Thursday, August 22, 2013

ပြည်သူကို မြင့်မားစွာ တန်ဖိုးဖြတ်သူ ပြည်သူက မြင့်မားစွာ တန်ဖိုးဖြတ်လိမ့်မယ်

စကြာဝဠာ တွင်းနက်ထဲသို့
လင်းလက်သော ကြယ်ပွင့်များ
ရဲရင့်စွာ တိုးဝင်သွားတဲ့အခါ
နှမြောတသစွာ နှုတ်ဆက်လိုက်ကြပါ
တန်ဖိုးရှိ နှလုံးသားများ
အသိန်းအသန်းသော လက်များနဲ့ ပွေ့ယူ
ကျန်ရစ်သူများက ပွေ့ပိုက်သိမ်းဆည်းထားစို့။

ချိုးဖြူငှက်
လွတ်လပ်စွာ ပျံမတက်မီ
ကောင်းကင်ထက် ပျံဝဲသွားပေါ့
အနီရောင် ပိုးချည်စများနဲ့
ကိုယ်တိုင်ရက်တဲ ပန်းနုရောင် ပဝါစ။

ကဗျာဆရာ
နီရူဒါ
ကွန်မြူနစ်ဖြစ်ခြင်းထက်
ကဗျာဆရာအဖြစ် နေခြင်းက
တိုင်းပြည်အတွက် ပိုပြီး တန်ဖိုးရှိလှတယ်
ချီလီပြည် ကွန်မြူနစ်ပါတီက
ရင့်ကျက်တဲ့ အမြော်အမြင်နဲ့
ပါတီက အနားယူခွင့် ပေးခဲ့တယ်။

ကိုဗဟိန်းရဲ့ ချစ်ရဲဘော်
ပြာလဲ့လဲ့ လရောင်အောက်မှာ
အစိုးရနဲ့တော်လှန်ရေး အတူဆွေးနွေးခဲ့သူ
ဟုတ်တယ်
သူ လုပ်ချင်တာတွေကိုတော့ အားလုံး မလုပ်နိုင်ခဲ့ဘူး
ဒါပေမဲ့ သူမလုပ်ချင်တာတွေတော့ လုံးဝ မလုပ်ခဲ့ဘူး
စဉ်းစားကြပါ… တန်ဖိုးထားကြပါ
ရန်သူမရှိ မိတ်ဆွေသာရှိလို့ ပြောခဲ့သူဟာ
သူယုံကြည်ရာ သူပြောတာသက်သက်
ဖောက်ပြန်ရေးခေတ်အဆက်ဆက်မှာ
ဘယ်အခါမှ ခေါင်းမလျှိုးခဲ့ဘူး။

တက္ကသိုလ်အဆောင်မှာ
စန္ဒရားတီးရင်းက
ကျောင်းသားသမဂ္ဂမှာ ဝိညာဉ် စွဲနစ်ခဲ့တယ်
ဘန်ကောက်လုံချည်ဝတ်ရင်းက
ရေနံမြေသပိတ်တပ်သားတွေကို စိတ်ဝိညာဉ် ပူးဝင်ခဲ့တယ်
ရတုပိုဒ်စုံတွေ သီဖွဲ့ရင်းက
ဗိုလ်အောင်ကျော်နဲ့အတူ ချီတက်ခဲ့တယ်
ပြည်တွင်းစစ် မရှိခင်က
ငြိမ်းချမ်းရေးစကားမပြောခဲ့ပါဘူး
ကိုဗဟိန်းနဲ့အတူ လာရှိုးခရီးကို သွားခဲ့တယ်
ဂျပန်ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းကို စန္ဒာရားတီးပြခဲ့သူဟာ
မတ်လတော်လှန်ရေးကဗျာနဲ့ ပြည်သူ့အောင်ပွဲမော်ကွန်းကို
အကျော်ကြားဆုံး စိုက်ထူနိုင်ခဲ့တယ်
ဗိုလ်ဇေယျကို ချစ်တဲ့သူဟာ
ဟေမာနေဝင်းတို့အိမ်မှာ အလွမ်းပြေတယ်
ကိုဗဟိန်းတို့ ဗိုလ်ဇေယျတို့ကို လွမ်းမိတဲ့အခါ
...  ကို တမ်းတတယ်၊
... ဘယ်တုန်းကမှ အပုပ်မချခဲ့ဘူး
သမိုင်းကြောင်းကို ရပ်ခံ၊ အမှန်တရားနဲ့
မှန်ကန်သူကို ကာကွယ်ခဲ့တယ်။

ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး
ဖောက်ပြန်ရေးအစိုးရ ဆန့်ကျင်ရေး
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
ခေတ်အဆက်မှာ
ပြည်သူဘက်ရပ်တယ်
ချိုးဖြူကို မြတ်နိုးတယ်
စာပေလက်နက်ကိုင်စွဲတယ်။

လှိုင်းတွန့်ဆံပင် ရှိပေမယ့်
တဘဝလုံး တဖြောင့်တည်း နေခဲ့တယ်
စန္ဒရားတေးသံ အပျောင်းအနွဲ့နဲ့
ကာရန်အဖူးအညွန့်ဖွဲ့သူဟာ
သူ့ယုံကြည်ချက်မှာ သံမဏိပမာ ခိုင်မာတယ်
ဆိတ်ဖလူးနဲ့ယဉ်ပါးခဲ့သူဟာ
ဗမာပြည်ရဲ့ ထိန်ထိန်သာလမင်းကို ပိုချစ်လာတယ်
သေခါမှ သေရော့
သူတို့တတွေအနား ဘယ်အခါမှ လေနုအေး မနော့ခဲ့ဘူး။

ဂန္ထဝင်ကို နိုင်နင်းသူဟာ
ခေတ်သစ်လူငယ်ကဗျာ အလေးထားတယ်
စာပေဂိုဏ်းအမျိုးနဲ့ ဖောက်ပြန်ရေးသမားတွေက
 အနီလို့ စွပ်စွဲခံရတဲ့သူဟာ
ရင်ဘတ်လုံတယ်။

နှလုံးမဲတွေကြားမှာ
နှလုံးဖြူ သိက္ခာနဲ့
တည်ကြည်ခံ့ညားစွာ ရပ်ခဲ့
ဘယ်တုန်းကမှ တဖျတ်ဖျတ် မခုန်ခဲ့ဘူး။

သူနေထိုင်ခဲ့တဲ့ တသက်တာဟာ
သူဖန်တီးခဲ့ အနုပညာ ရတနာတင်းတောင်းနဲ့အတူ
တဝင်းဝင်းလက်လို့။

နောက်ဆုံးအချိန်မှာ မီးလောင်မြေကို သူကြည့်နေခဲ့တယ်
ဒဏ်ရာရ ချိုးဖြူငှက်အတွက် သူကြေကွဲသွားတယ်
ဆယ်ကျော်သက်အရွယ်က ရတုပုဒ်စုံ စပ်ဆိုခဲ့သူဟာ
လက်ပံတောင်း လယ်သမားတိုက်ပွဲအရေးအတွက်
မသေခင်မှာ
ထောက်ခံအားပေးစာလေး ရေးသွားခဲ့သေးတာ
သူ့ရပ်တည်ချက်ပါပဲ။ 

မောင်လှဝင်း (မြင်းခြံ)

No comments: