ထိန်ပင်
အိပ်မက် မဟုတ်ပါဘူး။ ထိန်ပင်ဆိုတာ ရန်ကုန်က လူတွေ သိတယ်။ အသုဘဆိုရင် ရေဝေး ပို့မယ်။ ထိန်ပင်ဆိုရင် “အင်” ချင်နေပြီ။ လမ်းကလည်း ကြမ်းသကိုး။ သွားလမ်းလာလမ်းကလည်း မဖြောင့်သကိုး။ ခလုတ်ကန်သင်း တောနဲ့ ဗွက်။ သိပ်ရင်းမှ .. အင်း..။
မနေ့ကတော့ ထိန်ပင်ရောက်တယ်။ အသုဘသွားပို့တာ မဟုတ်။ ပြီးခဲ့တဲ့အပတ်က အဘဗိုလ်ဇင်ယော်ရဲ့အိမ်ရောက် တော့ သူ့အိမ်မှာ စကားပြောဖြစ်တယ်။ သမီးလတ် ရီရီဇင်ရယ်၊ အငယ်မ ၀ါဝါဇင်ရယ်။ အဘ ဟိုင်နန်ကျွန်းမှာ သင်တန်း တက်တုန်းက
ဓာတ်ပုံတွေ တွေ့ရတယ်။ ကောင်းပေါ့။ ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်စ်(ဖ်) က လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေ တွေ့တယ်။ ပြီး အသက်ကြီးတော့ အဘဗိုလ်ဇင်ယော် ဆုံးတယ်။ သုံးရောင်ခြယ်နောက်ခံနဲ့ ဗိုလ်ဇင်ယော် (ရဲဘော်သုံးကျိပ်)၊ သခင်သန်းညွန့်ဆိုပြီး ကြံတောမှာ အုတ်ဂူ သားသားနားနားနဲ့ မြှုပ်ခဲ့တဲ့ ဓာတ်ပုံလေးလည်း တွေ့ခဲ့ရပါတယ်။
အခု ကြံတောမှ မရှိတော့ဘဲ။ ဘယ်မှာလဲဆိုတော့ သမီးငယ် ၀ါဝါက ပြောတယ်။ ထိန်ပင်မှာ တဲ့။
ထိန်ပင်ဆိုတာ လှည်းတန်းကနေ တက္ကစီငှားရင်တောင် လိုက်ချင်တဲ့ကား ခပ်ရှားရှားရယ်။ လမ်းက ဝေးလည်းဝေး၊ ဆိုးလည်း ဆိုးသကိုး။ ဈေးမပြောဘူး၊ မအားဘူးနဲ့ မလိုက်ဘူးက အရင်ကြားရတာ။ အဆင်ပြေလို့မောင်းပေးရင် တနာရီကျော် ကြာပါတယ်။ အဲဒီအရပ်ကို မနေ့ ကျနော် ရောက်တာပါ။
ဟိုရောက်တော့ မီးသဂြုင်္ိလ်စက်၊ အဲဒီကနေ လှမ်းပြီးတော့ လမ်းသိတဲ့ ကလေးတစ်ယောက်ကို မေးရတယ်။ ရဲဘော် သုံးကျိပ် အုတ်ဂူတွေ ဘယ်နားမှာ ရှိလဲလို့။ မီးသဂြုင်္ိလ်စက်ကနေ တောင်ဘက်ကို မီတာနှစ်ရာလောက်သွားရင် အဲဒီမှာ အမှိုက်လာပစ်တဲ့ ကားတွေကို မှတ်တဲ့ ကားမှတ်စခန်းရုံး အသေးလေး ရှိတယ်။ မျက်နှာချင်းဆိုင်မှာ အမှိုက်ပုံ အကြီးကြီး ရှိတယ်။ ရုံးဘေးမှာ လူသွားလမ်းလေး ရှိတယ်။ ရုံးနောက်ကို ဆယ်မီတာလောက် လမ်းလျှောက်လိုက်။ ပြီးရင် ရပ်။ ဗွက်မနစ်အောင် ဖိနပ်ချွတ်၊ ပုဆိုးတိုတိုဝတ်၊ ဖိနပ်ကို ခါးကြားထိုး၊ ဘောင်းဘီရှည်နဲ့ဆိုရင် ဒူးအထိ လိပ်တင်၊ ရပြီ။ ညာကွေ့၊ တပေခွဲ နှစ်ပေ အုတ်ဂူလေးတွေ စတွေ့ရပြီ။ ဗွက်တော မြက်တောမှာ။
ဦးဆုံး စတွေ့တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။ အလျားနှစ်ပေ၊ အနံ တပေခွဲ၊ အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။ ဆက်လျှောက်ကြည့်မိတယ်။ ဗိုလ်စောနောင် (သိတာပေါ့၊ ရွှေတောင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့ ညီအစ်ကို၊ ရှမ်းအမျိုးသားတွေ)၊ နောက် ဗိုလ်မင်းခေါင်။ ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီး မုဆိုးဝတ္ထု စာရေးဆရာပေါ့) နောက် ဗိုလ်မြင့်ဆွေ။ တခါ ရဲဘော်သုံးကျိပ်ထဲမှာ ဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။ ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့်) ဆိုတာ ဖတ်လို့ရတယ်။
နာမည်သိမထားတဲ့သူဆိုရင် ဖတ်လို့ရမယ် မထင်ဘူး။ ဝမ်းနည်းစရာတော့ အကောင်းသား။ ကြံတောမှာတုန်းက အုတ်ဂူက နောက်ခံသုံးရောင်ခြယ်နဲ့။ ခုတော့ ဘာအရောင်မှ မရှိတော့ပါ။ အမြင်မတော်လို့ပါ။ တာဝန်ရှိတယ် ထင်ရင်၊ တာဝန်သိသူများ သွားကြည့်စေချင်ပါတယ်။
ရဲဘော်သုံးကျိပ် အထိမ်းအမှတ်အနေနဲ့ကျောက်တိုင်လေးတခု၊ နေရာလေးတခု၊ ကမ္ဗည်းလေးတချပ်လောက်များ ရှိလေမလားလို့။
ရဲဘော်သုံးကျိပ်နဲ့ပတ်သက်တဲ့ အမှတ်အသားလို့ပဲဆိုမလား။ ဟိုးအဝေးကြီးက ဂျပန်ပြည်မှာတော့ ရဲဘော်သုံးကျိပ်ကို အဓိက ဦးဆောင်ပြီး စစ်ပညာသင်ပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) နေတဲ့ရွာမှာ အထိမ်းအမှတ် အောင့်မေ့ဖွယ် ကျောက်စာတိုင်လေး ရှိတယ်။ ရွာနာမည်က ဟာမမတ်စု (Hamamatsu) တဲ့၊ ရှီဇူအိုကနယ် (Shizuoka Prefecture) ကပါ။
ဗိုလ်မိုးကြိုးရဲ့အုတ်ဂူလည်း အဲဒီမှာရှိတယ်။ သူ့ဇာတိရပ်တဲ့။ နောက် ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောက်စာတိုင်တခု ရှိတယ်။ အပေါ်ခေါင်းစဉ်က ဗမာလို ရေးထားတယ်။ “ဂျပန်-မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” တဲ့။ အောက်မှာတော့ ဂျပန်လို အများကြီးပေါ့။ ဒုတိယ ကမ္ဘာစစ်တုန်းက မြန်မာပြည် စစ်မြေပြင်မှာ ဂျပန်စစ်သည် တသိန်းခြောက်သောင်း ခုနစ်ထောင်ကျော် ကျဆုံးကြောင်း၊ အဲဒီထဲမှာ သူတို့နယ်က စစ်သည် နှစ်ထောင့်ခုနစ်ရာကျော် ပါဝင်ကြောင်း လှလှပပ သပ်သပ်ရပ်ရပ်လေးပါ။ တဆက်တည်း ရေးသားထာတာက ဒီအထိမ်းအမှတ်လေးဟာ ဗမာပြည်စစ်မြေပြင်မှာ အသက် ပေးသွားတဲ့ ဂျပန်စစ်သည်တွေရဲ့ဝိညာဉ်တွေကို ဖြေသိမ့်ပေးနိုင်ဖို့နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအချက်အလက်တွေ ရေရှည်တည်တံ့စေဖို့ မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်တဲ့။ ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုလည်း ထာဝရ တည်တံ့စေရန် ရည်ရွယ်တယ်လို့ အဆုံးသတ်ထားတယ်။ အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ လွတ်လပ်ရေးလှုပ်ရှားမှုအတွက် လျှို့ဝှက်အစီအစဉ် ချခဲ့ပါတယ် (ရဲဘော်သုံးကျိပ်သမိုင်းရဲ့ နိဒါန်းပေါ့)။ အားတော့နာတယ်။ အဲဒီတုန်းက သူတို့က ဖက်ဆစ်နော်၊ ကျဆုံးသွားတဲ့ သူတို့ရဲ့ စစ်သည်တွေကို ဂုဏ်ပြုတယ်။
ဇင်ယော်တို့၊ လင်းယုန်တို့ လေထဲမှာ ပျံဝဲခဲ့တာ လူထုအတွက်။ ခုတော့.. မြောင်းထဲမှာ။ ဗွက်တော မြက်တော အမှိုက်တောမှာ။ ကျနော် ကားဆီပြန်တော့ လိုက်ပို့တဲ့ ညီငယ်က “အစ်ကို ခြေထောက်ဆေးဦးလေ” တဲ့။ ဟုတ်သားပဲ။
ထိန်ပင်က ပြန်ထွက်လာတော့ ရန်ကုန်ပြန်မယ့်ဘက်က “ဆံပင်ဝယ်သည်” လို့ ဆိုင်းဘုတ်အကြီးကြီး ရေးထားတဲ့ဆိုင်က ခပ်ကျယ်ကျယ် သီချင်းဖွင့်သံလေး ကြားလိုက်ရတယ်။
“ဗမာ့လွတ်လပ်ရေးအတွက် ... တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် ...
တကယ်ဘဲ အသက်နဲ့လဲလို့ ... ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် ...
သူရဲကောင်းတဲ့ ... ဗိုလ်အောင်ဆန်း နဲ့ အာဇာနည်တွေ ရယ်...”
တဲ့ .....။
ကျော်ကျော်
(ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁)
No comments:
Post a Comment