ဖက်ဆစ်သမား၊ သူ့နိုင်ငံနှင့်သူ့စိတ်
သေချာလွန်းပါ၏ တခြားသောသူတို့က ငါတို့ကို ပိုင်းခြားသတ်မှတ်ထားသော ပုံစံသည်တို့ကိုယ်တို့ မြင်မိသော ပုံစံနှင့် ခြားနားတတ်သည်ကို ငါတို့ သတိမမူမိတတ်ကြ။ အီတလီ ပုံပြင်ဟောင်း တပုဒ်တွင် စိတ်ဝင်စားဖွယ် သင်ခန်းစာတခုကို တွေ့မိပါရဲ့ …
၁၉၂၀ နှစ်များက ဖက်ဆစ်နိုင်ငံရေးသည် အီတလီ နိုင်ငံအဝှမ်း အုတ်အော်သောင်းတင်း လူထုထောက်ခံမှုကို ရယူ အရှိန်ကောင်းလာလေရာ ဖက်ဆစ်ပါတီအတွက် လူစုဆောင်းသော နိုင်ငံရေးအရာရှိသည် တောသား ဆိုရှယ်လစ် တဦးနှင့် ထိုတောသားသည် ဆိုရှယ်လစ်ပါတီအစား ဖက်ဆစ်ပါတီကိုသာ ပူးပေါင်းပါဝင်သင့်ကြောင်း သူတို့နှစ်ဦး ငြင်း ခုံကြလေ၏။ “ကျုပ်တော့ဖြင့်” ဖက်ဆစ်ပါတီဝင် အလောင်းအလျာ ဖြစ်လာနိုင်သော တောသားက
ဆိုလေ၏ “နင့် ပါတီထဲ မဝင်နိုင်ပေါင်။ ကျုပ်အဖေသည် ဆိုရှယ်လစ်။ ကျုပ်အဘိုးသည်လည်း ဆိုရှယ်လစ်။ မေးနေဖို့တောင် မလို။ ဖက်ဆစ်ပါတီထဲ ကျုပ်ဝင်မှာ မဟုတ်” ဟု ငြင်းဆန်လေရာ ဖက်ဆစ်သမားခန့် အရာရှိက “ကလိုမျိုးတော့ နင်ငြင်းလို့ မရပါ” ဟု စိတ်ရှည်လက်ရှည် နှင့် ဖြောင်းဖြလေသည်။ “ဆိုပါစို့၊ သည်လိုကိစ္စမျိုး ဖြစ်ခဲ့ရင် နင်ဘာလုပ်မလဲ” ဟု သူက တောသားဆိုရှယ်လစ်ကို မေးလေ၏။ “နင့် အဖေဟာ လူသတ်သမား (ရာဇဝတ်ကောင်) တဦး ဖြစ်ခဲ့ရင်၊ နောက် နင့် အဖိုးဟာလည်း လူသတ်ကောင် ရာဇဝတ်သားတဦး ဖြစ်ခဲ့ရင်”။ “ဗျာ၊ ဒါဆိုရင်” ဖက်ဆစ် ပါတီဝင်လောင်းက ပြောရှာ သည်မှာ “ အဟုတ်အမှန်ပါပဲ ခင်ဗျ၊ ကျနော် ဖက်ဆစ်ပါတီထဲ ဝင်ရပါလိမ့်မယ်” ဟူသတည်း။
ဒါမျိုးဆိုတာ လူ့စိတ်မှာ ပုံမှန်ဖြစ်ပျက်နေကျ အမြင်အစွဲ တခုဖြစ်ပါသည်။ ဤအမြင်အစွဲသည် ညစ်ပတ်တတ်သည်မှာ မျိုးရိုးဆိုသည်ကို နှိမ့်ချသော အမြင်ဖြင့် ကြည့်တတ်၍ မျိုးနဲ့ရိုးနဲ့ဆိုးတဲ့သူဟု လူဆိုးကင်ပွန်းတပ်ပစ်လိုက်သူအား မတော်မတရား နှိပ်ကွပ်ပြုကျင့်ဖို့ရန် မိမိကိုယ်ကိုရော ပတ်ဝန်းကျင်ကလူတွေကိုပါ မြှောက်ပင့်ပေးတတ်ခြင်းပေတည်း။ “ဂျူးသည် လူတယောက် ဖြစ်၏”။ ဂျန်ပေါ ဆပ်တရာက သူ့ ဂျူးမုန်းတီးရေးသမား၏ ရုပ်လုံးတွင် ငြင်းခုံပါသည်။ “ပြဿနာက တခြားသူတွေက ဂျူးတယောက်ကို ဘယ်လို မျက်လုံးမျိုးတွေနဲ့ ကြည့်တာလဲ ဆိုတာပါ… ဂျူးကို ဖန်တီး တာဟာ ဂျူးမုန်းတီးရေးသမား (ကိုယ်တိုင်) ပါပဲ” ၄။ အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ ဟု မျိုးရိုးချီပြီး စွပ်စွဲ မှုမျိုးကို လုပ်တတ်ကြသလို အဲဒါနဲ့တွဲ၍လည်း မကောင်းကျင့်မကောင်းကြံ အကုသိုလ်နှစ်ခုသည် တခါတည်း ပါလာ တတ်ပါ၏။
ဤအကုသိုလ်နှစ်မျိုးသည် အသို့နည်းဟူမူ ပထမ အကုသိုလ်မှာ မိမိက ပစ်မှတ်ထားသော လူတန်းစားတရပ်တွင် ပါဝင် သည့် လူတို့ကို မမှန်မကန် မကောင်းသရုပ်ဖော်ခြင်း ဖြစ်ပြီး ဒုတိယ အကုသိုလ်မှာ ဤလူတန်းစားတွင် ဤသို့သော မကောင်းသွင်ပြင် လက္ခဏာတွေပဲရှိသည်ဆိုပြီး အတင်းပုံချ ယိုးစွပ်ခြင်း ဖြစ်သည်။ လူတဦးသည် ပတ်ဝန်းကျင်ရှိ လူတွေက အဲသလိုမျိုး သူ့ကို သတ်သတ်မှတ်မှတ်လာပြီး မကောင်းသွင်ပြင်လက္ခဏာတို့ဖြင့် အတင်းအကြပ် သမုတ်ခံရ လျှင် ဒါကို တုံ့ပြန်ဖို့ရန်အတွက် နည်းလမ်းတော့ ရှိပါ၏။ ယင်းနည်းလမ်းမှာ အသို့နည်းဆိုသော် စွပ်စွဲသမုတ်ခံရသူသည် စွပ်စွဲသမုတ်လာသူတို့အား သူ့တွင် လူတယောက်၏ တခြားသွင်ပြင်လက္ခဏာများစွာလည်း ရှိသေးကြောင်းကို လက်တို့ ပြခြင်းပေတည်း။ ရှိတ်စပီးယား၏ ပြောင်မြောက်သလောက် သောသောညံ လူအုပ်တို့ဖြင့် ရှုပ်ထွေးသော ဗင်းနစ်မြို့က ကုန်သည် ပြဇာတ်တွင် (လောဘကြီးသော ကုန်သည်) ရှိုင်းလော့က ပြောသလိုပင် “ဟယ်၊ ဂျူးတယောက်မှာလည်း မျက်လုံးရယ်လို့ မရှိဘူးလား၊ သူ့မှာ လက်တွေ၊ ကလီစာတွေ၊ အတိုင်းအထွာတွေ၊ အာရုံတွေ၊ ကရုဏာတွေ၊ ကြေကွဲမှု တွေ မရှိဘူးလား။ နင်တို့လိုပဲ အစာကို စား၊ လက်နက်နဲ့ နာကျင်၊ ရောဂါနဲ့ မကင်းနိုင်၊ သက်သာပျောက်ကင်းတဲ့ အကြောင်းရင်းခံတို့ သည်လည်း အတူတူ၊ (သူ့အသားရော နင့်အသားပါ) ဆောင်းရာသီမှာ တုန်ချမ်းပြီး နွေရာသီမှာ နွေးထွေး၊ ခရစ်ယာန် တယောက်လိုပဲ မဟုတ်ပေလား” ၅
သမိုင်းနောက်ခံနှင့် ပစ္စုပ္ဗန် အဖြစ်အပျက်တို့ကို နှိုင်းယှဉ်လေ့လာချက်
ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ဆယ်စုနှစ်ဝန်းကျင်တွင် ပထမ အီတလီ၊ ပြီးတော့ ဂျာမဏီတို့သည် ဖက်ဆစ်စနစ်အောက် သို့ ဆိုးဝါးစွာ ကျရောက်သွားခဲ့ပါသည်။ သည်မှာ ကျနော်တို့ သွေးနုနု သားနုနု ဒီမိုကရေစီ မြန်မာပြည်မှ ရောင်းရင်းတို့ အထူးသတိပြုဖွယ် အချက်တခု ရှိပါသည်။ ဖက်ဆစ်ခေါင်းဆောင်များဖြစ်သော အီတလီမှ မူဆိုလီနီနှင့် ဂျာမဏီမှ ဟစ် တလာတို့သည် သူတို့နိုင်ငံတွေ၏ နိုင်ငံတော်အာဏာကို မြန်မာပြည် ဗိုလ်ချုပ်နေဝင်းကဲ့သို့ စစ်တပ်ကိုသုံးကာ လက်နက် အားကိုးဖြင့် အနုကြမ်းစီးကာ သိမ်းပိုက်ရယူခဲ့ခြင်းကြောင့် မဟုတ်။ အီတလီရော ဂျာမနီ နှစ်နိုင်ငံလုံးသည် လူထုကိုယ် တိုင်က ဤအယုတ်တမာ ခေါင်းဆောင်နှစ်ဦးကို ဒီမိုကရေစီစနစ်ဖြင့် မဲပေးတင်မြှောက်ခဲ့ရုံသာမက ၎င်းခေါင်းဆောင်တို့ မှ ကျင့်သုံးလာသော ဖက်ဆစ်စနစ်ယန္တရားကို လိုလိုလားလား ထောက်ခံပါဝင်ခဲ့ခြင်းကိုပေတည်း။ ဤသို့ ဖက်ဆစ်စနစ် ကို လိုလားထောက်ခံခြင်းသည် နိုင်ငံသေးကလေးဖြစ်သော အီတလီတွင် ရာနူန်းပြည့်နီးပါးဖြစ်၍ (ရှေ့ဆုံးက ပုံပြင်ကို ကြည့်ပါ) မူဆိုလီနီသည် ၎င်း၏ ဖက်ဆစ်စနစ်ကျင့်သုံးမှုကို အီတလီ ပြည်သူလူထုမှ ခုခံတွန်းလှန်မှုကို စိုးစဉ်းမှ မတွေ့ ကြုံခဲ့။ တဖက်တွင်မူ ဂျာမဏီလို နိုင်ငံကြီးက ဟစ်တလာမှာ ကြီးမားလှသော အတိုက်အခံ ခုခံအင်အား၏ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့ဂန္ထဝင် ထိပ်တန်းဂျာမဏီပညာရှင်တို့ အပါအဝင် ၅၀ ရာခိုင်နူန်းမကသော ဂျာမန်ပြည်သူလူထုက အတိအလင်းကို ဖက်ဆစ်စနစ်ကို တုံ့ပြန်ချေဖျက်ခြင်းကို ၎င်းသည် နည်းမျိုးစုံဖြင့် အသည်းအသန် နှိမ်နင်းခဲ့ရပါ၏။
မဂျူးဒစ်ပိုဂါ သည် ဒုတိယကမ္ဘာစစ် ကာလအတွင်း ဂျာမဏီတို့က သိမ်းပိုက်ပြီး သိန်းနှင့်ချီသော ဂျူးဘာသာဝင်တို့ကို မရဏ စခန်းတို့သို့ ပို့ခဲ့သော ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့၌ သည်ဘက်ခေတ် ၁၉၇၆ တွင် မွေးဖွားလာခဲ့သူ ဂျူးနွယ်ဝင် အမျိုးသမီးတဦး ဖြစ်ပါသည်။ ခုအခါ ကလေးနှစ်ယောက်၏ မိခင်ဖြစ်နေပြီဖြစ်သော သူမသည် ကမ္ဘာ့စစ်တုရင် သမိုင်းတ လျှောက်လုံးတွင် ပြိုင်ဖက်မရှိသူ ကမ္ဘာ့နံပါတ်တစ် ထိပ်သီး အမျိုးသမီး စစ်တုရင် ကစားသမားပေတည်း။ မကြာသေးမီ လပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့စစ်တုရင်ချန်ပီယံကြီး အလက်ခိုင် အထိမ်းအမှတ် စစ်တုရင် ပြိုင်ပွဲတွင် သူမသည် တိုက်ရိုက်ထုတ်လွှင့်ကစားပွဲ ဝေဖန်ရေးဆရာမအဖြစ် တင်ဆက်ထမ်းဆောင်ရာ သူမနှင့်အတူ တင်ဆက်မှုအစီအစဉ်တွင် တာဝန်ထမ်းနေသူ ပုဂ္ဂိုလ်က “နင်ဟာ စစ်တုရင်အကွက်တွေကို သည်နေရာက ဆက်ပြီး ဘာတွေဆက်ဖြစ်လာမလည်းဆိုတာ တယ်လည်းမြင်တာပဲ။ အဲဒါ ဘာကြောင့်လဲဟင်” ဟု မေးပါလေတော့၏။
မဂျူးဒစ်က “I have a feel at a ceratain position. I don’t know what it is it. But I have a feel what will happen” အဓိပ္ဗာယ်မှာ - “အနေအထား တခုခုကို ရောက်လာတဲ့အခါမှာ ကျမမှာ ထူးခြားလေးနက်တဲ့ သယမ္ဘူ ဉာဏ် ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာတတ်ပါတယ်။ အဲသည် ခံစားမှုဟာ ဘာလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် သည် ခံစားမှု သယမ္ဘူဉာဏ်ဟာ ကျမကို (စစ်တုရင်ခုံပေါ်မှာ) ဘာတွေ ဆက်ဖြစ်လာလိမ့် မလဲဆိုတာကို ဆက်လက်သိမြင်စေပါ တယ်”။ လက္ခဏာ ပညာဖြင့် ပြောလျှင် ဤကဲ့သို့ တွေ့ကြုံနေရသော အနေအထားတခုသည် “တခုခုတော့ တခုခုပဲ” ဟု အာရုံရနိုင်သည့် ထူးခြားစွမ်းရည်ကိုပြသော လက္ခဏာရေးကို “လခြမ်းလကြောင်း” ဟု ခေါ်ပါသည်။ သည်လို ဖီလင်မျိုး ရှိသော လူတွင် ဗုဒ္ဓဟူးဂြိုလ်ခုံ (ပါးနပ်လိမ္မာမှု) ပေါ်သို့ တနင်္လာဂြိုလ်ခုံ (ခံစားမှု) မှနေ၍ လခြမ်းပုံကွေးတက်သော လမ်းကြောင်းမျိုး ရှိလိမ့်မည်ဟု ရှေးဂန္ထဝင် လက္ခဏာကျမ်းတို့က ဖွင့်ဆိုပါသည်။ လူတသိန်းတွင် တယောက်မရှိနိုင် သော လက္ခဏာမျိုးဟုလို့လည်း ဆိုပါ၏။
ဟုတ်ကဲ့၊ ဂမ္ဘီရ လက္ခဏာကျမ်းတို့ကပြသော လက္ခဏာမျိုး မဂျူးဒစ်တွင် ရှိမရှိ ဆိုတာကတော့ မသေချာပါ။ သို့ပေမယ့် မဂျူးဒစ်လို အလွန်ထူးခြားသော အမျိုးသမီးတို့သည် ပတ်ဝန်းကျင်အနေအထားတခုခုတွင် သူတို့ ဘာမှန်းမသိပေမယ့် ကျယ်ဝန်းလေးနက်သော သယမ္ဘူဉာဏ် ခံစားမှုတို့ ဖြစ်တတ်ပါ၏။ ထို “တခုခုတော့ တခုခုပဲ” ဟု အာရုံရသော ခံစားမှု သယမ္ဘူဉာဏ်ကို စစ်တုရင်ခုံပေါ်တွင် ဘာသာပြန်သောအလုပ်သည် မဂျူးဒစ်၏ အသက်မွေးဝမ်းကျောင်းပါတည်း။ ဟုတ်ကဲ့၊ အလားတူ သည်ဘက်လပိုင်းတွင် အဲသလို “တခုခုတော့ တခုခုပဲ” ဟု ထူးခြားစွာ အာရုံရလာသော မိမိ၏ သယမ္ဘူဉာဏ်မျိုးကို ဘာသာပြန်ထားခြင်းကို ကျနော် တွေ့လိုက်သည်မှာ စာနယ်ဇင်းပညာဖြင့် အသက်မွေးဝမ်းကျောင်း သော မဟန်နဘိ၏ ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းဆောင်းပါး “ခြောက်ခြားစက်ဆုပ်စဖွယ် အကြမ်းဖက်မှုနှင့် ဗုဒ္ဓဘာသာဝင် ၏ မျက်နှာ” နောက်ဆုံးပိုဒ်တွင် ဖြစ်ပါ၏။ မဟန်နဘိ၏ ထူးခြားအာရုံကို ကျနော်တို့ တချက်လောက် ပြန်ပြောင်းလေ့ လာကြည့်ကြပါစို့လား။
မူဆလင်ဆိုရင် လူယုတ်မာပဲ ဆိုသော အဲသလို စိတ်ခံစားမှုမျိုးသည် မြန်မာဘင်လာဒင်က သြဘာပေးထောက်ခံ၍ လူထုကြားမှာလည်း လှုပ်ရှားလူးလွန့်စေလိုသော စိတ်ခံစားမှု ဖြစ်ပါသည်။ ဗုဒ္ဓ၏ ငြိမ်းချမ်းသော သုတ္တန်ဒေသနာတွေနဲ့ မူဆလင်တွေကို အကြမ်းဖက်သောကိစ္စ မြန်မာအများစု နေသည့် သူ့မြေတွင် အနှံ့အပြားဖြစ်ပေါ်နေခြင်းကို ဘယ်လို ညှိနိုင်းလို့ရမှာလဲဟု ကျမ ဝီရသူကို မေးပါသည် (ဘွဲ့ရှေ့တွင် ‘ရှင်’ မထည့်သည်ကို သတိပြုပါ)။“ဗုဒ္ဓတရားအရ ငါတို့ဟာ ရန်စောင်လို့ မရပါဘူး” ကလေးတယောက်ကို သူ လက်ချာပေးနေရသည့်နှယ်မျိုး သူက ပြောပါသည် (ကျမသည် ဗုဒ္ဓကျမ်းဂန်ပါ သဘောတွေကို လေ့လာထားပါတယ်။ ကလေးလို ညာလို့ရတယ်လို့ သူထင်နေပုံ ရပါ၏ )။ “ဒါပေမယ့် ဒို့ဟာ ဒို့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်” (နာဇီဝါဒ moral relativism ကို တိုက်ရိုက်ဖော်ပြ သော စာသားဖြစ်ပါ၏၊ ဒါကို ကမ္ဘာကြီးကို မဟန်နသည် အသိပေးလိုခြင်းပါတည်း)။ နောက်ညနေတွင် သူလူအုပ်ကို တရားဟောသောအခါ ကျမ လိုက်နားထောင်ပါသည်။ ပြုံးနေကြတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဆရာ ဆရာမတွေ၊ အဘွားအိုတွေနှင့် ကျန်သူတို့ကို သူဆိုတာကို နောက်ကလိုက်ဆိုခိုင်းပါ၏ “ဗမာလူမျိုးတို့အတွက် ငါတို့ ကိုယ် ငါတို့ အနစ်နာခံ (စတေး) ပါအံ့”။ ဗုဒ္ဓရှင်တော်သည် (စက်ဆုပ်ကြောက်ရွှံ့ဖွယ်) ဤတရားကို ကောင်းချီးပေးလိမ့် မည်လို့တော့ ထင်မိဖို့ ခက်လှပါ၏။
သေချာလှပါ၏။ မဟန်န တယောက် စစ်တုရင် ကစားတတ်သလား မကစားတတ်သလား ကျနော် မသိပေမယ့် အကယ် ၍ တစုံတဦးသည် သူမသည် ဤနောက်ဆုံးစာကြောင်း သုံးလေးကြောင်းကို “နင်ဘယ်လိုမျိုး ရေးနိုင်ပါသလဲ” ဟု အင်တာဗျူးခဲ့ပါလျှင် မဟန်နသည် ဂျူးဒစ် ဖြေသလို “ I have a feel at a ceratain position. I don’t know what it is it. But I have a feel what will happen” အဓိပ္ဗာယ်မှာ “သည် လျှို့ဝှက်ဆန်းကျယ် သင်္ကန်းနောက်ကွယ်က လူနဲ့ စကားပြောနေတဲ့အခါမှာ ကျမမှာ ထူးခြားလေးနက်တဲ့ သယမ္ဘူဉာဏ်ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာတတ်ပါတယ်။ အဲသည် ခံစားမှုဟာ ဘာလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် သည် ခံစားမှု သယမ္ဘူဉာဏ်ဟာ ကျမကို (မြန်မာပြည်မှာ) ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲဆိုတာကို ဆက်လက်သိမြင်စေပါတယ်” ဟုပင် ဖြေပါအံ့။ “စီလို့သာကုံးရတယ် စာလုံး တယ်မလှပေဘူး၊ မိန်းမလက်ရေး” ဟု ဆိုပင်ငြားလည်း မဟန်နလို ထူးခြားသော အမျိုးသမီးတို့၏ လင်းလက်အာရုံရ လာသော သယမ္ဘူဉာဏ်သည် ထူးခြားဆန်းကျယ် ယုတ်မာလာသည့် ယောက်ျားယုတ်မာတို့၏ အကြံကို (သူမသည်ပင် ဘာမှန်းမသိပေမယ့်) သူမတွင် ရိပ်စားမိလာသော အာရုံကို ကမ္ဘာကြီးအား ဘာသာပြန်တင်ပြထားနိုင်သည် သာတည်း။
ဟုတ်ကဲ့၊ မဟန်န၏ နောက်ဆုံး စာသုံးလေးကြောင်းသည် ဖက်ဆစ်စနစ် တခုလုံးကို ထင်ဟပ်ထားခြင်းပါတည်း။ “ဖက်ဆစ်သမား၊ ဖက်ဆစ်နိုင်ငံနှင့် ဖက်ဆစ်စိတ်” တို့ အစဉ်အဆက် မြန်မာပြည်တွင် ပေါက်ပွားလာစေရန် အကွက် ကျကျ ကြံစည်နေသော ဝီရသူနှင့်တကွ ၎င်းနောက်ကွယ်က အင်အားကြီးစွာ ပံ့ပိုးထားသော နိုင်ငံရေး အင်အားစု၏ “မရဏအကြံ” သည် မဟန်နက “တခုခုတော့ တခုခုပဲ” ဟု သိလိုက်သလို ဖန်တီးမှုမပါ အလိုအလျောက်သာ သူမ ဘာသာပြန်ထားသော ဤစာသုံးလေးကြောင်းတွင် ပေါ်လွင်နေပါသည်။ အကယ်၍ ငါတို့သည် အီတလီနှင့် ဂျာမဏီ တွင် ဒီမိုကရေစီမဲထည့်စနစ်မှသည် လူထုကိုယ်တိုင်ကလိုလားသည့် ဖက်ဆစ်စနစ်ပေါ်ပေါက်လာခဲ့ကြောင်းကို သမိုင်း တွင် သင်ခန်းစာ ကြီးတောင့်ကြီးမား ရှိခဲ့သည်ဟု သိမြင်နိုင်ခဲ့ပြီဆိုပါလျှင် ခုအခါ ငါတို့၏ မြန်မာပြည်ကို သည်ကိစ္စသည် လည်း ခြိမ်းခြောက်နေပြီဟု သိမြင်နိုင်ပြီး ဒါကို ငါတို့ သေချာစွာ စူးစမ်းလေ့လာကြပါစို့။ သည်သို့ စူးစမ်းရင်းမှပင် လော ကတွင် အလယ်အလတ် အမျိုးသားရေးဝါဒဟူ၍ မရှိကြောင်း၊ အမျိုးသားရေး ဝါဒမှန်သမျှသည် ယုတ်မာသော အစွန်း ရောက် ဝါဒချည်းသာဖြစ်ကြောင်း၊ ယင်း အမျိုးသားရေးဝါဒ သို့မဟုတ်လည်း ဗုဒ္ဓဘာသာ သန့်စင်တည်တံ့ရေး ဝါဒတို့ သည် (နာမည်မရှိသော) ဖက်ဆစ်ဝါဒကို နာမည်ပြောင်းထားသော ဝါဒတို့သာဖြစ်ကြောင်း ငါတို့သည် ခိုင်မာစွာ သိမှတ် လာနိုင်ပါအံ့။
ဖက်ဆစ်စနစ်ကို မြန်မာတို့ အမှတ်မှားကြသည်မှာ ကျနော်တို့ကို ကျူးကျော်ခဲ့သော ဂျပန်ဖက်ဆစ်ကိုကြည့်ပြီး ရက် စက်ကြမ်းကြုတ်သော အမူအရာမှန်သမျှတို့ကို ဖက်ဆစ်ဟု ခေါ်သည်ဟု ထင်ကြပါသည်။ စင်စစ် အဲသည် အမြင်နှင့် လုံးလုံးတလွဲ ဖက်ဆစ်စနစ်ဟူသည် “မဟာကရုဏာ၊ မဟာပညာဖြင့် ပြီးပြည့်စုံသော” အန္တိမ အစုအပေါင်း အခြေအနေ (ဝါ) တရားမျှတမှုအပေါင်းနှင့် ပြည့်စုံသော နိုင်ငံတော်ကြီးတခု ဆိုသည်ကို အခြေခံမူတည်ကာ တည်ဆောက်ထားခြင်း ပေတည်း။ ၎င်း ‘သန္တိသုခ နိုင်ငံတော်’ ဟူသည် ၎င်းနိုင်ငံတော်အောက်က နိုင်ငံတော်သားအားလုံး၏ ဦးထိပ်ပန်ရာ အထွတ်အမြတ်ဖြစ်ရပြီး ၎င်း “သန္တိသုခ နိုင်ငံတော်” ၏ လောကသင်္ခါရ သဘောအတိုင်း ပြောင်းလဲရွှေ့လျားမှုကို နိုင်ငံတော်သားအားလုံးသည် လိုက်ပါစတေး ဆောင်ရွက်ရမည် ဆိုသည်လျှင် ဖက်ဆစ်စနစ်၏ အသက်ဝိညာဉ် ပေတည်း။ အရေးကြီးလှသော အချက်မှာ ဖက်ဆစ်စနစ်တွင် “နိုင်ငံသား” ဟူ၍ မရှိစေရ၊ အားလုံးသည် “နိုင်ငံတော် သား” သန့်သန့်စင်စင်ကလေးတွေသာ မုချဖြစ်ရမည် ဟူသတည်း။
ဤသည်ကို သိရှိပြီ ဆိုပါလျှင် ရှေ့တွင် ကျနော်ဆိုခဲ့သလို မြန်မာဘုန်းကြီး လူမိုက်တွေက ခု မျိုးစောင့်ဥပဒေ ဆိုပြီး လုပ်လာသော “ဗုဒ္ဓဘာသာ သန့်စင်ဝါဒ”၊ သို့မဟုတ်လည်း မြန်မာအစိုးရက သည်ဘက်နှစ်ပိုင်းများတွင် လုပ်လာသော “မြေမြို၍ လူမျိုးမပြုတ်” စသော “လူမျိုးသန့်စင်”၊ ဒါမှမဟုတ်လည်း “တိုင်းရင်းသားသန့်စင်ဝါဒ” တို့သည် ရာနူန်းပြည့် ဖက်ဆစ်အခြေခံ သဘောတရားတွေဖြစ်ကြောင်း အကဲဖြတ်နိုင်ပြီ ဖြစ်ပါ၏။ ဟုတ်ကဲ့၊ နောက်တချက်လည်း ရှိပါ၏။ မြန်မာသောက်ပေါတွေ လုပ်သော သောက်ပေါအလုပ်တို့ဟု ထင်ရသော ချေးလူးချွေးလူး ခန္ဓာကိုယ်ကို “ကိုယ်တော်”၊ လူအစုအပေါင်း အသိုင်းအဝိုင်း သက်သက်သာဖြစ်သော “နိုင်ငံ” ကို “နိုင်ငံတော်”၊ သည်ဘက်ခေတ် နောက်ပိုင်းမှာ တိုင်းရင်းသားကို (၁၉၈၂ ဥပဒေအရ) “တိုင်းရင်းသားတော်” ဆိုပြီး လုပ်လာသော အလုပ်တို့ကို သွားအထင်မသေး လိုက်ပါနှင့်။ ဒါတွေအားလုံးသည် ဖက်ဆစ်စနစ်၏ အခြေခံသဘောတရားတို့ အတိအကျ ဖြစ်ပါ၏။ လွယ်လွယ်ပြောမည် ဆိုပါလျှင် ဘာမှန်းမသိသော ဖြုသန့်စင်သည့် “တော်” ကြီးတခုကို အားလုံးအထက်မှာ ရှိသည်ဟု လူအားလုံးကို ဦးထိပ်ရွက်ကာ ကန်တော့ခိုင်းခြင်းသည် ဖက်ဆစ်စနစ်၏ မူလအခြေခံ သဘောပေတည်း။ ‘၉၆၉’ ကို ငြိမ်းချမ်းရေး သင်္ကေတဆိုပြီး အထွတ်အမြတ် လုပ်နေတာဟာလည်း ဖက်ဆစ်သဘော စစ်စစ်ပါပဲ။
ညိုထွန်း
No comments:
Post a Comment