Monday, October 14, 2013

လူ့ေ ဘာ င် သ စ်ေ ခါ် သံ ( မိုး သီး ဇွ န် )

ပျောက်ဆုံးနေတဲ့ သင်တို့
အနာဂတ်တွေကို လူ့ဘောင်သစ်မှာ ရှာဖွေပါ
သင် မုချတွေ့မယ်
ငါ ဆိုပါရစေ။

ကြီးမားတဲ့ သင့်အိမ်မက်တွေ
လူတွေရယ် ဘယ်လိုပင် ရယ်သွေးသွမ်းပါစေ
ကိုယ့်အိမ်မက်တွေကို ကိုယ်တည်ဆောက်ဝံ့တဲ့ ယောက်ျား
ကိုယ့်အိမ်မက်တွေကို
ကိုယ်တည်ဆောက်ဝံ့တဲ့ မိန်းမ
လူ့ဘောင်သစ်သို့ သွားကြလော့
သင်လိုချင်နေတဲ့ အရာတွေအားလုံး
လူ့ဘောင်သစ်မှာရှိတယ်။

ငါတို့နဲ့သူတို့ ခြားနားမှုတခုက
ငါတို့ဟာ မနက်ဖြန်ခါတွေကို စိတ်မဝင်စားအားသေးဘူး
ငါတို့ဟာ ဒီနေ့ကို ပိုစိတ်ဝင်စားကြသူတွေဖြစ်တယ်
ငါတို့ နာကျဉ်မှုတွေကို ဒီနေ့ လွတ်မြောက်စေချင်တယ်
ငါတို့ ပျော်ရွှင်မှုတွေကို ဒီနေ့ လိုချင်တယ်
ငါတို့ အရာခတ်သိမ်းကို
ဒီနေ့ လိုချင်တယ်လေ။

လူ့ဘောင်သစ်ရဲ့မွေးနေ့ဟာ သင်တို့ရဲ့မွေးနေ့ ဖြစ်တယ်
လူ့ဘောင်သစ်ရဲ့သမိုင်းဟာ သင်ရဲ့တောက်ပြောင်တဲ့သမိုင်းသာဖြစ်တယ်
လူ့ဘောင်သစ်ရဲ့အိမ်မက်တွေဟာ သင်တို့ရဲ့အိမ်မက်တွေသာဖြစ်တယ်
လူ့ဘောင်သစ်ဟာ ညီအကိုတော်တွေအားလုံးအတွက်ဖြစ်တယ်။

မုန်တိုင်းရဲ့ အပြင်းထန်ဆုံးနေရာမှာ
လူ့ဘောင်သစ်အလံဟာ အမြဲရှိနေစေရပါ့မယ်။

လူ့ဘောင်သစ်ရဲ့အန္တိမက
ကျွန်ဖြစ်နေတဲ့ ညတွေ
အဆုံးသတ်ပစ်ဖို့ပါပဲ။
လွတ်လပ်ခြင်း (Liberty)
ညီမျှခြင်း (Equality) ဒေသနာတရား
ဟော့ဒီ ဝသုန်မြေမှာ
ထွန်းကားဖို့ပါပဲ။

အို ကြယ်စင် ...
သင်ဟာ လူ့ဘောင်သစ်ရဲ့ အရှင်သခင်ဖြစ်တယ်
ကျွန်အဖြစ်နဲ့ ငိုကြွေးနေတဲ့ ညတွေကို ခဝါချဖို့
အရှင်သခင်အဖြစ်နဲ့ ထွန်းလင်းတောက်ပဖို့
သင့်ကို လူ့ဘောင်သစ်က အလိုရှိနေတယ်။

ထွန်းလင်းလိုက်ပ။

မိုးသီးဇွန်

No comments: