နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၁၁)
သက်ဆိုင်သူများသို့
အမှန်တရားကို
ဦးဆောင်ဖော်ထုတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိုထွန်းအောင်ကျော် (အမေရိက) ကလည်း တော်လှန်ရေး
ဘက်ကနေကြည့်ရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှု ဖြစ်စဉ်ကြီး တခုကို ထောင့်စေ့အောင်
မလေ့လာရသေးဘဲနဲ့ နန်းအောင် ထွေးကြည်ရဲ့ တရားကိုသာနာပြီး ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးကို
ကာကွယ်စောင့်ရှောက်ရမယ့်အစား တောထဲမှာ လက်နက်ကလေးတွေ လက်ထဲမှာရှိလာတော့ “အာဏာရူးပြီး”
ဖြစ်ခဲ့ကြတာလို့ လူပြိန်းအကြိုက်
အလွယ်အတွေးမျိုးနဲ့ တဖက်သတ်ကြီး ဆိုနေပါလား။
ကာကွယ်စောင့်ရှောက်စရာ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကော ရှိနေပြီလား။ ကိုထွန်းအောင်ကျော်ကိုယ်တိုင်တောင်
အမေရိကရောက်မှ အဲဒီအရသာ စပြီးခံစားခဲ့ရတာ မေ့သွားလို့ဖြစ်ရမယ်။
မြောက်ပိုင်းအကြောင်းကို
ပြန်ပြောရင် နေရာနဲ့အချိန်ကာလကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ အသက်တွေက ဆယ် ကျော်သက်
နှစ်ဆယ်ကျော်ပတ်ဝန်းကျင်၊ အမှန်တရားနဲ့ တရားမျှတမှုအတွက် မိဘတွေရဲ့ခံစားမှုကို လစ်လျူရှုနိုင်ကြ
ရုံတင်မက ကိုယ့်အသက်တောင် ကိုယ်မနှမျှောကြတဲ့ စိတ်အနေအထား။ အမှန်အတိုင်းဝန်ခံရရင်
အဲဒီအချိန် ကျမကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းလာမေးရင် ဖတ်ခဲ့ဖူးတဲ့စာအုပ်ထဲကစာတွေ
သူများ အထင်ကြီးလိုကြီးငြား ပြန် ရွတ်ပြရုံကလွဲရင် (ဒါမှမဟုတ်) သူများစကားကို
ကိုယ့်စကားလုပ်ပြီး ပြန်ပြောပြတတ်ရုံကလွဲလို့ မြောက်ပိုင်းရဲဘော် အ များစုဟာ ကာကွယ်ဖို့စောင့်ရှောက်ဖို့
အသာထားအုံး ယနေ့ချိန်ထိ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ဆိုတာ ချိုသလား ငန်သလား
မပြောနဲ့ ဥက္ကဋ္ဌဟောင်းကြီးဖြစ်ခဲ့တဲ့ ကိုထွန်းအောင်ကျော်လို မြည်းကြည့်ခွင့်လေးတောင်
မရခဲ့ကြသေးပါဘူး။
စော်ကားတာတော့
မဟုတ်ပါဘူး၊ အမှန်တကယ် သိချင်လို့မေးကြည့်တာပါ။ ကိုထွန်းအောင်ကျော် နိုင်ငံခြားကို
ဘယ်နှစ် ခုနှစ်က ရောက်သွားခဲ့တာပါလဲ။ ရှေ့တန်းစစ်မြေပြင် ဘယ်နှစ်ခါ
ရောက်ဖူးခဲ့ပါသလဲ။ မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော် ဘယ်နှစ်ယောက်လောက်ကို မြင်တွေ့ဖူးခဲ့ပါသလဲ။
ဆန်ဂိုဒေါင်တွေ ရန်သူ့လက်ထဲရောက်သွားလို့ အားအင်ကုန် ခမ်းငတ်ပြတ် ဖျားနာပြီး
ဗဟိုတောင် ပြန်မရောက်တော့ဘဲ လမ်းခရီးစခန်းမှာတင် ရဲဘော်တွေ တယောက်ပြီးတယောက် ချခဲ့ရတဲ့
အသုဘမျိုးကော ကြုံခဲ့ဖူးပါသလား။
အခုတာဝန်ရှိလို့ပါ
ပြောနေတဲ့သူတွေရဲ့အသံတွေ အဖွဲ့အစည်းရော ရဲဘော်တွေပါ အခက်အခဲတွေ အကြပ်အတည်း တွေနဲ့
ရင်ဆိုင်ရုန်းကန်နေခဲ့ရချိန်က ချောင်းဟပ်သံလေးတောင် ရဲဘော်တွေ မကြားခဲ့ကြရတာ
အဲဒီအချိန်က အိပ်ပျော် နေခဲ့ကြပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့တဲ့ အောက်ခြေက
ရဲဘော်တွေကတော့ တာဝန်ရှိပါတယ်ဆိုတဲ့ ခေါင်း ဆောင်ကြီးများကို မေ့နိုင်ကြမှာ
မဟုတ်ပါဘူး။ ဘဝတသက်တာလုံးအတွက်ကို အမှတ်တရရှိနေကြပါလိမ့်မယ်ဆိုတာ တော့ ယုံပါ။ ကျမက
အေဘီဥက္ကဋ္ဌလည်း မဖြစ်ခဲ့ဖူးသလို ဘယ် ဥက္ကဋ္ဌကိုမှလည်း မဲမပေးခဲ့ဖူးတဲ့အပြင် ဥက္ကဋ္ဌကတော် ဘဝနဲ့လည်း
ဘယ်လိုပွဲမျိုးကိုမှ မတက်ရောက်ခဲ့ပါ။ မခံစားတတ်လို့ပါ။
ရဲမေဘဝနဲ့တော့
ကိုထွန်းအောင်ကျော်ကို မေးခဲ့တဲ့အရာတွေ အကုန်လုံးကို ကျမကြုံခဲ့ဖူးပါတယ်။ ကျမရေးခဲ့တဲ့
ဆောင်း ပါးတွေထဲမှာ ရေးရင်းနဲ့ပတ်သက်ခဲ့တဲ့သူတချို့ကို ကျဆုံးဆိုပြီး
ကွင်းစကွင်းပိတ်တွေနဲ့ ပြထားတာကိုပဲ ရေတွက်ကြည့် ပါ။ ဒါရေးနေတဲ့အကြောင်းနဲ့
တိုက်ဆိုင်လို့ ထည့်သုံးခဲ့တဲ့နာမည်တွေပဲ ရှိပါသေးတယ်။
မြန်မာနိုင်ငံဆိုတာ
ဒါမျိုးဟေ့ဆိုပြီး လက်တွေ့သက်သေပြနေတဲ့ ရခိုင်အရေးအခင်းကကော အောက်ခြေမှာ ဘာအာဏာ
ဘာစည်းစိမ်မှမရှိဘဲ ခံပြီးရင်းခံနေရတဲ့ ဆင်းရဲဒုက္ခရောက်နေသူ ဘဝတူအချင်းချင်း
အဲဒီလောက် ရက်ရက်စက်စက် အ ပြန်အလှန် သတ်ဖြတ်နေကြတာ အာဏာရူးနေကြတာလို့ သတ်မှတ်လို့ ဖြစ်ပါ့မလား။
တကယ်တမ်း အာဏာရူးနေကြတာက ဘယ်သူတွေပါလဲ။
မြောက်ပိုင်းက
ခေါင်းဆောင်တွေက အာဏာရူးဖို့နေနေသာသာ ကိုထွန်းအောင်ကျော်လို နိုင်ငံခြားမပြောနဲ့
ဗဟိုမှာ တောင် ကြာကြာဇိမ်နဲ့ နပ်နေကြတာ မဟုတ်ပါဘူး။ အမြဲတမ်း ရှေ့တန်းစစ်မြေပြင်မှာ
ရန်သူနဲ့ နှပမ်းလုံးနေခဲ့ကြတာ။ အဲဒီလောက်တိုတောင်းတဲ့ ကာလလေး တခုအတွင်းမှာကို ကိုမျိုးဝင်းတို့
ကိုသံချောင်းတို့ တိုက်ပွဲပေါင်း ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ နွှခဲ့ကြသလဲဆိုတာပဲ
စာရင်းကောက်ကြည့်လိုက်ပါ။ အချောင်သမားတွေ မဟုတ်ခဲ့ကြသလို နာမည်ခံရုံသက် သက်
လုပ်ခဲ့တဲ့သူတွေ မဟုတ်ခဲ့ကြတာကတော့ အသေအချာပါပဲ။
ဘာမှမလုပ်ခဲ့သူတွေအတွက်
ဘာအမှားမှ မရှိခဲ့ကြလည်း ဂုဏ်ယူစရာတော့ ဟုတ်မယ်မထင်ပါဘူး။ ကျမ သိသလောက် တော့ အာဏာရူး
ဆိုတာမျိုးက “ဘယ်သူသေသေ ငတေမာ ရင်ပြီးရော” အသက်စွန့်လုပ်ဖို့ ဝေးလာဝေး။ သူတို့စည်း
စိမ်ကိုတောင် သူတို့စွန့်ရဲ လုပ်ရဲကြတာမျိုး မဟုတ်ပါဘူး။ ကျမ သိတာမှားနေရင် ပြင်ပေးပါ။
ဒါတွေကို
အစအဆုံးသိပြီး တာဝန်ခံခဲ့တဲ့ မေးမြန်းလာတဲ့သူတွေရှိရင် သက်သေပြနိုင်ဖို့
နန်းအောင်ထွေးကြည်၊ ကိုညီညီ၊ ကိုကျော်နိုင်ဦး၊ ကိုခင်မောင်ဇော်၊ ကိုရဲလင်း၊
ကိုမိုးကြီးတို့ကို မသတ်ဘဲ ချန်ထားခဲ့တဲ့ ကိုမျိုးဝင်းကလည်း ကံကောင်းတာ လား
ကံဆိုးတာလားမသိ (အဲဒီလိုမဖြေရှင်းနိုင်တော့အောင်ကို) ရှေ့တန်းတိုက်ပွဲမှာ ကျည်ဆံက
(နှလုံးသားတဲ့တဲ့ကိုမှ) မှန်သွားခဲ့တာ။ ရှေ့တန်းမှာ ကျဆုံးသွားခဲ့ရလို့ ပြန်လည် ဖြေရှင်းခွင့်မရ၊
ကိုသံချောင်းကလည်း
မျက်လုံးတဘက်၊ လက်တဘက်ပေးခဲ့ရတဲ့အပြင် ထောင်ထဲမှာ သေဒဏ် ငါးထပ်ကွမ်းနဲ့ ရဲဘော် တွေ
အခေါ် “ပဲလှော်၊ ပဲကြော်” ဆိုတဲ့ ချစ်စရာ သမီးငယ် လေးနှစ်ဦးရဲ့ ဖခင် လူထဲကလူတဦးဆိုရင်လည်း
မမှားပါဘူး။ နောက်ထပ်သေဒဏ်တထပ် ထပ်တိုးလည်း ဘာမှ ထူးနေမှာမဟုတ် အသက်က တချောင်းပဲရှိတာ။
လူတယောက်ရဲ့ ယျေဘုယျအသက်က ရှိနိုင်ရင် (၆၅-ရဝ ) ပေါ့။ (၁၀)နှစ်က ကလေးဘဝ၊ နောက်ထပ် (၁၀)
နှစ်က ကျောင်းသားဘဝ၊ (၁၈)နှစ်က သူပုန်ဘဝ၊ (၇) နှစ်က ထောင်နန်းစံဘဝ လူ့သက်တမ်းရဲ့
သုံးပုံနှစ်ပုံလေးပဲ ကုန်သေးတာ နောက်ထပ် ထောင်ထဲဆက်နေဖို့နှစ်တွေ အများကြီးပဲ ကျန်ပါသေးတယ်။
ပြန်မခံလိုက်ရမှာ စိုးရိမ်ပူပန်နေကြသူများ စိတ်ပူနေစရာကို မလိုတော့တဲ့ ကြည်နူးနှစ်သိမ့်ဖွယ်ရာ
ဘဝမျိုးလေးနဲ့ပါ။
လွတ်လွတ်လပ်လပ်
ဖြေရှင်းခွင့်မရတဲ့ ဘဝတူရဲဘော်တွေဆီကနေ ဒီအပြင် နောက်ထပ်ဘာတွေများ ထပ်လိုချင်နေကြ တာပါလိမ့်။
ဒါ အမှန်တရားကို ဖော်ထုတ်နေကြတာလား။ ဒါလား တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးရေး။
ကိုမျိုးဝင်း၊
ကိုသံချောင်းတို့သာ အသက်ရှင်လျှက် လွတ်လွတ်လပ်လပ် ပြန်လည်ခုခံခြေပနိုင်တဲ့ အနေအထားမျိုးမှာ
ရှိနေခဲ့ရင် ကျမ ဒီစာတွေ ရေးနေစရာအကြောင်း မရှိဘူး။ သူတို့အမှားအတွက်
အမှန်တကယ်တရားမျှတတဲ့ တရားရုံးအ ဆုံးအဖြတ်နဲ့ (စစ်အစိုးရအောက်က မတရားရုံးကို
မဆိုလို) သူတို့ ကြိုးစင်တက်ကြရင်တောင် အသေအချာ ကျမ သွား ကြည့်အုံးမှာ။
(ကိုအောင်နိုင် ဘာကြောင့် မတားမြစ်ခဲ့တာလဲ၊ ဒါတွေကို သူဘာကြောင့် ယုံကြည်လက်ခံခဲ့လဲဆိုတဲ့
ကိစ္စ က အသက်ရှင်လျက်ရှိနေဆဲ ကိုအောင်နိုင် ဖြေရှင်းရမယ့်ကိစ္စ။)
အခုဟာက
ကျဆုံးသွားလို့ ခုခံခြေပခွင့်မရတဲ့ သူအပေါ်၊ လွတ်လွတ်လပ်လပ်ခြေပခွင့်မရတဲ့
ရန်သူ့လက်ထဲထောင်ကျ နေတဲ့ သူအပေါ် သွေးဆာနေတဲ့ ဘီလူးကြီးတွေ သရဲသဘက်ကြီးတွေ အာဏာရူးကြီးတွေအဖြစ်
နန်းအောင်ထွေးကြည် ရဲ့ လေသံကိုနင်းပြီး ပုံဖော် ပြောနေ ရေးနေကြတာတွေကို
လုံးဝလက်မခံနိုင်သလို ဒီအတွက် မြောက်ပိုင်းဗဟိုကော်မတီ သာမက မြောက်ပိုင်းရဲဘော်ရဲမေအားလုံးမှာ
တာဝန်ကိုယ်စီရှိတယ်လို့ပဲ ရိုးရိုးနဲ့ရှင်းရှင်း ကျမမြင်တယ်။ ကျမတို့ မြောက် ပိုင်းရဲဘော်
ရဲမေတွေအားလုံး မဖြစ်မနေ မျက်နှာချင်းဆိုင်ကိုစုဆုံ ဖြေရှင်းနိုင်မှသာ တကယ့်အမှန်တရားကို
ရှာတွေ့နိုင် မယ့် ကိစ္စတခုလည်း ဖြစ်ပါတယ်။ (ထောင်ထဲမှာရှိနေတဲ့ ကိုသံချောင်းကလည်း
မျက်နှာချင်းဆိုင်စုစုံရှင်းဖြေရှင်းနိုင်ဖို့ တောင်းဆိုခဲ့ပေမဲ့ တောင်းဆိုလို့
မရဘူးလို့ ကြားရပါတယ်။)
ကိုအောင်မိုးဝင်းရေးခဲ့တာက
ခံရသူတွေဘက်က ဖြေရှင်းမယ်ပြောနေတာပဲ ခေါင်းဆောင်ကြီးများက ထွက်မှ မလာရဲတာတဲ့။
ကဲ
ခေါင်းဆောင်ကြီးများအပါအဝင် မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး တယောက်မကျန်
တာဝန်ကိုယ်စီ ရှိကြတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ဖြေရှင်းကြမဲ့ နေရာလေးတွေကို
ရွေးကြရအောင်။
စာတွေအပြန်အလှန်ရေးပြီး
ဖေ့ဘုတ်ပေါ်ကနေ ဗီလိန်အပြောတွေနဲ့ တဘက်နဲ့ တဘက် ရန်ဖြစ်ပြီး ရှင်းကြမလား။ တ ပြည်လုံးကြားအောင်
လေလှိုင်းပေါ်ကကနေ သံပြိုင် အော်ဟစ် ရှင်းကြမလား။ အယောက်စေ့တိုင်း အင်တာဗျူးလုပ်ပြီး
ရှင်းကြမလား။ ကိုယ့်သမိုင်းနဲ့ ကိုယ့်ကဏ္ဍဆိုပြီး စာစီစာကုံးလေးတွေ တယောက်ချင်း
ရေးရှင်းကြမလား။ တဘက်နဲ့ တဘက် သတင်းစာရှင်းလင်းပွဲတွေ ချိမ့်ချိမ့်သဲကျင်းပပြီး အပြန်အလှန်
စွပ်စွဲ အပုတ်ချရင်း ရှင်းကြမလား။ ဒါမှမဟုတ်၊
အထဲကလူတွေ
အကုန်ထွက်လာကြပြီး ကိုအောင်နိုင်ရှိတဲ့ထိုင်းနယ်စပ်မှာ ရှင်းကြမလား။ အပြင်မှာရှိနေတဲ့လူတွေအား
လုံး အထဲပြန်ဝင်ပြီး ကိုသံချောင်းရှိတဲ့ သာယာဝတီထောင်မှာ သွားရှင်းကြမလား။ ကိုလှဆိုင်းရှိတဲ့
စစ်ဖြစ်နေတဲ့ မြောက် ပိုင်းကချင်မှာပဲ ပြန်စုံရှင်းကြမလား။ ဒါမှမဟုတ်
ကိုထွန်းအောင်ကျော်တို့ ကိုမျိုးဝင်းတို့ရှိတဲ့ မြောက်ပိုင်းတောထဲက မြေ ပုံလေးတွေမှာ
တိုင်တည်ကြရင်းနဲ့ပဲ ဖြေရှင်းကြမလား။
ဘယ်သူတွေက
အဆုံးအဖြတ်ပေးတဲ့ တရားသူကြီး လုပ်ကြမှာလဲ။ ဘယ်သူ့ရှေ့မှာ သွားရှင်း ကြရမှာပါလဲ။
အဆုံးအ ဖြတ်ပေးမဲ့ တရားသူကြီးက စစ်အစိုးရပဲလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အဆုံးဖြတ်ပေးနိုင်တဲ့
တရားသူကြီးတွေလို့ ထင်မှတ်ပြီး ထင်ကြီးတလုံးနဲ့ လုပ်နေပြောနေကြသူတွေ ရှေ့မှာပဲ
ရှင်းကြရမှာလား။ ဒါမှမဟုတ် မြောက်ပိုင်းရဲဘော်ရဲမေ တွေအားလုံး နိုင်ငံခြားကို
ရောက်ဖူးသွားတယ်ရှိအောင် လေယာဉ်ပျံကြီးစီးပြီး နိုင်ငံတကာခုံရုံးမှာပဲ သွားရှင်းကြမလား။
ကဲ .. ရွေးကြပါ
ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ပါဝင်ခဲ့တဲ့ မြောက်ပိုင်းရဲဘော်ရဲမေအားလုံး မျက်နှာချင်းဆိုင်စုဆုံဖြေရှင်းနိုင်မဲ့
နေရာလေးတွေကို။
ပါဝင်ခဲ့ကြသူတွေအားလုံး
မျက်နှာချင်းဆိုင်ကို စုဆုံပြီး ပြည်သူလူထုရှေ့မှာ ဖြေရှင်းကြမှ ရနိုင်ဖြစ်နိုင်မဲ့
ကိစ္စကြီးတခုပါလို့ ကျမ အကြိမ်ကြိမ် ရေးခဲ့ပြီးပြီ။ အဲဒီအတွက် လွတ်လပ်စွာ ပြောဆိုနိုင်တဲ့
အနေအထားတခု မရှိမဖြစ် လိုအပ်ပါတယ်။ ထောင်ကျနေတဲ့ ကိုသံချောင်း၊
စစ်ထောက်လှမ်းရေးတွေရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရောက်နေတဲ့ ကိုသန်း ဇော်၊
ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကရော ဒီလိုအခြေအနေအောက်မှာ ထွက်ရှင်းခဲ့ရင်တောင်
ဘာသံတွေပဲ ထွက်လာ နိုင်သလဲ စောင့်သာနားထောင် ကြည့်ကြပါ။ ဖက်စစ်တွေကို ပြည်သူလူထုတရပ်လုံးက
တွန်းလှန်တော်လှန်ခဲ့တဲ့ လူထု တော်လှန်ရေးနေ့တောင် တပ်မတော်နေ့ ဖြစ်သွားရသေးတာပဲ။
ဒီလောက်ကတော့ စစ်အစိုးရအတွက် ပျင်းတောင်ပျင်း သေးတယ်။
အုံနဲ့ကျင်းနဲ့ဖြစ်ခဲ့တဲ့
ကိစ္စတခု။ တယောက်တည်း နှစ်ယောက်တည်း လုပ်ခဲ့ကြတဲ့ကိစ္စတွေလည်း မဟုတ်ဘူး။ တယောက်တည်း
နှစ်ယောက်တည်း တစုတည်း တဖွဲ့တည်း ဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ခဲ့ဘူး။ ဖြေရှင်းလို့
လည်း မရနိုင်ဘူး။ ကိုယ့်အမြင် သူ့အမြင် ပါဝင်ခဲ့တဲ့ ကိုယ့်ကဏ္ဍ သူ့ကဏ္ဍတွေကို ဖလှယ်ကြရုံကလွဲပြီး
ဘယ်သူမှ အလုံး စုံသိနေတာ မဟုတ်ဘူး။ အဲဒါကို အတင်းကြီး ဇွတ်ထွက်ရှင်းခိုင်းနေသလို ဖြစ်နေတယ်။
အဲဒီလို
တယောက်စီ ထွက်ရှင်းနေလို့ကော ဝိုင်းတိုက်ခိုက်တတ်ရုံကလွဲပြီး ဘယ်သူ ဘာလဲ ဘာဖြစ်လို့
ဖြစ်သွားခဲ့ကြ တာလဲ အဖြစ်မှန်ကို သိနိုင်ကြပါ့မလား။ အခုကိုပဲကြည့်ပါ သူ့အမြင်
ကိုယ့်အမြင်နဲ့ အပြန်အလှန် ပုတ်ခတ်စွပ်စွဲ မဆုံးနိုင် တဲ့အဖြေတွေနဲ့ အဖွဲ့အစည်းသွားနေတဲ့
လမ်းကြောင်းတလျှောက် ဒီကိစ္စကြီး တကိုင်ကိုင်လုပ်ပြီး တိုက်ခိုက်နေတာကလွဲ ရင် ဘာအဖြေများ
ထွက်လာနိုင်မှာပါလဲ။ ဒါ ဘာကြောင့် အကြာကြီး ရေငုံနုတ်ပိတ်နေခဲ့ရပါသလဲဆိုတဲ့ ကျမကို
မေးခဲ့တဲ့ မေးခွန်းရဲ့အဖြေပါပဲ။
၁၉၉၂
အဖမ်းခံရတဲ့ ရဲဘော်တွေ အထဲပြန်ရောက်သွားကြချိန်၊ ၂၀ဝ၆ ကိုသံချောင်းနဲ့ ရဲဘော်တွေ
အဖမ်းခံခဲ့ရချိန်က တည်းက အကြိမ်ကြိမ်အခါခါ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး
သတင်းစာတွေထဲကရော တီဗွီတွေထဲမှာပါ ပြည်သူလူ ထုကို ချပြထားခဲ့ကြပြီးသားပါ။ အထဲက
ဒီမိုကရေစီခေါင်းဆောင်တွေ ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲရောက် နေတဲ့သူတွေပါမကျန်
သိနေပြီးသားကိစ္စတွေလည်း ဖြစ်ပါတယ်။ ကျမတို့ထက် ပိုသိ ပိုနားလည်နေတဲ့ သူတွေလည်း ရှိနေကြပါတယ်၊
ဘယ်လိုနည်းနဲ့မှ စုဆုံဖြေရှင်းနိုင်ကြတဲ့ အခြေအနေမရှိသေးတဲ့အပြင် ရှေ့ဆက်လုပ်ရမယ့်
အလုပ်တွေ ကို ဦးစားပေးလုပ်ရမဲ့အချိန် ဖြစ်နေခဲ့ရလို့သာ အားလုံးက လုပ်ချိန် ဖြေရှင်းချိန်
မတန်သေးဘူးလို့ သဘောထားခဲ့ကြတာ ပါ။
ဒါကို
လူတတ် လူသိကြီးတွေက ထလုပ်ကြတော့ ဘယ်မှာလဲ အမှန်တရား နိုင်ငံရေးအရ ဒါကို အမြတ်ထုတ်အသုံးချ
သွားတာပဲ အဖတ်တင်ပါတယ်။ ဒါတောင် အသက်နှစ်ဆယ်အရွယ် မဟုတ်တော့ဘူး။ တစုံတရာဖြတ်သန်းမှု
အတွေ့အ ကြုံရှိနေပါပြီဆိုတဲ့ လေးဆယ်ကျော်၊ ငါးဆယ်ကျော်အရွယ်တွေပါ။
စစ်အစိုးရတော်နေလို့ မဟုတ်ပါဘူး၊ စစ်အစိုးရဲ့ အား နည်းချက်တွေကို ၀ိုင်းဝန်းရှာဖွေထောက်ပြကြရမယ့်
အချိန်မျိုးမှာတောင် ကျမတို့ကိုကပဲ ငါသိ ငါတတ် ကြီးတွေသာ လုပ်ချင်နေတဲ့စိတ်တွေနဲ့
အချင်းချင်း အပြန်အလှန်လက်ညှိုးထိုးတတ်ကြတဲ့နေရာမှာ သိပ်ကိုတော်နေကြလို့ပါ။ လုပ်စရာ
မရှိကြတဲ့ လူတွေ လုပ်ရိုးလုပ်စဉ် လုပ်တတ် ကြတဲ့အတိုင်း ရှုပ်နေတဲ့ချည်ခင် ပြန်ရှာဖြည်ရှင်း
ပြန်လုံးပြန်ရစ်နေကြတဲ့ အလုပ်မျိုးတွေနဲ့ အချိန်ဖြုန်းနေခဲ့ကြတာတွေကလည်း ခပ်များများ
ဖြစ်နေခဲ့တဲ့အတွက်တွေကြောင့်လည်း ပါ ပါတယ်။
နှစ်နှစ်ဆယ်ကျော်တာတောင်
ဖြေရှင်းချိန်မရောက်သေးဘူးလားလို့ ပြန်မေးခဲ့မယ်ဆိုရင်လည်း။ ဟုတ်ကဲ့ ဒီပြည်တွင်းစစ်
ကြီး မချုပ်ငြိမ်း မရပ်တန့်သေးမချင်း သိလို့ပြောကြတာနဲ့ မသိလို့မပြောကြတာပဲ
ကွာပါတယ်။ ကျမတို့မမွေးခင်ကတည်း စခဲ့တဲ့ ပြည်တွင်းစစ်ကြီးတလျှောက်
တနိုင်ငံလုံးနေရာအနှံ့အပြားမှာ နှစ်ဦးနှစ်ဖက်ကြားက အဲဒီလိုသံသယတွေကြောင့် အခုချိန်ထိ
ဖြေရှင်းခွင့်မရကြဘဲ သေသွားခဲ့ရသူတွေ သေနေဆဲလူတွေ သေအုံးမဲ့လူတွေ တပုံကြီး အများကြီးရှိနေခဲ့
ရှိနေဆဲ ရှိနေအုံးမဲ့ အခြေအနေတွေ ဆက်ရှိနေသမျှ လွတ်လွတ်လပ်လပ် မျက်နှာချင်းဆိုင်
မတွေ့ဆုံမဖြေရှင်းနိုင်ကြ သေးသ၍ ပါပဲလို့ ပြန်ဖြေချင်ပါတယ်။
အာဏာရူးတဲ့သူက
လက်ထဲ လက်နက်လေးရှိနေမှ မဟုတ်ပါဘူး။ လက်နက်မရှိလည်း ရူးချင်တဲ့သူက နည်းအမျိုးမျိုးနဲ့
ရူးနေနိုင်ပါတယ်။ လူမသတ်ရင်တောင် တယောက်နဲ့တယောက် အပြိုင်အဆိုင် အပုတ်ချစွပ်စွဲရင်း
ပြည်သူတွေ နိုင်ငံရေး သမားဆိုရင် စိတ်ကုန် စိတ်ပျက်သွားအောင်၊ နောက်မျိုးဆက်တွေ
တော်လှန်ရေးဆိုရင် ဝေးဝေးက ရှောင်အောင် လူ့အ ခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ
ကိုယ်နာမည်ကောင်းရချင်ရင် ပြည်သူတွေ လိုအပ်တာကို ပိုလုပ်ကြရမဲ့အစား အလုပ်ထက် အပြောနဲ့
တယောက်နာမည်ကိုတယောက် စကားလုံးတွေနဲ့ လိုက်သတ်နင်းချေနေကြတာလေ။
တခြားလူတယောက်က
တခြားလူတယောက်ကို ကောင်းတဲ့အမြင်နဲ့ပဲဖြစ်ဖြစ် ဆိုးတဲ့အမြင်နဲ့ပဲဖြစ်ဖြစ် မနာလိုမရှုစိမ့်
ဖြစ် နေတဲ့ အမြင်မျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ့်လူကိုယ် ရိုးတင်ပေးချင်တာ ဖြစ်ဖြစ် ရိုးချချင်လို့ပဲဖြစ်ဖြစ်
ကန်ထုတ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ်ပါ တံဆိပ်အမှားတွေ
လာတပ်ပေးနေလို့ရတဲ့အမျိုး မဟုတ်ပါဘူး။
နာမည်ကောင်းလိုချင်ရင်
ကိုယ့်သမိုင်းကိုယ်ရေးနိုင်တဲ့ တခြားနည်းလမ်းရှာပါ။ ကျေးဇူးပြုပြီး
တော်လှန်ရေးအတွက် အ သက်ပေးသွားခဲ့ကြတဲ့ ရဲဘော်တွေရဲ့ မြေပုံပေါ် တက်မရပ်ကြပါနဲ့။
တောထဲမှာ
ထောက်လှန်းရေးလို့ သတ်မှတ်ခံခဲ့ရတဲ့ ကိုရာပြည့် (စစ်အစိုးရအကျဉ်းထောင်တွင်း ကျဆုံး)၊
ကိုရဲလင်း၊ ဘိုဘို၊ ကိုထိန်လင်း တို့ဟာ မိမိကိုယ်မိမိသာအသိဆုံးဆိုတဲ့ အသိနဲ့ပဲ ကိုယ်ယုံကြည်ရာ
လမ်းကို ဆက်လျှောက်ခဲ့ကြ တယ်။ ထောင်ကျခံခဲ့ကြရတယ်။ ငါတို့ဘယ်လို လူမျိုးတွေပါဆိုတာကို
သက်သေပြခဲ့ကြတယ်။ မြောက်ပိုင်းမှာ ဆက် လက်တိုက်ပွဲဝင်နေဆဲ ရဲဘော်တွေကလည်း ကျနော်တို့တော့
စာလည်းမရေးပြတတ်ဘူး၊ စကားလုံးတွေနဲ့လည်း ပြောမ နေချင်တော့ဘူး၊ မြောက်ပိုင်းကျောင်းသားတပ်အတွက်
အလုပ်နဲ့ပဲ သက်သေပြတော့မယ်ဗျာတဲ့။
ဒီနိုင်ငံမှာ
လူဖြစ်လာကြတာကိုက ကျောင်းသားလူငယ်ဘဝတွေ ဆုံးရှုံးပြီးသားပါ။ အရှုံးထဲက အမြတ်ကတော့ ကျမတို့
အားလုံး မျက်နှာချင်းဆိုင်စုစုံဖြေရှင်းနိုင်မဲ့အချိန်ကို စောင့်ကြိုရင်း ကျမတို့အားလုံး
လိုလားတောင့်တခဲ့တဲ့အရာကို မရ သေးမချင်း ရည်ရွယ်ရာ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေကိုသာ
မျက်ခြေမပြတ်အောင် တည့်တည့်လျှောက်ကြရင်း ကိုယ့် မှာရှိနေပြီးသား
တန်ဘိုးကိုယ်စီကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းသာ ဖြစ်မယ်ထင်ပါတယ် နစ်နာခဲ့ကြရတဲ့
ရဲဘော်အပေါင်း တို့။
ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook
No comments:
Post a Comment