Saturday, September 21, 2013

ကမ္ဘာ့အဆင့်မီ (၁)

ကမ္ဘာ့မဆင့်မီအောင်ကြိုးစားနေတဲ့ အစိုးရအဖွဲ့သစ်ရဲ့စေတနာတွေကို နေရာမလပ်၊ အချိန်မလပ် ကြားသိနေရတဲ့ ကျနော် အပါအ၀င် တိုင်းသူပြည်သားတွေ နားလည်း နားအလျှောက်၊ မျက်စိလည်း မျက်စိအလျှောက် ဘာတခုမှ အားရတယ် မရှိလှပါဘူး။ မျက်စိသူငယ် နားသူငယ်နဲ့ သင်ယူရတယ်
ဆိုပါ့တော့ဗျာ။

န၀တ၊ နအဖခေတ်က တနေ့ နှစ်ကြိမ်ပဲလွှင့်ရတဲ့ မြန်မာသတင်းဌာနတွေလည်း ကမ္ဘာ့အဆင့်မီအောင် ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ သတင်းတွေထုတ်ကြရတယ်။ ကမ္ဘာ့အဆင့်မီဓါတ်ပုံတွေနဲ့ ခင်းကျင်းရတယ်။ အားလုံးဟာ ကမ္ဘာမှာဖြစ်နေတာတွေထက်တော့ လျှော့လို့မရဘူးဆိုတဲ့ အချိုးမျိုးနဲ့ပေါ့။ ဥပမာ ရန်ကုန်မြို့လယ်ခေါင်မှာ ရေကြီးတဲ့သတင်းမျိုး။

အခုလို သတင်းတွေ ထုတ်ပြန်ကြားပေးတော့မှပဲ ကမ္ဘာမှာ မြန်မာဟာ ထိပ်တန်းနေရာမှာရှိပါလားဆိုတာ သိလာရတယ်။ ကြည့်လေ တိုင်းဒေသကြီး ၀န်ကြီးချုပ်တယောက်က လှေပေါ်ကနေ ရေဘေးသင့်ဒေသတွေကိုသွားကြည့်တဲ့ ပုံလေးကိုမြင်ရတော့၊ ဪ ငါတို့တိုင်းပြည်မှာ ဒီလိုလူသားဆန်တဲ့ ခေါင်းဆောင်ကြီးတွေလည်း ရှိနေသေးပါလားဆိုပြီး ဂုဏ်ယူမလို့ပြင်နေတုန်းမှာ ဗြုန်းကနဲ စာအုပ်မျက်နှာလို့ ခေါ်လို့ရမလားမသိတဲ့ ဟို.. ဖေ့ဘုတ်ခေါ်တဲ့ ဖန်သားပြင်သတင်းတွေပေါ်မှာ အိမ်နီးချင်းနိုင်ငံက အမျိုးသမီးဝန်းကြီးချုပ်ကြီးက သူ့နိုင်ငံ ရေကြီးနေတဲ့ဒေသတွေဆီကို ရေထဲမှာ ကုန်းကြောင်းချီတက်ပြလိုက်တာ တွေ့ရတော့မှ မြန်မာခေါင်းဆောင်တွေရဲ့ ကမ္ဘာ့အဆင့်မီတဲ့ အတွေးတွေကို ရိပ်မိလာရတယ်။

ကျနော်ပြောတာကို နားမရှုပ်စေချင်ဘူး။ ဒီလိုပါ သူတို့ အိမ်နီးနားချင်းနိုင်ငံတွေမှာကတော့ ခေါင်းဆောင်လုပ်မယ့်လူတွေ၊ ခေါင်းဆောင်လုပ်ဖို့ ကြံစည်နေသူတွေက အရည်အချင်းများရှိသူတွေ များပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အ
မျိုးသမီးဝန်ကြီးချုပ်က ရေထဲထိဆင်းနေရတာကိုကြည့်ရင် သူသာရေထဲမဆင်းရင် သူ့ကိုဆင်းပြမယ့်သူတွေက ဆင်းပြပြီး သူ့ရဲ့လက်ရှိတာဝန်တွေကို ခြိမ်းခြောက်လာနိုင်တယ်။ သူထမ်းရွက်နေတဲ့အလုပ်တွေကို လုယူဖို့ပြင်ဆင်လာနိုင်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေတာကိုးဗျ။

ကျနော်တို့ဆီမှာက မွေးလာတဲ့အချိန်ကနေ သေဆုံးတဲ့အချိန်ထိ တိုင်းပြည်မှာ ခေါင်းဆောင်လုပ်မယ့်သူတွေနဲ့ နာခံရမယ့်
ပြည်သူတွေဆိုပြီး ကွဲပြားလာပြီးသားကိုး။ ခေါင်းဆောင်တွေကလည်း ငါတို့ကတလျှောက်လုံး ခေါင်းဆောင်ရမယ့်သူတွေ ဖြစ်တဲ့အတွက် ခုနကပြောခဲ့တဲ့ကိစ္စတွေမျိုး အရေးကြုံလာရင် နာခံရမယ့်ပြည်သူတွေကြားထဲမှာ သူတို့လိုပဲ နေ စား သွားလို့ ဘယ်ဖြစ်မတုန်း၊ ခေါင်းဆောင်တွေများသွားမှဖြင့် တိုင်းပြည်အုပ်ချုပ်မယ့်လူတွေ နာသွားမှဖြင့် အုပ်ချုပ်ခံနာခံရမယ့်သူတွေကို ဘယ်သူကလာပြီး ဦးဆောင်မှုပေးနိုင်မှာတုန်း။

ဒါကြောင့်သာ လှေတို့ ကားတို့ စတဲ့သင့်တော်တဲ့ ယာဉ်တမျိုးမျိုးကို စီးနင်းပြီးသကာလ သွားကြရတယ်။ ခရီးထွက်ရတယ်။ ဒါတွေကို နားလည်မှုပေးဖို့လည်းလိုသလို ခေါင်းဆောင်တွေရဲ့အမြော်အမြင်ကိုလည်း ကျေးဇူးတင်သင့်ပါတယ်။

ကမ္ဘာ့အဆင့်မီသွားဖို့၊ ကမ္ဘာ့နဲ့ရင်ပေါင်တန်းနိုင်အောင်ဆိုရင် ဒီခေါင်းဆောင်ကြီးတွေကသာ မြန်မာနိုင်ငံကို ကမ္ဘာကျော်အောင်၊ ကမ္ဘာသိအောင် အချိန်တွေအများကြီး ကြိုးစားခဲ့ရတာတွေကိုလည်း အသိအမှတ်ပြုရမယ်၊ သူတို့ကြောင့်သာ ကမ္ဘာက မြန်မာဆိုပြီး သိခွင့်ရတာလေ။

အခုဆို မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်မီ မြေယာကိစ္စတွေ၊ ကမ္ဘာ့အဆင့်မီ ရတနာသိုက် တွင်းထွက် သဘာဝသယံဇာတတွေ ကမ္ဘာ့အဆင့်မီ ချမ်းသာကြွယ်ဝမှုတွေနဲ့ ကမ္ဘာ့အဆင့်မီ အပစ်အခတ်ရပ်စဲမှုတွေ ကမ္ဘာ့စာရင်းမ၀င်ဘဲ ချမ်းသာကြွယ်ဝသူတွေနဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေက  ခေါင်းဆောင်ကြီးတွေကို ဖြတ်ကျော်ပြီး ကမ္ဘာ့အဆင့်မီအောင်လို့ တိုင်းပြည်နဲ့လူမျိုးကို ဦးဆောင်ချီတက်နေတာတွေကို ကျနော်လို တိုင်းပြည်က ပမွှား နာခံသူတယောက်ရဲ့ ဆန္ဒအရပြောရရင် မြန်မာ့ခေါင်းဆောင်ကြီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာတွင်ကမဘဲ စင်္ကြာဝဠာထိအောင် ထင်ပေါ်ကျော်ကြားဖို့ အလားအလာများလည်း ကျန်ရှိလို့နေပါကြောင်း ရေးသားအသိပေးအပ်ပါတယ်။

ညီနိုင်


No comments: