Wednesday, February 6, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်း စစ်ဆင်ရေး အပိုင်း(၁၀)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်း စစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၁၀)

သက်ဆိုင်သူများသို့

ရဲဘော်ရဲမေတွေ ပုံစံကျအောင်လုပ်ယူရာမှာ စစ်သင်တန်းကိုအခြေခံထားပြီးမှ ပြဋ္ဌာန်းတွေကို အသုံးပြုခဲ့ကြတာပါ။ လူ ကြီးတွေနဲ့ ဆက်ဆံတဲ့အခါ မတ်တပ်ရပ် သတိဆွဲ အလေးပြုကိစ္စ တွေက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ဦးဆောင်တဲ့ မြောက်ပိုင်းဗဟိုဖွဲ့ပြီးမှ စနစ်တကျဖြစ်အောင်
မဟာမိတ်ကို အတုယူပြီးထုတ်ခဲ့တဲ့ ပြဋ္ဌာန်းပါ။ ရဲဘော်တွေ အလွယ်တကူ လိုက်နာကြပေမဲ့ ကျမတို့ရဲမေ တွေကတော့ အရင်က လက်ဖက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက် သူငယ်ချင်းအချင်းချင်း အ လေးမပြုချင်လို့ အပြင်ထွက်ရင် ဦးထုပ်မဆောင်းဘဲ ထွက်ကြတယ်။ ဦးထုပ်မပါရင် အလေးပြုစရာမလိုဘူးလေ။ ဒါကို ရိပ်မိတော့ အပြင်ထွက်ရင် ဝတ်စုံပြည့် ဝတ်ရမယ်လို့ ပြဋ္ဌာန်း ထပ်ထုတ်ပြန်ရော။ အဲဒီတော့ ကျမတို့ရဲမေတွေက လူကြီး တွေလာတာ ခပ်လှန်းလှန်းကတွေ့တာနဲ့ အလေးပြုနေရမှာစိုးလို့ မဆုံဖြစ်အောင် တောင်အောက်ဆင်းရင်ဆင်း တောင် ပေါ်တက်ရင်တက် လမ်းလွဲပြီး သွားတတ်ကြတယ်။ ရဲမေတွေ ဂိတ်ကင်း ညကင်း စောင့်ရတဲ့ အချိန်၊ အလုပ်ကိစ္စတွေ တင်ပြပြောဆိုရတဲ့ အချိန်မှာတော့ ကျမတို့ ရှောင်လို့မရတော့ဘူး။

ဒါပေမဲ့ ကျမတို့အလှည့်ဆိုတာလည်း ရှိတာပါပဲ။ ရဲမေ ထက်ထက် ဂိတ်မှာ ညကင်းစောင့်တဲ့အချိန်။ အတွင်းရေးမှူး ကို အောင်နိုင်နဲ့ သူ့အရံရဲဘော် မဟာမိတ်ဘက်က ပြန်လာတာ မိုးချုပ်သွားတော့ ကျောင်းသားတပ်ရဲ့ ဂန်ကွယ် (စကား ဝှက်) မသိဘူး။ ရဲမေထက်ထက်လည်း သိတာပဲ ဒါအတွင်းရေးမှူး ကိုအောင်နိုင်ဆိုတာ။ ဒါပေမဲ့ သူတို့ထုတ်ထားတဲ့ တပ် ရဲ့စည်းကမ်းအတိုင်းပဲလေ။ “ရပ်” ဆို ရောက်တဲ့နေရာမှာ “ရပ်” ပေါ့။ “ဂန်ကွယ်ပြော” ဆိုတော့ “မသိဘူး” တဲ့။ “မသိရင် လေးဘက်ထောက်တက်ခဲ့” ဆိုတော့ တက်ရတာပဲ။ အပြန်အလှန်ပေါ့။

လူကြီးတွေ အရံရဲဘော်ထားတယ်ဆိုတာလည်း မဟာမိတ်တွေနဲ့ အပြန်အလှန် ဆက်ဆံသွားလာကြရတဲ့ အခါမျိုးမှာ လို အပ်လို့ လုပ်တာမျိုးပါ။ မလုပ်ချင်တဲ့သူကို ဘယ်သူမှ အတင်းအကြပ် အမိန့်နဲ့ လုပ်ခိုင်းခဲ့တာမျိုးလည်း မဟုတ်ပါဘူး။ ရဲဘော်တွေကိုယ်တိုင်က လုပ်ချင်တဲ့ ဆန္ဒရှိလို့ ကျေနပ်လို့ လုပ်ကြတဲ့ကိစ္စပါ။ အဲဒီအချိန်က တချို့ရဲဘော်တွေဆို လူကြီး တွေ အဆိုအရိုက်ခံရရင်တောင် ဂုဏ်ယူစရာလို ဖြစ်နေခဲ့ကြတဲ့ကာလပါ။ ဘယ်ရဲဘော်ကမှလည်း သေးကအစ ချီးက အစ ခိုင်းဖက်သဘောမျိုး အောက်ခြေသိမ်း လိုက်လုပ်ပေးနေတာမျိုးလည်း မဟုတ်ပါဘူး။ ကိုအောင်နိုင်ရဲ့ အရံရဲဘော် လုပ်ခဲ့ဖူးတဲ့ ကိုကျော်နိုင်ဦး (သာယာဝတီ) ကို မေးကြည့်နိုင်သလို အရံရဲဘော်ထားခဲ့ဖူးတဲ့ ကိုစိုးလင်း (ဗဟိုကော်မတီ၊ မန္တလေး) ကိုလည်း မေးကြည့်နိုင်ပါတယ်။

လူကြီးတွေအနေနဲ့လည်း တခါတရံဝိုင်းနဲ့တိုးပြီး မူးလာတဲ့သူ့ရဲဘော်ကို အိပ်ယာထဲတွဲပို့ စောင်ခြုံပေး၊ ဖျားနာရင်ပြန် ပြုစု ပေးရတာတွေ၊ အမြင်မတော်ရင် ကောက်လျောာ်ကောက်သိမ်း ပေးရတာမျိုးတွေလည်း ရှိပါတယ်။ သူ့ကျေနပ်မှုနဲ့သူ ကိုယ့်ကျေနပ်မှုနဲ့ကိုယ် အပြန်အလှန်နေကြ ဆက်ဆံကြတဲ့သဘောမျိုးလောက်ပါ။ ဘယ်လိုအာဏာရူးကြတာလဲ။ ဘယ် လိုအခွင့်ထူးခံကြ စည်းစိမ်ရစ်ကြတာလဲဆိုတဲ့မေးခွန်းအတွက် တခြားထောက်ပြစရာကလည်းမရှိတော့ မရှိရှိတာရှာကြံ ပြီး ဒါတွေကိုထောက်ပြ မရအရ အတင်းကောက်ချက်ဆွဲချနေတော့ အတူနေဖူးခဲ့တဲ့ လူတွေအတွက်တော့ ရယ်စရာကြီး ပါ။

အတွင်းရေးမှူး ကိုအောင်နိုင် ဦးဆောင်ပြီး ရှေ့တန်းထွက်တဲ့အချိန်က ရှေ့တန်းတောင် မရောက်သေးဘူး စားစရာ ရိက္ခာတွေပြတ်၊ အချိုဓါတ်အဖြစ် အားထားအသုံးပြု ခပ်ရတဲ့ ဟင်းချိုမှုန့်တောင် မရှိ၊ သောက်စရာ ဆေးပေါ့လိပ်လည်းပြတ်ဆိုတော့ ရဲဘော်တွေ စိတ်တိုကုန်ကြတယ်။ ရွာတရွာမှာ ခဏနားတော့ ကိုအောင်နိုင်တည်းတဲ့အိမ်ကို ရဲဘော်တွေ လိုက်သွားကြတယ်။ ကိုအောင်နိုင်က ရွာသူကြီးနဲ့ စကားသွားပြောနေတော့ အဲဒီအိမ်မှာ မရှိဘူး။ သူ့ရဲ့အရံရဲဘော်ပဲ ရှိ တယ်။ သူ့အရံရဲဘော်က ဟန်ကောနဲ့ ရေနွေးတည်နေတယ်။ ဘေးမှာ ရေနွေးဆူရင် ထည့်ဖို့ မုန်ညှင်းရွက်တွေအသင့် ချိုးထားတယ်။ ရဲဘော်တွေ ဝင်သွားပြီး “ဘာဟင်းချက်သလဲ” မေးတော့ “မြင်တဲ့အတိုင်းပဲ” လို့ မေးငေါ့ပြတယ်။ ရဲဘော် တွေ ဘာမှ ဆက်မပြောနိုင်ဘဲ လှည့်ပြန်သွားတယ်။ အဲဒီအချိန် ကြက်သားကိုက်နေတဲ့ လူကြီးတွေ့လို့ကတော့ အဲဒီ လူကြီး ဂိန်ပြီသာမှတ်။

စစ်ကြောင်းထွက်ချိန် ရွာတွေမှာ အသီးအရွက်တောင်းစားခွင့်ရှိတယ်။ ရွာသားတွေပိုင်တဲ့ ကြက်တွေဘာတွေ ခိုးစားခွင့်မ ရှိဘူး။ ခိုးစားလို့ ရွာကတိုင်ရင် အဲဒီအတွက် ရွာကိုလျှော်ကြေး အဖွဲ့ကပေးပေးပြီး ခိုးစားတဲ့ရဲဘော် အပြစ်ပေးခံရတယ်။ ရွာသားတွေက ကျောင်းသားရဲဘော်တွေ လာတည်းရင် ပျော်တယ်။ ဘာကြောင့်လည်းဆိုတော့ အရေးတကြီး ခရီးနှင်ရ တာမျိုး မဟုတ်ဘူးဆိုရင် တည်းတဲ့အိမ်အတွက် ရေခပ်ပေးတာတွေ ထင်းခွေပေးတာတွေ လုပ်ထားပေးခဲ့ကြလို့။ ကိုယ့် အစုနဲ့ကိုယ် ရှိတာရောင်းထုတ် ရှာကြံဖန်တီးထားတဲ့ ပိုက်ဆံလေးတွေနဲ့ ရွာသားတွေဆီက ဆပ်ပြီလေးတွေ (ခေါင်ရည်) ဘာလေးတွေ ဝယ်သောက်ကြတော့ ရွာသားတွေလည်း ပိုက်ဆံရလို့။

ရှေ့တန်းမှာ လုပ်ငန်းသဘောအရ အမိန့်နာခံကြရတယ်။ စစ်ကြောင်းပြီးလို့ နောက်တန်းရောက်တာနဲ့ ဆွေးနွေးပွဲတွေ ပြန်လုပ်တယ်။ စစ်ဆင်ရေးတလျှောက် အကောင်း အဆိုး၊ အားနည်းချက်-အားသာချက်၊ လုပ်သင့်တာ-မလုပ်သင့်တာ၊ ဖြစ်သင့်တာ-မဖြစ်သင့်တာတွေ ရဲဘော်ရဲမေတွေ အားလုံး ဝိုင်းဆွေးနွေးကြ ထောက်ပြကြတယ်။ ရှေ့တန်းမှာ မလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်ခဲ့မိတဲ့လူကြီးဆိုရင် နောက်တန်းရောက်တာနဲ့ ခေါင်းမဖော်နိုင်အောင် ရဲဘော်တွေ ဝိုင်းကျွေး တာခံရပြီသာ မှတ်တော့။

ထောက်လှမ်ရေးကိစ္စတွေကလွဲရင် ကိုယ်မဟုတ်တာ မလုပ်ဘူးဆိုရင် လူကြီးမို့ကြောက်ပြီး မပြောရဲမဆိုရဲစရာမျိုးလည်း မရှိပါဘူး။ တပ်ပုံစံကျအောင် နေထိုင်ကြတာကလွဲလို့ လိုအပ်ရင် ရဲဘော်ရဲမေတွေအနေနဲ့လည်း ပြောဆိုစရာ တစုံတရာ အကြောင်းရှိရင် ဘယ်လူကြီး အိမ်ကိုမဆို အချိန်မရွေးသွားပြီး ပြောဆို တင်ပြ ဆွေးနွေးနိုင်ပါတယ်။ လုပ်ငန်းသဘာဝ အရ အပြန်အလှန် နားလည်အလေးပြုမှုတွေနဲ့ ဆက်ဆံကြတာပဲရှိတယ်။ အာဏာရူးလို့လုပ်နေ ကြတာတွေ၊ ကြောက် နေရလို့ လုပ်နေကြရတာတွေ မဟုတ်ဘူးဆိုတာ ဗဟိုကော်မတီဝင်တွေ ဖြစ်ခဲ့ကြတဲ့ ကိုစိုးလင်း၊ ကိုညီညီကျော်၊ ကိုရဲ လင်း တို့လည်း သိနေနိုင်သလို မြောက်ပိုင်းနေဖူးခဲ့ကြတဲ့ ရဲဘော်ရဲမေတွေကိုယ်တိုင်လည်း သိပါလိမ့်မယ်။

နောက်ပိုင်းမှာ ရဲမေအချင်းချင်းကြား ညီအမဆက်ဆံရေးသဘောမျိုးသာနေလာခဲ့တဲ့ ကျမတို့ရဲမေတွေတောင် ရှေ့တန်း ထွက်ခါနီး အစည်းအဝေးထိုင်ကြတယ်။ မဟာမိတ်တွေနဲ့ လက်တွဲသွားရမှာမို့ မဟာမိတ်တွေကြား တယောက်နဲ့တ ယောက် ဆက်ဆံတဲ့အခါ အပြန်အလှန်နားလည်မှုနဲ့ လေးစားမှုရှိဖို့၊ နာမည်တွေအစား စုမှူး၊ စိပ်မှူး စသဖြင့် တာဝန်ယူ ထားရတဲ့အနေအထားအတိုင်း ပြောင်းခေါ်ဖို့၊ တခြားအချိန်မှာ ညီအမတွေလိုပဲ ပြောဆိုဆက်ဆံကြမယ်။ ဒါပေမဲ့ အလုပ် ကိစ္စတွေနဲ့ပြောဆိုကြတဲ့အခါ တယောက်နဲ့တယောက် အပြန်အလှန်အလေးပြုသတိဆွဲ ပြောဆိုကြဖို့ အားလုံးသဘော တူဆုံးဖြတ်ခဲ့တယ်။ ဘယ်လူကြီးကမှ ကျမတို့ကို ဒီလိုလုပ်ပါ မခိုင်းခဲ့ပါ။ ကျမတို့ဘာသာ ကျမတို့သဘောတူ လုပ်ခဲ့ကြ တာပါ။ ဒါတွေကြောင့် အာဏာရူးနေကြတာလို့ ဘယ်လိုများ ဆွဲတွေးယူပြီး ပြောဆို ရေးသားခဲ့ကြပါသလဲ။ နားမလည် နိုင်ပါ။

မြို့ပြကလူတွေ တောအလုပ်တောင်အလုပ် မလုပ်တတ်တာကို ဘလိုင်းကြီးအပြစ်တင်တဲ့အထိ ဒေသခံရဲဘော်တွေက ကလေးလည်းမဟုတ်၊ ကုလားလည်းမဟုတ် ကြပ်မပြည့်တဲ့သူတွေလည်း မဟုတ်ပါ။ ကျမတောထဲ ရောက်ခါစက ဓါးကို တောင် စောင်းခုတ်ရမှန်း မသိခဲ့။ တိုင်လုံးလောက်ရှိတဲ့ ခုတ်လှဲပြီးသား သစ်ပင်ခြောက်ကြီးကို တည့်တည့်မတ်မတ် အ ကြိမ်ကြိမ်အခါခါ ခုတ်ရင်း ထင်းဖြတ်ဖို့ ကြိုးစားနေတဲ့ ကျမကို ဖြတ်သွားတဲ့ အက်အက်အေ ရှမ်းရဲဘော် တယောက်က တွေ့သွားပြီး ရပ်ကြည့်ရင်း ရယ်ပါတယ်။ ဗမာစကားမတတ်တော့ ကျမဆီက ဓါးကိုလှမ်းယူပြီး ဘယ်တလှည့် ညာတ လှည့်စောင်းခုတ်ရင်း ပတ်ပတ်လည်ခုတ်ပြသွားတယ်။ တပတ်ပြည့်သွားပြီး အလယ်မှာတည်းတည်းလေး ကျန်တော့မှ တည့်တည့်ခုတ်ဖြတ်လိုက်တယ်။ အဲဒီတော့မှ ထင်းဖြတ်တဲ့အခါ ဓါးကို စောင်းခုတ်ရတယ်ဆိုတာ ပထမဦးဆုံးစတင်သိခဲ့ ရတဲ့အထိ ကျမ အမှန်တကယ် တုံးခဲ့ဖူးပါတယ်။

မြောက်ပိုင်းမှာ လက်တဘက်စာရှိတဲ့အပင်ကြီးတွေကို ကြိုးတွေ လွှတွေသုံးပြီး ရဲဘော်တွေ အကူအညီနဲ့ အပင်လှဲချ တယ်။ ပြီးရင် ရဲမေတွေ ထမ်းနိုင်တဲ့အရွယ်လောက် နှစ်ယောက် တလှည့် လွှနဲ့ဖြတ် ထမ်းတဲ့အခါထမ်း တောင်ပေါ်က လိမ့်ချတဲ့ အခါလိမ့်ချနဲ့ အဆောင် အရောက် အခေါက်ခေါက်အခါခါ သယ်ကြတယ်။ အဆောင်ဘေးမှာ အဲဒီထင်းတုံးကြီး တွေကို ပုဆိန်နဲ့ ပေါက်ခွဲခြမ်းစိပ်ဖြာတဲ့နေရာမှာ အကျွမ်းကျင်ဆုံး မြို့ပြကရဲမေ နှစ်ယောက်က ရဲမေစန်းစန်းနဲ့ ရဲမေ ထက်ထက်။ ဒေသခံရဲမေတွေကတော့ ဆိုဖွယ်မရှိပေါ့။

တခါတလေကျတော့ လက်မောင်းလောက် ပေါင်လောက်ရှိတဲ့ ထင်းခြောက်တွေရှာဖြတ်တယ်။ ထင်းစိုထင်းခြောက်ခွဲ တတ်ဖို့လည်း လိုပါသေးတယ်။ ဖြတ်ပြီးသားထင်းတွေကို နှီးဖြာပြီး ခိုင်အောင်ရစ်ပတ် ချည်ပြီးထမ်းကြတယ်။ ဒေသခံ ရဲမေတွေက အလယ်မှာ ထင်းတချောင်းကို ထမ်းပိုးလိုလုပ်ပြီး ရှေ့တစည်းနောက်တစည်းနှစ်စည်း ရှမ်းထမ်းထမ်းကြ ချိန်မှာ နှီးမဖြာတတ် ခိုင်အောင်မချည်တတ် သူတို့လိုလည်းရှမ်းထမ်းမထမ်းတတ်တဲ့ ကျမအတွက် ပုခုန်းပေါ်ထမ်းဖို့ ထင်းစည်းပေးတတ်တယ်။ သူတို့လောက် အလေးအပင်ထမ်းပြီး တောင်မတက်နိုင်တဲ့ ကျမ အတွက် နည်းနည်းလေးပဲ စည်းပေးလေ့ရှိတာမို့ ငါ့ခန္ဓာာကိုယ်ကြီးနဲ့ နည်းနည်းလေးထမ်းရမှာ ရှက်စရာကြီး ထပ်ထည့်ပေးအုံးလို့ ပြောယူရတတ်ပါ တယ်။ သူတို့တွေ နားလည်ကိုယ်ချင်းစာ တတ်ကြပါတယ်။

စားရတဲ့အသီးအရွက် မစားရတဲ့အသီးအရွက် ဆင်တူရိုးမားရှိတတ်တာကို ခွဲခြားပြီး ခူးတတ်စားတတ်အောင် ဒေသခံ ရဲဘော်ရဲမေတွေပဲ ညွန်ပြခဲ့ကြတာပါ။ ပြုတ်ပြီးသားမျှစ်ကို အမေကြော်ကျွေးတာပဲ စားဖူးတဲ့ကျမအတွက် ဒေသခံ ရဲမေ တွေ မျှစ်တွေတဖြောင်းဖြောင်း လိုက်ချိုးတော့ သူတို့နည်းတူကိုယ်လည်းလိုက်ချိုး ဓါးနဲ့အကာတွေ ခြစ်ချလိုက်လုပ်ခဲ့ပေ မယ့် ဘယ်လိုချက်စားရမှန်း မသိပါ။ ကိုယ်တတ်နိုင်တာလုပ်ဖို့ ဆန်ကြိုးလေးလည်ပင်းဆွဲ ဟန်ကောချိုင့်လေးလုံး လောက် လက်ကဆွဲရင်း စမ်းချောင်းဘက်ဆင်းခဲ့တယ်။ ဟန်ကောချိုင့် ဆေး၊ ဆန်ဆေး၊ ရေထည့် ထမင်းတည်ချိန်။ ဆား၊ ဟင်းချိုမှုန့်၊ ဆန်လှော်မှုန့်၊ ဆန်အစိမ်းမှုန့် ရှိတဲ့အရာလေးတွေကိုသုံးပြီး အရင်ထည့် နောက်မှထည့် တခါတည်း ရောနယ်ထည့်ပဲ ကွာတယ်။ ဒေသခံရဲမေတွေ ဘယ်လို လှည့်ပတ်ချက်လိုက်သလဲမသိ၊ အရသာမတူ ကွဲပြားခြားနားတဲ့ မျှစ်စိမ်းချက်၊ မျှစ်စိမ့်ချက်၊ မျှစ်ဆန်လှော်၊ မျှစ်ပြွန်း၊ မျှစ်ပိန်ချက်၊ မျှစ်သုတ်၊ မျှစ်တာလဘော စတဲ့ မျှစ်ဟင်းကို အမျိုးစုံ သွားအောင် စားခဲ့ဖူးတယ်။ ရဲမေ မငွေ၊ မနွယ်၊ မသွယ်၊ မအေး၊ မမူတို့က မရှိရှိတာကို စားကောင်းအောင်လုပ်တဲ့နေရာ မှာ တော်ကြတယ်။ မလုပ်တတ်တာကို မည်သူမှ မပြောပါ ကိုယ်နိုင်တဲ့အပိုင်းက မလုပ်ချင်တာမျိုးကိုတော့ ပြောရင်ပြော နိုင်ပါတယ်။

ပါဂျောင်ဗဟိုမှာရှိတဲ့ ဝါးက အလုံးသေး အခေါင်းမပါ အသားအပြည့် လူအရပ်နှစ်ပြန်ကျော် ရှည်တယ်။ ထရံယက်ဖို့ ခွဲ ခြမ်းစိတ်ဖြာရင် ကျွမ်းကျင်တဲ့သူက သူ့အရှည်အတိုင်း ကျိုးပျက်ခြင်း မရှိ (၁၆) ခုလောက် ခွဲဖြာနိုင်ရင် ကျမတို့လို မကျွမ်း ကျင်တဲ့သူတွေက အကျိုးအပျက်တွေနဲ့ အနည်းဆုံး (၈) ခုလောက်တော့ ရအောင်ခွဲဖြာနိုင်ပါတယ်။ ဘယ်အရာမဆို သင် ယူလို့ရပါ တယ်။ ကျမတို့တတွေ ဒေသခံရဲဘော်ရဲမေတွေဆီက သင်ယူခဲ့ကြတာတွေ အများကြီးရှိပါတယ်။

ဗဟိုမှာရှိတဲ့ စစ်ရေးပြကွင်း၊ လက်ချာဟောတင်မက၊ ရုံးတွေ၊ အဆောင်တွေ၊ အဆောက်အဦမှန်သမျှ ဒေသခံရဲဘော် အများစု ရှေ့တန်းထွက်နေချိန် နောက်တန်းဗဟိုမှာ ကျန်ရှိတဲ့အများစု သော မြို့ပြရဲဘော်ရဲမေတွေအားလုံး စုပေါင်းမြေ ပေါက်ဆောက် လုပ်ထားတာတွေပါ။ မနက်တိုင်း တန်းစီအလေးပြု လူစစ်ပြီးတာနဲ့ ဆေးတပ်ဖွဲ့၊ စက်တပ်ဖွဲ့၊ ဝါဒဖြန့်ချိရေး၊ ကော်မတီရုံး၊ စစ်ရုံး၊ စခန်းရုံး၊ ဂိတ်စောင့်ကင်းစောင့်၊ ရဲမေဆောင်၊ ရိက္ခာအဖွဲ့ စသဖြင့် အစုအဖွဲ့လိုက် အလှည့်ကျ ဆေး ဆရာမ၊ ရုံး၊ ဂိတ်စောင့်၊ ကင်းစောင့် တာဝန်ရှိသူတွေ ချန်ထားပြီး ကျန်တဲ့သူအားလုံး ဒီအလုပ်တွေကို စုပေါင်းလုပ်ကြရ တာပါ။

ဒေသခံရဲဘော်တွေချည်း ဖောက်ထားဆောက်ထားတာ မဟုတ်ပါ။ ကိုထိန်လင်း အင်တာဗျူးထဲမှာပါတဲ့ ငါတို့ဖောက် ထားတဲ့ကွင်း ငါတို့ဆောက်ထားတဲ့ အဆောက်အဦတွေမှာ မင်းတို့က အခန့်သား ဘောကြော့လာနေကြတယ်လို့ ဒေသ ခံရဲဘော်တွေက ပြောတယ်ဆိုတဲ့စကားက ပြောစရာမရှိ ရှာကြံပြောတာမျိုး မဟုတ်ဘူးဆိုရင် ကျမအတွက်တော့ စဉ်း စားရကြပ်စရာပါ။

နောက်ပြီး အခုမှ ရင်း (၅) ဘက်ကနေ လူသစ်အဖြစ်နဲ့ ဗဟိုကိုရောက်လာခဲ့တဲ့ ကိုထိန်လင်းက ဘယ်လိုလုပ်သိနေလို့ သူတို့က သူတို့အိမ်တွေကို ပြန်ပို့တာတွေလည်းရှိတယ်လို့ (နန်းအောင်ထွေးကြည် လေသံအတိုင်း) ဖြေဆိုထားရပါသ လဲ။ ကိုသံချောင်း တို့ မိသားစုက နဂိုကတည်းက ကျောက်တွင်းပိုင်၊ ကျောက်လုပ်ငန်းတွေလုပ်နေတဲ့ တောသူဌေးတွေ၊ ကိုမျိုးဝင်းတို့မိသားစု ကိုမျိုးဝင်းပို့ထားလို့ ဘယ်လောက်ထိချမ်းသာနေကြတယ်ဆိုတာ ကိုထိန်လင်း သွားကြည့်ခဲ့ မြင်ခဲ့ရ လို့လား။

တပ်စိပ်တိုင်းမှာ ကိုယ့်အစုနဲ့ကိုယ် ဝိုင်းလုပ်ဝိုင်းရှာဝိုင်းစား နေထိုင်စားသောက်ရတဲ့သဘောအရ သူများပင်ပင်ပန်းပန်း ရှာဖွေချက်ပြုတ်ထားတာကို စားသာစားချင် မလုပ်ချင် လက်ကြောမတင်း အချောင်ခိုချင်တဲ့သဘောရှိတဲ့ လူမျိုးကိုတော့ ပင်ပင်ပန်းပန်းလုပ်ရတဲ့ တပ်စိပ်ထဲက ရဲဘော်က ပြောတာမျိုးတော့ ခံရနိုင်ပါတယ်။ ဒါတွေနဲ့ ဖြစ်ခဲ့တဲ့ ပြသနာတွေနဲ့က ဘာမှမဆိုင်ပါ အဝေးကြီးပါ။

(ဆက်ရန်)

ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook)

No comments: