Thursday, January 10, 2013

ဒီ အလိမ်အညာလွှတ်တော်ကို ဘယ်လိုမှ မထောက်ခံနိုင်ပါဘူး

အလဲဗင်းမီဒီယာမှာ မောင်တင်ဦး (မြောင်းမြ) ရေးတဲ့ “ပြည်သူသဘောမတူရင် လေတရှိုက်မှ ရှူခွင့်မရှိ” ဆိုတဲ့ ဆောင်း ပါးကို ဖတ်ပြီး ခေါင်းထဲမှာ မေးခွန်းတွေ အစီအရီပေါ်လာပါတယ်။ ဒီမေးခွန်းတွေက ဘယ်သူ့အတွက်လဲ၊ ဘယ်သူ့ကို မေးရမှာလဲ ဆိုတာလည်း တဆက်တည်း အတွေးထဲမှာ ပေါ်လာပါတယ်။

ရှင်းပါတယ်။ အဆက်ဆက်အစိုးရတွေထဲက တိုင်းပြည်ရောင်းစားခဲ့တဲ့ န၀တ။ နအဖ စစ်အစိုးရ အာဏာရှင်တွေဖြစ်တဲ့ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့်၊ စိုးဝင်း၊ ရွှေမန်း၊ သိန်းစိန်၊ ရှစ်လုံးခေါ် တင်အောင်မြင့်ဦး၊ အောင်သောင်း၊ မောင်သောင်း တို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်ဒီနာမည်တွေကို အစဉ်အတိုင်းပေါ်လာ သလဲလို့မေးရင်တော့၊ ဆယ်စုနှစ် နှစ်ခုကျော် လောက်ကစလို့ သူတို့ မီဒီယာတွေကနေ နေ့စဉ်နဲ့အမျှ မကြားချင် မမြင်ချင်လောက်အောင်၊ ဒီပုံတွေ၊ ဒီနာမည်တွေကို အစဉ်အတိုင်း တွေ့နေကြားနေရလို့ပါပဲ။ တကယ်တော့ တရားခံစာရင်းတွေကို အဲဒီကတည်းက သူတို့မီဒီယာက မှတ် ကျောက်တင်နေခဲ့လေသလားလို့တောင် တွေးမိလိုက်ပါသေးတယ်။ တချို့သေသူသေ၊ ပြုတ်သူပြုတ်၊ နားသူနား၊ ထွက် သူထွက်၊ အရေပြောင်းသူပြောင်း ဖြစ်ကုန်ကြပေမဲ့၊ သူတို့ထားခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေကတော့ မြန်မာ့မြေမှာ ပြည်သူ တွေရဲ့ ရင်ထဲနှလုံးသားထဲမှာ အမာရွတ်တွေနဲ့ မွစာကြဲပြီး ကျန်နေခဲ့ပါတယ်။ ဒါ့ပြင် ကချင်မြေက စစ်ပွဲတွေလို၊ ရခိုင်မြေ က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေလို သွေးစိမ်းရှင်ရှင် ပန်းထွက်နေတဲ့ ဒဏ်ရာသစ်တွေလည်း မကြားဝံ့ မမြင် သာပါ။

ဒီကနေ့ ခေတ်ပြောင်းသွားပြီလို့ ပြောနေကြတဲ့ အရေခွံလဲ လို့ပဲပြောရမလား၊ အရေခြုံလို့ပဲ သုံးရမလား၊ ဘာ သတ်မှတ် လို့ သတ်မှတ်ရမှန်းတောင် မသိတဲ့ ဘောင်းဘီချွတ်တွေ၊ ဘောင်းဘီဝတ်တွေနဲ့ ဒီမိုကရေစီ ဂီလာနတွေပါတဲ့ အစိုးရကြီး ဆိုတာကလည်း ဒီဒဏ်ရာဒဏ်ချက်တွေကို ကုသရမဲ့အစား မသိကျိုးကျွံပြုပြီး ၂၀၁၃ နှစ်သစ်ထိ ကချင်မြေမှာ ထိုးစစ်ကြီး တွေ ဒလကြမ်းလုပ်ပြီး စစ်ဘီလူးသရဖူကို ထိန်းသိမ်းကာကွယ်ရတဲ့ အစဉ်အလာနဲ့ ကာချုပ်သစ်ရဲ့ လက်ရေစမ်းပွဲကြီး တွေကို မရှက်မကြောက် ဆင်နွှဲနေပြန်ပါသေးတယ်။

ဒီစစ်ပွဲတွေက ဘာအကြောင်းပြချက်မှ မရှိပါဘူး။ သူတို့ ထိပ်ပိုင်း Grade One အဆင့် စစ်ဗိုလ်ချုပ်ကြီးတွေ အသိုင်းအ ၀ိုင်းမှာ “ကာချုပ်နေရာ ရောက်သူတွေဟာ ဒီနေရာနဲ့ထိုက်တန်ကြောင်း သက်သေပြဖို့ နတ်ပွဲတင်နေလို့မရဘူးကွ၊ စစ် တိုက်ပြီး သွေးနဲ့ယဇ်ပူဇော်နိုင်မှ အောက်ခြေ တပ်မှူးတပ်သားတွေက လေးစားမှာ ဖြစ်သလို၊ ဒို့ကို အန်တုနေတဲ့ သူပုန် သူကန်တွေလည်း ဒီလိုလုပ်ပီး ဦးချိုးထားမှ ရမှာကွ” ဆိုတဲ့ သူတို့အဘ စစ်ဘီလူး “အဘသန်းရွှေ” မိန့်ခြွေသလို အစဉ်အ လာ အရိုးစွဲနေတဲ့ စစ်အာဏာရှင်စနစ်အောက်က လူစိတ်ပျောက်နေတဲ့ လူမိုက်လူရိုင်း စိတ်နေစိတ်ထား ကျင့်ဝတ်တွေ ကို အထင်းသားဖော်ပြနေတာသာ ဖြစ်ပါတယ်။

ဒါတွေကို အခုအစိုးရသစ်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ရွှေမန်းတို့ မသိတာ မဟုတ်ပါဘူး။ သူတို့ဘက်ကပြောရရင် ပြည်သူ့သွေးတွေနဲ့ “ထာဝရ သွေး သစ္စာရေ” သောက် ကျိန်ထားကြသူတွေပါ။ အဲဒီလို သွေးသစ္စာရေသောက်ထားတဲ့ စစ်ဘီလူးတွေထဲမှာ ဒီမိုကရေစီ ဘက်တော်သားလို့ အော်နေတဲ့သူတွေ၊ မနူးမနပ်နိုင်ငံရေးသမား ဆိုသူတွေကလည်း ကချင်မြေက အမြောက်သံ၊ ဗုံးသံ၊ ယမ်းခိုးငွေ့တွေကို မကြားချင် မမြင်ချင်ယောင်ဆောင်ပြီး လွှတ်တော်မှာ ခေါင်းပေါင်းတကားကား၊ ခြုံပုဝါ တလူလူလွှင့်ပြီး မယောင်ရာဆီ လူး၊ ဆင်ကောင်ကြီးတွေရှေ့မှာ ဆင်မွေးရှာနေရတဲ့ လုပ်ရပ်တွေနဲ့  တိုင်းပြည်နဲ့ပြည်သူတွေအတွက် လုပ်နေသယောင် ဟောပြောနေကြတာတွေကတော့ အင်မတိ အင်မတန် ရှက်စရာကောင်းလှပါတယ်။

ဒီ အလိမ်အညာတွေကို ဘယ်လိုမှ မထောက်ခံနိုင်ပါဘူး။ နည်းနည်းလေးမှ အသိအမှတ်မပြုနိုင်ပါဘူး။ ကျနော်တို့ လို ချင်တာ ငြိမ်းချမ်းရေးအတွက် အစိုးရတပ်မတော်ရဲ့ ထိုးစစ်တွေ ချက်ချင်းရပ်၊ တပ်တွေ အမြန်ပြန်ဆုတ်၊ စစ်တန်းလျား ပြန်သွား၊ ဒါပါပဲ ငြိမ်းချမ်းရေးလို့ ဆိုရာမှာ တပ်မတော်သားတွေရဲ့ ငြိမ်းချမ်းရေးက ပိုအရေးကြီးပါတယ်။ စစ်မြေပြင်မှာ ပထမဆုံး သေရတာက သူတို့ပါ၊ ဒါကြောင့် ပြည်သူတွေရဲ့ သားသမီးတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့တပ်မတော်သားတွေ သေကျေဒဏ်ရာရမှာကို ဘယ်သူမှ မမြင်ချင်ကြပါဘူး။ ဒါ့ကြောင့် ပြည်သူတွေ အသာထားလိုက်အုန်း၊ ကိုယ့်တပ်မတော် သားတွေ ငြိမ်းချမ်းဖို့အတွက် သူတို့မိသားစုတွေ ငြိမ်းချမ်းဖို့အတွက် အစိုးရတပ်မတော်ရဲ့ထိုးစစ်တွေကို ချင်ချင်းရပ်ဖို့ ဆိုတာ ဘုရားကြိုက်၊ ရဟန်းရှင်လူအကြိုက်ပါ။ ဒါကို တိုင်းပြည်ကို ဦးဆောင်နေပါတယ်။ ပြည်သူတွေအတွက် လုပ်နေပါ တယ်ဆိုတဲ့ သမတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဆိုသူတွေက ဘာကြောင့်မလုပ်နိုင်ပဲ ဖြစ်နေရတာလဲ မေးခွန်း ထုတ်ပါရစေ။ ပြည်သူ့ကိုယ် စားလှယ်ဆိုသူ လွှတ်တော်အမတ်မင်းများကလည်း ဒါတွေကို ဘာ့ကြောင့်လွှတ်တော်ထဲမှာ အကျယ်လောင်ဆုံး မပြောကြတာလည်း၊ ပြည်သူ့လစာတွေလည်း ခံစားနေကြပြီး ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုနိုင် လောက်အောင် လူစိတ်ကင်းနေကြပြီးလားလို့လည်း မေးခွန်းထုတ်ပါရစေ။

သမတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ပြည်သူ့ကိုယ်စားလှယ်တော်၊ အမတ်မင်းများခင်ဗျား...
တကယ်တန်း တိုင်းပြည်နဲ့ပြည်သူအကျိုး ဆောင်ရွက်လိုစိတ်ရှိတယ်ဆိုရင် လွှတ်တော်ထဲမှာ တခြားထွေထွေထူးထူး ဆွေးနွေးစရာ မရှိပါဘူး။ ဒီ ၂ ချက်ပဲ လက်တွေ့လုပ်စရာရှိပါတယ်။

၁။ ငြိမ်းချမ်းရေးအတွက်ထိုးစစ်တွေချက်ချင်းရပ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာ။
၂။ မြေသိမ်းယာသိမ်းချက်ချင်းရပ် မြေယာတွေကို ပြည်သူ့လက်ထဲ ချင်ချင်းအပ်။
လိုရင်းက ဒါပါပဲ။

တကယ်တော့ ဒီ ၂ ချက်သာ ရမယ်ဆိုရင် ဘာလွှတ်တော်လည်းမလိုပါဘူး၊ ဘယ်ဘီလူးတွေပဲ အုပ်ချုပ် အုပ်ချုပ်၊ ပြည် သူတွေက လက်ခုပ်တီးကြမှာပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့၊ ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) ရဲ့ ကဗျာထဲက လိုပဲ...

"ပူးသတ်မယ် ပူးသတ်မယ် ဆိုတဲ့၊
မနူးမနပ် ကောင်တွေလည်း၊
အခုတော့ အရူးဇာတ် ခင်းရတော့မလိုလို၊
ဆုပ်တဲ့လက်သီး ဖြီပြီးပြီပဲ ထားပါတော့၊
ကမ်းလာတဲ့လက် နှုတ်ဆက်ဖို့ရာ၊
သူ့လက်ဝါးတွေ ငါ့ပါးရာကြီးမပျက်သေး၊
“ကမ္ဘာမကြေ....” ဆိုခွင့်မပေးရင်၊
“ကမ္ဘာမကြေဘူး....” ဆိုလိုက်ကြရအောင်။”

ဘက်တော်သား

No comments: