Thursday, March 14, 2013

ကျားကွက်ရွှေ့တဲ့လက်

တခါတရံမှာ လူတွေဟာ ငယ်စဉ်ဘ၀ကို ပြန်လည်သတိရပြီး၊ လွမ်းဆွတ်တတ်ကြတာ ထုံးစံတခုပဲ ထင်ပါရဲ့။ အခုတလော ကျမရဲ့ ငယ်စဉ်ဘ၀ကို ပြန်ပြောင်းသတိရနေပြီး၊ လွမ်းဆွတ်နေမိပါတယ်။ အထူးသဖြင့် ကျမအဖိုးနဲ့ ကျားကစားခဲ့ရတဲ့ အချိန်ကာလလေးတွေကိုပါ။ ကျမ မိဘနှစ်ပါးက ငယ်စဉ်ကတည်းက ကွဲကွာနေကြတာ ဖြစ်လေတော့ ဘ၀မှာ အဖေနဲ့အတူ ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ငယ်ဘ၀က အမှတ်ရစရာ သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့်
အဖိုးဖြစ်သူကသာ ကျမဘ၀ရဲ့ တဦးတည်းသော male figure ဖြစ်ခဲ့ပါတယ်။ အဖိုးကလဲ ကျမ ခုနစ်နှစ်မှာ ဆုံးပါးသွားပြန်ပါတယ်။ ဒါပေမယ့်လဲ အဖိုးသင်ပေးခဲ့တဲ့ ကျားကစားနည်း၊ စစ်တုရင်ကစားနည်းတွေ၊ အဖိုးပြောပြခဲ့တဲ့ လွတ်လပ်ရေး သမိုင်းတွေ၊ လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ပွဲအကြောင်းတွေ၊ ဒုတိယကမ္ဘာစစ်ကာလက နာမည်ကျော်စစ်ပွဲများရဲ့ စစ်မဟာဗျူဟာ အခင်းအကျင်းတွေကတော့ ကျမရဲ့ ဘ၀ထဲမှာ ဆက်လက် ရှင်သန်နေခဲ့ပါတယ်။ အထူးသဖြင့် အဖိုးသင်ကြားပေးခဲ့တဲ့ ကျားကွက်ရွှေ့သဘောတရားတွေက အမှန်တရ ဖြစ်စေခဲ့ပါတယ်။

ကျမ သုံးနှစ်လောက်အရွယ်ကတည်းက ညနေတိုင်းလိုလို အဖိုးနဲ့ ကျားကစားခဲ့တာ၊ တခါမှ အနိုင်ရတယ်လို့ မရှိခဲ့ပါဘူး။ အဖိုးကလဲ ကလေးဆိုပြီး လျှော့မပေးပါဘူး။ လျှော့ပေးလို့ အနိုင်ရလိုက်ရင် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စိတ်ကြီးဝင်သွားမှာ စိုးရိမ်လို့ ထင်ပါတယ်။ ဒီလိုနဲ့ ကစားလာခဲ့ကြတာ၊ ကျမ တတန်းနှစ် ရောက်တော့မှ အဖိုးကို ရံဖန်ရံခါ အနိုင်ရလာပါတယ်။ လက်ရည်တူ ကစားလာ နိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်အောင် အဖိုးလေ့ကျင့်ပေးခဲ့တာကတော့ တယောက်တည်း ကစားခိုင်းခြင်းပါ။ အဖြူဘက်ခြမ်းကနေပြီး၊ အကွက်ရွှေ့လိုက်၊ အမည်းဘက်ခြမ်းကနေပြီး အကွက်ရွှေ့လိုက်နဲ့ အကွက်ရွှေ့နည်းတွေ၊ ဟာကွက်တွေ၊ အနိုင်အရှုံးရလာဒ်တွေကို တွက်ချက်လေ့လာခိုင်းပါတယ်။ ဒီလိုပုံစံနဲ့ ကစားတာ ကြာလာတော့ ကျားကွက်ရွှေ့သဘောတရားတွေကို ပိုပြီး သဘောပေါက်လာခဲ့ပါတယ်။

တခါတရံတော့လဲ ကျားကွက်ကို ရွှေ့နေတဲ့ ကျမရဲ့ လက်ထဲမှာ ကျရောက်နေရှာတဲ့ အဖြူနဲ့ အမည်း စက်ဝိုင်းပုံ သစ်သားလေးတွေကို ကြည့်မိရင်း သနားမိပါရဲ့။ တကယ်တော့ သူတို့ကို ရွှေ့နေတဲ့ လက်ဟာ တခုတည်းသော လက်မှန်း သူတို့ ဘယ်သိရှာပါ့မလဲ။ အရွယ်တူ စက်ဝိုင်းပြားလေးတွေ ဖြစ်ရက်သားနဲ့ အဖြူရောင်နဲ့ အမည်းရောင် ဆိုးပေးလိုက်တာကို ခံလိုက်ရပြီးချိန်မှာ အပြိုင်အဆိုင် ရင်ဆိုင်ကြရတဲ့ တိုက်ပွဲဝင် ကျားလေးတွေ ဖြစ်ကုန်ပါရောလား။ ဒီလိုနဲ့ပဲ ကျားကွက်ရွှေ့နေတဲ့ လက်က ထိုးကျွေးလိုက်ရင် ကျားကွက်ဘေးကို ရောက်သွားလိုက်၊ ကင်းဝင်ပေးလိုက်ရင် ဘုရင်ဖြစ်သွားလိုက်၊ ကင်းအချင်းချင်း ထပ်တိုက်တွေ့ပေးရင် ထိုးကျွေးခံရလိုက်၊ စားလိုက်နဲ့။ တခါတလေကျတော့လဲ ရွှေ့နေတဲ့ လက်က စိတ်ကောင်းဝင်နေရင် အနိုင်အရှုံးမရှိတဲ့ သရေပွဲ ဖြစ်သွားပြန်ပါရော။

အဖိုးရဲ့ "ကျားကွက်ရွှေ့တဲ့လက်" သင်ခန်းစာလေးက အပျော်တမ်း ကျားကစားပွဲတွေမှာတင်မကပဲ ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေမှာလဲ အထောက်အကူ ဖြစ်လာခဲ့ပါတယ်။ ဒါတင်မကပဲ ဘ၀ရှင်သန် နေထိုင်ရေးရဲ့ သင်ခန်းစာတခုလဲ ဖြစ်လာခဲ့ပါတယ်။ ကိစ္စကြီးငယ်ရှိလာတိုင်း " ဒီအရေးမှာ ကိုယ်က ကျားဖြစ်တဲ့ အခြေအနေမှာလား၊ ကျားကွက်ရွှေ့တဲ့လက် ဖြစ်တဲ့ အခြေအနေမှာလား" ဆိုတာကို ပြန်လှန်သုံးသပ်မိလေ့ ရှိလာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့ တစုံတဦးရွှေ့နေတဲ့ ကျားကွက်ပေါ်မှာ အဖြူ၊ အမည်း ဆိုးခံထားရတဲ့ ကျားတကောင် ဖြစ်ချင်စိတ် မရှိတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ထိုးကျွေးခံရတဲ့ ကျားပဲ ဖြစ်ဖြစ်၊ ဘုရင်ဖြစ်သွားတဲ့ ကျားပဲဖြစ်ဖြစ်၊ "ကျားကွက်ရွှေ့တဲ့လက်" ရဲ့ သားကောင်လေးတွေပဲ မဟုတ်ပါလား။ ကျားကွက်ရွှေ့နေတဲ့လက်ကို မမြင်တတ်တဲ့အခါ၊ ကိုယ့်ဘာသာကိုယ် ကျားဖြစ်လို့ ဖြစ်မှန်းမသိပဲ ထိုးကျွေးခံရရင် ဘေးရောက်လိုက်၊ ဘုရင်ဖြစ်သွားရင် စိတ်ကြီးဝင် အောက်ခြေလွတ်လိုက်နဲ့ ဖြစ်တတ်တာကြောင့် ကျားဘ၀ရောက်မှာကို စိုးရိမ်မိပါရဲ့။

ခင်မမမျိုး
(၁၃၊ ၃၊ ၂၀၁၃)

No comments: