Monday, July 1, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၇)

ဗုဒ္ဓ ဘာသာစွဲ ပြဿနာလည်း မဟုတ်၊ အစ္စလမ် ဘာသာစွဲ ပြဿနာလည်း မဟုတ်။ ဖြေရှင်းရမည့် ပြဿနာမှာ လူစု လူဝေးစွဲပေတည်း

မကြာသေးမီက ရှမ်းပြည်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများက ညွှန်ပြနေသည်မှာ မြန်မာပြည်တွင် လက်ရှိဖြစ်ပွား နေသော ရုန်းရင်းဆန်ခတ် ဖြစ်မှုများ၏ သဘာဝသည် နှစ်များစွာ မတည့်ခဲ့သည့် အသိုင်းအဝိုင်းတခုနှင့် တခုကြားမှာ သာ ပေါ်ပေါက်သော ရန်ပွဲဆိုသည့် အနားသတ်မျဉ်းကို  ကျော်လွန်နေပြီ ဆိုသည့်
သဘောပါတည်း။ အမှန်ကတော့ နှစ်ပေါင်းများစွာ မည်သည့် အထွေအထူး ပြဿနာမှမရှိဘဲ နေလာခဲ့သည့် ပြည်သူလူထုသည် ရုတ်ချည်းဆိုသလို ရိုင်း စိုင်းကြမ်းကြုတ်သော ဗုဒ္ဓဘာသာဝင်များ သို့မဟုတ် မူဆလင် ဘာသာဝင်များအဖြစ် ပြောင်းလဲသွားကုန်ကြလေ၏။ ထိုအချက်က သက်သေပြုသည်မှာ တကယ်မတော့ ပြဿနာ၏ သဘောသည် တချို့သော သူတို့သည် တခြား သူတို့ အပေါ်မှာ သူတို့ မြင်သော အမြင် ပြောင်းလဲလာခြင်းပေါ်မှာ မူတည်နေကြောင်း ဆိုတာ ဖြစ်ပါသည်။ တခြားဝေါဟာရ အားဖြင့် အုပ်သင်းတခုနှင့် ဆက်နွယ်နေသည်ဟု သူတို့ကိုယ်သူတို့ ပိုင်းခြားထားသော လူတို့သည် (ဗုဒ္ဓဘာသာတို့ သည်) သူတို့ကနေပြီး တခြား အုပ်သင်းတခုနှင့် ဆက်နွယ်နေသည်ဟု ပိုင်းခြားထားသော တခြားသူတို့ အပေါ် (မူဆ လင်တို့ အပေါ်) အမြင် ပြောင်းလဲသွားကုန်ခြင်း ပါတည်း။

ပထမဦးစွာ ကျနော် ညွှန်ပြလိုသည်မှာ ကျနော်တို့၏ အခြေခံ အသိအမြင်တွင် လူတဦးတယောက်ကို သူကိုးကွယ်ရာ ဘာသာတရားဖြင့် အမျိုးအစား ခွဲခြင်းသည် ချို့ယွင်းချက် ကြီးမားစွာရှိသော ကိစ္စ ဆိုတာကို ဖြစ်ပါသည်။ စိတ်ဝင်စားဖို့ ကောင်းသည်မှာ ကျနော်တို့၏ ဗုဒ္ဓဘာသာတွင် ဘာသာချင်းချင်း စစ်ပွဲခင်းသော အဖြစ်အပျက်မျိုး ပေါ်ပေါက်ခြင်းတို့ တခြားဘာသာတရား ကြီးတို့နှင့်  နိုင်းစာကြည့်ပါလျှင် နည်းပါးပါသည်။  ဥပမာအားဖြင့် ဘုရင်မ အဲလိဇဘက်ခေတ်က ကက်သလစ် နဲ့ ပရိုတက်စတင့်၊ ကရူးဆိတ် စစ်ပွဲတွေမှာတုန်းက ခရစ်ယာန်နှင့် မူဆလင်၊  လွတ်လပ်ပြီးခေတ် အိန္ဒိယ ပါတီနိုင်ငံရေးတွင် မူဆလင်နှင့် ဟိန္ဒူတို့ အပြင်းအထန် ရန်ပြုသတ်ဖြတ်ကြသလို တခြားဘာသာတရားတို့နှင့် ရန်ဖြစ် လေ့ ရန်ဖြစ်ထ မရှိသော ဗုဒ္ဓဘာသာကို “ငြိမ်းချမ်းပျော့ပြောင်းသော” ဘာသာတရားအဖြစ် ယျေဘုယျအားဖြင့် ဆုံး ဖြတ်ရှုမြင် ကြပါသည် (သီရိလင်္ကာကတော့ ခြွင်းချက်ပါ)။

လောလောလတ်လတ် အစွန်းရောက် ရဟန်းတွေက လုပ်နေသော ၉၆၉ လှုံ့ဆော်မှုတို့သည် ဗုဒ္ဓဘာသာကို “ရန်လိုခက် ထန်သော” ဘာသာတရားအဖြစ် သိက္ခာချနေသည်မှာ သံသယ ရှိဖွယ် မလိုပါ။ သည်မှာ အံသြစရာကောင်းသည့် အ ချက်တချက်ကို ကျနော်တို့ တွေ့မြင်နိုင်သည်မှာ ဗုဒ္ဓတရား၏ ပဓာန လက္ခဏာတရပ် ဖြစ်သော ငြိမ်းချမ်းရေးကို ပျောက် သုဉ်းအောင် လုပ်ဆောင်နေသည့်တိုင်အောင် မည်သည့် ရန်လိုခက်ထန်သော ဘုန်းကြီးနှင့် မည်သည့် ဥပဒေမဲ့ ရမ်း ကားနေသော လူအုပ်ဝင် ပုဂ္ဂိုလ် တဦးတယောက် ကမှ သူတို့၏ ဗုဒ္ဓဘာသာဝင် တဦး ဖြစ်သည် ဆိုသည့် လက္ခဏာမှာ ပျောက်ဆုံး မသွားနိုင်ခြင်း ဆိုသည့် အချက် ဖြစ်ပါ၏။ ထိုအစား တကယ်ဖြစ်လာသည်မှာ ထိုလူကြမ်း ပုဂ္ဂိုလ်တို့သည် နိုင်ငံ၏ ဘာသာရေးသူရဲကောင်းတို့ အဖြစ်ပင် နေ့ချင်းညချင်း ထင်ရှားကျော်ကြား လာခဲ့ခြင်း ပါတည်း။

ပမာအားဖြင့် ၉၆၉ ၏ ဂုရုကြီးဖြစ်သော ဝီရသူသည် တမနက်တွင် ဗုဒ္ဓတရား၏ မည်သူကိုမှ ခြွင်းချန်ထားခြင်း မရှိသော မေတ္တာသုတ် တော် အကြောင်းကို ဟောပြောပါ၏၊ နောက်တစ်နံနက်တွင်မူ သူက အမျိုးသားရေးသည် လောကတွင် အရေးကြီးဆုံး တန်ဖိုးထားရမည့် အရာလို့ ပြောဆိုပြီး ထိုအရေးအတွက် နင်တို့ငါတို့သည် သည် “အကောင်” တွေကို ရွယ်ထားရမည်ဟု ဟောပြောပြန်ပါသည်။ ထိုသို့ “ပြောင်းပြန်ဖြစ်အောင် နှစ်ခါပြော” ခြင်းသည် စိတ်ရှုပ်ထွေးဖွယ်ရာ ဖြစ်သလောက် စိတ်မသက်မသာ ဖြစ်ဖွယ် အမှန်တရား တခုကို ကျနော်တို့အား ညွှန်ပြနေပါသည်။

လူတဦး တယောက်သည် မိမိကိုယ်မိမိ ဗုဒ္ဓဘာသာဟု ထို ဗုဒ္ဓဘာသာ အမှတ်လက္ခဏာကို ကိုင်စွဲထားသရွေ့ မည်သူ ကမှ ထိုသူ၏ ဗုဒ္ဓဘာသာ အမှတ်လက္ခဏာကို လာပြီး ရုပ်သိမ်းနိုင်ခြင်းဌာ မတတ်နိုင်ပါသတည်း။ ဤ စိတ်ဝင်စားစရာ ကောင်းသည့် အချက်သည် ဘာကို ပြနေပါသနည်း ဆိုသော် ကျနော်တို့သည် ပြဿနာကို တလွဲတချော် သိမြင်နေ ကြောင်း ဆိုသည်ကို ဖြစ်ပါ၏။ ကျနော်တို့က မြင်သော ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာတို့၏ ပဋိပက္ခဟူသည် ကိုယ့် ကိုကိုယ် ဗုဒ္ဓဘာသာဝင်လို့ ‘ခေါ်ဖို့သာလိုသော’ သူတို့မှ စတင်ခဲ့ခြင်းသာ ဖြစ်ပါသည် (ဟုတ်ပါရဲ့၊ အလိုရှိမယ် ဆိုပါရင် ကိုယ့်ကိုကိုယ် မူဆလင်ဘာသာဝင်လို့ ‘ခေါ်ဖို့သာလို့တဲ့’ သူတို့မှ စတင်တယ်လို့လည်း ပြောနိုင်ပါသည်)။ သူတို့ကိုယ် သူတို့ ကြောင်သူတော်လို့ သူတို့ သိကြသည့် တိုင်အောင် ထိုသူတို့ဟာ ဗုဒ္ဓဘာသာဝင်အဖြစ် ‘အခေါ်ခံရဖို့’ ကိစ္စကတော့ အမြဲ သင့်တော်ကောင်းမွန် နေအုံးမည်သာ ဖြစ်ပါ၏။

ထိုကိစ္စသည် ဘာကိုပြောပြနေပါသနည်း ဆိုသော် အတော်ကလေးကို မသဲကွဲသဖြင့် မြင်ဖို့ ခက်ပါသော်ငြား ဤ ဘာ သာရေး အဓိကရုဏ်းတို့၏ အခြေခံပြဿနာမှာ လူတို့မှနေ၍ သူတို့ ဘာသာတရားနှင့် သင်းဖွဲ့ဆက်နွယ်မှုကြောင့် (ဖြစ် ခြင်းကြောင့်) ဖြစ်ရတာ မဟုတ်ဘဲ တစုံတရာသော သင်းဖွဲ့ဆက်နွယ်မှုကို အကြီးအမား ရှေ့တန်းတင်သည့် သူတို့နှင့် သက်ဆိုင်၍သာ (ပြုခြင်းကြောင့်သာ) ဖြစ်ပွားရခြင်း ဆိုတာ ဖြစ်ပါ၏။ လက်ရှိ ဘာသာရေး ပဋိပက္ခတို့သည် ဘာသာတ ရား၏ သဘာဝအစဉ်ကိုက ဆိုသည့် သဘောနှင့် လားလားမှ မဆိုင်၊ လူ၏ အပြုအမူ လုပ်ရပ်နှင့်သာ လုံးလုံး ဆိုင်သည် ဆိုကြောင်း ပါတည်း။

မြန်မာပြည်တွင် ဘာသာဝင်မျိုးစုံတို့သည် နှစ်ပေါင်း နှစ်ပေါင်း များစွာ ငြိမ်းချမ်းစွာ အတူနေလာခဲ့ပါ၏။ အဘယ်ကြောင့် သို့နေနိုင်သနည်းဆိုသော်  ကျနော်တို့၏ အတူတကွ နေထိုင်ရန်နှင့် ကုန်ကူးသန်း ဖလှယ်ရန် ကိစ္စတို့တွင် ဗုဒ္ဓဘာသာ သို့မဟုတ် မူဆလင်ဘာသာနှင့် သင်းဖွဲ့ဆက်နွယ်နေမှု ဆိုသည်တို့မှာ အရေးပါသည့် အကြောင်းအရာ ဖြစ်သည်ဟု ကျနော်တို့ မြင်မထားသောကြောင့် ပါတည်း။ သည်ကနေ့ ဖြစ်ပွားလာသော ပြဿနာများသည် ကျနော်တို့မှ နေ၍ တစုံတဦး၏ ဘာသာရေးဆိုင်ရာ သင်းဖွဲ့ဆက်နွယ်မှုသည် လူတွေ အတူယှဉ်တွဲနေထိုင်ဖို့ရန် အတွက်ဆို အသဲအသန် ဖြစ်လွန်းသော ကိစ္စအဖြစ် ယူဆလာခြင်းကြောင့် ဖြစ်ပါသည်။ ပြဿနာ၏ မူလရင်းမြစ်သည် ဗမာလူမျိုးတို့၏ ထေရဝါဒ ကို အယူသန်မှု (သီရိလင်္ကာ ကဲ့သို့) သို့မဟုတ် အစ္စလမ်ဘာသာကိုက အကြမ်းဖက်စေနိုင်သော ဟောပြောဦးတည် ချက်တွေ ရှိနေမှု (ဘော်စတွန် မာရသွန်မှာ ဗုံးခွဲသူတို့ဟာ အစ္စလမ်) ဆိုသော အချက်တွေကြောင့် ဖြစ်သည်ဟု စွဲဆိုပြီး ပြောခြင်းသည် မုချကို မှားပါသည်။ အမှန်မတော့  ဝေဝါးသလောက် အင်မတန်မှကို ယျေဘုယျကျသော စကားလုံးတွေ ဖြစ်သည့် “ဗုဒ္ဓဘာသာဝင်”  (သို့) “အစ္စလမ်ဘာသာဝင်” ဆိုသော၊ တဦးတယောက် ဝင်ခွင့်ရဖို့ကိစ္စ အတွက်ဆို အင်မ တန် ရက်ရောသော ဘာသာတရား ယဉ်ကျေးမှုကြီးများနှင့် ပေါ်ပေါက်နေသော ပြဿနာတို့သည် လားလားမှ မဆိုင်ပါ။ ထိုသို့ ဖြစ်စေကာမူ တစုံတဦးသည် သူ့ ဘာသာတရား ယဉ်ကျေးမှု အသိုင်းအဝိုင်း တခုနှင့် ဆက်နွယ်နေမှုကို အန္တရာယ် ကြီးသော ပြဿနာအဖြစ် ယူဆလာသော အထင်အမြင်သည် လူ့ဘောင်တို့တွင် ပေါ်ပေါက်လွှမ်းမိုးလာပြီး ထိုအထင် အမြင်သည် မီးခြစ်ဆံခတ် ကူးစက်မည့် အမှတ်တစ်နေရာကို ရောက်ရှိပွားများ သွားခဲ့ပါလျှင် ထိုကဲ့သို့သော အကြမ်းဖက်မှုတို့သည် အတောမသတ် ဖြစ်ပွားလာနိုင် ပါသည်။

ပိုပြီး စိတ်ဝင်စားစရာ ကောင်းသော အကြောင်း ကိစ္စမှာ ဝီရသူသည် သူ့တွင် လစ်ဘရယ် ပညာရေးဆိုသည်မှာ လုံးလုံး မရှိခြင်းကြောင့် ထိုသူသည် ဤကဲ့သို့ လူတဦးတယောက်၏ သင်းဖွဲ့ဆက်နွယ်မှုကို အထင်ကရ လွှမ်းမိုး ခြိမ်းခြောက် သော ပြဿနာအဖြစ် သဘောထားသည်ကို ကျနော်တို့ ကရုဏာ သက်ကောင်းသက်နိုင်ပါသည်။ ခက်သည်မှာ မြန်မာ အစိုးရအတွက် အလုပ်လုပ်နေသူ အဆင့်မြင့် ပညာရှင် ဆိုသူတို့ကလည်း ထိုသူ၏ တွေးခေါ်မှုမျိုးကိုပင် လိုက်ကြခြင်း ပါတည်း။

ပမာအားဖြင့် ရိုဟင်ဂျာနှင့် ရခိုင်တို့၏ တင်းမာမှုတို့ အပြင်းထန်ဆုံး အချိန်တခုတွင် ဂျော့မေဆင် တက္ကသိုလ်မှ ပါရဂူ ဘွဲ့ရှင် ကိုမင်းဇော်ဥိးက အဓိကစီးကြောင်း မီဒိယာတခုတွင် ဆောင်းပါးရေးသည်မှာ “ဤ နိုင်ငံတကာ သုတေသန လေ့ လာမှုအရ ရိုဟင်ဂျာတို့သည် ကမ္ဘာပေါ်တွင် အကြမ်းဖက်သမားတို့အဖြစ် ပေါ်ပေါက်လာရန် ဖြစ်တန်ချေ အရှိဆုံး အုပ် စု ဖြစ်၏”။ ထိုဆောင်းပါး တခုထဲမှာပင် သူကစတင်ထားသည်မှာ “ဆင်ခြင်တုံတရားကို အခြေပြုစဉ်းစားသူတို့သည် နိုင်ငံ တကာ လုံခြုံရေးကိစ္စကို ပထမဆုံး ဦးစားပေး စဉ်းစားအပ်ကြောင်း၊ နိုင်ငံတကာ လုံခြုံရေးကို စဉ်းစားမည်ဆိုလျှင် လူ့ အခွင့်အရေးဆိုသည်မှာ အရေးပါသော ကိစ္စမဖြစ်ထိုက်ပါကြောင်း” ဟူပြီး ဖြစ်ပါ၏။

ထိုသို့ အသိတရား ပိတ်ဖုံးမိုက်မဲခြင်းသည် လွန်လွန်းပြီး ထိုကဲ့သို့ (လူနည်းစု တစ်စုကို ဖြစ်စေ၊ လူတဦးချင်းကို ဖြစ်ပစေ) နှိပ်ကွပ်သော ကိစ္စတို့ကို နိုင်ငံတော် အရေးသာလျှင် ပဓာန ဟူသော ရှုထောင့်မှ ကြည့်လျှင် တရားမျှတပါသည်ဟု ပိုင်း ဖြတ်ပြခြင်းမျိုးသည် လူနည်းစုဖြစ်သော မူဆလင်တို့ကို မြန်မာအသိုင်းအဝိုင်းတို့မှ မတရားသဖြင့် ပြုကျင့်ခြင်းကို တရား ဝင် လုပ်ရပ်အမှန်ပါပဲဟု အတည်ပြုပေးနေခြင်း ဖြစ်ပါ၏။ နှလုံးညိုးနွမ်းဖွယ်ရာ အမှန်တရားကို ကျနော်တို့ တွေ့ရသည် မှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသူ ဆိုသူတို့ ကိုယ်၌သည်ပင် လုံခြုံရေးဆိုတာ ဘယ်အရာမဆိုထက် ထိပ်တန်း အကျဆုံး အရေးဟု ယူဆထင်မြင်နေခြင်း ပေတည်း။ အဟုတ်ဧကန်ပင် ထိုသို့ အဆင့်မြင့်ပညာရှင်တဦးက ပျံ့နှံ့ထင် ပေါ်သော မီဒီယာတွင် တင်ပြသည့် အတွေးအခေါ်မျိုးသည် လက်ရှိ အဓိကရုဏ်းတို့ကို သွယ်ဝိုက်သော နည်းအားဖြင့် ဆွပေးသော သဘောသက်ရောက် နေသည်သာ ဖြစ်ပါ၏။

မကြာသေးမီ ရက်များက ထိုသူတဦးတည်းသည်ပင် မီဒီယာတွင် ဤသို့ ရေးပြန်ပါ၏။ “အမျိုးသား လက္ခဏာသည်သာ မြန်မာပြည်တွင် နေသူအားလုံး၏ ပဓာန လက္ခဏာ ဖြစ်ထိုက်ပါကြောင်း၊ မူဆလင်တို့သည် နိုင်ငံတွင်နေခြင်းကို ခွင့်ပြု နိုင်ပါကြောင်း၊ သို့သော် သူတို့သည် အမျိုးသားလက္ခဏာကို သစ္စာစောင့်သိရမည် ဖြစ်ပါကြောင်း”။ ထိုကိစ္စသည် ဘာကို တိုက်ရိုက် သရုပ်ဖော်ပြနေသနည်း ဆိုသော် မြန်မာလူ့ဘောင်သည် (မြန်မာအမျိုးသားဟူသော) တမျိုးတစားတည်း သော သင်းဖွဲ့ဆက်နွယ်မှုသည်သာ အမွန်မြတ်ဆုံးဟု ထင်မြင်စေရမည်၊ တခြားတပါးသော သင်းဖွဲ့ဆက်နွယ်မှုတို့သည် ထို အမြတ်ဆုံး သင်းဖွဲ့မှုတို့လောက် တန်ဖိုးထားစရာ မလိုသော သင်းဖွဲ့ဆက်နွယ်မှုတို့သာ ဖြစ်စေရမည်ဟူသော အ တွေးအခေါ်မျိုးကို လွဲမှားစွာ ဆွဲခေါ်ချနေခြင်း ဖြစ်ပါ၏။

လွန်လေပြီးသော ကမ္ဘာ့စီးပွားရေး နိုဘယ်ဆုရှင် အက်အေ ဟိုင်းရက်က ညွှန်ပြခဲ့သလိုပင် လူထုမှနေ၍ လွှမ်းမိုးခံလိုက် ရသော အဘယ် လူစုလူဝေးသာ ပဓာနဝါဒ အမျိုးအစားမဆိုသည် ( ထိုဝါဒ၏ မူကွဲတို့သည် ပုံစံမျိုးစုံဖြင့် လာတတ်ပါ၏ - “အမျိုးသားရေး၊ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ အရေး၊ ယုတ်စွအဆုံး ရင်းစွဲနေ တိုင်းရင်းသားတို့၏ အခွင့်အရေး” စသဖြင့်) လူတဦးချင်း၏ သီလပိုင်းဆိုင်ရာ စောင့်ထိန်းတာဝန်ယူမှုတို့ကို ဆိတ်သုဉ်းစေပြီး အဆုံးတွင် တလုံးတစည်းတည်း အုပ် ချုပ်သော နိုင်ငံစနစ် (totalitarianism) သို့ ဦးတည်သွားစေ ပါ၏။ လက်တွေ့တွင်လည်း “လူစုလူဝေးသာ-ပဓာန” ဝေါ ဟာရက ပြောသလိုပင် လူတွေစုဝေးလာသော လူစုလူဝေး စုရပ်သဘော သက်သက်နှင့်တော့ ထိပ်တိုက်ရန်ဖြစ်သော ပြဿနာတို့ ဖြစ်သည်မဟုတ်ပါ။ ထိပ်တိုက်နောင်ဂျိန်တို့  ဖြစ်ပွားလာရသည်မှာ လူတွေကနေပြီး စုဝေးပြီး လုပ်ခြင်းသည် သူတို့ ပြုမူဆောင်ရွက်သော နည်းလမ်းတို့ကို တရားမျှတကြောင်း သက်သေခံရန် အမြတ်ဆုံးသော လမ်းဆုံးပန်းတိုင် ဟု ထင်မြင်ယူဆလာသော အခါတွင် ပါတည်း။ လက်တွေ့ မြင်နိုင်သည့် ကျနော်တို့တွင် မကြာခဏဆိုသလို ဖြစ်ပွားလာ သော ဘာသာရေးဆိုင်ရာ အဓိကရုဏ်းတို့သည် တချို့မှ စွဲဆိုကြသလို အစိုးရက အစပျိုးဖော်ပေးပုံ မရပါ (သို့မဟုတ် လည်း အစိုးရမှ ပါဝင်ပတ်သက်နေခြင်းမျိုး ရှိတော့ပုံ မပေါ်တော့ပါ)။  စင်စစ် ၎င်းတို့သည် အသိုင်းအဝိုင်းတွေ ကိုယ်၌ ကိုက မဟားတရား ပြုမူခြင်းကို ဤ (လူစုလူဝေးတို့၏ ပဓာနကျသော) အကြောင်းရေးရာ တို့အားဖြင့် တရားဝင်ဖြစ် သော လုပ်ရပ်တို့ဟု ထင်မြင်ယူဆလာခြင်း သည်သာ ပဓာန အကြောင်းတရား ပါတည်း။

“လူစုလူဝေး အမှတ်လက္ခဏာ” တခုကို ဦးတည်ရာလွဲမှားစွာဖြင့် ပြည်သူလူထုက သိမှတ်မိခြင်းသည် အကြောင်းရင်းမြစ် ဖြစ်သောကြောင့် မြန်မာသမ္ဗတ၏် အကြံပေးပုဂ္ဂိုလ် ကိုကျော်ရင်လှိုင်က ဗွီအိုအေ အသံလွင့်ဌာနက ထုတ်လွှင့်သော ရှင်းလင်းပွဲတွင် ပြောသည့် ဘာသာယုံကြည်ချက်များအကြား ဆွေးနွေးဖလှယ်ရေးတို့ ကျင်းပရေးဆိုသည်မှာ ချွတ်ချော် မှားယွင်းသော ဖြေရှင်းချက် ဖြစ်ပါသည်။ ထိုကဲ့သို့ အစိုးရက ဂုဏ်တင်ပေးသော ဆွေးနွေးပွဲတို့သည် လူတို့၏ “အသိုင်း အဝိုင်းသာ ပဓာန ခံစားမှု” မျိုးကို ငိုချင်လျက် လက်တို့သလို ဖြစ်နေလိမ့်မည် ဖြစ်ပြီး သူတို့တတွေမှာ (ဘာသာရေး) အသိုင်းအဝိုင်း တခုတည်းသာလျှင် လုံးလုံးလျားလျား ပတ်သက်ဆက်နွယ်ရာ ဖြစ်သည်၊ လူဟူသည်မှာ ဘာသာရေးပေ ကြိုးတို့နှင့် လုံးဝ တိုင်းပြီး ခြားပြီးသား ဖြစ်သည်ဟူသော ခံစားမှု အသိမျိုးကို တွန်းပို့ပေးပါလိမ့်မည်။ ထို့ထက်တောင် မျက်မှောက် ချက်ချင်း ဆိုးပေနိုင်သည့် အချက်မှာ ဗုဒ္ဓရှင်တော်မြတ်ကြီးသည်ပင် သူ့အား ဗုဒ္ဓဘာသာအဖြစ်မှ တလက်မ ပင် နေရာရွှေ့ရန် မတတ်နိုင်သည့် ဝီရသူက ဗုဒ္ဓဘာသာဘက်မှ အာဏာလွဲခံ တရားဝင်ခေါင်းဆောင်အဖြစ် ဆောင်ရွက် ပြီး မူဆလင် တို့ဘက်မှလည်း ရိုဟင်ဂျာတို့ကို ခွဲခြမ်းနှိမ့်ချလိုသော ဗလီဆရာတဦးက အစ္စလမ်ဘာသာ ကိုယ်စားလှယ် ခေါင်းဆောင် အဖြစ် ဆောင်ရွက်လာခဲ့ပါသော် ထိုသို့သော လူကြီးလူကောင်း ကိုယ်စားလှယ်တော် နှစ်ဦး အပြန်အလှန် နားလည်ချစ်ကြည်ရန် နှီးနှောဖလှယ်သည့် ပွဲသည် မည်သို့များ နေပါလိမ့် မည်နည်း၊ ဗျာတို့။

ပြန်ချုပ်မည် ဆိုပါသော် ကျနော် ငြင်းခုံတင်ပြသည်မှာ လက်ရှိမြန်မာပြည်၏ ဘာသာရေး ပြဿနာတို့သည် တစ်စုံတခု သော အမှတ်လက္ခဏာကို ဘာမဆိုထက်မဆို ပိုအရေးပါသည်ဟု နေရာပေးလာသော လူစုလူဝေးသာ ပဓာနဝါဒ ပေါ် ပေါက်လာခြင်းကြောင့်သာ လုံးလုံးလျားလျား မူတည်နေပါသည်။ အဲဒါကို အမှတ်လက္ခဏာ သက်သက်တို့၏ “သဘာဝ” အကြောင်းရင်းခံတို့သည် မလွဲမသွေ ထိပ်တိုက်တွေ့ခြင်းကို ဖြစ်စေသည်ဟု အနုမာန အခြေခံယူစွဲထားပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခြင်းသည် အဓိပ္ဗာယ် မရှိပါ။

ကိုမင်းဇော်ဦးက ဗုဒ္ဓဘာသာ (သို့) မူဆလင် ဆိုသော အမှတ်လက္ခဏာတို့ကို အထူးအမြတ်ဆုံး ဆိုသည့် အမျိုးသား လက္ခဏာ တခုတည်းသို့ ပြောင်းမြင်ရန် ကြိုးစားနေပြီး (အဲဒါဟာ အဆိုးဆုံး တလုံးတစည်းဝါဒ ဖြစ်ပါ၏) ကိုကျော်ရင်လှိုင် ကတော့ အမှတ်လက္ခဏာ မတူသည့် အုပ်စုတို့သည် တအုပ်စုနှင့် တအုပ်စု နားလည်ဖို့ရန် ကြိုးစားသင့် သည် ဟု မြင်ပါ၏ ( ဤသည်မှာလည်း အတော်ကိုဆိုးတဲ့အသိုင်းအဝိုင်း ပဓာန ဝါဒ ဖြစ်ပါ၏)။ ကိုမင်းဇော်ဦး၏ ယူဆ ချက်သည် သီအိုရီပိုင်း ဖော်ပြချက်မှာရော၊ လက်တွေ့လုပ်ဆောင်ဖို့ ကိစ္စမှာပါ ကယောက်ကယက်နိုင်သော ကိစ္စဖြစ်ပြီး ကိုကျော်ရင်လှိုင်၏ ယူဆချက်ကတော့ တင်မှန်းပုံအားဖြင့် အကျိုးရှိသည်ဟု ထင်ရသလောက် လက်တွေ့လုပ်ဆောင် လျှင် ချွတ်ချော်လမ်းမှားနေမည့် အကြံအစည် ဖြစ်ပါသည်။

နောက်ဆုံးသတ်အနေဖြင့် ကျနော် အကြံပြုလိုသည်မှာ အရေးတကြီး ချက်ချင်း လုပ်ဆောင်ရန်ကိစ္စမှာ ရာဇဝတ်ပိုင်း ဆိုင်ရာ တရားဥပဒေစိုးမိုးရေး  ဖြစ်ပြီးလျှင် စိတ်ရှည်ရှည်နှင့် ရေရှည်လုပ်ဆောင်ရန် ကိစ္စမှာ ကျင့်ဝတ်နီတိပိုင်းဆိုင်ရာ ပြည်သူ့ ဉာဏ်အလင်း ထွန်းကားရေး ဖြစ်ကြောင်း ဆိုသည်ကို ပါတည်း။ အတော်လေးပင် မသိကြသည့် သဘောတရား တခုမှာ တရားဥပဒေ စိုးမိုးရေး၏ အခြေခံ နိယာမများသည် အသင်းအပင်းကို အခြေခံဗဟိုပြုကာ စဉ်းစားခြင်းမျိုးတို့ကို ဆန့်ကျင်ငြင်းပယ် ထားပါသည်။ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ဆောင်ရွက်မည် ဆိုပါလျှင် အခြေခံအကျဆုံး စည်း မျဉ်း နှစ်ချက်ရှိပါ၏။ ရာဇဝတ်မှုခင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေးတွင် ပထမဆုံး နှင့် အအိုမင်းဆုံး စည်းမျဉ်းမှာ လက် တင်ဘာသာဖြင့် “nulla poena sine lege” ဟု ခေါ်ဝေါ်ပြီး ၎င်းမှာ မည်သည့် သူတဦး တယောက်ကိုမှ ဥပဒေမှ နေ၍ ရှေ့တွင် တင်ကြိုဖော်ပြထားခြင်း မရှိဘဲ အပြစ်မပေးရ ဟူ၍ ဖြစ်ပါသည်။ ယင်း စည်းမျဉ်းက တောင်းဆိုသည်မှာ လူ တဦးချင်း၏ ရာဇဝတ်မှုများကို ၎င်း၏ နောက်ခံဆက်နွယ်မှုများကို ထောက်ပြီး ကျောသားရင်သား ခွဲခြား ဆက်ဆံခြင်း မျိုးကို လုပ်ခွင့်မရှိ၊ ယျေဘုယျ သတ်မှတ်ထားသော စည်းမျဉ်းတခုနှင့်သာ တန်းတူကိုင်တွယ်ရမည့် အကြောင်းကို ပြပါ သည်။

ဒုတိယစည်းမျဉ်းကတော့ အရေးကြီးဆုံး သဘောလည်း ဖြစ်ပြီး လက်တင်ဘာသာအားဖြင့် “nullum crimen sire poena ” ဟု ခေါ်ပါသည်။ ၄င်း၏ အဓိပ္ဗာယ်မှာ ဥပဒေမှ အတိအလင်း ဖော်ပြထားသည် ဖြစ်စေ၊ မဖော်ပြထားသည် ဖြစ်စေ မည်သည့်ရာဇဝတ်ကိုမှ အပြစ်မပေးဘဲ ချန်လှပ်ထားခြင်း မရှိရ ဟူ၍ ဖြစ်ပြီး ယင်းသည် ရာဇဝတ်မှုတို့ကို တမင် လွှတ်ပေးခြင်းမျိုး၊ ကြည့်ကြပ်လုပ်ပေးခြင်းမျိုးတို့ မရှိစေရကြောင်းကို တိတိလင်းလင်း တောင်းဆိုထားပါသည်။

အီးဘီအက်ရှတွန်  က ဖက်ဆစ်သမား၊ သူ့နိုင်ငံနှင့် သူ့စိတ် တွင် “နိုင်ငံတော်၏ အခွင့် အာဏာဟူသည် ဥပဒေ ချိုး ဖောက်သူများကို အပြစ်ပေးရုံမျှနှင့် မလုံလောက်သေး၊ ထိုသို့သော သဘောဖြင့် တိတိကျကျ မခွဲမခြမ်း မချန်လှပ်ဘဲ အပြစ်ပေးခြင်းမျိုးကို တကယ်အရေးယူဆောင်ရွက်သလား၊ မဆောင်ရွက်သလား ဆိုတာကို ပြည်သူလူထုက လိုအပ် လျှင် လိုအပ်သလို စောင့်ကြည့်ရမည် ဖြစ်၏။ ထိုသို့သော သဘောသည် လူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ရန် ရည်ရွယ်၍  ဤသဘောသည် အခြေခံကျသလောက် မဖြစ်မနေလိုအပ်သော နိဿယ နည်းနာများထဲမှ တခု ပေတည်း” ဟု ရေးသားပါသည်။

ထိုသဘောကို ထောက်ရှုလျှင် မကြာမီက ထွက်ပေါ်လာသော ဘီဘီစီ ရုပ်သံထုတ်လွှင့်မှု ပေတို အခန်းငယ်ကလေးမှ ပြသသော ဥပဒေမဲ့ ရမ်းကားနေသည့် ဗုဒ္ဓဘာသာ လူအုပ်သည် အဘယ်ကြောင့် ရဲတွေရှေ့တွင် ထိုသို့ ယုတ်မာရမ်း ကားမှုတို့ကို ကျုးလွနဝံ့ကြောင်းကို ကျနော်တို့ ခံစားသိမြင်နိုင်ပါသည်။ ထိုလူရမ်းကား လူအုပ်ကြီးမှ ထင်မြင် ယုံကြည်လို ကြသည်မှာ ၎င်းတို့၏ အရေးပါအရာရောက်ဆုံး သင်းပင်းဆက်နွယ်မှုများ ဖြစ်သည့် ဗုဒ္ဓဘာသာ (သို့မဟုတ်လည်း) အ မျိုးသား နိုင်ငံသား ဆိုသည့် အကြောင်းရင်းခံတို့ကြောင့် ၎င်းတို့၏ ရာဇဝတ်မှုများသည် အပြစ်ပေးခံရခြင်းမရှိဘဲ ချန်လှပ် ထားလိမ့်မည်၊ ရဲတွေနှင့် ရပ်ရွာအစိုးရသည် ကြည့်ကြပ်လုပ်ပေးလိမ့်မည်ဟု ထင်မြင်နေခြင်းပေတည်း။ သည်မှာ အင် မတန် မေးသင့်သည့် မေးခွန်းမှာ ရဲတွေကိုယ်တိုင်ကလည်း ဤသို့ ကြည့်ကြပ် လုပ်ပေးရမည်ဟု ယူဆထားသလား ဆို တာကို ဖြစ်ပါ၏။

သမ္ဗတကြီး ဦးသိန်းစိန်မှ  ဒီမိုကရေစီ ဝါဒကို ကျင့်သုံးလာပြီဆိုလျှင် လူထုသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တာဝန် ယူမှု ရှိရမည်ဟု ပြောသောအခါ ကျနော့်မှာ ဒါ့ထက် သဘောတူနိုင်စရာ မရှိပါ။ သို့ရာတွင် ထို ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ တာဝန်ယူမှု ဟူသည် “လူတဦးချင်း” ဟူသော သဘောသာလျှင် လုံးလုံးဖြစ်ကြောင်းကို သဘောပေါက်ဖို့ လိုပါ သည်။ လူတဦးချင်း တာဝန်သိစွာ ကျင့်ကြံစောင့်စည်း ရမည့် “ကိုယ်ကျင့်” သည် “လူထု” ကျင့်၊ “နိုင်ငံ တော်” အရေး ကျင့်၊ “ဗုဒ္ဓဘာသာအရေး” ကျင့်၊ “အကြမ်းဖက်မှု ကာကွယ်တားဆီးရေး” ကျင့် စသော လူစုလူဝေးနှင့် လုပ်တာ ဘာမဆို တရားဝင်ဖြစ်သည်ဟူသော လွဲမှားသလောက် အန္တရာယ်များသည့် လူထု အယူအဆတို့နှင့် မရောနှောသွား သင့်ပါ။ ပြည်သူ့ ဉာဏ်အလင်း ထွန်းကားရေး ဖြစ်စဉ်ကို ဦးတည်ဆောင်ရွက်လာသော ပညာပေးလုပ်ငန်းများသည်  ပြည်သူ တဦးချင်း၏ လွတ်လပ်မှုနှင့် တာဝန်သိမှုတို့ကို ထိုသို့ ရှင်းလင်းပြတ်သားစွာ နားလည်စေရန် ကြိုးပမ်းမြှင့်တင်ပေးရမည် ဖြစ်ပြီး ထိုပညာပေးလုပ်ငန်းများသည် ယနေ့ ပြုပြင်ပြောင်းလဲရေး အသိုင်းအဝိုင်း တို့က ကြော်ငြာ မြှင့်တင်နေသည့် အသင်းအပင်း တခုနှင့် ဖွဲ့နွယ်စုဝေးခြင်းကို ပဓာန အရေးအရာ အဖြစ် ရှုမြင်တိုးမြှင့်လိုသည့် နည်းလမ်းကျင့်စဉ်မျိုး မဟုတ်ရေးချ မဟုတ်သင့်ပါ သတည်း။

ညိုထွန်း

No comments: