Wednesday, September 11, 2013

လေဘာမြင့်စိုး (ခေါ်) တကိုယ်တော်

ကျနော် သူ့အကြောင်းမရေးချင်။ သူ့လိုလူ လက်ရှိ မြန်မာ့နိုင်ငံရေးလောကထဲ တယောက်မှမရှိ။ ဘာလုပ်လုပ် တကိုယ်တော်။ ဘာလုပ်လုပ် ဘယ်သူ့မှ အမှုမတွဲ။ ထောင်စကား နဲ့  အမှုတွဲတယ် ဆိုတာတခြားသူတွေကိုပါ ဆွဲခေါ်တာမျိုး ဖြစ်သည်။ ကိုမြင့်စိုး တကိုယ်တော် လုပ်နေတာ နာမည်ကြီးချင်လို့ မဟုတ်။ ထင်ပေါ်ချင်လို့မဟုတ်။ သူ့အတွက် ဘာတခုမှ မပါ။ သူများအတွက်ချည်းသာ။

သူနှင့်ကျနော် ထောင်ထဲမှာချည်း သုံးခါဆုံရသည်။ ဆုံလိုက်တိုင်း

သူ ကတပြုံးပြုံး။ ရောက်ပြန်ပြီပေါ့ တွေ့ရပြန်ပြီပေါ့ ဆိုသည့်ပုံစံ။ အမြဲလိုလို ကျနော့ အရင် သူရောက်နေသည်သာ။ ပထမတခါ ဆုံကြတော့ အင်းစိန်ထောင်၏ နာမည်အဆိုးဆုံးနေရာ။ စစ်ခွေးတိုက်။ သံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေးအပြီး၂ဝဝ၇ ခုနှစ် စက်တင်ဘာလ မှာ ကျနော် ဖမ်းခံရသည်။ ထောင်ထဲကိုရောက်တော့ သူက စစ်ခွေးတိုက်ရောက်နှင့်နေပြီ။ သူက အခန်း (၈)၊ ကျနော်က အခန်း တဆယ်။ သူရော ကျနော်ပါ ဘာကြောင့် ကျနော်တို့ကို ဒီ စစ်ခွေးတိုက်မှာ လာထားမှန်း မသိကြ။ တထောင်လုံးမှာ ထားစရာနေရာ ဒီလောက်ရှားလေသလား။ ဒီလောက် စုတ်ပဲ့ညစ်ပေသော နေရာကိုထားချင်းမှ တမင်ညစ်ပတ်ချင်းလို့ပဲ သဘောရသည်။ ပြီးတော့ ကျနော် တို့ နှစ်ယောက်မှာ ဘာအပြစ်မှ မရှိ။ ထောင်ထဲမှာ ပြစ်ဒဏ်တခုခုဖြစ်မှ ဒီစစ်ခွေးတိုက်ထဲ ထဲ့ပိတ်တာ ဖြစ်သည်။

ကျနော် တို့ကိုဘာကြောင့် ဒီနေရာပို့ထားရသလဲ။ ကိုမြင့်စိုးက အစာငတ်ခံဆန္ဒပြမည်ဟု ဆိုသည်။ ကျနော်က လက်မခံ။ စစ်အစိုးရက လူကို လူဟု တန်ဘိုးမထား။ အစာငတ်ခံလို့သေသွားလဲ အလောင်းဆွဲချသွားရုံ။ ဒီတော့ တနည်းကြံကြည့် သည်။ ကျနော်တို့ အခန်းထဲမှာ မိလ္လာခွက်က သေးသေးလေး။ တနေ့မှ တခါ မိလ္လာချရတော့ အဆင်မပြေ။ ခွက်ပြည့်ခွက်လျှံ။ တနေ့ နှစ်ခါလောက် သွန်ချင်တာကို သူတို့က ခွင့်မပြု။ တခါပြော နှစ်ခါပြော ဘယ်နှခါပြောပြော လက်မခံကြ။ သည်တော့ ကောင်းပြီ။ ကျနော်တို့ မိလ္လာတွေကို အခန်းအပြင်ဖက်ကို သွန်ထုတ်ပစ်လိုက်သည်။ ဝန်ထမ်းတွေလာတော့ အခန်းရှေ့ ကွန်ကရစ်အခင်းမှာ အီအီးတွေ ပေလို့ ပွလို့။ သူတို့ နှာခေါင်းတွေ တရှုံ့ရှုံ့။ ပြီးတော့ မဲ့လာသည်။ နောက်တော့ တင်းလာတော့၏။ ဒါဘာသဘောလဲ။ ထောင်ကိုပုန်ကန်တာလား နာချင်လို့လားတွေနှင့် ဆဲကြဆိုကြတော့သည်။ ကျနော်တို့နှစ်ယောက်က ဘာမှပြန်မပြော ပြန်မဖြေ။ ကျောခိုင်းနေလိုက်ကြ၏။

သည်တော့ သူတို့ထက် ရာထူးကြီးသော ထောင်မှူးကိုသွားခေါ်လာ၏။ ဖြစ်ချင်တော့ သည်ထောင်မှူးက ကျနော့် မိတ်ဆွေ။ သူ့ခမျာ ဘာဆုံးဖြတ်ရမှန်း မသိ။ ကျနော်တို့ကိုပဲ ထုတ်ရိုက်ရမလား။ သူ့ဝန်ထမ်းတွေကိုပဲ ချေးကျုံးခိုင်း ရလေမလား။ မတတ်သာသည့်အဆုံး ထောင်ပိုင်ကိုခေါ်တော့၏။ ထောင်ပိုင်ရောက်လာတော့ ကျနော်တို့ လုပ်ရပ်ကို အပြစ်တင်သည်။ ကျနော်ကလည်း ကြိမ်ဖန်များစွာ မိလ္လာသွန်ဖို့ကိစ္စပြောတာ ထောင်ဖက်ကခွင့်မပြုတာရယ်၊ ကျနော် တို့ကို စစ်ခွေးတိုက်ထဲ လာထည့်ထားတာရယ်တို့ကို ဖိဖိစီးစီးပြောပြသည်။ ထောင်ပိုင်တော်တော် ငိုင်ကျသွားပြီးမှ ကျနော်နှင့် ကိုမြင့်စိုး ကို နေရာရွှေ့ပေးပါမည် ဟုကတိပေးကာ ပြန်သွားတော့၏။ မတိုင်ပင်ဘဲ ကိုမြင့်စိုးရော ကျနော် တပြိုင်တည်း ရယ်ချလိုက်မိတော့၏။

သည်လိုနှင့် အင်းစိန်ထောင် ငါးဆောင်တိုက်ခန်းတွဲသို့ ကျနော်တို့နှစ်ယောက် အတူရွှေ့လာခဲ့တော့၏။ ကိုမြင့်စိုးနှင့် ကျနော် လက်ချင်းအတူ တွဲချိတ်မိတော့သည်။ အသားညိုညို အရပ်ပျပ်ပျပ် တောက်ပသောမျက်လုံး တစုံက ရည်မှန်းချက်ကြီးသူမှန်း သိသာစေသည်။ သူနှင့် ကျနော် ပွဲဦးထွက်ကတော့ တော်တော်လှခဲ့လေတော့သည်။

ကိုမြင့်စိုးတို့မိသားစုက မပြေလည်ကြ။ မွေးချင်းမောင်နှမ ၉ ယောက်ထဲမှာကိုမြင့်စိုးက အကြီးဆုံး။ ကိုမြင့်စိုး၏ဖခင်က ဆိုက္ကားနင်းပြီး မိသားစုကို ရှာကျွေးသည်။ မိခင်က ကုန်စိမ်းရောင်း၏။ သည်တော့ ကိုမြင့်စိုး စားမဖြောင့်တော့။ ဆယ်တန်းအောင်ပြီး ကျောင်းဆက်မတက်ဘဲ အလုပ်ထဲဝင်ခဲ့လေတော့သည်။ စိုက်ပျိုးရေးကော်ပိုရေးရှင်းမှာ ဝန်ထမ်း။ ၁၉၈၈ ခု အရေးတော်ပုံဖြစ်တော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့မှာ စိုက်ပျိုး ရေးတာဝန်ခံအဖြစ် ပါဝင်လာခဲ့တော့၏။ သာကေတ မြို့နယ်လုံးဆိုင်ရာ သပိတ်ကော်မတီ ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။

စစ်တပ်က အာဏာ သိမ်းလိုက်တော့ ကိုမြင့်စိုး အလုပ်ပြုတ်တော့၏။ တဖြေးဖြေးနှင့် နိုင်ငံရေးထဲ နက်နက်တူးဝင်ခဲ့ လေတော့သည်။ နယ်စပ်ကိုထွက် မဲဆောက်မှာရှိသည့် အလုပ်သမားအဖွဲ့တွေနှင့် ဆက်သွယ်ပြီး သင်တန်းတွေတက်၊ ပြည်တွင်းက အလုပ်သမားတွေကို ပညာပြန်ဖြန့်ဖြူးပေးရင်းနှင့် တော်တော်အလုပ်များခဲ့သည်။ သို့သော် သူကတော့ တယောက်တည်း။ ဘယ်သူ့ကိုမှ အဖော်မခေါ်။ တောင်ကျော်လိုက် ချောင်းဖြတ်လိုက်ဖြင့် အလုပ်တွေ ဇယ်စက်နေတော့သည်။ ၁၉၉၄ ခုနှစ် သင်္ကြန်မတိုင်မီမှာ သူအဖမ်းခံလိုက်ရတော့၏။ တပ်မတော်ထောက်လှမ်းရေးက ကောင်းကောင်းကျွေးတာကို ခံလိုက်ရပြီး လေဖျန်းမလို ဖြစ်သွားတော့၏။ ဘာပဲဖြစ်ဖြစ် ထောင်နှစ် ၂ဝ ကျသွားတော့ သည်။

အင်းစိန်ထောင်မှာ လေးနှစ်၊ သာယာဝတီထောင်မှာ ရှစ်နှစ် စုစုပေါင်း၁၂ နှစ်အကြာမှာ တပ်မတော်ထောက်လှမ်းရေး၏ မလျော်မကန်လုပ်မှုကြောင့် ထောင်ကျနေသူတွေကို ပြန်လွှတ်ပေးလိုက်တော့သည်။ သူတို့ပြောသော မလျော်မကန် ဆိုသည့် စကားကလေးတလုံးတည်းအတွက် လူတယောက်က ၁၂ နှစ်လုံးလုံး သံတိုင်တွေနောက် ရောက်သွားရ၏။ လွယ်လိုက်ကြတာ။

ကိုမြင့်စိုး ထောင်ကလွတ်လာတော့ သူ့မိန်းမနှင့် သားသမီးတွေကို ရှာမတွေ့တော့။ ဘယ်ရောက်သွားမှန်းမသိ။ ကြိုးစားပြီးလိုက်ရှာလို့လည်း မရချေ။ မတတ်သာသည့်အဆုံး နိုင်ငံရေးလောကထဲမှာပဲ ပြန်ကျင်လည်တော့သည်။ သူ့ဝါသနာအတိုင်း အလုပ်သမားအရေးကိုသာ ဦးတည်တော့၏။ အလုပ်သမားအခွင့်အရေး အလုပ်သမားယူနီယံ ပေါ်ပေါက်ရေးတို့ကို ဦးစားပေးလုပ်ခဲ့လေသည်။ သို့သော် အတွင်းလူ သစ္စာဖောက်မှုဖြင့် ကိုမြင့်စိုး ကို လှည်းတန်းမှာ ရဲဖမ်းခဲ့တော့၏။ ထုံးစံအတိုင်း အင်းစိန်ထောင် ရောက်ရပြန်လေပြီ။ ထောင်ကလွတ်လို့မှ ခြောက်လမပြည်သေး။ ထောင်ထဲပြန်ရောက်ခဲ့တော့၏။ သူထောင်ထဲရောက်နေစဉ် ဓါတ်ဆီဈေးတက်မှု ဆန္ဒပြပွဲ ရွှေဝါရောင်တော်လှန်ရေးတို့ ဆက်တိုက်ဖြစ်ခဲ့သည်။ သို့ဖြင့် သူနှင့်ကျနော် အင်းစိန်ထောင်မှာဆုံရခြင်းပင်။ သူထောင်ထဲမှာ ရှိနေစဉ် သူ့အဖေ အနိစ္စရောက်သည်။ ဖခင်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့် သူ မရခဲ့ရှာ။ ထောင်ထဲကနေ အဖေ့အတွက် ကောင်းရာမွန်ရာရောက်ပါစေကြောင်း ဆုတောင်းပေးလိုက်ရုံ။

ကျနော် ၂ဝဝ၇ ခုနှစ် အောင်တိုဘာမှာ လွတ်လာတော့ သူ ထောင်ထဲမှာ ကျန်ခဲ့သည်။ တခြားသူတွေက သူတို့မိသားစုအတွက် မှာနေကြသော်လည်း သူကတော့မမှာ။ မှာစရာ မိသားစုလည်းမရှိ။ ပြုံးပြီးတခွန်းပဲပြောသည်။ ကျနော် ထောင်ကလွတ်လို့ အလုပ်သမားကိစ္စတွေလုပ်ရင် ကူနော် .. တဲ့။

၂ဝဝ၈ ခုနှစ် နာဂစ်အပြီးမှာ ကျနော် ထောင်ထဲရောက်ရပြန်တော့ သူနှင့်ဆုံပြန်သည်။ သူ့ကို ရုံးထုတ်နေပြီ။ နယ်စပ်ဖြတ် ကျော်မှု၊ တရားမဝင် အဖွဲ့များနှင့်ဆက်သွယ်မှု။ တရားရုံးမှာ ပြဿနာ အရှာဆုံးလူအဖြစ် နာမည်လည်းကြီးလာသည်။ ရဲ က လာခေါ်လျင် မြေပေါ်လှချသည်။ မင်းကုသလိုပေါ့။ ရဲ လာထူမှ ထမည်တဲ့။ မတတ်သာတော့လည်း ရဲတွေက သူ့ကို ထမ်းခေါ်ရတော့၏။ ဒါမျိုးတင်လားဆိုတော့ မကသေး။ တရားရုံးမှာ လှဲအိပ်နေသေးသည်။ တရားသူကြီးက တရားရုံး မထီမဲ့မြင်လုပ်မှုဖြင့် ထောင်ခြောက်လချတော့လည်း အိပ်နေသည်။ မတရားသောတရားခွင်ကို နားထောင်စရာမလိုဟု သူကြုံးဝါး၏။ ဘယ်လိုဖြစ်ဖြစ် ထောင်ဒဏ် ၉ နှစ်ခြောက်လ ချခဲလိုက်ရပြန်တော့သည်။ ကျနော်က ၅၉ နှစ်ချခံရတာ ဆိုတော့ သူ့ကိုစသည်။ ကျနော့ အစွန်းထွက်ပဲရှိတာပါဟု သူ့ကိုသရော်တော့ ရယ်သည်။ အင်းစိန်ထောင်ကနေ သူ့ကို ထောင်ပြောင်းတော့ ကျနော့် အနွေးထည်နှင့် ဂွမ်းစောင်တထည် သူ့ကိုပေးလိုက်သည်။ ဘယ်ရောက်လို့ ဘယ်ပေါက်မယ်မှန်း မသိ။ သူ့မှာ စောင်မရှိ အင်္ကျီအပို မရှိ။

ကျနော် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလမှာ မြစ်ကြီးနားထောင်ကို ပြောင်းခဲ့ရသည်။ ဒီမှာတင် ကိုမြင့်စိုးနှင့် ဆုံရပြန်သည်။ မှတ်မှတ်ရရ သူချက်ကျွေးသော တောဝက်သားလေး စားခဲ့လိုက်ရသေး၏။ နောက်တော့ သူ့ကို ပူတာအိုထောင် ရွှေ့ပြန်လေသည်။ လူတယောက်ကို ဘယ်လောက်ထိ နှိပ်စက်နိုင်လေမလဲလို့များ အဓိဋ္ဌာန်ပြုထားလေသလား မသိ။ စစ်အစိုးရသည် ဖိပြီးရင်းသာ ဖိနေတော့လေသည်။

၂ဝ၁၁ ခုနှစ် အောက်တိုဘာလမှာ ကျနော် လွတ်လာတော့ ကိုမြင့်စိုး ပူတာအိုမှာပဲ ရှိနေသေးသည်။ ကျနော်က ထောင်ပေါက်စေ့ ထောင်ဝင်စာ ပေးပို့သော အလုပ်ကိုလုပ်တော့ လူကြုံနှင့် သူ့ဆီ အစားအသောက်တွေပို့ရ၏။ စာအုပ်တွေပို့ရသည်။ သူ့ဆီက ပြန်ပေးလိုက်သော စာတွေထဲမှာ အလုပ်သမားယူနီယံဖွဲ့စည်းရေးတွေ ထုံမွှန်းနေလေသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၂ရက်နေ့မှာ သူတို့ကိုလွှတ်ပေးတော့မည်ဟု သက်ဆိုင်ရာက ကျနော့ကို အကြောင်းကြားသည်။ လေယာဉ်ကွင်းမှာ ကြိုပေးဖို့ ကျနော့ကို အကူအညီတောင်းသည်။ ရန်ကုန်လေဆိပ်မှာ ကိုမြင့်စိုးနှင့် ကျနော် ပြန်ဆုံရ သည်။ ကျနော်လက်ဆောင်ပေးခဲ့သော အနွေးထည်လေးနှင့်။ သူ့အိပ်မက်တွေကို ကျနော့အား ရှင်းပြနေသေးသည်။ စည်းလုံးသော အလုပ်သမားအဖွဲ့အစည်းတခု ပေါ်ပေါက်ရေး။

နောက်တော့ ကျနော့ရုံးခန်းကို သူရောက်ရောက်လာတတ်သည်။ အင်္ဂလိပ်စာသင်တန်းတက်သည်။ အလုပ်သမား အရေးဆိုင်ရာ work shop တွေလုပ်သည်။ သူတက်သည်။ ကျနော်တို့ ရုံးကလုပ်လေ့ရှိသည့် public communication သင်တန်းတွေလည်းတက်သည်။ ချင်းမိုင်ကလာသည့် ကိုအောင်မျိုးမင်း တို့ မဥမ္မာ တို့ဆီက အလုပ်သမားအခွင့်အရေး တွေ သင်ယူ၏။

ခရီးသွားလိုက်တာကလည်း မရပ်မနား။ အလုပ်သမားပြဿနာပေါ်တိုင်း သူရောက်သွားလေ့ရှိသည်။ သူ့ကို အလုပ်သမားတွေကလည်း လေးစားကြသည်။ ကျိုက်ထို ဝဒက်ကွင်းကျေးရွာက အလုပ်သမားများနှင့် ရွာသူရွာသားတို့ ပြဿနာပေါ်တော့ သူရောက်သွားတော့၏။ စစ်တောင်းစက္ကူစက် ပြဿနာထဲမှာ သူ ဝင်ပါတော့၏။ စက္ကူစက် အလုပ်သမားများ၏ နစ်နာမှုတွေအတွက် သူက တောင်းဆိုသည်။ သို့သော် ဆင်ထားသောခွင်ထဲ သူကျသွားရရှာပြီ။ စစ်တောင်းစက္ကူစက်က တရားလိုလုပ်ပြီး သူ့ကို ရုံးတင်တရားစွဲလိုက်လေသည်။ ကိုမြင့်စိုးထောင် (၇) နှစ် (၆) လ ကျသွားခဲ့၏။

ခုတော့ လေဘာကိုမြင့်စိုး သထုံထောင်က သံတိုင်တွေနောက် ရောက်ရချေပြီ။ ထောင်နှင့်သူ သူနှင့်ထောင်ကား ခွဲမရတော့။ သူ့ကို ထောင်ဝင်စာ ပို့ပေးမည့်သူမရှိ။ အလုပ်သမားအရေး အမြဲတမ်း ဦးထိပ်ပန်နေသူ ကိုမြင့်စိုးခမျာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခံသွားရပြန်ပြီ။ အများအတွက် စွန့်စွန့်စားစား တကယ်လုပ်ပေးနေသူတယောက်အတွက် ဒါသည် ဆုတံဆိပ်လား။ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းမှာ ကိုမြင့်စိုး ကို မေ့များ မေ့ကုန်ကြပြီလား။ ကျနော်တော့ မမေ့။

ဇာဂနာ
၂၈ သြဂုတ်၂ဝ၁၃

New Generations ဘလော့ခ် မှ ...

No comments: