Sunday, June 23, 2013

လွန်ခဲ့သော ၂၅ နှစ်က ၈၈ ဇွန် ကျောင်းသားလှုပ်ရှားမှု

(ဇွန်အရေးအခင်းမှာ ယခုတိုင်းမျက်စိထဲ မြင်နေဆဲ ဆောင်ပုဒ် ၂ ခု ရှိပါတယ်။ နေ၀င်း၏ နေ၀င်ချိန်နဲ့ Freedom to Democracy ဖြစ်ပါတယ်။ )

၁၉၈၈ခုနှစ် ဇွန်လ ၂၁ရက်နေ့ - ဒီနေ့ဟာ ဂျွန်ကျောင်းသားလှုပ်ရှားမှုရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ မြေနီးကုန်းအရေးအခင်း (သို့မဟုတ်) ကျောင်းသားလေး များကို လုံထိမ်းက ကားနဲ့တိုက်လို့ လူထုက မခံမရပ်နိုင်ဖြစ်ပြီး ရရာလက်နက်ဖြင့် ခုခံတော်လှန်ခဲ့တဲ့နေ့လို့လဲ
ပြောလို့ရနိုင်ပါတယ်။ ဒီကိစ္စဟာ တနိုင်ငံလုံးက ပြည်သူတွေကို တပ်လှန့် နှိုးဆော်ချက်လို့လဲ တွေးထင်မိတယ်။ ကြားရသူတိုင်းမခံမရပ်နိုင် ဒေါသအမျက်ချောင်းချောင်းထစေတဲ့ ကိစ္စပါ။

ဇွန်ကျောင်းသားလှုပ်ရှားမှုတွေကြောင့်၊ လူထုတွေပါဝင်လာတာကြောင့်၊ တက္ကသိုလ်တွေပိတ်သော်လည်း အကသကျောင်းသားလှုပ်ရှားမှုတွေကြောင့် မတ်လတုန်းက အဖမ်းခံနေရတဲ့ကျောင်းသားတွေ၊ ဇွန်မှာအဖမ်းခံရတဲ့ကျောင်းသားတွေ လွတ်မြောက်အောင် တွန်းအားဖြစ်စေခဲ့ပါတယ်။ ရှစ်လေးလုံးအတွက် ပဏာမအရေးကြီးတဲ့ လှုံ့ဆော်မှုတွေပဲလို့သဘောထားမိပါတယ်။

ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားများ သပိတ်မှောက်မှုတွေဟာ ဇွန်လ ၂၀ရက်နေ့မှာ ကျောင်းတွေပိတ်လိုက်ပြီလို့ ကြေငြာလိုက်တာကြောင့် ကျောင်းသား
သပိတ် တွေ ဟာ RIT နဲ့ ဆေး (၁) ဖက်ကို ပြောင်းရွှေ့ သွားခဲ့ကြပါတယ်။

ဇွန်ကျောင်းသားလှုပ်ရှားမှုကိုရေးရင် အဓိကဖြစ်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ထဲက အဖြစ်အပျက်တွေအပါအ၀င်၊ ဇွန် ၂၁ရက်နေ့မှာတနေ့လုံးဖြစ်ခဲ့တဲ့ RITထဲက အဖြစ်အပျက်တွေ၊ ဆေး (၁)မှာဖြစ်ခဲ့တဲ့ လှုပ်ရှားမှုနဲ့ မြေနီကုန်းအရေး အခင်း ဖြစ်ရပ်မှန်တွေကို သမိုင်းမကျန်ရအောင် ပါဝင်သူတွေက မြင်သမျှ ပါဝင်ခဲ့သမျှ ဖြတ်သန်းခဲ့သမျှ ရေးလျှင်ကောင်းမှာပဲလို့ စဉ်းစားမိလာပါတယ်။

ဇွန်လ ကျောင်းသားလှုပ်ရှားမှုဟာ ရန်ကုန်တက္ကသိုလ်ကစတင်ခဲ့ပြီး ၂၀ရက်နေ့ မှာနောက်ဆုံးဖြစ်ခဲ့ပါတယ်။ ဇွန်လ ၂၁ရက်နေ့မှာတော့ ရန်ကုန် တက္ကသိုလ် ပိတ်သွားလို့ RIT နှင့် ဆေး (၁)ဖက်ကိုကူးသွားခဲ့ ပါတယ်။ မြေနီကုန်းလှုပ်ရှားမှု အထိ ပြန့်နှံ့စေ ခဲ့ပါတယ်။

နောက်မှသိတာက ဇွန်လ ၂၁ရက်နေ့ RITထဲက သပိတ်မှာတော့ BPIနှင့် မြစ်ငယ် မီးရထားက အလုပ်သမားများအပြင် ၇၄-၇၅ ခုနှစ် အလုပ်သမားသပိတ်မှာပါခဲ့တဲ့ အလုပ်သမားတွေလဲ ပါခဲ့ကြတယ်ဆိုတာ နောက်မှသိရပါတယ်။ ကိုဘစော၊ ကိုမွန်းအောင် ကိုရဲလွင်တို့လဲ လာခဲ့ကြတယ်လို့ ကြားမိပါတယ်။

ကျွန်တော်တို့ တွေဟာ ဂျွန်လ ၁၆ -၁၇ ရက်နေ့လောက်ကထဲက ရန်ကုန်တက္ကသိုလ် ကို ရောက်ရှိနေကြပါတယ်။ ကျောင်းသားကဒ်တွေကို ပြပြီးရန်ကုန်တက္ကသိုလ်ထဲကို ၀င်ရပါတယ်။ အပေါက်ဝမှာ ကျောင်းသားတွေက စစ်ဆေးပြီးမှ ၀င်ခွင့်ပြုလို့ပါ။ ၁၇ရက်နေ့လို့ ထင်ပါတယ်။ ကျောင်းသားသပိတ်ကော်မတီဖွဲ့ ဖို့ဆိုပြီး ကျောင်းသားတွေ ကျောင်းဆောင်တခုထဲကို စုစည်းဖို့ ပြောလို့ကျွန်တော် လိုက်ပါသွားခဲ့သေးပါတယ်။ ဒါပေမဲ့ ကျွန်တော်ရှိစဉ် မဖွဲ့ဖြစ်ပဲ ပြန်လူစုခွဲခဲ့ကြတယ်။

ကျွန်တော့်ဘ၀မှာ ကျောင်းသားသပိတ်နဲ့ လှုပ်ရှားမှုမှာ ပါဝင်ခွင့်ရတာ ပါဝင်ခဲ့တာဟာ တသက်မမေ့စရာ တသက်စာခွန်အားနဲ့ အသေဖြောင့်စရာတခုလို့တွေးထင်မိနေဆဲပါ။

ကျောင်းသားတွေဟာ မဆလဆန့်ကျင်ရေးနဲ့ မတ်လအရေးအခင်းက အဖြစ်အပျက်များအတွက် မကြေနပ်ချက်တွေ၊ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေ လွတ်မြောက်ဖို့ဟောပြောချက်တွေဟာအလွန်မတန်မှကောင်းလှပါတယ်။ စတိတ်စင်ပေါ်တက်လာ ဟောပြောသူအားလုံးကို ကျောင်းသားအားလုံးက အားပေးထောက်ခံကြတာကို တွေ့ရပါတယ်။ ကျွန်တော်ကအစ ဘယ်သူများ ထပ်လာအုံးမလဲ ဘယ်သူများပြောအုံးမလဲဆိုတာ အမျှော်လင့်ကြီး မျှော်လင့်နေတာတော့အမှန်ပါပဲ။ မိုးကလည်း ဖွဲဖွဲလေးကျလိုက် ရပ်သွားလိုက်ဖြစ်နေပါတယ်။

အဓိပတိလမ်းကြီးတလျောက် ကျောင်းသားတွေရဲ့ နုပျိုလမ်းဆန်းတက်ကြွမှုတွေ ကို မြင်တွေ့ရတာ မိမိကိုယ်ကိုယ်လဲ တက်ကြွစေခဲ့ပါတယ်။ ကျွန်တော်ဟာ နားထောင်သူအဖြစ်ရှိနေခဲ့ပါတယ်။ ဘယ်သူများတက်ပြောအုံးမလဲဆိုတာ မျှော်နေမိ ပါတယ်။

အဲဒီကာလက ရန်ကုန်တက္ကသိုလ်ထဲက သပိတ်စင်ပေါ်မှာတက်ပြောကြတဲ့သူတွေ ကတော့ အများကြီးပါ။ မှတ်မှတ်ရရသတိထားမိတာက ကိုမောင်မောင်ကျော်လဲ တက်တက်ကြွကြွစကားပြောနိုင်တဲ့သူပဲဆိုတာကို သတိထားမိပါတယ်။ သူပြောတဲ့ ဇွန်၁၇ရက်နေ့ စင်အောက်မှာ ကျွန်တော်ရှိနေခဲ့ပါတယ်။ ဇွန် ၁၈ -၁၉က စနေ တနင်္ဂတွေဖြစ်နေတော့ ဇွန် ၂၀ရက်နေ့ ကျောင်းပြန်ဖွင့်တော့ သပိတ်က တော်တော်လေးအားကောင်းနေပါတယ်။ အဓိပတိလမ်းကြီးမှာ လူတွေကအပြည့်ပါ။ မနက်ပိုင်းမှာ လော်စပီကာမရလို့ အခက်အခဲဖြစ်ကြသော်လည်း မကြာပါဘူး လော်စပီငှါးလို့ရလာလို့ လော်စပီကာကြီးကို မြှောက်ပြီးဝင်လာတဲ့ ကျောင်းသားတွေကို အားပေးလိုက်ကြတာ ဆူညံသွားတာပါပဲ။

ဇွန်၂၀ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် သပိတ်ကို RITကနေ ကျွန်တော်တို့ သူငယ် ချင်းတွေ အုပ်စု လိုက်လာတက်ကြပါတယ်။ နားထောင်မယ် ထောက်ခံမယ် အားပေးမယ်ဆိုတဲ့သဘောဖြင့်ပါ။

ဒါပေမဲ့ နေ့လည်ပိုင်းမှာ သပိတ်စင်ပေါ် ကနေ အဆိုနှစ်ခုကို တင်သွင်းလာပါတယ်။ ကိုလတ်တင်သွင်းတဲ့ ကျောင်းသားအရေးပဲလုပ်မယ်ဆိုတဲ့ အဆိုနဲ့ နိုင်ငံရေးလုပ် မယ်ဆိုတဲ့ ကိုမိုးသီးဇွန်တင်သွင်းမယ် အဆို နှစ်ခုကို ကျောင်းသားထုက ဆုံးဖြတ် ဖို့တင်ပြလာပါတယ်။ နှစ်ယောက်စလုံးက သူ့အကြောင်းပြချက်နဲ့သူ ရှင်းပြကြပါတယ်။ ဒီအတွက် ထောက်ခံကန့်ကွက်ဆွေးနွေးရန် နှစ်ယောက်စလုံးက ဖိတ်ခေါ်နေပါတယ်။ ဘယ်သူမှ ချက်ခြင်းဆွေးနွေးတဲ့သူမရှိပါဘူး။

ကျွန်တော်တို့မြင်တာက ကျောင်းသားရေးသာမက နိုင်ငံရေးလှုပ်ရှားမှုတွေပါလုပ်သင့်တဲ့ အခြေအနေတခုကို ရောက်နေပြီလို့မြင်တဲ့အတွက် ကိုမိုးသီးဇွန်ရဲ့  အဆိုကို ထောက်ခံဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နိုင်ငံရေးလုပ်သင့်ဆိုတဲ့ အဆိုကို ထောက်ခံဆွေးနွေးချင်တယ်လို့ သပိတ်စင်အောက်က ကျောင်းသားတွေ ကို ပြောပြရပါတယ်။ မိမိဆွေးနွေးလိုတဲ့ အကြောင်းအရာနဲ့ ဘယ်ကျောင်းကဖြစ်ကြောင်းပြောပြီးမှ သပိတ်စင်ကိုတက်ခွင့်ရပါတယ်။ အဲဒါပြီးမှသာ ကျွန်တော်ကို စကားပြောခွင့်ပေးပါတယ်။

ကျွန်တော်ဆွေးနွေးတဲ့ အကြောင်းအရာက တိုင်းပြည်က သယံ
ဇာတပေါကြွယ်ဝပြီး ချမ်းသာသလောက် ပြည်သူတွေနှင့် နိုင်ငံကအရမ်း ဆင်းရဲသွားတဲ့အခြေအနေ၊ ကျောင်းမနေနိုင်တော့သည့် ကလေးတွေများလာတယ်။ အနာဂါတ်အတွက် နှင့် ပျက်စီးဖေါက်ပြန်တဲ့ မဆလကို ဆန့်ကျင် ရန် နိုင်ငံရေးလုပ်သင့်တဲ့ အကြောင်းဆွေးနွေးတာဖြစ်ပါတယ်။

ကျွန်တော်နောက်မှာ နိုင်ငံရေးလုပ်သင့်တဲ့အဆိုကို ဆေး(၂)က ကိုဇော်ထွန်း (တောထဲမှာ ကျဆုံး) အပြင် သံဃာတော်တပါးအပါအ၀င် အထက်တန်းကျောင်းသားကလေးများက စင်ပေါ်တက်ဆွေးနွေးကြတာကို တွေ့ရပါတယ်။ ကျောင်းသားထုက နိုင်ငံရေးလုပ်သင့်တယ်ဆိုတဲ့ သဘောကို ထောက်ခံတဲ့သဘောဖြစ်သွားပါတယ်။ မှတ်မိနေဆဲက ကိုဇော်ထွန်းက ဂျူတီကုတ်ဝတ်ထားပြီး နားကြပ်ဖြင့် တက်တက်ကြွကြွ အားမန်အပြည့်နဲ့ ဆွဲစောင်မှုရှိရှိ တရားဟောနိုင်တဲ့သူတယောက်ပါ။

ရန်ကုန်တက္ကသိုလ်က ပိတ်သွားတဲ့အတွက် ဇွန်လ ၂၁ရက်နေ့မှာတော့ ကျွန်တော်တို့ တနေ့လုံး RIT ကျောင်းထဲမှာ ဆက်လက်သပိတ်မှောက်ကြပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားတွေအပါအ၀င် မနေ့က နိုင်ငံရေးလုပ်သင့်တယ်လို့ အဆိုတင်သွင်းတဲ့ ကိုမိုးသီးဇွန်လဲလာရောက်ပြီး သပိတ်မှာလာပူးပေါင်းကြပါတယ်။

RIT သပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေကို အိမ်အထိ စစ်ထောက်လှမ်းရေးက လိုက်ဖမ်းဆီးသလို တချို့ ကျောင်းသားတွေဟာ ဇွန်လ ၂၁ရက်နေ့ RITထဲမှာ အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်ကို အပို့ခံခဲ့ရပါတယ်။ ဇူလိုင်လ ၁၀ရက်နေ့မှာတော့ လွတ်ကြပါတယ်။

ကျွန်တော်တို့အားလုံး ညနေ၅နာရီလောက်မှတော့ စက်မှုတက္ကသိုလ်ကနေ သြစတြေလျရောက်နေတဲ့ ကိုဖုန်းမြင့်တို့ ကိုမိုသီးဇွန်အပါအ၀င် ဆရာမ တယောက်နှင့် ကျောင်းသားအချို့ နဲ့ တည်းခိုမဲ့ တောင်ဥက္ကလပကို ထွက်လာခဲ့ကြပါတယ်။

ကျွန်တော်တို့တတွေ မြေနီကုန်မှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေအတွက် တိတိ ကျကျသိရှိ ရန် ဗိုလ်ဗိုလ်ကျော်ဆိုတဲ့ သူငယ်းချင်းကို မြေနီကုန်းကို လွှတ်လိုက်ပါတယ်။
ကျွန်တော်တို့ ကျောင်းကထွက်ပြီး မကြာမှီ လှည်းတန်းမှာ ပစ်သတ်ခံရတဲ့ သူရဲ့ အလောင်းတခု ကျောင်းကိုရောက်လာပါတယ်။ လုံထိမ်းနဲ့ စစ်တပ်က ၀င်စီးပြီး ဖမ်းဆီး၍ သပိတ်ကို ဖြိုခွဲလိုက်ပါတယ်။ တချို့ကို အင်းစိန်ထောင်ကိုပို့လိုက်ပါတယ်

ကျွန်တော်တို့ကိုတော့ မန္တလေးထောက်လှမ်းရေးက ကျောက်ဆည်အထိလိုက်ဖမ်း ရန်ကုန်ထောက်လှမ်းရေး(၆)ကိုပို့ပြီး ဂျူလိုင်၁၀ရက်မှာ ဇွန်အရေးအခင်းမှာ ပါသူ များနဲ့ ပြန်လွတ်လာခဲ့ပါတယ်။

အတူလုပ်ခဲ့တဲ့ သူငယ်ချင်းတချို့ ကတော့ အသက်တွေပါပေးဆပ်ခဲ့ကြပါတယ်။

ဇွန်အရေးအခင်းတွင်ပါဝင်ခဲ့သော၊ ၈၈ကျောင်းသားလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သော ကျောင်းသားအားလုံး ပါဝင်ခဲ့ အားပေးခဲ့ကြသူ အားလုံးအား လေးစားဂုဏ်ပြုပါကြောင်း ပြောကြားချင်ပါတယ်။

ယခုတိုင်းမျက်စိထဲ မြင်နေဆဲ ဆောင်ပုဒ်၂ခုရှိပါတယ်။ နေ၀င်း၏ နေ၀င်ချိန်နဲ့ Freedom to Democracy ဖြစ်ပါတယ်။

နေ၀င်းကတော့ နေ၀င်ခဲ့ပြီ၊ Freedom to Democrေcy ကတော့ ဖြစ်မလာသေး ပါဘူး။လျှောက်ရမဲ့လမ်း တ၀က် ကျော်ခဲ့ပြီး ကျန်သေးတယ်။ တိုက်ပွဲတွေကလဲ ကြိုလင့်နေအုံးမယ်လို့ ယုံကြည်ထားပါတယ်။

ရဲဘော် သံဒုတ်
(မြေနီကုန်းအရေးအခင်း ၂၅ နှစ်မြောက်)

1 comment:

shwethanhtay said...

လော်စပီကာနဲ့ ဆောင်းဘောက်ကို ကမာရွတ် အမှတ် ၅ ရပ်ကွက်(အခု ဘုရင့်နောင်လမ်းထိပ်- ဆင်မလိုက်အဝေပြေးဂိတ်အနီး)မှာ နေတဲ့ ပ.မ.ည.တ ဦးလှမြင်ရဲ့ 'လွင်မိုး' စာအုပ်နဲ့ လော်စပီကာ ငှားတဲ့ဆိုင်က စစ်နိုင်မိုး တို့(၀င်းနိုင်)ကားနဲ့ သွားငှားခဲ့တာလို့ သူငယ်ချင်းတစ်ယောက်က ပြောတာ မှတ်သားဘူးပါတယ်။