Tuesday, May 28, 2013

Lone Wolf Terrorism အကြောင်း သိကောင်းစရာ



၂၀၁၃ ခုနှစ်၊ မေလ (၂၂) ရက်နေ့က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ အကြမ်းဖက်လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီသတ် ဖြတ်မှုကို ကျူးလွန်သူနှစ်ယောက်မှာ တဦးအပါအ၀င်ဖြစ်တဲ့ နိုက်ဂျီးရီးယား နွယ်ဖွား Michael Adebolajo ဆိုသူက အ ကြမ်းဖက်မှုကို ကျူးလွန်ရုံတင်မကပဲ သတ်ဖြတ်ရာမှ အသုံးပြုခဲ့တဲ့ လက်နက်ကိရိယာများကို ကိုင်စွဲပြီး၊ ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်တဲ့ စကားတွေပါ ပြောကြားသွားခဲ့ပါတယ်။ အကြမ်းဖက်မှုရဲ့ အတိမ်အနက်၊ အကြမ်းဖက်မှု လုပ်ဆောင်ပုံ၊ အသုံးပြုစကားလုံးများရဲ့ အလားအလာ စတာတွေက နိုင်ငံတော်အဆင့် ခြိမ်းခြောက်မှု ဖြစ်တဲ့အတွက်
ပြည်ထဲရေးဝန်ကြီးဦးဆောင်တဲ့ အရေးပေါ်အစည်းအဝေးကို ညတွင်းချင်း ကျင်းပပြီး၊ အကြမ်းဖက်မှုကို တုန့်ပြန်ခဲ့ကြပါတယ်။ ပြည်ပရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ကလဲ နောက်တနေ့မှာ ကျင်းပတဲ့ မြွေဟောက်အရေးပေါ် အစည်းအဝေးကို တက်ရောက်ခဲ့ပြီး၊ ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးကို reassurance လုပ်ပေးခဲ့ပါတယ်။

ဒီလို အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတဲ့အခါ ကျူးလွန်သူများရဲ့ micro-dynamics နဲ့ modus operandi ကို လေ့လာ ဆန်းစစ်မှုတွေ အချိန်နဲ့တပြေးညီ ပြုလုပ်ရပါတယ်။ micro-dynamics ဆိုရာမှာ ကျူးလွန်သူများရဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်အကြောင်းရင်းများ၊ လူမှုဝန်းကျင်အနေအထား၊ စိတ်ပိုင်းဆိုင်ရာ အနေအထား၊ အစွန်းရောက်မှုဖြစ်စဉ်၊ ပတ် ၀န်းကျင်နှင့် ဆက်နွယ်မှု စတာတွေကို လေ့လာဖို့ လိုအပ်ပြီး၊ modus operandi ဆိုရာမှာတော့ အကြမ်းဖက်မှုကျူးလွန် ရာမှာ ကိုင်စွဲသော လက်နက်များနဲ့ ပစ်မှတ်များ၊ အကြမ်းဖက်မှုကျူးလွန်ပုံ နည်းလမ်းများ စတာတွေ ပါဝင်ပါတယ်။ ဒီ လိုလေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်မှုက အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ သဲလွန်စများ၊ ချိတ်ဆက်မှုများကို ဖော်ထုတ် နိုင်သလို၊ ပြစ်မှုကျူးလွန်မှုများ နောက်ထပ်မပေါ်ထွက်လာစေရန် တားဆီးမှုတွေလဲ အကောင်အထည်ဖော်ဆောင်နိုင်ပါ တယ်။

ဒါကြောင့် လေ့လာဆန်းစစ်မှုတွေမှာ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့အစည်းများ၊ အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အကြမ်းဖက်မှုလေ့လာဆန်းစစ်ရေး ပညာရှင်များ ပါဝင်ရပါတယ်။ လန်ဒန်အခင်းဖြစ်ပွားမှုအပြီး၊ နောက်တရက်မှာ ရဲတပ်ဖွဲ့က အကြမ်းဖက်မှုကျူးလွန်သူများရဲ့ မိဘအိမ်များ၊ ဆွေမျိုးသားချင်းအိမ်များ၊ မိတ်ဆွေသူငယ် ချင်းအိမ်များကို ၀င်ရောက်စီးနင်းပြီး၊ သဲလွန်စရှာဖွေမှုတွေ၊ မေးခွန်းမေးမှုတွေ၊ မေးခွန်းမေးရန် ခေတ္တခေါ်ဆောင်သွားမှု တွေ လုပ်ခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့အစည်းများကလဲ သတင်းအချက်အလက်များ စုစည်းမှု၊ ဆန်းစစ်မှုတွေ လုပ် ဆောင်ခဲ့ကြသလို၊ ကျွမ်းကျင်ပညာရှင်များကလဲ သက်ဆိုင်ရာ အခန်းကဏ္ဍများကနေ ပံ့ပိုးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ကြရာမှာ ရက်အနည်းငယ် အတွင်း ဖော်ထုတ်ဖို့ လိုအပ်တဲ့ အရေးကြီးဆုံး အချက်တခုကတော့ အကြမ်းဖက်မှုရဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ အကြမ်းဖက်မှုမှာ အဖွဲ့အစည်းများ ပါဝင်ပတ်သက်ခဲ့ရင် ဒီအဖွဲ့အစည်း များရဲ့ နောက်ဆက်တွဲ ကျူးလွန်မှုတွေ ပေါ်ထွက်လာနိုင်တဲ့အတွက် တုံ့ပြန်မှု၊ နှိမ်နင်းမှု၊ မြှုပ်နှံထားသူများကို ရှာဖွေ ဖမ်းဆီးမှုတွေ ထပ်လုပ်ရပါတယ်။ တဦးချင်းအလိုက် တဦးတည်း ကျူးလွန်မှုများ၊ အဖော်များနှင့် ကျူးလွန်မှုများ ပြုလုပ် ခဲ့တာဆိုရင်တော့ lone-wolf terrorism ဖြစ်တဲ့အတွက် နောက်ဆက်တွဲ လုပ်ငန်းဆောင်တာများ နည်းပါးပါတယ်။ အချိန်အတန်ကြာ လေ့လာဆန်းစစ်ချက်များအပြီးမှာတော့ လန်ဒန်အကြမ်းဖက်မှုကို lone-wolf terrorism အဖြစ်၊ သက်ဆိုင်ရာအဖွဲ့အစည်းများက သတ်မှတ်ကြေငြာလိုက်ပါတယ်။

အကြမ်းဖက်မှုဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို တစုံတရာပြုလုပ်စေရန် (ဥပမာ- ဖမ်းဆီးထားသူများအား လွှတ်ပေးရန်၊ စစ်မက်ဖြစ်ပွားရာဒေသမှ စစ်တပ်များအား ပြန်လည် ရုတ်သိမ်းသွားစေ ရန်) ရည်ရွယ်ချက်များ (သို့မဟုတ်) တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍ များ ပျက်ယွင်းသွားစေရန် ရည်ရွယ်ချက် များနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ဖျက်ဆီးမှုများ ကို အကြမ်းဖက် နည်းလမ်းများ အသုံးပြုပြီး ပြုလုပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ lone-wolf terrorism ဆိုတာ ကတော့ ဒီလိုအကြမ်းဖက်မှုများကို နိုင်ငံရေးအဖွဲ့အစည်း၊ ဘာသာရေး အဖွဲ့အစည်းများက ကျူးလွန်ခြင်းမဟုတ်ဘဲ နိုင် ငံရေး (သို့မဟုတ်) ဘာသာရေး အစွန်းရောက်သူများက တဦးချင်း ဆုံးဖြတ်ချက်အရ ကျူးလွန်မှုဖြစ်ပါတယ်။

နိုင်ငံရေးပညာရှင်များကတော့ lone-wolf terrorism မှာ သွင်ပြင်လက္ခဏာ (၄) ရပ် ပါဝင်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထား ကြပါတယ်။ ပထမအချက်ကတော့ အကြမ်းဖက်မှုကို ကျူးလွန်ရာမှာ တဦးချင်း (သို့မဟုတ်) အပေါင်းအဖော်များနဲ့ ညှိ နှိုင်းပြီး ကျူးလွန်ပါတယ်။ ဒုတိယအချက်ကတော့ နိုင်ငံရေး၊ ဘာသာရေးဆိုင်ရာ အကြမ်းဖက် အဖွဲ့အစည်းများနဲ့ ကွန် ယက်များမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ တတိယအချက်ကတော့ အကြမ်းဖက်မှုကို ကျူးလွန်ရာမှာ ခေါင်းဆောင်တဦး (သို့ မဟုတ်) hierarchy တခုရဲ့ အမိန့်အတိုင်း ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါဘူး။ စတုတ္ထအချက်ကတော့ အကြမ်းဖက်မှု ကျူး လွန်တဲ့ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီး၊ သင်တန်းတက်မှုတွေ၊ နည်းလမ်းပံ့ပိုးမှုတွေကို အဖွဲ့အစည်း အချို့ဆီက ရရှိခဲ့ခြင်း ရှိနိုင်တယ်ဆိုပေမယ့် တိုက်ရိုက်ပံ့ပိုးပေးမှု ရရှိခဲ့ခြင်း မရှိပါဘူး။ အကြမ်းဖက်မှုနှိမ်နင်းရေးပညာရှင် Kushner နဲ့ Hewitt ဆိုသူတို့က lone-wolf terrorism ရဲ့ ဒီသွင်ပြင်လက္ခဏာတွေကို ‘freelance terrorism’ အဖြစ်လဲ သတ်မှတ် ခေါ်တွင်ကြပါတယ်။

lone-wolf terrorism ကျူးလွန်မှုဖြစ်ပွားအောင် လှုံ့ဆော်ပေးနိုင်တဲ့ ideological sources ခြောက်မျိုးကိုလဲ ပညာရှင် များက ဖော်ထုတ်ထားကြပါတယ်။ ဒီခြောက်မျိုးကတော့ လူဖြူလူမဲ ခွဲခြားပြီး၊ လူဖြူများမှ လူမဲများကို အကြမ်းဖက်တိုက် ခိုက်မှု၊ Islamic fundamentalism၊ ကိုယ်ဝန်ဖျက်ချမှုများအား ဆန့်ကျင်လှုပ်ရှားမှု၊ အစွန်းရောက်အမျိုးသားရေးဝါဒ၊ လူမဲစစ်သွေးကြွမှု၊ လက်ဝဲ၀ါဒအစွန်းရောက်မှု စတာတွေ ဖြစ်ပါတယ်။

lone-wolf terrorism ကို ကျူးလွန်သူတွေကို လူအချို့က ရူးသွပ်နေသူများလို့ သတ်မှတ်ကြပေမယ့် ဒီအချက်ကို ပညာရှင်များက လက်မခံကြပါဘူး။ သူတို့တတွေဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိနေချိန်တွေမှာ တစုံတရာရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရသူများအဖြစ်သာ သတ်မှတ် ကြပါတယ်။ lone-wolf terrorism ကျူးလွန်ခဲ့သူများရဲ့ စိတ်ပိုင်းဆိုင် ရာ အခြေအနေများကို အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ စိတ္တဗေဒပညာရှင်များက လေ့လာကြည့်ရာမှာ အထီးကျန်ဆန် သူများ၊ မိသားစုနဲ့ လူ့အဖွဲ့အစည်းမှ အပယ်ခံများ၊ စိတ်ကျဝေဒနာခံစားနေရသူများ၊ အနာဂတ်မဲ့နေသူများ၊ တစုံတရာ (ဥပမာ- ideology) တခုကို အပြင်းအထန် ယုံကြည်စွဲလမ်းလာပါက အဆိုပါယုံကြည်ချက်အတွက် အသက်ပေးဆပ်ရန် ၀န်မလေးသူများ၊ ဆွဲဆောင်သိမ်းသွင်းရန် လွယ်ကူသူများ၊ ကိုယ်ရည်ကိုယ်သွေးနှင့် မိမိကိုယ်ကို ယုံကြည်ချက် အား နည်းသူများ၊ အကြမ်းဖက်မှုမကျူးလွန်ခင်မှာ တန်ဖိုးထားသော တစုံတရာ ဆုံးရှုံးလိုက်သူများ (ဥပမာ- မိသားစု၊ ချစ်သူ ရည်စား၊ အလုပ်အကိုင်အခွင့်အလမ်း) စတဲ့ သွင်ပြင်လက္ခဏာတွေကို တွေ့ရှိရပါတယ်။

ဒီလိုစိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိနေသူများကို အကြမ်းဖက်မှုကျူးလွန်လာစေတဲ့အထိ ဖြစ်ပွားစေခဲ့တဲ့ အစွန်း ရောက်မှုဖြစ်စဉ် (process of radicalisation) ကိုလဲ လေ့လာဖို့ လိုအပ်ပါတယ်။ အစွန်းရောက်မှုဖြစ်စဉ်ကို လေ့လာရာ မှာ intra-personal relations (ဥပမာ- မိမိကိုယ်ကို ရှာဖွေခြင်း)၊ interpersonal relations (ဥပမာ- အစွန်းရောက် စာ ပေများ၊ အစွန်းရောက် မိသားစုဝင်များနှင့် အစွန်းရောက်ခေါင်းဆောင်များရဲ့ လွှမ်းမိုးမှု)၊ လူမှုနိုင်ငံရေးအခြေအနေများ (ဥပမာ- မတရားမှုများ၊ ဖိနှိပ်မှုများ၊ လူမျိုးရေးခွဲခြားမှုများ၊ ဘာသာရေးခွဲခြားမှုများ) စတာတွေဟာ လူတယောက်ကို အ ကြမ်းဖက်မှုကျူးလွန်လာတဲ့အထိ အစွန်းရောက်မှု ဖြစ်စေတတ်ပါတယ်။

အကြမ်းဖက်မှုကျူးလွန်သူများနဲ့ ပတ်ဝန်းကျင်ကို အစွန်းရောက်မှု မဖြစ်ပွားခင် အခြေအနေနဲ့ အစွန်းရောက်မှု ဖြစ်ပွားပြီး အခြေအနေများကို ခွဲခြားပြီး လေ့လာဖို့ လိုအပ်ပါတယ်။ ၂၁ ရာစု အကြမ်းဖက်မှုကျူးလွန်သူများရဲ့ ပတ်ဝန်းကျင်က များ သောအားဖြင့် အင်တာနက် ပတ်ဝန်းကျင် ဖြစ်လာပါတယ်။ အင်တာနက်ပေါ်မှာ အစွန်းရောက် စာပေများစွာ ရှိသလို၊ ဖိနှိပ်မှုများ၊ မတရားမှုများ၊ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများကို မီးမောင်းထိုးပြနေတဲ့ လူမှုနိုင်ငံရေး အခြေအနေများကို လွန်မင်းစွာ မီးမောင်းထိုးပြထားမှုတွေ ရှိပါတယ်။ အကြမ်းဖက်မှုများ ကျူးလွန်ရန် အားပေးလှုံ့ဆော်ထားမှုတွေလဲ ရှိပါ တယ်။ ဒါကြောင့် ယူကေနိုင်ငံမှာဆိုရင် အကြမ်းဖက်မှု နဲ့ အစွန်းရောက်မှုများကို အင်တာနက်မှ အားပေးလှုံ့ဆော်ထား မှုများကို တွေ့ရှိပါက တိုင်တန်း အကြောင်းကြားရန် ဌာနတခုကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ဖွင့်လှစ်ထားပြီး၊ စုံစမ်းအ ရေးယူမှုများ ဆက်လက်ပြုလုပ်ပြီး ထိန်းချုပ်ရတဲ့ အခြေအနေထိ ဖြစ်လာခဲ့ပါတယ်။ ပညာရှင်များရဲ့ လေ့လာမှုများအရ lone-wolf terrorism ကျူးလွန်ခဲ့သူများရဲ့ ပတ်ဝန်းကျင်မှာ အင်တာနက်ပတ်ဝန်းကျင်တွေ အလွန်များပြားကြောင်း တွေ့ရှိရပါတယ်။ ဒါတင်မကဘဲ lone-wolf terrorism ကျူးလွန်ခဲ့သူများရဲ့ ပတ်ဝန်းကျင်မှာ အစွန်းရောက်သူ တဦးမ ဟုတ် တဦးထက်မက ရှိတတ်လေ့ပါတယ်။ ဒီလူတွေဟာ တခါတရံမှာ အနီးကပ်မိသားစုဝင်တွေလဲ ဖြစ်နိုင်သလို၊ အင် တာနက်ပေါ်က သိကျွမ်းသူ၊ ဒါမှမဟုတ်ရင်လဲ ပြစ်မှူကျူးလွန်သူက အလွန်အမင်း ကြည်ညိုလေးစားရတဲ့ အစွန်းရောက် ခေါင်းဆောင် စတာတွေလဲ ဖြစ်နိုင်ပါတယ်။

lone-wolf terrorism မှုခင်းတခု ဖြစ်ပွားလာတဲ့အခါ အသုံးပြုတဲ့ လက်နက်ရဲ့အခြေအနေကို ကြည့်ပြီး၊ အတိမ်အနက်နဲ့ နောက်ကွယ်ပံ့ပိုးမှုရှိမရှိ စတာတွေကို လေ့လာနိုင်ပါတယ်။ အသုံးပြုလေ့ရှိတဲ့ လက်နက်ပစ္စည်းများကို ပညာရှင်များက လေ့လာကြည့်ရာမှာ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ သေနတ်များ၊ ဓားများနဲ့ မီးလောင်မှုဖြစ်ပွားစေတတ်သော အရာဝတ္ထုများ ဆိုပြီး စာရင်းပြုစုထားပါတယ်။ အကြမ်းဖက်ခံရလေ့ရှိတဲ့ သားကောင်များကတော့ ပြည်သူလူထု၊ အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေးသမားများ၊ ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေးသမားများနဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်ယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ စသဖြင့် ပါဝင်ပါတယ်။

အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ သုတေသနလောကမှာ ထိခိုက်မှု အတိုင်းအဆ ကြီးမားတဲ့ အကြမ်းဖက်အဖွဲ့အစည်း များကို နှိမ်နင်းနိုင်မယ့် နည်းလမ်းများကိုပဲ လေ့လာလေ့ရှိကြပါတယ်။ အတိုင်းအဆပမာဏ သေးငယ်တဲ့ lone-wolf terrorism နဲ့ ပတ်သက်ပြီး၊ လေ့လာထားမှုတွေကတော့ နည်းပါးပါတယ်။ သို့ပေမယ့်လဲ နေ့စဉ်နဲ့အမျှ ကမ္ဘာတ၀ှမ်းမှာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတာက ideological source တခုခုက လှုံ့ဆော်ပေးထားပြီး၊ အသက်ပေးတိုက် ခိုက်ဖို့ ၀န်မလေးတဲ့ lone-wolf terrorists များ ဖြစ်လာပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာလုံခြုံရေး အသိုင်းအ၀ိုင်းမှာ lone-wolf terrorism ကို နှိမ်နင်းဖို့ အခက်ခဲဆုံး အကြမ်းဖက်မှု အမျိုးအစားတရပ်အဖြစ် တိုးချဲ့သတ်မှတ်လာကြပြီး၊ လေ့လာမှုတွေ စတင်ပြုလုပ်လာကြပြီဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၇၊ ၅၊ ၂၀၁၃)

(စာရေးသူသည် ဗြိတိန်အခြေစိုက် နိုင်ငံရေးရာ လေ့လာရေးအသင်း၊ လုံခြုံရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်အဖွဲ့၊ အမေရိကန်ပြည်ထောင်စုအခြေစိုက် အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ကျွမ်း ကျင် ပညာရှင်များ အစည်းအရုံးတို့မှ အဖွဲ့ဝင်တဦး ဖြစ်ပြီး၊ စစ်ရေး၊ နိုင်ငံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ သုတေသီတဦး ဖြစ်ပါသည်။)

No comments: