေးလေးတွေပါ။ အဲဒီဈေးလေးတွေမှာ ဟင်းသီးဟင်းရွက် အသီးအနှံ အသားငါး တွေအပြင် မုန့်ပဲသရေစာ၊ အရက်သေစာ၊ အလောင်းကစားဝိုင်းတွေ အရောင်းအဝယ်ဝိုင်းတွေနဲ့ သူ့လူရော ကိုယ့်လူပါ ခြေချင်းလိမ်နေတတ်ကြတော့ သတိနဲ့သွားရလာရပါတယ်။ အဲဒီဈေးမှာ ကေအိုင်အေဗိုလ်တယောက်ရဲ့ မိန်းမကလည်း ဈေးခင်းရောင်းလေ့ရှိပါတယ်။ အဲဒီ ကေအိုင်အေ ဗိုလ်က တိုက်ပွဲတွေမှာ တိုက်ရဲခိုက်ရည်ကောင်းတယ်လို့လည်း ဆိုပါ တယ်။

စစ်အစိုးရဘက်က လူတယောက်ကလည်း အပတ်စဉ် ဈေးနေ့တိုင်း ပုံမှန်ရောက်လာတတ်ပါတယ်။ ရောက်လာတိုင်း လည်း အဲဒီ အမျိုးသမီးဆိုင်ကို ဝင်လေ့ရှိပါတယ်။ မျက်လုံးက ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်ရင်း အဲဒီအမျိုးသမီးနဲ့ လေသံတိုးတိုး လျှပ်တပြက် စကားပြောဆိုနေတတ်ပါတယ်။ ဒါကို ကေအိုင်အေဘက်က ထောက်လှမ်း ရေးတွေက အမြဲတွေ့ မြင်နေရတော့ ကြာတော့ သင်္ကာမကင်း ဖြစ်လာပါတယ်။ ဒီလိုနဲ့ အဲဒီအမျိုးသမီးကိုရော သူ့အမျိုး သား ကေအိုင်အေဗိုလ်ကိုပါ ဖမ်းချုပ်စစ်မေးကြပါတယ်။ သူတို့ကလည်း သူတို့ ဘယ်သူနဲ့မှ မဆက်သွယ်ပါဘူး၊ ဘာမှမ လုပ်ခဲ့ပါဘူးသာ ဖြေခဲ့ပေမဲ့ သူတို့ဆက်သွယ်ပြောဆိုနေတာ ငါးရက်တဈေးတိုင်း အမြဲမြင်တွေ့နေရတော့ လိမ်ညာဖြေနေ တယ်ပဲထင်ပြီး မယုံကြည်တော့ပါဘူး။ နောက်ဆုံး နှစ်ယောက်လုံး အသတ်ခံလိုက်ရပါတယ်။

သူတို့ကို သတ်ပြီးတဲ့နောက်တနေ့မှာပဲ စာတစောင် ရောက်လာပါတယ်။ စာထဲမှာ ရေးထားတာက “ ငအတွေ ငတုံးတွေ မင်းတို့ လူကို မင်းတို့ ပြန်သတ်လိုက်ပြီ မဟုတ်လား။ အဲဒီမိန်းမကို ငါးရက်တဈေးတိုင်း ဆက်သွယ်ပြီး ငါ ဘာတွေပြောခဲ့ သလဲဆိုတာ မင်းတို့သိချင်တယ် မဟုတ်လား။ ငါးရက်တဈေးတိုင်း ငါသူ့ကို သွားပြောတာက “ထမင်းစားပြီးပြီလား၊ ဘာ ဟင်းနဲ့ စားသလဲ” ဆိုတဲ့ မေးခွန်းလေးနှစ်ခွန်းပါပဲ” တဲ့။

“ထမင်းစားပြီးပြီလား၊ ဘာဟင်းနဲ့စားသလဲ” ဆိုတဲ့ မေးခွန်းလေးနှစ်ခွန်း အမေးခံခဲ့ရတာနဲ့ပဲ လူနှစ်ယောက်က အချောင် နေရင်း အသတ်ခံလိုက်ရတယ်။ ဘယ်လောက်တောင် အဓိပ္ပါယ် မရှိလိုက်ပါသလဲ။ အသေအချာ စမ်းစစ်ကြည့်ရင်တော့ အဲဒီမေးခွန်းလေး နှစ်ခွန်းက ဒီပြသနာရဲ့ အဖြေမဟုတ်တာကို တွေ့ကြမှာပါ။ ပြသနာတွေရဲ့ဇစ်မြစ်က နှစ်ဦးနှစ်ဘက် ကြားမှာ မယုံကြည်မှုတွေ သံသယတွေကို ပိုမိုတိုးပွားလာနိုင်စေဖို့သာ ဖန်တီးပေးနေတဲ့ ပြည်တွင်းစစ်က အရင်းခံကျနေ တဲ့သဘောကိုလည်း တွေ့မြင်မိကြမှာပါ။

ဒီနေရာမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတခုလည်း ရှိခဲ့ပါတယ်။ မထင်မှတ်တဲ့ နေရာမှာ နအဖတပ်တွေနဲ့ မြောက်ပိုင်း ကျောင်းသားရဲဘော်တွေ တိုက်ပွဲဖြစ်ပြီး တဘက်နဲ့တဘက် ပစ်ကြခတ်ကြတယ်။ ကြားထဲက တောင်ယာတဲ မှာ ကလေးနို့ထိုင်တိုက်နေတဲ့ မိခင်ကို မှန်သွားခဲ့တယ်။ အဲဒီမှာ မိခင်ဘာဖြစ်လို့ ဖြစ်မှန်းမသိ ကြောက်လန့်တကြား အော် ငိုနေတဲ့ ကလေးကို နအဖတပ်က အရာရှိက ကောက်ချီ စစ်ကြောင်းတလျှောက် ခေါ်ဆောင်သွားပြီး သူတို့စခန်းချရာ ရွာတရွာက အိမ်တအိမ်မှာ ကြည့်ခိုင်းထားခဲ့တယ်။

ကလေးအဖေက သူ့ကလေးပြန်လိုချင်လို့ ကျောင်းသားရဲဘော်တွေကို အကူအညီတောင်းခဲ့တယ်။ သူကိုယ်တိုင် သွား ခေါ်လို့ကတော့ ကလေးမရတဲ့အပြင် ပေါတာပါအဆွဲခံလိုက်ရအုံး မယ်လေ။ စစ်ဖြစ်နေတဲ့ရွာတွေမှာ အဘိုး၊ အဘွား၊ မိန်းမ၊ ကလေးတွေပဲ ရှိတတ်ကြတာ။ ယောကျာ်းမှန်သမျှ တိုက်တဲ့အထဲမှာပါရင်ပါ မပါရင် ပုန်းပဲ။

ရှေ့ခရီးမဆက်ခင် ကျောင်းသားရဲဘော်တပ်စိတ်တစိတ် ကလေးထားထားတဲ့အိမ်ကိုရအောင် စုံစမ်းပြီး ပြန်သွားယူပေး ခိုးပေးခဲ့ကြတယ်။ ကလေးကို သူ့အဖေ လက်ထဲ ပြန်အပ်ပေးခဲ့တယ်။ အဲဒီမှာ ကလေးအဖေက ဒီကျည်ဆံက မင်းတို့ ဘက်ကပစ်တဲ့ ကျည်ဆံ ငါ့မိန်းမကို မင်းတို့သတ်တာလုပ်နေလို့ မရဘူး။ အဲဒါ သွေးမစွန်းချင်လည်း စွန်းနေရမဲ့ စစ်ဆို တာပဲ။

ဒါ လူကြားကောင်းအောင်ပြောပြီး ဝါဒဖြန့်နေတဲ့ ပုံပြင်တွေ မဟုတ်ပါဘူး။ ဒီလို အနိဋ္ဌာရုံမျိုးတွေကို မမြင်ချင် မတွေ့ချင် အဆုံး နေတဓူဝ ရင်ဆိုင်ဖြတ်သန်းနေကြရတဲ့ သူတွေထက် ဘယ်သူတွေကများ ငြိမ်းချမ်းရေးကို ပိုပြီးအလိုလားအ တောင့်တဆုံးဖြစ်မယ် ထင်ကြပါသလဲ။

(ဆက်ရန်)

ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook)

No comments: