Sunday, February 3, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး အပိုင်း(၇)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၇)

“ငါ့ရှေ့ကို ဗဟိုကော်မတီ စာရင်းလစ်ကြီးလာချပေးတယ်။ ငါတော့ သေသာသေလိုက်ချင် တယ်။ ဒါပေမဲ့ ကိုစိုးလင်းက လောလောဆဲ ဒီမှာမရှိတော့ တောင်ပိုင်းမှာ ဒါမျိုးတွေတော့ ရှိမှာမဟုတ်ဘူး တွေးမိပြီး ကိုစိုးလင်းကို
ဆွဲထည့်ဖြေလိုက်ရ တယ်။ စိတ်တော့ မကောင်းဘူး။”

ဒါကိုတော့ ကျမ လက်ခံနားလည်ပေးနိုင်ပါတယ်။ အရေးကြုံလာရင် လူတိုင်းဦးနှောက်ကို ထည့်သုံးရတော့တာပဲ။
ဒါပေမဲ့ ကျမရေးတဲ့စာ အပိုင်း (၂) တင်ပြီးတဲ့ နောက်မှာ ဖုန်းဆက်ခဲ့တယ်။“မင်းရေးချင်ရင်လည်း မင်းမြင်ရတဲ့ အတိုင်းပဲ ရေး (သူသိပါတယ် အဖမ်းခံကြရတယ်ဆိုတာကလွဲလို့ ကျမမြင်တာ ဘာမှ မရှိဘူးဆိုတာ) ငါ့ဘက်ကလူတွေက ငါ့နာ မည်ပါနေလို့ ဒီကောင်မကြီးကို ဝိုင်းဆော်လိုက်ရမလား လုပ်နေကြတယ်” လို့ (ကြောက်မယ်ထင်ပြီး မသိမသာခြိမ်း ခြောက်လိုက်ရင်း၊ ရေးချင်ရင်တောင် သူ့နာမည်မပါအောင် ရေးဆိုတဲ့သဘော)။ “မင်းနဲ့ ငါ သွေးသောက်ထားတယ်” ဆို တာလည်း ငါသူတို့ကို ပြောပြထားတယ်” (ကျမကို သူ့လူဖြစ်ဖို့ သတိပေးလိုက်ရင်း) “ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ ငါသံချောင်းကို ဝတ္ထုတပုဒ်ရေးပေးလိုက်တာ။ ကိုထွန်းအောင်ကျော်၊ ကိုရဲလင်း၊ ကိုညီညီကျော်၊ ကိုစိုးလင်း၊ မမညို၊ မမနှင်းမေ တို့ကိုလည်း ငါပဲဆွဲထည့်ခဲ့တာ” လို့ ထုတ်ပြောလာပြန်ပါတယ်။

ကျမဆောင်းပါးတွေ တင်တဲ့အချိန်ကြမှ ကျမမမေးဘဲ တကူးတကဖုန်းဆက်ပြီး ဘာကြောင့် ဒါတွေကို သူလာပြောနေရ လာပြီး ဖွင့်ဟဝန်ခံချက်တွေ ပေးနေခဲ့ရတာပါလဲ။

သူနဲ့သွေးသောက်ထားတဲ့သူမို့ (ဒါလည်း သွေးသောက်ပြီး သစ္စာဆိုချင်တယ်လို့ သူပဲစပြောလာလို့ သူ့ဆန္ဒကိုလိုက်လျော ခဲ့ပေမဲ့ မှန်တာကိုပြောရမယ်၊ မှန်တာကိုလုပ်ရမယ်၊ တော်လှန်ရေးအပေါ် သစ္စာရှိရမယ်ဆိုတဲ့ ကျမလုပ်နိုင်တာကိုပဲ ကျမ သစ္စာဆိုခဲ့တာပါ။ ဒါမျိုးတွေကြောင့်လည်း ကျမတို့နှစ်ယောက် သွေးသောက်တဲ့အချိန်တုန်းက “မှန်တဲ့အတိုင်းပြောရ မယ်” ဆိုတဲ့အချက်ကို သူလက်မခံဘဲ ချန်ထားခိုင်းခဲ့တာ ဖြစ်ရမယ်) ကျမကို သူ့လူအဖြစ် သတ်မှတ်ပြီး သူ့နဲ့ ပတ်သက် တာတွေတော့ ရေးမှာမဟုတ်ဘူးလို့ သူထင်ခဲ့သလား။
ဒါမှမဟုတ် ကိုယ်ချင်းစာနာမှုနဲ့ အားလုံးရဲ့ဝိုင်းဝန်းထောက်ခံမှုရနေတဲ့ ငါ့လိုလူမျိုးကို ဘယ်သူမှလာထိရဲ ရေးရဲမှာ မဟုတ် ဘူးလို့ ယူဆမိလို့လား။

ဝိုင်းဝန်းထောက်ခံကြတဲ့ အင်းအားတွေအပေါ် ငါ့အနေအထားကတော့ တစုံတရာ ခိုင်မာသွားပြီလို့ သူ့ကိုယ်သူ ယုံကြည် ယူဆပြီး တခြားလူတွေအပေါ် တခြားအကြောင်းအရာတွေအပေါ် အတွေးမချဲ့ဖြစ်အောင် လမ်းပိတ်ချင်တာလား။ သ တင်းအမှားကို ပေးချင်တာလား။ တစုံတရာကို လမ်းလွဲချင်နေတာလား။ သို့မဟုတ် မျက်မြင်သက်သေအဖြစ် ချန်ထားတဲ့ ကျမကို ဒီလိုကြိုအသိပေးထားလိုက်ရင် သူရိုးသားတယ်ဆိုတာကို ယုံ ကြည်စေဖို့လား။

လူမှားတယောက်က သူ့ကိုယ်သူ လူမှန်အဖြစ် အများကယုံကြည်လက်ခံလာဖို့ဆိုရင် မေးလာတဲ့ မေးခွန်းမှန်သမျှ ရှောင် လို့မရတော့သလို ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်းနဲ့ အမှန်အတိုင်း ဖြေဖို့ရာကလည်း မရှိမဖြစ်လိုအပ်ချက် ဖြစ်လာပါ တယ်။ ကိုယ်က တကယ်လူမှန် မဟုတ်ခဲ့ရင်တော့ အဲဒီမှာပဲ အမှန်တဝက် အမှားတဝက်နဲ့ လုံးခြာလိုက်ပြီ ကိုယ်ချည်နဲ့ပဲ ကိုယ့်ကို ပြန်ရစ်သွားမှာကတော့ မြေကြီးလက်ခတ်မလွဲပါဘူး။

အရင်တုန်းက ကျမရေးထားတဲ့စာထဲမှာ ဥက္ကဋ္ဌကိုထွန်းအောင်ကျော်ကို နာမည်တပ်ပြီး ရိုက်စစ် မေးခဲ့တဲ့သူတွေက ဘယ် သူတွေလဲ။ ကိုမျိုးဝင်း ကိုယ်တိုင် မေးခဲ့တာလား။ ကိုသံချောင်းလား။ ကိုသန်းဇော်လား။ ဇော်ဇော်မင်းလား။ အသားအ နာမခံနိုင်လို့ ဆွဲထည့်ခဲ့ရတဲ့ သူတွေက ဘယ်သူတွေလဲဆိုပြီး မေးထားတာရှိပါတယ်။

အဲဒီလူတွေ နာမည်တပ်မမေးခဲ့တာကတော့ သေချာသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ အဲဒီမေးခွန်းတွေအတွက် ဝိနည်း လွတ်အောင် ဖြေထားတဲ့အဖြေက…။

အခုနောက်ဆုံး နန်းအောင်ထွေးကြည်ပြောတာတွေကို မေသင်္ကြန်ဟိန်းရေးထားတဲ့စာ ထဲမှာတော့ ဒီလိုဆိုထားပြန် တယ်။ “သူတို့ ချပေးထားတဲ့နာမည်တွေ ကျမ လက်မှတ်ထိုးပေး ခဲ့ရပါတယ်။ ခွင့်လွတ်ပါ” လို့ နန်းအောင်ထွေးကြည် ကပြောတော့ ကိုထွန်းအောင်ကျော်က “မဟုတ်ဘူး၊ မင်းတို့သာ ငါ့ကို ခွင့်လွတ်ကြပါ။ ငါတို့ကျောင်းသားတွေ ဒီလောက် ရက်စက်ကြလိမ့်မယ်လို့ မထင်ခဲ့ဘူး” တဲ့။ အဲဒီတုန်းက အဲဒီစကားရဲ့အနက်ကို ကျမ မသိဘူး။ အခုနောက်ပိုင်း ကိုရဲ လင်း၊ ကိုစိုးလင်းတို့နဲ့ စကားပြောဆိုဖြစ်ခဲ့ကြတော့မှ တော်တော်လေး သိလာရတာ ကံကြမ္မာကိုပဲ လက်ညှိုးထိုးရမှာ လားတဲ့။

အင်း ကြည့်ရတာ (ပြန်မဖြေရှင်းနိုင်တော့တဲ့ သေသွားတဲ့နောက်တယောက် ) ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကိုတောင် ပြန်လက်ညှိုး ထိုးပြချင်သလိုလို။ အရိုက်အနှက် မခံရအောင် ဇာတ်လမ်းတွေ အများကြီးရေးခဲ့ရတော့ မမှတ်မိတော့ဘူး ပြောလိုက်။ ကျမတို့က တခါဖြေထားပြီးသားပဲ မလွဲအောင် ထပ်ခါထပ်ခါ ပြန်ဖြေရတယ်ဆိုလိုက်။ ရှေ့နောက်မညီတဲ့ ကမောက်ကမတွေရွတ်ဆိုနေတဲ့သူက ရိုက်နှက်မဲ့သူမရှိတော့တာတောင် ဆက်ရန်ဇာတ်လမ်းလေးတွေနဲ့ ဝင်္ကဘာပတ် လာနေပါပြီ။

ကိုမျိုးဝင်း၊ ကိုသံချောင်းတို့ ချရေးထားပြီးသား ကိုထွန်းအောင်ကျော် အပါအဝင် ဗဟိုကော်မတီ ဝင်နာမည်တွေရဲ့ အောက်က သူက ဆိုင်းပဲထိုးပေးလိုက်ရတာပါ။ ဆိုလိုရင်းက ကိုထွန်းအောင်ကျော်နဲ့ ဗဟိုကော်တီတချို့ကို သူဆွဲထည့် ခဲ့တာ မှန်ပေမဲ့ သူက ဆွဲထည့်ချင်လို့ထည့်ခဲ့တာမျိုး မဟုတ်တော့ဘဲ ကိုမျိုးဝင်း၊ ကိုသံချောင်းတို့ကိုယ်တိုင် ဆွဲထည့်ခဲ့ပါ တယ်ဆိုတဲ့သဘောမျိုး။

နန်းအောင်ထွေးကြည် ပြောတဲ့အတိုင်းသာ တကယ်မှန်ခဲ့ရင် ကိုမျိုးဝင်း၊ ကိုသံချောင်းတို့က သူတို့ကိုယ်တိုင် ဆွဲထည့် ထားပြီး ထောက်လှန်းရေးတွေ မဟုတ်မှန်းလည်းသိနေပါလျှက် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုကျော်ဝေ၊ အောင်ဖိုး တို့ကို လက်နက်တွေ၊ ဆက်သွယ်ရေးစက်တွေ၊ အဆိပ်တွေ ထုတ်မပေးမချင်း နန်းအောင်ထွေးကြည် ပြောခဲ့သလိုဆို ရိုးရိုးရိုက်စစ်ခဲ့ကြတာမျိုးတောင် မဟုတ်ဘူး။ လက်ဝါကပ်တိုင်တင် သံရိုက်စစ်၊ မိုင်းတွေကပ် လက်တွေဖြတ်၊ ခြေ ထောက်တွေဖြတ် နည်းမျိုးစုံနဲ့ကို သဲကြီးမဲကြီး ရက်ရက်စက်စက်နှိပ်စက် ညှဉ်းပန်းစစ်ဆေး မေးမြန်းခဲ့ကြပါတယ် ဆိုတာ မျိုးတွေ လုပ်ခဲ့ကြစရာ လိုအပ်ခဲ့ပါသလား။ လုပ်ဖို့ လိုအပ်နေသေးလို့လား။

နန်းအောင်ထွေးကြည်ပြောခဲ့သလိုဆို အာဏာရူးလို့ အာဏာလုတာများ မိုင်းကပ်လက်ဖြတ်၊ ခြေဖြတ်တွေလုပ်ပြီးမှပဲ လုယူလို့ရနေတာမျိုးလား။ တခြားနည်းလမ်းတွေ မရှိတော့လို့လား။ ကျမတို့နိုင်ငံက ရာစုနှစ်ထက်ဝက်ကျော် စစ်အာဏာ ရှင်အဆက်ဆက်ကြီးစိုးခဲ့တဲ့ နိုင်ငံလေ။

“cs , vs တို့ လိုချင်တဲ့ပစ္စည်းတွေရအောင် လုပ်ပေးပါ့မယ်။ အချိန်ပေးပါပေါ့” ကိုထွန်းအောင်ကျော် အပါအဝင် အားလုံး ဝိုင်းတောင်းပန်ကြတာ။ အဲဒီမှာ ကျမတို့ချည်းပဲ ဝိုင်းဆွေးနွေးကြဆိုပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးခိုင်းခဲ့ပါတယ်” ဆိုတာတွေကကော နှစ်ဘက်စလုံးက မဟုတ်ကို အဟုတ်လုပ်ပြီး အကယ်ဒမီရဖို့ အပြန်အလှန်သရုပ်ဆောင် လေ့ကျင့် နေခဲ့ကြတာတွေလား။

ကိုမျိုးဝင်း တို့ သံချောင်းတို့ အဲဒီလောက်တောင် ရက်ရက်စက်စက် နှိပ်စက်မေးမြန်းစစ်ဆေး ခဲ့ကြပါတယ်ဆိုတာတွေ ကိုက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့လို လူမျိုးတွေကို သူတို့ကိုယ်တိုင် မဟုတ်မှန်းသိရဲ့နဲ့ ထည့်ထား ခဲ့တာမဟုတ်လို့ ထောက်လှမ်းရေးတွေဆိုပြီး အမှန်တကယ်ယုံကြည်ခဲ့လို့ လုပ်ခဲ့ကြတယ်ဆိုတာကိုညွှန်ပြနေသလို ခံရ သူတွေထဲကပဲ ဆွဲထည့်ခဲ့ကြ၊ လက်ညိုးထိုးပြခဲ့ကြ၊ အသတ်ခံခဲ့ရအောင် လုပ်ခဲ့ကြပါတယ်ဆိုတာကိုပါ ပြန်လည် လက် ညှိုးထိုးပြနေခြင်းပဲ ဖြစ်ပါတယ်။ ရှင်းရှင်းလေးနဲ့ ရိုးရိုးလေးပါ။

ဒီသဘောအရယူကြည့်ရင် ကိုမျိုးဝင်း၊ ကိုသံချောင်းတို့ ချရေးထားပြီးသား ကိုထွန်းအောင်ကျော် အပါအဝင် ဗဟိုကော်မ တီတွေကို သူက ဆိုင်းပဲထိုးပေးလိုက်ရပါတယ် ဆိုတာက ဖြစ်နိုင်သလား။ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် ဗဟို ကော်မတီတွေကို နန်းအောင်ထွေးကြည် ကိုယ်တိုင် ဆွဲထည့်ခဲ့တာက ဖြစ်နိုင်သလား။ စာဖတ်သူတွေပဲ စဉ်းစားဆုံးဖြတ် နိုင်ပါတယ်။

နန်းအောင်ထွေးကြည် လိုပဲ ဦးစိန်၊ ဦးသောင်းမြင့်၊ ဦးအောင်ကိုး၊ ဦးဇော်ဝင်းချစ် တို့ကို ဆွဲထည့်ဖြေခဲ့သူ နောက်တ ယောက် သေချာပေါက် ရှိနေပါအုံးမယ်။ ဘာကြောင့်လဲဆိုရင် ဒီလူတွေက နီးစပ်ရာဆွဲထည့်ရမယ့် မနူးမနပ် ကျောင်း သားအရွယ် ရဲဘော်အငယ်တွေထဲက မဟုတ်ပါဘူး။ သူတို့ဘာလဲ ဘယ်သူတွေလဲ အတိအကျမသိပေမဲ့ အဖေအရွယ် လောက် ရှိနေကြတဲ့ ဗဟိုကော်မတီဝင် ရဲဘော်ကြီးတွေ။ အစီစဉ်ရှိရှိ ရည်ရွယ်ချက်ရှိရှိကို ဖြစ်သွားခဲ့တဲ့ ကိစ္စတွေပါ။

ကိုအောင်နိုင်ကို ဆွဲမထည့်ဘဲ တမင်ချန်ထားခဲ့တာလည်း ရှိသမျှအပြစ်အားလုံးကို လွဲချနိုင်ဖို့ ဆင်ထားတဲ့ အကွက်တွေ ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ စကတည်းက နန်းအောင်ထွေးကြည် ကိုအောင်မိုးဝင်း အကူအညီ နဲ့ ကျယ်ကျယ်လောင်လောင် စအော်ခဲ့တဲ့နာမည် ထပ်ခါထပ်ခါ အော်နေတဲ့နာမည်က ဒါတွေကို အမှန်တကယ် ဦး ဆောင်လုပ်ခဲ့တဲ့ ကျဆုံးသွားတဲ့ ကိုမျိုးဝင်း၊ ထောင်ကျနေတဲ့ ကိုသံချောင်း မဟုတ်ဘူး။ “ရောနယ်အောင်နိုင်” နာမည်နဲ့ပဲ လိုင်းတင်ထားပြီး စခဲ့တာ။

ကိုထွန်းအောင်ကျော် သေရွာက ထကြည့်နိုင်လို့များ သိခဲ့ရင် “ခံရပုံခံရနည်းပဲ ကွာတာပါ အောင်နိုင်ရာ။ နောက်ဆုံးတော့ မင်းရော ငါရော နှစ်ယောက်စလုံး ခံလိုက်ရတာပါပဲ။ ငါကလူသေ၊ မင်းကနာမည် သေ” လို့များ ပြုံးပြုံးကြီး ပြောနေမ လားမသိ။

ကျမ မြောက်ပိုင်း ဆောင်းပါးတွေ မတင်ခင် နန်းအောင်ထွေးကြည်နဲ့ ဖုံးပြောချိန်က “နေစမ်းပါအုံး၊ ကိုအောင်နိုင်က နင်နဲ့ လည်း ပါစင်နယ်အရ ပြဿနာမဖြစ်ဖူးဘူး။ လုပ်စရာ လူမရှိတော့လို့ ဥက္ကဋ္ဌ တက်လုပ်တာကလွဲရင် ဘယ်သူ့ကိုမှလည်း ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့တာ မဟုတ်ဘူး။ ခေါင်းဆောင်အနေနဲ့ တာဝန်ရှိတာကလွဲရင် ဘယ်သူ့ကိုမှလည်း ကိုယ်ထိ လက်ရောက်သတ်ခဲ့တာ မဟုတ်ဘူး။ သူတယောက်တည်း လုပ်ခဲ့တဲ့ကိစ္စလည်း မဟုတ်ဘူး။ မြောက်ပိုင်း ဗဟိုကော်မတီ တခုလုံးမှာ တာဝန်ရှိတာကို ဘာကြောင့် “ရော်နယ် အောင်နိုင် ပဲ” အတင်းအော်နေရတာလဲ။ နင်အော်ချင်ရင် နင့်ကို ရိုက်နှက်မေးမြန်းခဲ့တဲ့ ကိုသန်းဇော်တို့ ဇော်ဇော်မင်းတို့ကို အော်ပါလား” ဆိုတော့။

“အဲဒါ အထဲက လူတွေရဲ့ကိစ္စ ငါကအပြင်မှာနေတာ အပြင်ကလူက ငါ့ကိစ္စ” တဲ့။ ဒါပေမဲ့ အထဲကလူတွေကလည်း ရော် နယ်အောင်နိုင်ပဲ တသံတည်းထွက်နေတာ ထူးဆန်းတယ်။ (အထူးသဖြင့် ကိုအောင်နိုင်ကို လွဲချအပြစ်ပုံတဲ့နေရာမှာရော ကိုမျိုးဝင်းက ထောက်လှန်းရေးမဖြစ်နိုင်ဘူးလားလို့ လိုင်းတင်ပြီး ကျမကို မေးခဲ့ကြပုံချင်းကအစ နန်းအောင်ထွေးကြည်နဲ့ တလေသံတည်းထွက်နေတဲ့ ကိုညီညီဆမား)

မိဘဆင်ထားတဲ့ ဆွဲကြိုးတွေ ဆိုင်ကယ်တွေရောင်းပြီး တောထဲသွားဖို့ လမ်းစရိတ်မရှိတဲ့သူတွေကို ထောက်ပံ့ခဲ့တဲ့ “ရော် နယ် အောင်နိုင်”၊ သားမိုက်ရဲ့လုပ်ရပ်ကြောင့် အထူးကုဆရာဝန်ကြီးတွေဖြစ်တဲ့ မိဘနှစ်ပါး ဆေးရုံဝင်းနေအိမ်က နှင် ထုတ် အလုပ်ဖြုတ်ခံရတဲ့ထိ သားလိမ္မာလုပ်ခဲ့တဲ့ “ရော်နယ် အောင်နိုင်”၊ သူ့ယူဂျီတွေအားလုံး ရက်ရက်စက်စက် ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းခံရ နှစ်ရှည်ထောင်ဒဏ်တွေကျခဲ့လို့ ယိုတဲ့အပေါက်ကိုရှာရင်း ဝမ်းနည်းကြေကွဲ ယူကြုံးမရ ခံစားခဲ့ရတဲ့ “ရော်နယ် အောင်နိုင်”၊ သူ့ရဲ့ပါစင်နယ်ခံစားမှုတွေကို ကိုထွန်းအောင်ကျော် ကလွဲရင် ဘယ်သူ့ကိုမှ ဖွင့်ဟမပြောခဲ့တဲ့ထိ ကိုထွန်းအောင်ကျော် ကို အကိုတယောက်ပမာ ခင်တွယ်ခဲ့တဲ့ “ရောနယ်အောင်နိုင်”။ ၈၈ ကနေ ယနေ့ အချိန်ထိ တ လျှောက်လုံး စစ်အစိုးရဆန့်ကျင်ရေးကိုသာ ကိုယ်လုပ်နိုင်တဲ့ဘက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့ “ရော်နယ်အောင်နိုင်”။

လက်တွဲလုပ်ခဲ့သူတယောက်ကို ရန်သူ့သူလျှိုအဖြစ် ဘယ်လိုအကြောင်းတရားတွေရဲ့ တွန်းပို့ပေးမှုနဲ့ လက်ခံယုံကြည်ခဲ့ ပါသလဲ။ မှန်ရင်စံစရာမရှိပေမဲ့ မှားရင်ဝိုင်းပြီး ဆွမ်းကြီးလောင်း ခံရဖို့သာရှိတဲ့ ခေါင်းဆောင်တယောက် လုပ်ခဲ့မိတဲ့ အရ သာလေး ချိုသလား ခါးသလားဆိုတာ လက်တွေ့သာပြလိုက်ပေတော့ ရော်နယ်အောင်နိုင်” ရေ။

အင်း .. ကြည့်ရတာ တော်လှန်ရေးနယ်မြေမှာ လက်ရှိလုပ်ကိုင်နေသူတွေကိုပဲ ဆော်ဖို့ အဓိကပစ်မှတ်ထား ထားပုံရ တယ်။ စစ်အစိုးရ စောင့်ရှောက်ထားတဲ့ အမှန်တကယ်လက်တွေ့ ဆော်ခဲ့ နှက်ခဲ့ကြတဲ့ ကိုသန်းဇော်တို့ ဇော်ဇော်မင်းတို့ အောင်စိုးမြင့် တို့ကိုတော့ လက်ရှိ တော်လှန်ရေးဘက်မှာ ရှိမနေဘဲ ထောက်လှမ်းရေးက ကာကွယ်စောင့်ရှောက်ထားလို့ ထင်ပါရဲ့ အမှန်တရားအတွက်အော်နေသူတွေ တို့တောင် မတို့ရဲကြပဲနဲ့များ ကိုအောင်နိုင် သာမက ကျမကိုပါ ငါနဲ့မတူ ငါ့ရန်သူသဘောနဲ့ မန္တလေးပြန်ရဲရင် ပြန်ကြည့်လေတဲ့။

နန်းအောင်ထွေးကြည် တို့ ခြိမ်းခြောက်နေလိုက်ပုံက။ ကြောက်နေရပါလား။ ကြည့်ရတာ ပြန်ရင် မင်းတို့လည်း ထောက် လှမ်းရေးတွေရဲ့ အကာအကွယ်ယူဖို့တော့ လိုတယ်လို့ ပြောချင်တာများလား မသိ။

၁၉၉၆-၉၇ က ကျမပြန်ခဲ့တာ သူမေ့နေပုံရတယ်။ တချို့လူတွေ ဖြစ်နိုင်တယ်ပြောလို့ ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော် တွေက လာရောက်လည်ပတ်တဲ့ ရဲဘော်တီးချန်ကိုးနဲ့တောင် အိမ်တိုင်ရာရောက် အဆဲပါးလိုက်သေးတယ်။ အင်း… ပြောတော့ လူ့အခွင့်အရေးအတွက် ကိုယ့်အခွင့်အရေးနဲ့ကိုယ် ကိုယ့်အမြင် ကိုယ့်အယူအဆ တင်ပြတာလေ။

အမှန်တရား တကယ်ရှာမယ်ဆိုရင် “မကွယ်ဝှက်ကြစတမ်း” မင်းက ဒီလိုမြင်တယ်၊ ငါကတော့ ဒီလိုမြင်တာ ပိုတာထုတ် လိုတာဖြည့် တကယ်ဖြစ်သွားခဲ့တဲ့ အနေအထားတွေအရ ဖြစ်နိုင်ခြေရှိတဲ့ အနီးစပ်ဆုံးအရာကို လူမှန်ရဲဘော်တွေ အတူ တကွလက်တွဲ ဝိုင်းဝန်းဖော်ထုတ်ယူကြရမှာ မဟုတ်လား။

အခုကျ ကိုယ်လုပ်ခဲ့မိတဲ့အမှားတွေကိုတော့ ကိုယ်မဖော်ကြ မရေးကြ။ ဖြစ်ပျက်ခဲ့ပုံတွေကို အတွင်းကျကျအသိဆုံး အတိ အကျ ပြန်ပြောပြ ရှင်းပြနိုင်တဲ့ စစ်ထောက်လှန်းရေးက ကာကွယ်စောင့်ရှောက်ထားတဲ့ ကျောင်းသားထောက်လှန်းရေး တွေ ဖြစ်ခဲ့တဲ့ ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကို အသံထွက်လာအောင် ဝိုင်းလုပ်နိုင်ခဲ့ရင် အဖြစ်မှန်ကို ရှင်း ရှင်းလင်းလင်း အားလုံးသိရှိနားလည်နိုင်ကြပါလျှက်နဲ့…။

ဘာမှ ပြန်မပြောနိုင်တော့တဲ့ ရှေ့တန်းတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ကိုမျိုးဝင်းကပဲ ထောက်လှမ်းရေးလိုလို (ကိုမျိုးဝင်းကို “ဒီကောင်က လူရိုး၊ လူအ၊ တောသား၊ အဆောင်မှာ ငါနဲ့ တအိပ်ယာတည်း အတူအိပ်ခဲ့တာ” လို့ ကိုစိုးလင်း (မန္တလေး) ကျမကို ပြောပြဖူးတယ်။ ကိုစိုးလင်းကို မေးကြည့်ပါလား) အာဏာရူးလိုလို အညှိုးနဲ့ပဲ လုပ်ခဲ့သလိုလို ရှိသမျှအပြစ် အား လုံးကို မဖြေရှင်းနိုင်တော့တဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့သူအပေါ် အကုန်လွဲချ။ တရားကျစရာ။

ဘယ်သူ့ကိုမှ မမြင်ဖူးမဆက်ဆံဖူးခဲ့ကြပါပဲ စာနာစိတ်နဲ့ လေ့လာဆန်းစစ်နေတဲ့သူတွေက လေဖမ်းဒန်းစီးပြီး ယုန်ထင် ကြောင်ထင်။ ဂျာအေး သူ့အမေရိုက်တဲ့ ဇာတ်လမ်းမျိုးတွေ တမင်ထပ်ဆင်ပြီး …။

ကိုမျိုးဝင်း မရှိတော့ပေမဲ့ စစ်ဆေးမေးမြန်းမှုတိုင်းကို ဦးဆောင်တာဝန်ယူရပြီး စစ်ဆေးတွေ့ရှိချက်တွေကို အစီရင်ခံစာ ရေးသားခဲ့တဲ့ နန်းအောင်ထွေးကြည်၊ ကိုညီညီ၊ ကိုညီညီကျော် တို့အပါအဝင် အားလုံးကို လက်တွေ့ ရိုက်နှက်စစ်ဆေး မေးမြန်းခဲ့ကြတဲ့ ကျောင်းသားထောက်လှန်းရေး တာဝန်ခံ ကိုသန်းဇော် (မန္တလေး)၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ ဖြေ ရှင်းကြဖို့ တာဝန်ရှိ နေသေးတယ်ဆိုတာ အဖွဲ့ကိုတိုက်ခိုက်ဖို့မဟုတ် လုပ်ခဲ့တဲ့သူတွေကို နာမည်တပ်ပြီး အမှန်တရား ဖော်ထုတ်ဖို့ဆိုသူတွေ မေ့ချင်ယောင်ဆောင် ရွာလွန်ရွက်တိုက်လုပ်နေကြပေမဲ့ ကိုမျိုးဝင်းပြီးရင် အားလုံးကို အတွင်းကျ ကျသိနေတဲ့ အဓိကတာဝန်ရှိသူတွေအဖြစ် အမှန်တရားတကယ်ရှာလိုတဲ့ ကျမကတော့ မေ့ချန်မထားနိုင်ပါ။

သူလျှိုတယောက်မှ မပါဘူး၊ အာဏာရူးပြီး ကျောင်းသားက ကျောင်သားမှန်းသိသိကြီးနဲ့ သတ်ခဲ့တာ။ ငါတို့တင်ထားပြီး သား လိုင်းအတိုင်း လက်ခံရင်လက်ခံ လက်မခံတဲ့သူ ငါတို့ရန်သူ (သို့) ကိုနိုင်အောင်၊ ကိုအောင်နိုင်တို့ “လူ” ဆိုတဲ့ အ ပေါက်မျိုး၊ ခက်ခက်ရချည်း၊ မွေးထားခဲ့ကြတဲ့ မိဘတွေအတွက်တောင် “လူ” မလုပ်ခဲ့ကြတဲ့ သူတွေကိုများ။

ဒီလောက်တောင် အာဏာရူးနေတဲ့ ခေါင်းဆောင်တွေရဲ့အောက်မှာ ကျန်ရဲဘော်တွေကရော အသက်ပေးပြီး ဆက်လက် တိုက်ပွဲဝင်နေကြစရာကော ဘာအကြောင်းများ ရှိနေပါသေးလဲ။ (မြောက်ပိုင်းအေဘီဟာ ကေအိုင်အေအပစ်ရပ်ပြီး (၁၉၉၆-၉၇) အထိ ဆက်လက်တည်ရှိခဲ့သလို အခုချိန်မှာလည်း ကေအိုင်အေနဲ့အတူတွဲပြီး တိုက်ပွဲပြန်ဝင်နေဆဲ။)

တောထဲမှာ လက်တွေ့ဆောင်ရွက်ရမှု အနေအထားနဲ့တာဝန်အရ ယူထားရတဲ့ အာဏာတို့ နေရာတို့ဆိုတာ တောထဲမှာ တင် အချိန်မရွေးသေသွားနိုင်ကြသလို ကိုယ့်မြို့ကိုယ့်ရွာ ပြန်ရောက်ရင်လည်း “ဇီးရိုး” ပဲဆိုတာ နိုင်ငံရေးကို လုပ်စားဖို့ လုပ်နေတဲ့သူမဟုတ်ရင် လုပ်သင့်လုပ်ထိုက်လို့ လုပ်နေကြတဲ့သူတိုင်း နားလည်နိုင်ပါတယ်။

နောက်ကွယ်က လက်မဲကြီးတွေသာ တကယ်မပါခဲ့ရင် ဒီလောက်ညီညွတ် တက်ကြွနေကြတဲ့ အချိန်မှာ ဒါတွေ ဖြစ်လာ စရာ ဘာအကြောင်းမှကို မရှိခဲ့ဘူး။ ဥက္ကဋ္ဌ တယောက်လုံး ထောက်လှန်းရေးအဖြစ် အသတ်ခံလိုက်ရတဲ့ကိစ္စ။ ယူဂျီလမ်း ကြောင်းတခုလုံး ဖျက်စီးခံလိုက်ရတဲ့ကိစ္စ၊ အသားအနာမခံနိုင်လို့ နီးစပ်ရာလူကို ဆွဲထည့်ဖြေလိုက်ရပါတယ်ဆိုတဲ့ ဆင် ခြေမျိုးနဲ့ ဖုံးကာထားဖို့ မလုံလောက်သလို ကိုမျိုးဝင်း၊ ကိုသံချောင်းတို့အပေါ် အပြစ်အားလုံးပုံချရုံနဲ့ ပြီးနိုင်တဲ့ကိစ္စမျိုး လည်း မဟုတ်ပါ။

နိုင်ငံခြားမှာ နေထိုင်ခွင့်ပြုတ်ရင် ဘာဖြစ်မလဲဆိုတာ သိတယ်နော်တဲ့။ ခြိမ်းခြောက်စရာလူမရှိတော့လို့ ထင်ပါရဲ့၊ ရှာကျန် ပြီး ရင်းမှူးသိုက်ထွန်းဦးလို လူမျိုးကိုမှ ရွေးပြီး ချိန်းခြောက်နေလိုက်ပုံများ။ ရင်းမှူးသိုက်ထွန်းဦးလောက် ရဲဘော်ရဲမေ တွေနဲ့ တန်းတူရည်တူနေထိုင်ခဲ့သူ၊ ရိုးသား ဖြောင့်မတ်သူ၊ ကိုယ်ချင်းစာနာ နားလည်တတ်သူ မရှိဘူး။ အဖမ်းမခံရခင် ရော၊ အဖမ်းခံနေရချိန်ကရော အခုချိန်ထိ ဘယ်လိုသံယောဇဉ်မျိုးနဲ့ ရင်းမှူး ဘယ်လိုကောင်းခဲ့ဖူးတယ်ဆိုတာ မင်းအသိ ဆုံးပဲ ဖြစ်လိမ့်မယ် နန်းအောင်ထွေးကြည်။ အတူထွက်ပြေးဖို့ ရင်းမှူးကို မင်းတောင် ခေါ်ခဲ့သေးတယ် မဟုတ်လား။

“ငါ မိန်းမ တယောက်အတွက်နဲ့ လူမလုပ်ဘူး” လို့ ရင်းမှူး ပြောခဲ့တယ်လေ။

အဖမ်းခံရမှာတွေ သေမှာတွေ တွေးကြောက်နေခဲ့သူတွေတော့ မဟုတ်ပါဘူး။

(ဆက်ရန်)

ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook)

No comments: