ဟုန်ရှင်း အလုပ်သမား ပြဿနာပြေလည်သွားပြီလို့ သတင်းမီဒီယာတွေမှာ ရေးကြသားကြတယ်။ ဘီဘီစီကဆိုရင် ဟုန်ရှင်းအလုပ်သမားတွေဟာ တောင်းဆိုချက်တွေ ရရှိခဲ့ပြီဖြစ်လို့ သပိတ်စခန်းကို ရုပ်သိမ်းပြီး အိမ်ပြန်သွားကြပြီလို့တောင် ရေးထားလိုက်ပါသေးတယ်။
အမှန်တကယ် ပြဿနာပြေလည်သွားတာလား။ အလုပ်သမားတွေတောင်းဆိုချက်တွေ တကယ်ရသွားခဲ့ကြသလား။ တကယ်တော့
မီဒီယာတွေ အပေါ်ယံရှပ်ရေးပြီး ပေါ့ပေါ့တန်တန် ကောက်ချက်ချကြသလို ဒီကိစ္စဟာ တကယ်တန်း ပြေလည် သွားတာမျိုးမဟုတ်ဘူး။ ဒီကိစ္စဟာ အနာကြီးတခုမြုံသွားတာပါ။ ဆေးမြီးတိုနဲ့ ကုလိုက်လို့ အနာကြီး ယာယီမြုံသွားတာပါ။ ဒါမျိုးတွေများလာရင် အနာဆိုးကြီး အဖြစ်နဲ့ ပြန်ပေါ်ထွက်လာတာကို ကျနော်တို့ မြင်ကြရဖို့ရှိပါတယ်။
ကျနော် ဘာ့ကြောင့် ဒီလိုပြောသလဲဆိုတာကို ဖြစ်စဉ်တခုလုံးအပေါ်မှာ ပြန်သုံးသပ်ပြချင်ပါတယ်။
ဟုန်ရှင်း စက်ရုံ ပြဿနာက သာမန် အလုပ်ခွင် ပြဿနာကလေးကနေ စတယ်။ နှာခေါင်းစည်းဖြုတ်ပြီး အသက်ရှူရာကစတယ်။ တကယ်တော့ ဒါဟာ ထူးထူးခြားခြား ကြီးမားတဲ့ ပြဿနာမဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဉ် အလုပ်ခွင် ပြဿနာပဲ။ ဒီပြဿနာကို အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေက ဝင်ပြီး ညှိနှိုင်းပေးတယ်။ အဲဒီလို ညှိနှိုင်းပေးတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၂ ယောက်ကို အလုပ်က ထုတ်ပစ်လိုက်တယ်။ အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်လို့ ကျန်အလုပ်သမားတွေက ဆန္ဒပြတော့ အစိုးရက ပုဒ်မ ၁၈ နဲ့ တရားစွဲတယ်။
ဒီနေရာမှာ တကယ့် ပြဿနာစတယ်။ မြန်မာနိုင်ငံမှာ အလုပ်ရှင်ဟာ အစစအရာရာ သူတို့ကသာ စီမံခန့်ခွဲခွင့်ရှိတယ် ဆိုတဲ့ သဘောထားကို တလျှောက်လုံး ဆုပ်ကိုင်ထားခဲ့ကြတယ်။ အုပ်ချုပ်သူ အစိုးရအဆက်ဆက်ကလည်း ဒီသဘောထားဘက်ကနေ ထောက်ခံအားပေးခဲ့တယ်။
အခု ဒီဘက်ခေတ်မှာ အလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတည်ရှိခွင့်ကို တောင်းဆိုတိုက်ပွဲဝင် လာခဲ့ ကြတယ်။ အုပ်ချုပ်သူတွေဘက်ကလည်း အလုပ်သမားသမဂ္ဂတွေ တည်ရှိခွင့်ကို အလွန်စိတ်မပါစွာနဲ့ မလွဲမရှောင်သာ လက်ခံလာရတယ်။ ဒါပေမဲ့ အလုပ်ရှင်တွေဟာ အလုပ်သမားသမဂ္ဂကို လက်မခံချင်ဘူး။ အလုပ်သမားတွေဘက်က တောင်းဆိုခွင့်ကို လက်မခံချင်ဘူး။ အလုပ်ရှင်ဟာ ထမင်းရှင် ကျေးဇူးရှင်ဆိုတဲ့ သဘောတရားကို ဆက်လက် ဆုပ်ကိုင်တယ်။ အလုပ်ရှင်က ငွေရှင်ကြေးရှင်၊ အလုပ်ရှင်ကသာ လုပ်ငန်းကိုရော အလုပ်သမားတွေကိုရော၊ လစာကိုရော၊ အခွင့်အရေးကိုရော အားလုံးကို အလုပ်ရှင်ကြိုက်သလို စီမံခန့်ခွဲခွင့်ရှိတယ်လို့ သဘောထားတယ်။
အလုပ်ရှင်ဟာ ငွေအရင်းအနှီးကို စိုက်ထုတ်ပေးသူသာဖြစ်ပြီး တကယ်တန်း တန်ဖိုးသစ် ထွက်ပေါ်လာအောင် ကုန်ထုတ်လုပ်ပေးသူဟာ အလုပ်သမားဖြစ်တယ်ဆိုတာကို အလုပ်ရှင်တွေ သဘော မပေါက်နိုင်ကြသေးဘူး။ အမြတ်အစွန်းကို ဖန်တီးပေးသူဟာ အလုပ်သမားသာ ဖြစ်တယ်ဆိုတာကို အလုပ်ရှင်တွေ သဘောမပေါက်ကြဘူး။ အလုပ်သမားရဲ့ ကျေးဇူးကြောင့် အလုပ်ရှင် ထမင်းစားရတယ်ဆိုတဲ့ အချက်ကို နားမလည်ဘဲ အလုပ်ရှင်ကျေးဇူးကြောင့် အလုပ်သမား ထမင်းစားရတယ်လို့ မြန်မာအလုပ်ရှင် အများစုက သဘောထားကြတယ်။ ဒီတော့အလုပ်သမားဘက်က တောင်းဆိုတယ်တို့ ၊ စောဒကတက်တယ် တို့ဆိုတာမျိုးကို အလုပ်ရှင်တွေက အလုပ်သမားတွေ လူပါးဝတယ်လို့ပဲရှုမြင်ပြီး ဖိနှိပ်ဖို့ပဲ ကြံစည် စဉ်းစား တယ်။
ဒီလိုနဲ့ ဒီပြဿနာဟာ အစိုးရအလုပ်သမားရုံးနဲ့ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးကိုရောက်တယ်။ အလုပ်ရှင် ကတော့ အလုပ်သမားရုံးဟာ သူတို့ဘက်က ရပ်ဖို့ကိုသာ မျှော်လင့်တယ်။ အလုပ်သမားရုံး အရာရှိဆိုတာကလည်း ဒေသတွင်းက အလုပ်ရှင်တွေ ပေးစာကမ်းစာကို စားသောက်ပြီး အသက်ရှင် ကြီးပွားနေတဲ့ လူတွေကိုး။ မှန်ပါတယ်။ အစိုးရ အလုပ်သမား အရာရှိတွေဟာ များသောအားဖြင့် အလုပ်ရှင်ဘက်မှာပဲ ရပ်ပါတယ်။ အကြောင်းကတော့ အလုပ်ရှင်၊ ကုမ္ပဏီပိုင်ရှင်က သူဌေး ဖြစ်ပြီး၊ အလုပ်သမားဆိုတာက ဆင်းရဲသား ဖြစ်လို့ပါပဲ။ အလုပ်ရှင်၊ ကုမ္ပဏီပိုင်ရှင်ကသာ ပေးနိုင်ကျွေးနိုင်တယ်၊ အလုပ်သမားဆိုတာက မပေးနိုင် မကျွေးနိုင် ဘူးလေ။ ဒီတော့ အစိုးရ အလုပ်သမား အရာရှိတွေဟာ အမြဲတန်းလိုလို အလုပ်ရှင်ဘက်က ရပ်ပါတယ်။ ဒါဟာ အရင် စစ်ဗိုလ်အစိုးရ လက်ထက်တလျှောက် လုံး ဒီအတိုင်းပါပဲ။ အခုဘောင်းဘီချွတ် စစ်ဗိုလ်လက်ထက်ရောက်သွားတော့လည်း ဒီအတိုင်းပါပဲ။ ဘာမှမထူးပါဘူး။
ဒါပေမဲ့ တကယ်တန်း ဝါဏိဇ္ဇပဋိပက္ခရုံးကို ရောက်တော့ ပဋိပက္ခရုံးက အလုပ်သမားတွေဘက်ကို အနိုင်ပေးလိုက်တယ်။ ဒီတော့ ပြဿနာဟာ ပိုလေးနက်လာတယ်။ တကယ်တော့ အစိုးရရုံးက အလုပ်သမားကို အနိုင်ပေးလိုက်တာကလည်း အထူးအဆန်းမဟုတ်ဘူး။ အလုပ်သမားအရာရှိတွေ သဘောထားပြောင်းသွားလို့လည်း မဟုတ်ဘူး။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပဲ။ အလုပ်သမားအရာရှိတွေဟာ ကုမ္ပဏီတွေ ပေးစာ ကမ်းစာကို စားပြီး ကြီးပွားရတယ်ဆိုပေမဲ့ တကယ်တန်းမှာတော့ စစ်အာဏာရှင်စနစ်ကို မလွန်ဆန်နိုင်တဲ့ နေရာမှာ အခြားအခြားသော ဝန်ထမ်းတွေထက် မလျော့ဘူး။ သူတို့က ပိုတောင် ပိုတယ်။ သူတို့ဟာ အလုပ်သမားအရေးကို အစိုးရအလိုကျ ကိုင်တွယ်ဖို့အတွက် လေ့ကျင့်ထား၊ ပုံသွင်းထားတဲ့သူတွေ ဖြစ်တယ်။ သူတို့ကို ချပေးထားတဲ့ ပေါ်လစီလည်းရှိတယ်။ အဲဒီပေါ်လစီကတော့ အလုပ်သမားတွေရဲ့ စားဝတ်နေရေး ပြဿနာဟာ နိုင်ငံရေး ပြဿနာဖြစ်မလာရေး ဆိုတဲ့ ပေါ်လစီပဲ။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ဟာ နိုင်ငံရေး လက္ခဏာဆောင်မလာသေးသမျှမှာ သူတို့ တောင်းဆိုတာကို ကျေနပ်အောင်လုပ်ပေးလိုက်၊ ကျေနပ်အောင် လုပ်မပေးနိုင်လို့ နိုင်ငံရေးပြဿနာအဖြစ် ကြီးထွားလာရင် အဲဒီအလုပ်သမား အရာရှိရဲ့ တာဝန်ပဲ ဆိုတဲ့ ပေါ်လစီပဲ။ နိုင်ငံရေး ပြဿနာအသွင်ဆောင်ရင်တော့ ခေါင်းဆောင်ဖော်ထုတ်ပြီး အဲဒီခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် အရေးယူရေးဆိုတဲ့ မူနဲ့ လုပ်ထုံးလုပ်နည်း ချထားတာရှိတယ်။ ဒီတော့ ပြဿနာ ကြီးထွားလာမယ့် အဖြစ်ကို ဘယ် အလုပ်သမား အရာရှိမှ အဖြစ်မခံရဲဘူး။ ဒီတော့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ ဆုံးဖြတ်ပေးလိုက်တယ်။ မတရား အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၂ ယောက်ကို အလုပ်ပြန်ခန့်ရေး အပါအဝင် ခွင့်ရက်၊ အလုပ်ချိန်စတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ ဆုံးဖြတ်ပေးလိုက်တယ်။
ဒါပေမဲ့ ဟုန်ရှင်း အလုပ်ရှင်ဟာ သာမန်ထက်ပိုပြီး ကောက်ကျစ်တယ်လို့ ဆိုရမယ်။ အလုပ်သမားရုံးမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ သဘောတူခဲ့ပေမဲ့ အလုပ်ခွင်ပြန်ရောက်တဲ့အခါ၊ စက်ရုံဖျက်သိမ်းလိုက်ပြီလို့ ကြေညာပြီး အလုပ်သမားတွေအားလုံးကို အလုပ်ထုတ်ပစ်လိုက်တယ်။ စက်ရုံကို ဖျက်သိမ်းပြီး တခြားနာမည်သစ် မဟာလင်းထက်နဲ့ ပြန်ဖွင့်မယ်၊ အလုပ်သမားအားလုံးကို အသစ်ပြန်ငှားမယ်လို့ ပက်ပက်စက်စက် ကြံစည်တယ်။ ထူးခြားတာကတော့ အဲဒီအကြံအစည်ကို အလုပ်သမား အရာရှိကိုယ်တိုင်က အကြံပေးလိုက်တယ်ဆိုတဲ့ အချက်ပါပဲ။
ဒီိလိုနဲ့ ဟုန်ရှင်းအလုပ်သမားတွေဟာ မလွှဲမရှောင်သာ မြို့တော်ခန်းမရှေ့ရောက်လာကြတယ်။ လျော်ကြေးကို မလို၊ အလုပ်သာလိုချင်တယ်လို့ ကြွေးကြော်ပြီး ရောက်လာကြတာ ဖြစ်ပါတယ်။
အခုနောက်ဆုံးတော့ ပြဿနာပြေလည်မှုရပြီး အလုပ်သမားတွေ အိမ်ပြန်သွားကြပြီလို့ သိလိုက်ရတယ်။ ဝင်ရောက်ညှိနှိုင်းပေးကြတဲ့သူတွေကတော့ ရန်ကုန်တိုင်းဝန်ကြီး ဦးစိုးမင်း၊ ဒီချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ၈၈ ငြိမ်းပွင့်အဖွဲ့ဝင်တွေလို့ဆိုတယ်။
ဘယ်လိုများပြေလည်အောင် ဖြေရှင်းပေးလိုက်သလဲ။ အလုပ်သမားတွေ အလုပ်ပြန်ရသွားသလား ဆိုတော့ မဟုတ်ဘူး။ လျော်ကြေးကို တချို့ ၃ လစာ ကနေတချို့ ၅ လစာပေးဖို့ သဘောတူလိုက်တာပါပဲ။ အလုပ်သမားတွေ တောင်းဆိုကြသလို အလုပ်ပြန်မရကြဘူး။ အလုပ်သမား သမဂ္ဂလည်း ဖျက်သိမ်းခံလိုက်ရပြီ။ အလုပ်သမားတွေကို တခြားနေရာမှာ အလုပ်ရှာပေးပါမယ်လို့ ဝန်ကြီးကပြောတယ်။ ဒါပေမဲ့ သေချာပေါက် အလုပ်ရစေပါ့မယ်လို့ အာမမခံဘူး။ ဒီတော့ အလုပ်သမားတွေဘက်က သာမန် အလုပ်ထုတ်ရင် ဥပဒေအရ မဖြစ်မနေရပိုင်ခွင့်ရှိတဲ့ လစာရဲ့ ၃ ဆလျော်ကြေးထက် နည်းနည်းပဲ ပိုရတဲ့သဘောပါပဲ။ ဒါဆိုရင် မြို့တော်ခန်းမရှေ့မှာ မရမနေ တိုက်ပွဲဝင်မယ်လို့ သန္နိဋ္ဌာန်ချပြီး ရောက်လာကြတဲ့ အလုပ်သမားတွေဟာ ဘာ့ကြောင့် သဘောတူလိုက်ရတာလဲ။ မလွှဲသာတဲ့ အခြေအနေတွေ ဖိအားတွေကြောင့်ပါ။
အလုပ်သမားတွေ မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်တဲ့အခါ လုံထိန်းတွေက အင်အားပြခြိမ်းခြောက်ပါတယ်။ ရဲအရာရှိတွေဘက်က အခြေအနေမကောင်းတော့လို့ ဒီနေရာကရွှေ့ပေးကြဖို့ဆိုပြီး အလုပ်သမားတွေကို စေတနာနဲ့ သတိပေးသလိုလို စကားမျိုးပြောတယ်။ ဒါဟာ တကယ်တော့ ခြိမ်းခြောက်တဲ့ စကားဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုဖိအားတွေဟာ သာမန် အလုပ်သမား အမျိုးသမီးလူငယ်လေးတွေ အပေါ်ကျရောက်ခဲ့ကြတယ်။
ဒါ့အပြင် ၃ လကနေ ၅ လလျော်ကြေးဆိုတာကလည်း တကယ်တော့ တော်တော်နည်းပါတယ်။ အထူးသဖြင့် ၃ လဆိုတဲ့ လျော်ကြေးကတော့ တော်တော်ကို နည်းလွန်းလှတယ်။ သာမန် အလုပ်ဖြုတ်ရင်ပေးရတဲ့လျော်ကြေးမျှသာ ဖြစ်တယ်။ ဒါပေမဲ့ ဘာ့ကြောင့် အလုပ်သမားတွေဘက်က သဘောတူလိုက်ရသလဲ။ ပထမတချက်က ဒီလိုအခြေအနေမျိုးဖြစ်လာရင် သူတို့ဘက်က အကာအကွယ် ပေးနိုင်မယ့် ဥပဒေမရှိလို့ပဲ။ ဒီလိုအားနည်းချက်ကြီးရှိနေလို့လည်း အလုပ်ရှင်ဘက်က ဥပဒေရဲ့ ပျော့ညံ့လစ်ဟာကွက်ကို နင်းပြီးအလုပ်သမားတွေ အားလုံးကို အလုပ်ထုတ်ပစ်ပြီး စက်ရုံသစ်ထောင်ဖို့ ကြံစည်တာပါ။ ဒါ့အပြင် နောက်တချက်ကတော့ ဒီအလုပ်သမားတွေ အားလုံးဟာ တကယ်တော့ အနယ်နယ်အရပ်ရပ်ကလာတဲ့ ဆင်းရဲသား တောသူတောင်သားတွေက အများစုဖြစ်ကြတယ်။ လုံးလုံး လျော်ကြေးမရတာနဲ့ စာရင် ၃ လစာ ၊ ၅ လစာဟာလည်း မနည်းဘူးလို့ သူတို့သဘောထားကြပေလိမ့်မယ်။ ဆိုလိုတာက ၃ လစာနဲ့တော့ မရဘူး ၊ ၁၀ လစာရမှ ကျမတို့က သဘောတူနိုင်မယ်ဆိုပြီး တောင့်ခံနိုင်တဲ့ အင်အားမရှိရှာကြဘူး။ ဒီလိုအလုပ်သမားတွေ အင်အားနည်းချိနဲ့နေချိန်မှာ အဆိုးဆုံးကတော့ သူတို့ရှေ့က မားမားမတ်မတ်ရပ်ပေးမယ့်သူ မရှိတဲ့အချက်ပဲ။
ဒီနေရာမှာ ဒေါ်စန္ဒာမင်းနဲ့ ငြိမ်းပွင့်ရဲ့ အလုပ်သမားရေးရာသမားတွေရဲ့ ရပ်တည်ချက်ကို နည်းနည်းတော့ ပြောဖို့ လိုပါလိမ့်မယ်။ သူတို့ဘယ်ဘက်က ရပ်ခဲ့ပါသလဲ။ သူတို့ဟာ ကြားနေသဖွယ် ပြောဆိုရပ်တည်ခဲ့ကြတယ်။ ဒီတော့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့စကားကိုပဲ ကိုးကားရပါလိမ့်မယ်။ ဆင်က ကြွက်ကို နင်းထားတဲ့ အချိန်မှာ ကြားနေရပ်တည်တာကို ဘယ်ကြွက်ကမှ ကျေးဇူးတင်မှာ မဟုတ်ပါဘူး။ သူတို့ဟာ ဆင်နဲ့ ကြွက်ကြားမှာ ကြားနေခဲ့တယ်။ တကယ်တော့ ဒါဟာ ဆင်ဘက်က ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ အဓိကဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ဆောင်ရွက်ချက်ဟာ ဦးသိန်းစိန်အစိုးရ အလိုကျ မြို့တော်ခန်းမရှေ့က အလုပ်သမားတွေကို သပိတ်စခန်းရုပ်သိမ်းအောင် လုပ်ပေးနိုင်ခဲ့တာမျှသာ ဖြစ်ပါတယ်။ အလုပ်သမားတွေဘက်က အလုပ်သမားသမဂ္ဂ ဖျက်သိမ်းလိုက်ရတယ်။ ဒါကို သူတို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ အလုပ်သမားတွေ အလုပ်ပြုတ်သွားကြတယ်။ ဒါကိုလည်း သူတို့ဘာမှ လုပ်မပေးနိုင်ပါဘူး။ ပုဒ်မ ၁၈ နဲ့ တရားစွဲဆို ထားတာတွေကိုတောင် သူတို့ ဘာမှ မတတ်နိုင်ပါဘူး။ အားလုံးအာဏာပိုင် စိတ်ကြိုက်အနေအထားနဲ့ ပြီးစီးသွားအောင် ဒေါ်စန္ဒာမင်းနဲ့ ငြိမ်းပွင့် အဖွဲ့ဝင်တွေက အကူအညီပေးခဲ့တယ်လို့သာ စိတ်မကောင်းစွာ မှတ်ချက် ပြုရပါလိမ့်မယ်။
တိုင်းဝန်ကြီး ဦးစိုးမင်းက အလုပ်ရှာပေးပါမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ရမရ အာမမခံဘူး။ စာချုပ်ထဲမှာလည်း သူမပါဘူး။ အစိုးရဘက်က ဘာတခုမှ အာမခံချက်မပေးဘူး။ စက်ရုံတွေမှာ အလုပ်သွင်းဖို့ ပြောပေးမယ်လို့ ဆိုတာသာဖြစ်ပါသတဲ့။ စဉ်းစားကြည့်ပါ။ ဒီလောက်တိုက်ပွဲပြင်းပြင်းထန်ထန်ဝင်ပြီး စက်ရုံက အပယ်ခံ၊ အကြဉ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို ဘယ်စက်ရုံကများ ခေါ်ချင်ကြမှာလဲ။ ဒီတော့ ဒီမရေမရာ အာမခံစကားဟာ အလုပ်သမားတွေ မြို့တော်ခန်းမရှေ့ကထွက်သွားတာနဲ့ တပြိုင်နက် အလိုလို ပျက်ပြယ်သွားမယ့် ယီးတီးယားတား စကားအဆင့်လောက်ပဲရှိပါတယ်။
ဒါ့အပြင် စက်ရုံက မဟာလင်းထက်နာမည်နဲ့ရော၊ ဟုန်ရှင်းနာမည်နဲ့ရော ဘယ်နာမည်နဲ့မှ အအေးခန်း ဆက်ဖွင့်ခွင့် မရှိတော့ဘူးဆိုတဲ့ စည်းကမ်းချက်ကလည်း ဗမာပြည်အနေအထားနဲ့ကြည့်ရင် တော်တော်ယုံဖို့ ခက်တဲ့ စည်းကမ်းချက်ပါပဲ။ ဥပဒေစိုးမိုးမှုမရှိဘဲ၊ ငွေရှိရင် ဘာမဆိုလုပ်လို့ရတဲ့ ဒီနိုင်ငံကြီးမှာ ၂ လ ၃ လကြာရင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး ဒီစက်ရုံကြီးပုံစံသစ်နဲ့ ပြန်ထွက်ပေါ်လာမှာကို မြင်ယောင်နေမိပါတယ်။ မဟာလင်းထက် နာမည်နဲ့လည်း မဟုတ်၊ ဟုန်ရှင်းနာမည်နဲ့လည်း မဟုတ်၊ လက်ရှိပိုင်ရှင်နာမည်နဲ့လည်း မဟုတ်ဘဲ ၊ ပိုင်ရှင်နာမည်အသစ်နဲ့ ပေါ်ထွက်လာမယ်ဆိုရင် စည်းကမ်းဖောက်ဖျက်ရာမကျတော့ဘူးပေါ့။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေတောင် ဗမာနိုင်ငံသားတွေကို နာမည်ခံခိုင်းပြီး နိုင်ငံသားပိုင် ကုမ္ပဏီလုပ်နေတဲ့ ဒီအကျင့်ပျက်ခြစား နိုင်ငံတော်ကြီးမှာ ပိုင်ရှင်နာမည်ပြောင်းတာလောက်တော့ သနားတောင် သနားသေးတယ်လို့ ဆိုပါလိမ့်မယ်။ ကျားစကား၊ ချက်စ် စကားနဲ့ ပြောရရင်တော့ ကလေးကွက်ကြီးပါဗျာ။
ဒီတော့ ဟုန်ရှင်းပြဿနာဟာ အလုပ်သမားတွေဘက်က ရသင့်ရထိုက်တာတွေ ရသွားလို့ ကြေကြေလည်လည်နဲ့ ပြီးသွားတဲ့ ပြဿနာမဟုတ်ဘူး။ အားမတန်လို့ မာန်လျှော့လိုက်ရတဲ့ ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းတပုဒ်မျှသာ ဖြစ်တယ်။ ရသင့်တဲ့ တရားမျှတမှုကို အပြည့်အဝမရလို့ ရသလောက်နဲ့ တင်းတိမ်လိုက်ရတဲ့ အဖြစ်အပျက်မျှသာ ဖြစ်တယ်။ မိဘကို လုပ်ကိုင်ကျွေးမွေးနေကြတဲ့ ဆင်းရဲသား မျက်နှာမွဲ စာမတတ်ပေမတတ်အလုပ်သမား မိန်းမငယ်လေးတွေကို၊ အာဏာပိုင် အစိုးရရယ်၊ ငွေရှင်ကြေးရှင်ရယ်၊ နိုင်ငံရေးသမားတွေရယ် ဝိုင်းဝန်း ဗိုလ်ကျ အနိုင်ကျင့်လိုက်တဲ့ပွဲမျှသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စဟာ မြုံသွားတဲ့အနာလို့ ကျနော်ပြောတာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ အလုပ်သမားတွေဘက်က နောင်ဒီလိုမခံရအောင် ဘာလိုအပ်သလဲဆိုတဲ့အချက်ကို ကျနော် ဆွေးနွေးချင်ပါတယ်။
တကယ်တန်း လိုအပ်နေတဲ့အချက်က အလုပ်သမားတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးမယ့် ဦးဆောင် နိုင်ငံရေး အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက ဒီနေ့ခေတ်မှာ ပါတီတွေ အပြိုင်းအရိုင်း ပေါ်ထွက်လာကြပေမဲ့ အလုပ်သမား၊ လယ်သမားဘက်ကနေ သစ္စာရှိရှိနဲ့ မားမားမတ်မတ် ရပ်တည်ပေးမယ့် ပါတီရယ်လို့ တပါတီမှမရှိတဲ့ အချက်ပဲ။ အရင်းရှင်နိုင်ငံကြီးတွေမှာတောင်မှ အလုပ်သမား၊ လယ်သမားအတွက်ကို နည်းနည်းပါးပါးဖြစ်ဖြစ် ရပ်တည်ပေးတဲ့ ပါတီတွေရှိကြသေးတယ်။ ကျနော်တို့နိုင်ငံမှာ မူးလို့မှ ရှူစရာမရှိဘူး။ ဒီလိုမရှိတာဟာ အာဏာပိုင်တွေက ဒီမိုကရေစီအတုနဲ့ ပိတ်ပင်ထားတဲ့အချက်ကြောင့်လည်း ပါပါတယ်။
ပါတီမရှိရုံသာမက အဓိက အားနည်းချက်က အလုပ်သမားအကျိုးစီးပွားကို မှန်မှန်ကန်ကန် ရပ်တည်ပေးမယ့် အရည်အချင်းပြည့်မီတဲ့ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကြီး မရှိတဲ့ အချက်ပါပဲ။ ဒီလို နိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ကြီး ပေါ်မလာနိုင်အောင်လည်း အစိုးရက နည်းမျိုးစုံနဲ့ လိုက်လံပိတ်ဆို့နေတာ အားလုံးအသိပါ။
ဒါ့အပြင် အလုပ်သမား သမဂ္ဂတွေမှာ နိုင်ငံရေးသမားတွေ မဝန်းရံနိုင်အောင်လည်း အစိုးရက နည်းမျိုးစုံနဲ့ လိုက်လံပိတ်ပင်နေတယ်။ နိုင်ငံရေးသမားနဲ့ အလုပ်သမားတွေ ပူးပေါင်းမိရင် နိုင်ငံရေးသမားတွေဟာ အလုပ်သမားတွေကို မြှောက်ပေးတယ်၊ အသုံးချတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးကို အစိုးရဘက်က တောက်လျှောက်အသံထုတ် စွပ်စွဲတယ်။ တဘက်လှည့်နဲ့လည်း အလံရှူးတွေသုံးပြီးစွပ်စွဲတယ်။ လက်ပံတောင်း လယ်သမားအရေးမှာလည်း အစိုးရ ဒီလိုအလားတူစွပ်စွဲတယ်။ နိုင်ငံရေးသမားတွေ နောက်ကွယ်ကနေ မြှောက်ပေးတယ်လို့ စွပ်စွဲတယ်။ ဒါဟာ အလုပ်သမား၊ လယ်သမားတွေကို အင်အားချိနဲ့အောင် ၊ နိုင်ငံရေး နားမျက်စိဖွင့်မပေးနိုင်အောင်၊ နိုင်ငံရေး သမားကောင်းတွေနဲ့ အလုပ်သမား၊ လယ်သမားတွေကို သွေးခွဲတာ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ နိုင်ငံမှာ အလုပ်သမားအရေး၊ လယ်သမားအရေးကို စိတ်ပိုင်းဖြတ်ပြီး သန္နိဌာန်ချလုပ်ကိုင်မယ့် နိုင်ငံရေးပါတီကောင်းတွေ၊ နိုင်ငံရေးသမားကောင်းတွေ သိပ်ကိုလိုအပ်နေပါပြီ။ ဒါ့အပြင် အလုပ်သမားအရေး ၊ လယ်သမားအရေးကို ကာကွယ်စောင့်ရှောက်ပေးမယ့် အရည်အချင်းပြည့်မီတဲ့ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ လယ်သမားသမဂ္ဂအဖွဲ့ချုပ်ကြီးတွေ ရှိဖို့လိုအပ်နေပါပြီ။
တကယ်လို့ အခုချိန်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကြီးရှိပြီး အဲဒီအဖွဲ့ချုပ်ကြီးမှာ ခန့်အပ်ငှားရမ်းထားတဲ့ ဥပဒေကျွမ်းကျင်သူ ပညာရှင်တွေလည်း ရှိမယ်၊ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ်တွေလည်း ရှိမယ်၊ နိုင်ငံရေး အရည်အချင်းပြည့်မီတဲ့သူတွေလည်း ပါမယ်ဆိုရင် ဒီ ဟုန်ရှင်းအလုပ်သမား မိန်းမငယ်ကလေးတွေဟာ အခုလို မျက်နှာငယ်ငယ်နဲ့ ရွာပြန်ကြရမယ့် အဖြစ်ကိုရောက်မှာမဟုတ်ပါဘူး။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၂၄၊ စက်တင်ဘာ၊ ၂၀၁၃
(ဓါတ်ပုံ .. Linn Yone)
No comments:
Post a Comment