နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း( ၉ )
သက်ဆိုင်သူများသို့
ဘာကြောင့်လည်းဆိုတော့ အပတ်စဉ် (၅) ဆန္ဒပြတာနဲ့ ပတ်သက်ပြီး “ခင်ဗျာ့တယောက်လုံးရှိရဲ့နဲ့ ဒီလိုဖြစ်ရသလားဗျာ လို့” ကိုရဲလင်းကို အပြစ်ဆိုချင်ဟန်နဲ့ တောထဲရောက်လာခါစမှာပဲ ပြောခဲ့တဲ့ ကိုထွန်းအောင်ကျော် (ကိုရဲလင်း မှတ်တမ်း အရ)၊ ဆန္ဒပြပွဲမှာလည်းမပါ ဗဟိုကော်မတီ ဖြစ်မြောက်ရေးမှာလည်း မပါခဲ့တဲ့ ရဲဘော်ဟောင်းတွေက
နာမည်နဲ့ လူနဲ့ တောင် တွဲမသိခဲ့လို့ လူသစ်တွေလို့ ပြောပြောနေတဲ့ ဒါတွေဖြစ်ခါနီးအလိုမှာမှ တောထဲရောက်လာတဲ့ ကိုချိုကြီး၊ ကို အောင်မင်း၊ ကိုကျော်ဝေ၊ ကိုကျော်ဌေး၊ အောင်ဖိုးတို့ရော၊ ဆန္ဒပြရာမှာမပါ ရွေးကောက်ပွဲပြီးမှ အားဖြည့်ဖို့ရောက်လာ ခဲ့တဲ့ (၄၀၁) တပ်ရင်း၊ (၅၀၁) တပ်ရင်းက ရဲဘော်တွေ ဖမ်းဆီးနှိပ်စက် အသတ်ခံခဲ့ရတာတွေက ဘာစွပ်စွဲချက်တွေနဲ့လဲ ဆိုတာ သိဖို့လိုလို့ပါ။
ရန်အောင်ကိုဖမ်းတဲ့အချိန် “ရန်အောင်က ဟုတ်တယ် မြို့မှာကတည်းက ငါတို့နောက်ကိုလိုက်ရင် သူဘယ်လောက် ဘယ်လောက်ရတယ်” လို့ ကျမကိုပြောခဲ့တဲ့ ဗဟိုကော်မတီဝင် ကိုညီညီကျော် (ခ) ကျော်ကြီး (အေဘီ၊ မန္တလေး) က အရိုက်အနှက်မခံရပါဘဲနဲ့ ဘာကြောင့် အဲဒီအချိန်က အဲဒီလိုပြောခဲ့ရသလဲဆိုတဲ့ ကျမမေးခွန်းကို မဖြေသေးဘူး။
အစောကြီးကိုယ်လွတ်ရုန်းပြေးပြီး ရန်အောင်အပါအဝင် တခြားလူတွေဟာ ဘယ်လိုညှဉ်းဆဲပြီး ဘယ်လိုအသတ်ခံခဲ့ရ တယ် ဆိုတာတွေကို ကိုယ်တိုင်မမြင်တွေ့ခဲ့ရဘဲနဲ့တောင် မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုအခွေ လက်ထဲမှာရှိနေသလိုပဲ တဆင့်ပြီးတဆင့် ခရေစေ့တွင်းကျ ရေးပြနေပုံများ ဖတ်တဲ့သူတောင် မဖတ်ရဲလောက်အောင်ပါပဲ။ အဲဒါတွေကို အဲဒီအ ချိန်မှာ မျက်မြင်ကိုယ်တွေ့ မှတ်တမ်းလိုက်ယူခဲ့တဲ့သူ ရှိခဲ့ရင်တောင် ဘယ်လောက်သတ္တိကောင်းကောင်း အဲဒီလိုအနိဋ္ဌာရုံ မျိုးတွေကို ကိုညီညီကျော် ရေးပြနေသလိုထိ တဆင့်ပြီးတဆင့် အသေးစိတ်လိုက်ကြည့်ရဲ မှတ်ရဲမယ် မထင်ပါဘူး။
ခေါင်းမာတဲ့ ရန်အောင်ခေါင်းက ဘယ်လို ဘယ်လိုဆိုတာ ကိုညီညီကျော် ရေးပြနေတာနဲ့ “ရန်အောင်က မယုံရဘူး။ အ ကုန်ဖွင့်ပြောရင် သူ့ကို မသတ်ဘူးထင်ပြီး ကိုသန်းဇော်တို့ပေးတဲ့ စီးကရက်လေး တဖွာဖွာသောက်ရင်း အကုန်ဖွင့်ပြော တာ၊ ငါတောင် ခင်ချိုဦးကို ရန်အောင်က မယုံရဘူး သတိပေးရသေးတယ်။ ဟိုရောက်တော့ သူ့ပါသတ်မယ့်အထဲ ပါ တယ်ဆိုတာလည်း သိရော ရန်အောင် ငိုတယ်” လို့ နန်းအောင်ထွေးကြည် ပြောပြဖူးတာနဲ့လည်း ကွဲလွဲနေလို့ပါ။
ကိုညီညီကျော်ရော၊ နန်းအောင်ထွေးကြည် ပါသမျှ လုံးဝါးမျိုချပြီး အပြာပြော အပြာရေးမျိုးနဲ့ အပျက်မကိုသာ ယူထားပုံ ရတဲ့ အပြာကျမ်းတတ် ဗလချာ အောင်မိုးဝင်းရော၊ မျက်စိနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာမဟုတ်ဘဲ တဦးစီတဦးစီအ ကြောင်းကို အဲဒီလောက် အသေးစိတ်ရေးနိုင်အောင် ပြန်ပြောပြခဲ့တဲ့ ရဲဘော်တွေရဲ့နာမည် အတိအကျလေးတွေကို လည်း ဖော်ပြပေးစေလိုပါတယ်။
အဲဒီ ရဲဘော်တွေအနေနဲ့လည်း ဘယ်သူ့ကို ဘယ်သူက ဘယ်လိုလုပ်တာဆိုပြီး လုပ်ခဲ့ကြသူတွေရဲ့ နာမည်အတိအကျ လေးတွေ ဖြစ်စဉ်တခုချင်းအလိုက် ရေးပေးစေလိုပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါ အဲဒီလူတွေကမှ မျက်မြင် သက်သေ စစ်စစ်တွေပါ။ မှတ်တမ်းတင်ထားဖို့လည်းလိုသလို ပြောသူရောရေးသူပါ ပြောခဲ့ရေးခဲ့တဲ့အပေါ်မှာ တာဝန်ခံ ကြဖို့လည်းလိုပါတယ်။
(ကျော်ခိုင်ဝင်းက စစ်ဆေးမေးမြန်းခဲ့သူလည်း မဟုတ်ပါ၊ အပြင်မှာ တခါတလေမှသာ အစောင့်တာဝန်ကျခဲ့တဲ့ ဝါဒဖြန့် ချိရေး ရဲဘော်သာ ဖြစ်ပါတယ်။ ရေးထားခဲ့ကြတဲ့ လူအယောက်စေ့တိုင်းအတွက် စစ်ဆေးမေးမြန်းမှုတိုင်းမှာ ကျော်ခိုင် ဝင်း ချည်း အစောင့်တာဝန်ကျနေတာမျိုးလည်း မဟုတ်ခဲ့ပါ။ အလှည့်ကျနဲ့ စောင့်ရတာမျိုးပါ။ ဒါတွေအားလုံးကို ကျော်ခိုင်ဝင်း တယောက်တည်းက တွေ့မြင်ခဲ့ရပါတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ ဟုတ်တယ်ဆိုရင်တော့ ကျော်ခိုင်ဝင်း က သက်သေစစ်စစ်တယောက် ဖြစ်ပါလိမ့်မယ်။
သင်းသင်းညီက မစဉ်းစားတတ်သေးတဲ့ ကလေးသာသာ အရွယ်လေးပါ။ ဒါ့အပြင် နန်းအောင်ထွေးကြည် မှာထားပြော ထားသမျှ ဘာမဆိုလိုက်ပြောလိုက်လုပ်မဲ့ ငယ်ကြောက်တယောက်လိုလည်း ဖြစ်နေသူပါ။ ဖြစ်ခဲ့တာကို အမှန်အတိုင်း ပြောရင်သာပြောမယ်။ မဟုတ်တာကိုတော့ လုပ်ကြံမပြောတတ်တဲ့ လက်ရှိနယ်စပ်မှာရှိနေတဲ့ အဖမ်းခံခဲ့ရတဲ့ နန်းစောကို နန်းအောင်ထွေးကြည် လုံးဝမသုံးရဲပါ။
ဒီနေရာမှာ ကြုံတုန်းလေး သင်းသင်းကိုလည်း မေးကြည့်ချင်ပါတယ်။ သင်းသင်း အင်တာဗျူးထဲမှာ ပြောခဲ့သလို “သူတို့ တတွေက ထောက်လှမ်းရေး မဟုတ်ပါဘူးလို့ ကျမက ပြောတော့၊ ကျမကို ထပ်နှိပ်စက်ခဲ့ကြပါတယ်” ဆိုတာလေးပါ။ သတင်းယူပေးဖို့ ထောင်ထဲ တမင်ထည့်ထားခဲ့တဲ့ ကလေးသာသာအရွယ် ကိုယ့်ကျောင်းသားရဲမေကို အဲဒီလိုပြောလို့ ထပ်နှိပ်စက်ခဲ့သူက ဘယ်သူလဲ သင်းသင်း။ ကိုမျိုးဝင်း ကိုယ်တိုင်ပဲလား၊ ကိုသံချောင်းလား၊ ကိုသန်းဇော်လား၊ ဇော်ဇော် မင်း လား၊ အောင်စိုးမြင့် လား၊ နာမည်လေး အတိအကျလေးနဲ့ ပြန်ပြောပြပေးပါ။
တယောက်ရဲ့စိတ်နေသဘောထားတွေကို တယောက်ကသိနေကြပြီးသားဖြစ်တဲ့ မြောက်ပိုင်းရဲဘော်ရဲမေတွေအနေနဲ့ အထူးသဖြင့် အငယ်ဆုံးမို့ လူကြီးတွေရော ရဲဘော်ရဲမေတွေရော အားလုံးက ဝိုင်းချစ်ခံခဲ့ရတဲ့ သင်းသင်းကိုမှ အဲဒီလို ထပ်နှိပ်စက်ခဲ့တာတွေ လုပ်ခဲ့တယ်ဆိုတော့ ယုံရခက်နေလို့ကို နာမည်သိချင်နေတာပါ။
နန်းအောင်ထွေးကြည်ကိုတောင် ရိုက်တော့မယ်လုပ်တိုင်း ကြောက်ပြီး တွန့်တွန့်သွားလို့ သနားသွားပြီး မလုပ်ရက်ဘူး ဆိုတဲ့ စကားတွေ ကိုသန်းဇော်တို့ပြောပြတာ အဲဒီအချိန်က အဖမ်းမခံရသေးတဲ့ ကိုညီညီကျော်၊ ကိုရဲလင်းတို့ ကြားကြ သိကြမှာပါ။ သင်းသင်းဆိုရင် အဲဒီလိုလုပ်ဖို့ကတော့ ပိုပြီးတောင် ဝေးလာဝေးနေပါသေးတယ်။ အခုချိန်မှာ သင်းသင်း လည်း မငယ်တော့ဘူး၊ ကိုယ်ပြောတဲ့စကားကို ကိုယ့်ဘာသာကိုယ် တာဝန်ယူဖြေရှင်းရမယ်ဆိုတာလောက်တော့ သိ သင့်ပြီ ထင်တာပဲ။ သိတဲ့အတိုင်း၊ မှန်တဲ့အတိုင်း ပြောလို့ရတယ်၊ မမှန်တာတွေကိုတော့ ဘယ်သူ့အတွက်ကြောင့်မှ နောက်ထပ် မပြောမိစေချင်လို့ပါ။
ကျမကတော့ ညှဉ်းဆဲတာရာ သတ်တာရော မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရတော့ သေမှုသေခင်း နဲ့ တရားစွဲတာမျိုးမှာ မျက်မြင် သက်သေမဖြစ်နိုင်ပါဘူး။ နောက်ကွယ်ကနေ ဒါတွေကို ဘယ်သူတွေက အစီစဉ်တကျလုပ်သွားတာလဲဆိုတဲ့ တကယ့်အရင်းအမြစ် ကျတဲ့ အမှန်တရားကို ဖော်ထုတ်ရာမှာသာ ကျမက သက်သေဖြစ်နိုင်တာလေ။ ထားတော့။
“နန်းအောင်ထွေးကြည်က မပြောနဲ့လို့ တားထားလို့သာ အန်တီဒေါ်သောင်းလှ အသတ်ခံခဲ့ ရတဲ့ ကိစ္စ “ဆိုပြီး ကိုမောင် မောင်(ရွှေကရဝိတ်) ပြောခဲ့တာလည်း တပိုင်းတစ ဖတ်လိုက်ရပါသေးတယ်။ ဘာတွေလဲဟလို့တောင် အော်ချင်လာ တယ်။ တချို့ ရဲဘော်တွေတောင် အန်တီဒေါ်သောင်းလှကို မသိမီလိုက်ကြပါဘူး။ ညီအတွက် စိုးရိမ်စိတ်နဲ့ တောထဲ ရောက်လာပါတယ်ဆိုတဲ့ ကိုမောင်မောင်က ဘယ်လိုလုပ် အန်တီဒေါ်သောင်းလှကို သိနေခဲ့ရတာပါလဲ။ အမျိုးတော်နေ လို့လား။ အန်တီဒေါ်သောင်းလှက ဒါတွေမဖြစ်ခင် အစောကြီးကတည်းက ဖျားပြီး ဆုံးသွားတာပါ။
သူမဖျားခင် တပတ်လောက်ထိ ကျမနဲ့ တခြင်ထောင်ထဲ အတူအိပ်ခဲ့တာပါ။ ကျမ ဆေးလိပ်သောက်ရင်း အိပ်ပျော်သွား တော့ သူ့ခြင်ထောင် မီးလောင်သွားလို့ ကျမကို သူ့အခန်းထဲကနေ မောင်းထုတ်လိုက်တယ်။ ဆေးဆရာမ အန်ရမ်တီး ကတောင် သေခါနီးလူတွေက သူတို့ကိုယ် သူတို့သိတယ်။ သူ့ကိုသံယောဇဉ်တွယ်ပြီး ကျန်မနေရစ်အောင် နင့်ကို သူ့အ ခန်းထဲကနေ မောင်းထုတ်လိုက်တာပဲလို့ ပြောခဲ့သေးတယ်။ ကေအိုင်အေ ဆေးရုံမှာ ကျမတို့ကိုယ်တိုင် သွားပြုစုခဲ့ကြ တာပါ။ ဘာတွေများ ကြားထားပြန်လို့လဲ။
မျှော်လင့်ထားသလိုပါပဲ အမှန်တဝက် အမှားတဝက် လိမ်ယှက်ရောနှော မြက်ခင်းသစ်ရဲ့မူ အတိုင်း ရေးသားတင်ပြထား တဲ့ ကိုမောင်မောင်(ရွှေကရဝိတ်) ရဲ့ စာအုပ်ထဲက မှတ်သားစရာလေးတခုတော့ ရလိုက်ပါတယ်။
ဘာတဲ့ ပေါ်တာအဆွဲခံရတဲ့ အညိုရောင်၊ အမဲရောင်နယ်မြေက လယ်သမား၊ ယာသမား သားသမီး ကျောင်းသားရဲ ဘော်တွေ တော်လှန်ရေးလုပ်တာ ဘာမှ စွန့်လွတ်ရတာ မဟုတ်ပါဘူး ရွာပြောင်းတဲ့သဘောလောက်ပါတဲ့။ ပညာလည်း မတတ်၊ နှီးဖြာတောင်းယက်တတ်တာကိုပဲ အဟုတ်ကြီးထင်ပြီး ဂုဏ်ယူနေသေးတယ်။ ဝတ်စရာ စားစရာ ကုန်းကောက် စရာမရှိလောက်အောင် ဆင်းရဲငတ်ပြတ်နေကြတဲ့ဘဝက လာကြတာမို့ စွန့်လွတ်စရာရယ်လို့ ဘာမှမရှိကြတဲ့အပြင် ငတ် နေပြတ်နေကြလို့ပဲ တော်လှန်ရေးလုပ်နေကြသယောင် ချိုးချိုးဖဲ့ဖဲ့ ရေးသားထားတာလေးကိုပါ။
ကျမတို့နိုင်ငံရဲ့မြေပုံလေးက အဖြူရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အမဲရောင်နယ်မြေဆိုတဲ့ အင်မတန်လှပတဲ့ ကာ လာလေးတွေနဲ့ ချစ်စရာလေး မဟုတ်လား။ ဒီစကားက တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေကို ထည့်သွင်းမ စဉ်းစားဘဲ အဲဒီလူတွေကပဲ ပေါ်တာအဆွဲခံရချင်လို့ အဲဒီနယ်မြေတွေမှာ နေနေကြရသလို အညိုရောင်၊ အမဲရောင်နယ် မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုယ့်ကိုယ်ပိုင်ဒေသမှာ ကိုယ့်လူမျိုးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်တိုက်ပွဲ ဝင်နေကြတဲ့ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းအားလုံးကိုပါ သွယ်ဝိုက်စော်ကားလိုက်တာပါ။
အမေငတ်နေကြတဲ့ တောထဲကရဲဘော်ရဲမေတွေက ရောက်လာကြတဲ့မိဘတွေကို ကိုယ့်မိဘတွေလို သဘောထားပြီး
ကျမတို့တတွေ စားနေရသလို စားနိုင်ကြမှာ မဟုတ်မှန်းသိလို့ အဖွဲ့က ဧည့်စရိတ်ထုတ်ပေးပြီး ရဲဘော်ရဲမေတွေကို တာ ဝန်ယူ ချက်ပြုတ်ကျွေးမွေးခိုင်းခဲ့တာပါ။ ဒါကိုပဲ ကိုမောင်မောင်(ရွေကရဝိတ်)က ထောက်လှမ်းရေးရဲဘော်တွေကို တခြား ရဲဘော်တွေက ကြောက်ရသယောင် အထူးသဖြင့် ဝါဒဖြန့်ချိရေးရဲဘော်တွေက အဲဒီလိုကြောက်ကြရတော့ သူတို့ရှိတဲ့ ပိုက်ဆံလေးတွေ ဘာလေးတွေ ဆက်ကြေးသဘောလာပေးကြတော့ ထောက်လှမ်းရေးတဲမှာ ဟင်းနည်းနည်း ကောင်း ကောင်း စားရတယ်ပေါ့။ တချို့ရဲဘော်တွေကလည်း ဟင်းကောင်းတော့ လာစားကြတယ်။ သူတို့အခေါ် “ခွင်တွေ့ပြီ”ပေါ့။ အထူးသဖြင့် ရင်းမှူး သိုက်ထွန်းဦးလို လူမျိုးဆိုပြီး ရေးထည့်ထားတယ်။ အရေးအသားထဲက ဇာတိပြဆိုသလို စိတ်ဓါတ် အဆင့်အတန်းနေရာမှာ ရင်းမှူးသိုက်ထွန်းဦးရဲ့ ခြေဖျားအောက်က မြေမှုန့်လေးတမှုန် စာလောက်တောင် မရှိပါဘူး ဆိုတာ ပြလိုက်တာပါပဲ ကိုမောင်မောင်။
ကိုမျိုးဝင်းတို့၊ ကိုသံချောင်းတို့ကို ရဲဘော်တွေက တရိုတသေလုပ်တာတော့ ကြောက်ရလို့ လုပ်ကြရတယ်ဆိုတဲ့ သဘော မျိုး။ ရင်းမှူးသိုက်ထွန်းဦးကို ရဲဘော်တွေက အဲဒီလို လုပ်စရာမလိုတာကိုတော့ သူ့ကိုလည်း ဘယ်သူမှ မလေးစားကြပါ ဘူး ဆိုပဲ။ တော်တော် အဓိပ္ပါယ်ကောက်တော်တဲ့ လူပဲ။ ဒီလိုမှန်းသိရင် ကေအိုင်အေဘက် ခဏခဏရောက်တယ်ဆို တုန်းက ရင်းမှူး သိုက်ထွန်ဦးရဲ့ (၇၀၂) တပ်ရင်းကုန်းကို အလည်ခေါ်လိုက်ပါတယ်။ သူ့ရဲဘော်တွေနဲ့ သူဘယ်လို နေ ထိုင် ဆက်ဆံတယ်။ သူ့ရဲဘော်တွေကော သူ့လုပ်ဖော်ကိုင်ဘက်တွေရော သူ့အပေါ်ဘယ်လို သဘောထားဆက်ဆံ ကြတယ် ချစ်ခင်ကြတယ်ဆိုတာလေးတွေ တွေ့မြင်သွားအောင်ပါ။ သေချာတာကတော့ ရင်မှူးသိုက်ထွန်းဦးက ကလိမ် ကကျစ် အပြောမျိုးတွေ အရေးမျိုးတွေ မလုပ်တတ်ဘူး။ ခင်ဗျာ့တို့ ညီအကိုနှစ်ယောက်ထက် အများကြီး ရိုးသားတယ် ဆိုတာ မြောက်ပိုင်း ရဲဘော်ရဲမေတွေအားလုံးက အသိမှတ်ပြုထားတယ်။
ရဲဘော်ရဲမေတွေရဲ့ ခွဲတန်းထဲကနေ ရဲဘော်တွေ အသင့်ချက်ကျွေးတာလည်း အခန့်သား ထိုင်စားသေးတယ်။ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်ဝယ်ကျွေးခဲ့တာလည်း မဟုတ်ပါဘဲနဲ့တောင် အဖွဲ့က ရဲဘော်တွေကို စော်ကားလိုက်သေးတယ်။ ကျနော် တို့တောင် ဒီလိုစားရရင် ထောင်ထဲက ကလေးတွေ ဘယ်လိုစားရမလဲပေါ့ အင်မတန် ကိုယ်ချင်းစာနာစိတ်ရှိတဲ့ အတု အယောင် သူတော်ကောင်း အသံလေးကလည်း ဟစ်လိုက်ချင်သေးတယ်။ ကျန်တဲ့ ရဲဘော်ရဲမေတွေကရော ဘာတွေကို စားနေကြရပါသလဲ။ ထောင်ထဲကကလေးတွေ ထောင်ထဲ မရောက်ခင်ကရော ဘာတွေကို စားနေခဲ့ကြရသလဲ ပြန်မေး ကြည့်ပါဦး။
တော်တော်လေး ကိုယ်ချင်းစာတရား ကြီးမားလှပါပေတယ်။ ဒါတောင် ခဏလာနေတဲ့ ဧည့်သည်မို့ အသင့်ဝယ်ချက် ကျွေးတာစားနေရတဲ့ အနေအထားမျိုးနဲ့တောင် ဒီလိုစကားမျိုးထွက်ခဲ့ရင် ရဲဘော်ရဲမေတွေလိုများ နှစ်ရှည်လများနေရရင် ဒီလို အောက်တန်းကျတဲ့ အတွေးမျိုး၊ စိတ်ဓါတ်မျိုးနဲ့ဆို ခိုးစား ဝှက်စား အဆင့်လောက်ပဲ ရှိတယ်။
တောထဲမှာ မိဘဆွေမျိုးမရှိ၊ သွားစရာမရှိ အလုပ်တာဝန်ပြီးတာနဲ့ ဒီရှိတဲ့အဝန်းအဝိုင်းလေးမှာပဲ တတဲပြီးတတဲ လှည့်ပတ် သွားကြ ရောက်တဲ့တဲမှာ ကူစရာရှိကူ၊ စားစရာရှိရင်စား၊ ဂစ်တာတီးကြ၊ ဝိုင်းဖွဲ့သီချင်းဆိုကြ၊ ရောက်တက်ရာရာပြောကြ ဒီလိုပဲ ကျမတို့အားလုံး နေလာခဲ့ကြရတာပါ။ အဖွဲ့ကထုတ်ပေးတဲ့ ယူနီဖောင်းကလွဲရင် အရာအားလုံးဟာ ရဲဘော်ရဲမေ အားလုံးနဲ့ သက်ဆိုင်တဲ့ အရာတွေချည်းပါ။ ဘယ်သူ့ ဘယ်သူမှ ဘာမှ မပိုင်ဘူး။ စားစရာနဲ့ ကြုံရင် “ဟာ-ခွင်ပဲ” လို့ ဟာသသဘော ပြောကြတာ။ တခါတလေ ကျမတို့ရဲမေတွေ တောထဲ ဟင်းရှာလည်းမသွားချင် ချက်လည်းမချက်ချင် ကြရင် ဒီနေ့ ရဲမေဆောင် တဆောင်လုံး မီးခိုး တိတ်ဆိုပြီး လေးငါးယောက်စီအုပ်စုခွဲ ကိုယ်ခင်ရာမင်ရာတဲမှာ သွားပြီး ချက်ပြုတ်စားသောက်ကြ ဒီလိုပဲ ရှာကြံပျော်နေခဲ့ကြရတာပါ။
တက်လာသမျှလူတွေကို အကုန်ခုတ်ထစ်သတ်ဖြတ်နေတဲ့ အဖွဲ့လည်းမဟုတ်တော့ ကိုယ့်ကိုယ်ကို ဂျိမ်းစဘွန်းစတိုင်နဲ့ မင်းသားနေရာက ထားရေးပေမဲ့ ရဲဘော်ရဲမေတွေဖြစ်တဲ့ ကျမတို့အတွက်တော့ ဂျိန်းစဘွန်းငပေါကြီး လိုပါပဲ။ ကျမတောင် ဟာသ ပြောခဲ့ဖူးတယ်။ “တောထဲမှာ ကး တိုက်ခံရလို့ ငါ သေသွားတယ်ဆိုရင် ငါ့အိမ်က ယုံကြမှာ မဟုတ်ဘူး။ တော ထဲမှာ ဘယ်က ကားက ဝင်တိုက်သွားတာပါလိမ့် ဖြစ်နေကြမှာလို့” လေ။ ဒါက “သူပုန်” ဆိုတာကို အစိုးရဝါဒ ဖြန့်ထား တာလောက်သာသိပြီး ကြိုကြောက်နေတဲ့ မြို့ပြကလူတွေကို အစိုးရနည်းတူ သူ့အခြေအနေက စိတ်မထင်ရင်မထင် သလို အချိန်မရွေး ခုတ်သတ်ခံရနိုင်တာတောင် သူသတ္တိရှိတယ်ပေါ့ ခပ်ဖိန့်ဖိန့်လေးလိမ့်နေတာပါ။
သူပုန်စခန်းသွားရတာ သိတဲ့လူတွေအတွက်တော့ ငှက်ပျောသီးအခွံခွာရတာကမှ ခက်နေပါအုံးမယ်။ ဒါကြောင့်လည်း ကိုညီညီဆမား ကေအိုင်အေက ဗိုလ်မှူးပန်းအောင်နားနေတဲ့ အချိန်တုန်းက ကိုမောင်မောင် ခဏခဏရောက်ခဲ့တယ်လို့ ပြောခဲ့တာပေါ့။ ဒါပေမဲ့ အစစ်လေးတော့ပါလိုက်သေးတယ် “ကျနော်က သိပ်ကြောက်တတ်တဲ့သူ မဟုတ်တော့” တဲ့။ သူရေးခဲ့သလို အမှန်တကယ်ကြောက်နေရတဲ့ အနေအထားမျိုးနဲ့ စိတ်မထင်ရင် မထင်သလို ခုတ်သတ်တတ်တဲ့ သူတွေ သာ အမှန်ဖြစ်ခဲ့ရင် ဒီလူလား ခဏခဏ တက်လာရဲဖို့ နေနေသာသာ ကိုမောင်မောင် (ရွှေကရက်ဝိတ်) ခရီးသွားဆောင် ပါးတောင် ရေးချိန်ရလိုက်မှာ မဟုတ်ဘူး။ တမြို့တည်းသား ကိုအောင်နိုင်နဲ့ ဆက်ဆံရတာကျတော့ အဆင်မပြေဘူးတဲ့။ လူမိုက်လူကြမ်းကြီးအဖြစ် ဝိုင်းပြောဆိုခံနေရတဲ့ ကိုမျိုးဝင်းနဲ့ ဆက်ဆံရတာ ပိုပြီး အဆင်ပြေတယ်ဆိုပါလား။ ကြည့်ရတာ ကိုမျိုးဝင်းက ကိုအောင်နိုင်ထက် ပိုပြီး ယဉ်မွန်ပုံရတယ်။
ငါ့ညီခံရလို့ ငါရေးတာ၊ အသားအနာမခံနိုင်လို့ ထွက်ဆိုခဲ့ရတာပါမှန်ရင် ကိုညီညီဆမားရခဲ့ပါတယ်ဆိုတဲ့ ဒဏ်ရာဒဏ်ချက် အနာရွတ်လေးတွေ အများကြည့်မြင်နိုင်အောင် သက်သေပြကြည့်လေ။ တကယ်တန်း ခံခဲ့ကြရတဲ့သူတွေက ကိုညီညီ ဆမားလည်း မဟုတ်ဘူး၊ နန်းအောင်ထွေးကြည်လည်း မဟုတ်ဘူး။ သူတို့ ပြန်လက်ညိုးထိုးပြနေကြတဲ့ နှိပ်စက်ညှဉ်းပန်း အသတ်ခံလိုက်ရတဲ့ သူတွေသာ ဖြစ်တယ်။ အဲဒီလူတွေအတွက် အမှန်တရားကိုပဲ ကျမ လိုချင်တယ်။
နန်းအောင်ထွေးကြည် နေထိုင်ခဲ့တဲ့အိမ်ကြီးရဲ့ ကြီးကျယ်ခန်းနား အဆင့်အတန်းမြင့်မားလှပုံ အင်မတန်မှ ချမ်းသာကြွယ် ဝလှပုံတွေကြောင့် သွားရည်တမြားမြားကျခဲ့ရပြီး အဲဒီအရာတွေကို စွန့်ပြီး မြို့ပြကလာခဲ့တဲ့ နန်းအောင်ထွေးကြည်ရဲ့ စွန့် လွတ်မှုကမှ အင်မတန်ကြီးကျယ် မြင့်မြတ်တာမို့ အလေးပြုလိုက်ရပါတယ်ဆိုတဲ့အကြောင်း အဖြူအမဲ ကွဲပြားသွား အောင် နိုင်းယှဉ်ခွဲခြား ပြခဲ့တဲ့ ကိုမောင်မောင် (ရွှေကရိတ်) လို လူမျိုးကိုတော့ သနားလွန်းလို့ “ကျွတ်ကျွတ်ကျွတ်” လို့ စုတ်တောင်သပ်လိုက်မိတယ်။ မြို့ပြက ပညာတတ်ကြီးရဲ့ မှတ်သားစရာ ဖီလိုဆိုဖီတခု အဖြစ်လေ။
အညိုရောင် အနက်ရောင်နယ်မြေတွေမှာ ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေဇာပင်ဘဝနဲ့ အဲဒီလို ဆင်းရဲငတ်ပြတ် စုတ်ပြတ် နေတဲ့ကြားက ကုန်းရုန်းလယ်လုပ်ပြီး သူတို့ရဲ့သားတွေကို စက်မှုတက္ကသိုလ် ပဉ္စမနှစ်ရောက်အောင်ပို့ခဲ့ကြတဲ့ (ကျဆုံး သွားခဲ့ကြတဲ့) ကိုဝင်းဖေ (နမ္မား၊ ရှေ့တန်းမှာကျဆုံး)၊ ကိုမျိုးဝင်း (နမ္မား၊ ရှေ့တန်းမှာကျဆုံး) တို့လို တဲစုတ်ကလေးမှာ နေတဲ့ လယ်သမား ယာသမား မိဘတွေအတွက်တော့ သူတို့ရဲ့သားတွေကို ဆုံးရှုံးခဲ့ရသည့်တိုင် ဒါက ဘာမှကြီးကြီး မားမား စွန့်လွတ်လိုက်ရတာမျိုး မဟုတ်ဘူးပေါ့လေ။ အမှန်ပြောရရင် ဒီစာအုပ် မဖတ်ခင်အထိ ဒီလောက်အဆင့်လို့ ထင် မထားမိခဲ့ဘူး။
ပြီးတော့ မေးခွန်းထုတ်လိုက်သေးတယ်။ အဲဒီလို အဆင့်အတန်းမျိုးနဲ့ နေထိုင်ခဲ့တဲ့ နန်းအောင်ထွေးကြည်ဟာ ဘယ်လို လုပ် ထောက်လှန်းရေး ဖြစ်နိုင်ပါ့မလဲတဲ့။ ဒီစကားအရဆို ပိုက်ဆံမရှိ ဆင်းရဲတဲ့သူတွေသာ ထောက်လှန်းရေး လုပ်ကြ တယ် ဆိုတဲ့သဘော။ ဒီစကားအတိုင်းဆို နန်းအောင်ထွေးကြည်အဖေ ထောက်လှန်းရေး စလုပ်တဲ့အချိန်တုန်းက ဒီလို မျိုးချမ်းသာကြွယ်ဝမှုမျိုး မရှိသေးလို့ဘဲ ထောက်လှမ်းရေး လုပ်ခဲ့ရသလို ဖြစ်နေတယ်။ အဲဒီလို ဆိုလိုချင်တာလား။
နောက်ထပ် ထင်မြင်ယူဆချက်တခုကိုလည်း တွေ့ရသေးတယ်။ ကချင်ဒေသမှာ လှုပ်ရှားခွင့်မရှိတဲ့ လူမျိုးတမျိုးက ကျောင်းသားတပ်ထဲမှာ နေရာအာဏာရအောင်ယူနိုင်ဖို့ ကိုထွန်းအောင်ကျော်တို့လို မြို့က နိုင်ငံရေးသိနားလည်တဲ့ သူ တွေကို ရှင်းပစ်တာမျိုးလည်း ဖြစ်နိုင်တယ်တဲ့။
ဘာကြောင့်လည်းဆိုတော့ ကိုမျိုးဝင်း၊ ကိုသံချောင်းတို့က ရှမ်းနီလူမျိုးတွေ ဖြစ်နေလို့လေ။ အဲဒီထင်မြင်ယူဆချက်အ တိုင်းသာဆိုရင် ကေအိုင်အေက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး တို့ကို ကယ်ထုတ်ပြီး ကိုမျိုးဝင်း၊ ကိုသံချောင်းတို့ လို ရှမ်းနီတွေကိုသာ တနည်းနည်းနဲ့ ရှင်းထုတ်ပစ်မှာပေါ့။ ကျမတို့ မမွေးခင်ကတည်းက တော်လှန်ရေးလုပ်လာတဲ့ အဖွဲ့ အစည်းကြီးတခုက လူတွေကို ငါတို့လောက်တောင် သိမှာမဟုတ်တဲ့ ငတုံးငအတွေလို့များ ကိုမောင်မောင် (ရွှေကရဝိတ်) ထင်မြင်ယူဆနေသလားမသိ။ ဒါမှမဟုတ်…
ကျောင်းသားရဲဘော်တွေက ကေအိုင်အေက လူကြီးတွေဆို တုန်နေအောင် ကြောက်ရတယ်ဆိုတဲ့ သဘောလည်းပါရဲ့၊ မဟာမိတ်မို့ ဝင်စွပ်ခွင့်မရှိဘူးဆိုတာလည်းပါရဲ့။ ဝင်စွပ်ခွင့် အမှန် တကယ်မရှိရင် နန်းအောင်ထွေးကြည်နဲ့ ကိုညီညီ ဆမားက ဘယ်လိုအကြောင်းကြောင့် ကေအိုင်အေအဖွဲ့ထဲ ရောက်သွားခဲ့ရတာလဲ။ ငါတို့ တော်လှန်ရေးသက်တမ်း ဒီလောက် အကြာကြီးမှာတောင် ဒီလောက်များတဲ့ထောက်လှန်းရေးမျိုး မကြုံဖူးဘူးဆိုတဲ့ ဖြတ်သန်းမှုအတွေ့အကြုံ အသိ တွေရှိပါလျက် ဘာအကြောင်းကြောင့် နှစ်ချောင်းတည်းသောအသက်ကိုမှ ရွေးကယ်ခဲ့ရတာလဲ။
နန်းအောင်ထွေးကြည် အမေက ဗိုလ်ချုပ်ဇော်မိုင်မိန်းမနဲ့ အမျိုးတော်လို့ ထားပါတော့ (ဒါတောင် ဒီကိစ္စတွေပေါ်လာမှ အမျိုးဆိုပြီးသတင်းထွက်လာတာ အရင်က ဘယ်သူမှတောင် ကြားဖူးခဲ့ကြတာ မဟုတ်ပါဘူး။) အခုမှ အသစ်ရောက်စ ယူဂျီအုပ်စုထဲက ကေအိုင်အေအတွက် ယူဂျီလုပ်ပေးခဲ့တဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီးကိုကျ မခေါ်ထုတ်ဘဲ အဖမ်းခံခဲ့ရတဲ့ ညတွင်းချင်းမှာပဲ ဘယ်လိုလုပ်သိနေလို့ ဘာအကြောင်းကြောင့် ကိုညီညီဆမား (ယူဂျီ) တယောက်တည်းကိုမှ ရွေးခေါ် ထုတ်သွားပြီး ကေအိုင်အေရဲ့ဧည့်ခန်းဆောင်မှာ ထားခဲ့ရတာလဲ။ ပြီးတော့ ကျောင်းသားတပ်က ပြန်ဖမ်းခဲ့တယ်။ ရိုက် နှက်စစ်ဆေးမေးမြန်းနေစရာ မလိုဘဲ ထွက်ဆိုချက်တွေပေးခဲ့တယ်။ ပြီးတော့ ကေအိုင်အေက ပြန်ခေါ်ထုတ် သွားခဲ့ တယ်။ တမျိုးတော့ တမျိုးကြီး ဖြစ်နေပါတယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook)
No comments:
Post a Comment